တိုက်ရိုက်ထုတ်လွှင့်မှု, ချင်းမှာဖမ်းမိတဲ့စစ်သုံ့ပန်းတွေထဲ အများစုက စစ်မှုထမ်းတပ်သားသစ်တွေဖြစ်နေ

ချင်းမှာ ဖမ်းမိတဲ့စစ်သုံ့ပန်း ၁၇ ဦးမှာ ၁၆ ဦးက စစ်မှုထမ်းတပ်သားသစ်တွေဖြစ်နေတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ပြောတဲ့သတင်းနဲ့အတူ အောက်တုဘာလ ၁၃ ရက် မြန်မာနဲ့ ကမ္ဘာတ၀န်း ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • အောက်တိုဘာ ပထမအပတ်အတွင်း ချင်း၊ စစ်ကိုင်းနဲ့ မကွေးမှာ ဘက်ပြောင်းခိုလှုံနဲ့ စစ်သုံ့ပန်းအဖြစ်အဖမ်းခံရသူ စစ်သားတွေထဲ စစ်မှုထမ်းတပ်သားသစ်တွေ အများဆုံးပါဝင်နေတယ်လို့ ပြည်သူ့ပန်းတိုင်အဖွဲ့ပြော
  • စစ်မှုထမ်းအပတ်စဥ် သင်တန်းတစ်ခုကို လူထောင်ချီစုနေတဲ့နေပြည်တော်ဟာ စစ်မှုထမ်းပြီးသူ ၁ ဦးကို မလေးရှားကို အလုပ်အတွက် စေလွှတ်လိုက်ပြီလို့ သတင်းထုတ်
  • ရခိုင်၊ ပေါက်တောမြို့နယ်ထဲက ငပြီကျွန်းပေါ်မှာ စစ်တပ်ခြေကုပ်နေရာရသွားပြီလို့ဆို
  • ကိုးကန့်ရဲ့ ဝေမိသားစုခေါင်း‌ဆောင် ဝေစန်းအပါ ၃ ဦးကို တရုတ်သေဒဏ်ပေး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ကိုးကန့် ဝေမိသားစုဝင် ၃ ဦးကို တရုတ်က သေဒဏ်ချမှတ်

    သေဒဏ်ပေးခံရတဲ့ ကိုးကန့် ဝေမိသားစုခေါင်းဆောင် ဝေစန်းကို မြန်မာစစ်တပ်က တရုတ်ကိုလွှဲပေးခဲ့ချိန်
    ဓာတ်ပုံ ပုံစာ, သေဒဏ်ပေးခံရတဲ့ ကိုးကန့် ဝေမိသားစုခေါင်းဆောင် ဝေစန်းကို မြန်မာစစ်တပ်က တရုတ်ကိုလွှဲပေးခဲ့ချိန်

    ကိုးကန့်ရဲ့ထင်ရှားတဲ့ မိသားစုကြီး ၄ စုထဲက ဝေမိသားစု ခေါင်းဆောင်အပါအဝင် ၃ ဦးကို ဒီနေ့ အောက်တိုဘာ ၁၃ ရက်မှာ တရုတ်နိုင်ငံ၊ ဂျဲကျန့်ပြည်နယ်၊ ဝမ်ဂျိုပြည်သူ့တရားရုံးကနေ သေဒဏ်ချမှတ်လိုက်တယ်လို့ တရုတ်နိုင်ငံပိုင် စီစီတီဗီ သတင်းဌာနကနေ ကြေညာပါတယ်။

    ဝေမိသားစုခေါင်းဆောင် ဝေစန်းနဲ့ လျိုကျင်းဖန်၊ ကောင်းမင်တို့ ၃ ဦးကို သေဒဏ်ပေးလိုက်တာဖြစ်ပါတယ်။

    ဝေမိသားစုဝင်တွေကို ဖူကျန့်ပြည်နယ်၊ ချန်ကျိုးမြို့က တရားရုံးမှာ ၂၀၂၆ မေလမှာ စတင် ရုံးထုတ်စစ်ဆေးခဲ့တာဖြစ်ပါတယ်။

