လျှို့ဝှက်ချက်တွေ ကိုင်ထားတဲ့ ထောက်လှမ်းရေးမှူးချုပ်ဟောင်း တပ်ချုပ်

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ကို သရုပ်ဖော်ထားပုံ။
ဓာတ်ပုံ ပုံစာ, မြန်မာစစ်တပ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပြောင်းအလဲဖြစ်ပေါ်ဖို့ ၁၅ နှစ်စောင့်ခဲ့ရ
ဖတ်ရန်အချိန်: မိနစ် ၁၄

ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သမ္မတရာထူးဆီ ဆက်လှမ်းသွားပြီး သူယုံကြည်စိတ်ချရသူ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကို ဆက်ခံသူအဖြစ်ထားခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်အတွင်း သတင်းစာနဲ့ ရုပ်မြင်သံကြားမှာ မြင်နေကျ ပုဂ္ဂိုလ်တွေကပဲ နိုင်ငံရဲ့အရေးအကြီးဆုံးရာထူးတွေကို ဆက်လက်ချုပ်ကိုင်ထားမှာဖြစ်လို့ အင်္ကျီအသစ်နဲ့ လူဟောင်းတွေလို့ ဝေဖန်မှုတွေရှိပါတယ်။

ဒါပေမဲ့ မြန်မာစစ်တပ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပြောင်းအလဲဖြစ်ပေါ်ဖို့ ၁၅ နှစ်စောင့်ခဲ့ရပြီး စစ်အာဏာသိမ်းကာလတစ်ခုကိုပါ ဖြတ်ကျော်ခဲ့ရပါတယ်။

ဒီအပြောင်းအလဲနဲ့အတူ နေပြည်တော်ရဲ့ အာဏာအဝန်းအဝိုင်းမှာ သက်ရောက်မှုတွေရှိလာမှာကိုလည်း မငြင်းနိုင်ပါဘူး။

၂၀