    ကိုးကန့်ရဲ့နာမည်ဆိုးနဲ့ကျော်ကြားတဲ့ မြီနဲ့ ပယ်မိသားစုဝင်တွေကို သေဒဏ်ချမှတ်ပြီး တစ်နှစ်ကျော်အကြာမှာပဲ နောက်ထပ် ဝေမိသားစုကိုပါ အခုလို တရုတ်က သေဒဏ်ထပ်ပေးလိုက်တာဖြစ်ပါတယ်။

    ဝေမိသားစုဟာ ကျားဖြန့်လုပ်ငန်းကနေ ယွမ် ၂၄ ဘီလျံကျော်ကို ငွေလိမ်လည်တာအပြင် ကျားဖြန့်လုပ်ငန်းထဲမှာလုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသား ၂ ဦးကို သေဆုံးစေခဲ့တယ်ဆိုတဲ့ ပြစ်မှုတွေ ထင်ရှားတာကြောင့် သေဒဏ်ချလိုက်တဲ့အကြောင်း ကြေညာချက်မှာ ဖော်ပြပါတယ်။

    ဝေမိသားစုဝင် ဝေချင်း‌တောင်အပါ ၃ ဦးကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်ခဲ့သလို နောက်ထပ် ၅၅ ဦးကိုတော့ ထောင်ဒဏ် နှစ် ၂၀ ကျော်နဲ့ ဒဏ်ကြေးတွေ ချမှတ်ခဲ့ပြီး ပိုင်ဆိုင်မှုတွေကို သိမ်းတာနဲ့ ပြည်နှင်ဒဏ်ပေးတာတွေလည်း လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

    ပြစ်ဒဏ်ချမှတ်ခံရသူတွေဟာ အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)လုပ်ကိုင်မှုအပါအဝင်၊ တရားမဝင်အွန်လိုင်းလောင်းကစားနဲ့ ကာစီနိုရုံတွေ ထောင်မှု၊ ပြည့်တန်ဆာလုပ်ငန်းနဲ့ မူးယစ်ဆေးဝါးအရောင်းအဝယ်သာမက တခြားရာဇဝတ်မှုတွေကိုပါ ကျူးလွန်ခဲ့ကြတာဖြစ်တယ်လို့ တရုတ်သတင်းဌာနက ရေးပါတယ်။

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ဒေသက ပယ် မိသားစု၊ မြီ မိသားစု၊ ဝေ မိသားစု နဲ့ လျို မိသားစုတို့ကို အွန်လိုင်းငွေလိမ်လုပ်ငန်း (ကျားဖြန့်) လုပ်ကိုင်ပြီး တရုတ်ပြည်သူတွေကို ပစ်မှတ်ထားလိမ်လည်မှုတွေအပြင် တခြားရာဇဝတ်မှုတွေနဲ့ပါ စွပ်စွဲပြီး ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းမှာ တရုတ်က ဖမ်းဆီးခဲ့ပါတယ်။

    ဖမ်းဆီးပြီးသုံးနှစ်အကြာ ၂၀၂၆ ခုနှစ် တရုတ်နှစ်သစ်ကူးမတိုင်ခင်မှာ မြီမိသားစုနဲ့ ပယ်မိသားစုဝင် ၁၆ ဦးကို တရုတ်က သေဒဏ်ပေးခဲ့ပါတယ်။

  2. ချက်နိုင်ငံက Forum 2000 ညီလာခံကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား သားဖြစ်သူ တက်ရောက်

    Forum 2000 မှာ မြင်ရတဲ့ ကင်မ် အဲရစ်နဲ့ ချက် ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ
    ဓာတ်ပုံ ပုံစာ, Forum 2000 မှာ မြင်ရတဲ့ ကင်မ် အဲရစ်နဲ့ ချက် ဆီးနိတ်လွှတ်တော်ဥက္ကဋ္ဌ

    ချက်သမ္မတနိုင်ငံ မြို့တော် ပရာ့ဂ်မြို့မှာကျင်းပတဲ့ Forum 2000 ညီလာခံကို နေပြည်တော်မှာ အကျဥ်းကျခံနေရတဲ့ဒေါ်အောင်ဆန်းစုကြည် ကိုယ်စားတက်ရောက်ခဲ့တယ်လို့ သားအငယ်ဖြစ်သူ ကင်မ် အဲရစ်က ပြောပါတယ်။

    ဒီမိုကရေစီ၊ လူထုအားနဲ့ ကမ္ဘာ့ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ဖို့ ရည်ရွယ်တဲ့ Forum 2000 ညီလာခံကို ချက် သမ္မတ ဗားဆလက် ဟာဗယ်၊ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာ ဆာဆာကာဝါနဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အယ်လီ ဝီဆယ်တို့က ၁၉၉၁ ခုနှစ်မှာ ပူးတွဲ တည်ထောင်ခဲ့တာဖြစ်ပါတယ်။

    ချက်သမ္မတ ဗားဆလက် ဟာဗယ် ကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရချိန်နဲ့ ဒီမိုကရေစီ ခရီးတလျှောက် အားပေးထောက်ခံခဲ့သူဖြစ်ပါတယ်။

    အခုတော့ အောက်တိုဘာလ ၁၂ ရက်ကနေ ၁၃ ရက်အတွင်း ကျင်းပတဲ့ ပရာ့ဂ်မြို့က ဒီနှစ် ညီလာခံကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား တက်ရောက်ခဲ့တယ်လို့ သားဖြစ်သူ ကင်မ် အဲရစ်က ပြောပါတယ်။

    ကင်မ် အဲရစ်ကတော့ ဖိုရမ်မှာ မိခင်ဖြစ်သူကို မမေ့သေးတဲ့မိတ်ဆွေတွေကို တွေ့ဆုံရတာကြောင့် မိခင်ကို ချစ်ခင်လေးစားကြသူတွေ ဘယ်လောက်များတယ်ဆိုတာကို သိရတဲ့အကြောင်းကိုလည်း ပြောပါတယ်။

    မိသားစု၊ ရှေ့နေတွေနဲ့တွေ့ဆုံခွင့် ဖြတ်တောက်ခံထားရတဲ့မိခင်ဖြစ်သူကို လွှတ်ပေးဖို့လည်း သူက ထပ်မံတောင်းဆိုလိုက်ပါတယ်။

    ဒါအပြင် ပြည်သူတွေရဲ့သတ္တိနဲ့ ဇွဲကြောင့် လွတ်လပ်ရေးအတွက် မျှော်လင့်ချက်တွေ ရှင်သန်အောင် ကူညီပေးတဲ့ Forum 2000 ကိုလည်း ကျေးဇူးတင်ကြောင်း သူက ပြောပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လည်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး ကြိုးပမ်းမှုတွေကြောင့် ၂၀၁၂ ခုနှစ်မှာ ဗားဆလက် ဟာဗယ်ဆုရရှိခဲ့ပါတယ်။

    နေပြည်တော်ဟာ အသက် ၈၁ နှစ်ကျော်ပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၁ ခုနှစ်နောက်ပိုင်းကတည်းက ပြစ်မှုတွေနဲ့စွပ်စွဲပြီး ထောင်ဒဏ် ချမှတ်ထားပါတယ်။

  3. ရခိုင်၊ ပေါက်တောမြို့နယ်ထဲ စစ်တပ်ခြေကုပ်နေရာရသွားပြီလို့ဆို

    ၂၀၂၄ ခုနှစ် ရခိုင်တိုက်ပွဲအတွင်း အေအေသိမ်းဆည်းရမိခဲ့တဲ့ စစ်တပ်သင်္ဘောတစ်စင်း
    ဓာတ်ပုံ ပုံစာ, ၂၀၂၄ ခုနှစ် ရခိုင်တိုက်ပွဲအတွင်း အေအေသိမ်းဆည်းရမိခဲ့တဲ့ စစ်တပ်သင်္ဘောတစ်စင်း

    ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော်(အေအေ)ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့နယ်ထဲက ငပြီကျွန်းမှာ မြန်မာစစ်တပ်က ခြေကုပ်နေရာရသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဘီဘီစီကို ဒီနေ့ မနက်ပိုင်းမှာ ပြောပါတယ်။

    စစ်တပ်က အောက်တိုဘာ ၁၀ ရက်တုန်းက ငပြီကျွန်းကို ကမ်းကပ်ခဲ့ပြီး ၄ ရက်အကြာမှာပဲ ကျွန်းပေါ်မှာ ခြေကုပ်နေရာရပြီး တပ်စွဲလိုက်တာလို့ သူက ဆိုပါတယ်။

    ကျွန်းပေါ်ကမ်းကပ်ပြီးချိန်ကတည်းက စစ်တပ်နဲ့ အေအေတပ်ဖွဲ့၀င်တွေကြား တိုက်ပွဲပြင်းထန်နေတာလို့ သူက ရှင်းပြပါတယ်။

    ဒီနေ့ အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းအထိ “တိုက်ပွဲက ပြင်းထန်နေတုန်းပဲ” လို့ သူက ဆက်ပြောပါတယ်။

    တိုက်ပွဲအတွင်း စစ်တပ်နဲ့ အေအေ နှစ်ဖက်လုံး ထိခိုက်သေဆုံးမှုတွေ များပြီး စစ်တပ်ကလည်း လေကြောင်းကနေ တိုက်လေယာဉ် ၃ စင်း ထက်မနည်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ တိုးလုပ်နေတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

    ငပြီကျွန်းဟာ လက်ရှိတိုက်ပွဲတွေရှိနေတဲ့စစ်တွေ၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းစတဲ့မြို့နယ် ၃ မြို့နယ်ရဲ့အစပ်မှာ တည်ရှိတဲ့ကျွန်း ဖြစ်ပါတယ်။

    ငပြီကျွန်းဟာ လက်ရှိတိုက်ပွဲတွေရှိနေတဲ့စစ်တွေ၊ ပေါက်တောနဲ့ ပုဏ္ဏားကျွန်းစတဲ့မြို့နယ် ၃ မြို့နယ်ရဲ့အစပ်မှာ တည်ရှိတဲ့ကျွန်း ဖြစ်ပါတယ်။

    ပေါက်တော်မြို့ကို စစ်တပ်နဲ့ အေ‌အေတို့ ၂ လ‌ကျော်ကြာ တိုက်ပွဲဖြစ်ပြီးမှ အေအေက ၂၀၂၄ ဇန်နဝါရီမှာ သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

    လက်ရှိမှာလည်း စစ်တပ်က အေအေထိန်းချုပ်ထားတဲ့မြို့တွေကို “ရန်နိုင်အောင် စစ်ဆင်ရေး” ခေါင်းစဉ်အောက်ကနေ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဖော်နေသလို လေကြောင်းကနေလည်း ဖိအားပေးတိုက်ခိုက်နေတာဖြစ်ပါတယ်။

    အေအေရဲ့ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကတော့ ရခိုင်ပြည်နယ်ထဲက လက်ကျန်နေရာ (စစ်တပ်ထိန်းချုပ်ထားတဲ့မြို့တွေ)ကို ၂၀၂၆-၂၀၂၇ နှစ်တွေမှာ အပြီးသတ်တိုက်ခိုက်မယ်လို့ ပြောထားပါတယ်။​

    အေအေက ရခိုင်ထဲက ၁၄ မြို့ကို ထိန်းချုပ်ထားပြီး စစ်တပ်ကတော့ တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူ၊ မာန်အောင်နဲ့ စစ်တွေမြို့တို့ကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။

    ပေါက်တော၊ ငပြီကျွန်းပေါ်က စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ အေအေရော မြန်မာစစ်တပ်ရော ဒီနေ့နေ့လယ်ပိုင်းအထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  4. စစ်မှုထမ်းပြီးသူတစ်ဦးကို မလေးရှားမှာအလုပ်လုပ်ဖို့ နေပြည်တော်စေလွှတ်

    မလေးရှားကို အောက်တိုဘာ ၇ ရက်က စေလွှတ်ခဲ့တဲ့ စစ်မှုထမ်းပြီးတဲ့ အမျိုးသားတစ်ဦး
    ဓာတ်ပုံ ပုံစာ, မလေးရှားကို အောက်တိုဘာ ၇ ရက်က စေလွှတ်ခဲ့တဲ့ စစ်မှုထမ်းပြီးတဲ့ အမျိုးသားတစ်ဦး

    စစ်မှုထမ်းသင်တန်းအပတ်စဥ်တစ်ခုကို လူထောင်နဲ့ချီစုဆောင်းနေတဲ့နေပြည်တော်ဟာ စစ်မှုထမ်းပြီးသူ တစ်ဦးကို မလေးရှားနိုင်ငံမှာ အလုပ်လုပ်ကိုင်ဖို့ စေလွှတ်လိုက်ပြီလို့ ဒီနေ့ သတင်းထုတ်ပါတယ်။

    သူ့ကို မလေးရှားက ကုန်ထုတ်လုပ်ငန်းခွင်မှာ အလုပ်လုပ်ကိုင်ဖို့ စေလွှတ်လိုက်တာလို့ နေပြည်တော်က ဒီနေ့ထုတ် သတင်းစာမှာ ဖော်ပြတာဖြစ်ပါတယ်။

    နောက်ပြီး စစ်မှုထမ်းပြီးထားသူ နောက်ထပ် ၅ ဦးစီကိုလည်း ထိုင်းနဲ့ မလေးရှား နှစ်နိုင်ငံက ကုန်ထုတ်လုပ်ငန်းတွေကို ထပ်လွှတ်ဖို့ရှိတယ်လို့လည်း နေပြည်တော်ရဲ့ဒီနေ့ ထုတ်ပြန်ချက်မှာပြောပါတယ်။​

    စစ်မှုထမ်းပြီးသူတွေကို ပြည်ပမှာ အလုပ်ရအောင် မဖြစ်မနေ အလုပ်ရှာပေးဖို့ဆိုပြီး နေပြည်တော်အလုပ်သမား၀န်ကြီးဌာနက ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း(MOEAA)ကို ပြီးခဲ့တဲ့ဧပြီလကတည်းက ညွှန်ကြားထားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    စစ်မှုထမ်းပြီးထားတဲ့သူ ရာနဲ့ချီရှိနိုင်ပေမဲ့ ကုန်ကျစရိတ်၊ ဘာသာစကား နဲ့ လုပ်ငန်းခွင်မှာ အသုံးချရမယ့် အရည်အချင်းတွေကြောင့် လူနည်းစုသာ စေလွှတ်နိုင်လိမ့်မယ်လို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုရဲ့တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    “ထိုင်းနဲ့ မလေးက အဆင်ပြေပေမဲ့ ဂျပန်လိုနေရာမျိုးက ဘာသာစကားလိုအပ်လို့ လွှတ်ဖို့ ဖြစ်နိုင်ခြေနည်းတယ်” လို့ ပြောပါတယ်။

    စစ်ကောင်စီလက်ထက် စတင်အသက်သွင်းတဲ့ စစ်မှုထမ်း ဥပဒေအောက် ၂ နှစ် တာဝန်ထမ်းပြီးတာနဲ့ အလုပ်အကိုင် ရရှိဖို့ပါ ဖန်တီးပေးမယ်လို့ စစ်ကောင်စီက ပြောထားတာဖြစ်ပါတယ်။

    ဒါပေမဲ့ ပြည်ပ ဘယ်နိုင်ငံတွေကို ဘယ်လိုပုံစံနဲ့ ပို့ဆောင်မယ်ဆိုတာကိုတော့ နေပြည်တော်က အတိအလင်းထုတ်ပြောတာမျိုး မရှိသေးပါဘူး။

    တစ်ဖက်မှာလည်း မြန်မာကနေ ရုရှားကို လုပ်သားအဖြစ်စေလွှတ်ရာမှာ မြန်မာလုပ်သား ၁၉ ဦး ရုရှားနိုင်ငံရဲ့ စုဆောင်းရေးတပ်ထဲကို ပို့ဆောင်ခံခဲ့ရတဲ့ဖြစ်စဉ်လည်း ပြီးခဲ့တဲ့ရက်ပိုင်းမှာဖြစ်ပွားခဲ့ပါတယ်။

    မြန်မာနဲ့ ရုရှားနှစ်နိုင်ငံ အေဂျင်စီတွေကြား သဘောတူညီမှုနဲ့ မြန်မာဘက်က စေလွှတ်လိုက်ပေမဲ့ ရုရှားအေဂျင်စီတွေဘက်က စာချုပ်ချိုးဖောက်ပြီး လုပ်ဆောင်တာတွေရှိနေတယ်လို့ အေဂျင်စီတွေနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ထုတ်ပြောပါတယ်။

    “စာချုပ်ချုပ်တော့မှအလုပ်မဝင်ခင် စစ်မှုထမ်းရမယ်ဆိုတဲ့အချက်ပါလာတယ်။ အဲဒီတော့ လုပ်သားတွေက ငြင်းဆန်ပြီး မော်စကိုက မြန်မာသံရုံးကို အကြောင်းကြားလို့ စုဆောင်းခံရတယ်ဆိုတာသိရတာ” လို့ သူသိထားရတဲ့အကြောင်းကို ရှင်းပြပါတယ်။

    နေပြည်တော်ရဲ့အလုပ်သမားဝန်ကြီးဌာနကတေ့ာ မြန်မာလုပ်သားတွေ ရုရှားစုဆောင်းရေးတပ်ထဲပို့ဆောင်ခံရတယ်ဆိုတဲ့အခြေအနေနဲ့ပတ်သက်လို့ အောက်တိုဘာ ၁၃ ရက် မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။

  5. ချင်းမှာ ဖမ်းမိတဲ့စစ်သုံ့ပန်း ၁၇ ဦးမှာ ၁၆ ဦးကစစ်မှုထမ်းတွေဖြစ်နေ

    စစ်မှုထမ်းတပ်သားသစ်ခေါ်တာ အပတ်စဥ် ၂၉ အထိရောက်လာပြီး အခုဓာတ်ပုံဟာ ရန်ကုန်မှာ ပြီးခဲ့တဲ့ရက်ပိုင်းက သင်တန်းသစ်ဖွင့်ပွဲက ပုံလို့ဆို
    ဓာတ်ပုံ ပုံစာ, တိုက်ပွဲမှာ စစ်မှုထမ်းတပ်သားသစ်တွေ ဖမ်းဆီးခံရတာ ဆက်ရှိနေချိန်မှာပဲ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှာ စစ်မှုထမ်းသင်တန်း အပတ်စဥ် ၂၉ ကို မနေ့က ဖွင့်ခဲ့တယ်လို့ ဓာတ်ပုံတွေထွက်ပေါ်လာပါတယ်

    အခုလ ပထမတစ်ပတ်အတွင်း ချင်းပြည်နယ်ထဲမှာ တော်လှန်ရေးတပ်တွေက ဖမ်းမိတဲ့ စစ်သုံ့ပန်း ၁၇ ဦးမှာ ၁၆ ဦးက စစ်မှုထမ်းတပ်သားသစ်တွေဖြစ်နေတယ်လို့ ဒီအခြေအနေကို လေ့လာစာရင်းပြုစုတဲ့ပြည်သူ့ပန်းတိုင်အဖွဲ့က ပြောပါတယ်။

    အောက်တိုဘာလပထမအပတ်အတွင်းမှာ တော်လှန်ရေးတပ်တွေဆီ ပူးပေါင်းလာတာ၊ လက်နက်ချတာနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ စစ်သား၊ ရဲနဲ့ပြည်သူ့စစ် စုစုပေါင်း ၂၂ ဦးရှိပြီး အဲဒီထဲမှာ ဒီစစ်မှုထမ်းလူငယ်အများစုလည်း ပါ၀င်တယ်လို့ဆိုပါတယ်။

    နောက်ပြီး အဲဒီ ၂၂ ဦးထဲမှာ ချင်း၊ စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာလည်း အောက်တိုဘာ ပထမ ပတ်အတွင်း လက်နက်ချ ဘက်ပြောင်းခိုလှုံသူ စစ်သား ၅ ဦးလည်းပါ၀င်တယ်လို့ဆိုပါတယ်။ အဲဒီ ၅ ဦးထဲမှာလည်း ၁ ဦးက စစ်မှုထမ်း တပ်သားသစ်လို့ ပြည်သူ့ပန်းတိုင်က ပြောပါတယ်။​

    ပြည်သူ့ပန်းတိုင်ကတော့ ချင်းပြည်နယ်က တိုက်ပွဲမှာ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေလို့ပဲ ပြည်သူ့ပန်းတိုင်က ဖော်ပြပေမဲ့ ဘယ်တိုက်ပွဲတွေကနေ ဖမ်းမိတဲ့သူတွေလဲဆိုတာ မဖော်ပြထားပါဘူး။

    ဒါပေမဲ့ ဖမ်းမိတဲ့စစ်မှုထမ်း တပ်သားသစ် ၁၇ ဦး ဟာ ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့နယ်၊ မဆာတွီ ကျေးရွာတိုက်ပွဲကနေ ဖမ်းမိတဲ့သူတွေလို့ သတင်းတွေအရ နားလည်ရပါတယ်။

    မဆာတွီရွာဟာ မကွေးတိုင်း၊ လောင်းရှည်မြို့ကနေ ချင်းပြည်နယ်၊ ကျင်ဒွေးမြို့ကို သွားတဲ့လမ်းပေါ်က ကျေးရွာဖြစ်ပါတယ်။ စက်တင်ဘာလ နှောင်းပိုင်းကနေ အောက်တိုဘာလဆန်းအထိ စစ်တပ်နဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်ခဲ့တဲ့နေရာဖြစ်ပါတယ်။

    စစ်ကား အစီးရေ ရာချီပါတဲ့ စစ်တပ်ယာဥ်တန်းဟာ မကွေးတိုင်း၊ ဆောဒေသထဲက လောင်းရှည်မှာရှိတဲ့ အမှတ် ၂၅ ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ(ကပစ ၂၅) ဆီ စက်တင်ဘာလကုန်ပိုင်းမှာ ၀င်ရောက်ခဲ့ပါတယ်။

    အဲဒီကနေ ခွဲထွက်လာတဲ့အဖွဲ့တွေဟာ လောင်းရှည်ကနေတဆင့် ကချင်ပြည်နယ်ထဲက ကျင်ဒွေးမြို့ဆီတက်ဖို့လုပ်ချိန် မဆွာတီရွာမှာ ချင်းကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်။

    စစ်တပ်စစ်ကြောင်းကို ချင်းတောင်ပိုင်းက ချင်းပြည်သူ့အစည်းအရုံးတပ်(CPU/ CPA)၊ ချင်းညီနောင်၊ ယောကာကွယ်ရေးတပ်ဖွဲ့တွေ၊ အာရက္ခတပ်တော်(ULA/AA) ပူးပေါင်းတပ်တွေ တိုက်ခိုက်နေတာဖြစ်ပါတယ်။

    ယောဒေသတင်းတွေကို ဖော်ပြနေတဲ့ ယောအလင်းတန်းကတော့ စစ်တပ်ဟာ မဆာတွီရွာကို ခြေကုတ်ယူပြီး ကျင်ဒွေးမြို့အထိရောက်ဖို့ မဆာတွီမှာ အင်အားဖြည့်တင်းနေသလို လေကြောင်းနဲ့ လက်နက်ကြီးကို အားပြုတိုက်ခိုက်နေတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေကို ကိုးကားပြီးရေးပါတယ်။

  6. မင်္ဂလာပါ။

    အောက်တိုဘာလ ၁၃ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

    ဆက်လက်ဖတ်ရှုကြဖို့လည်း ဖိတ်ခေါ်ပါတယ်။​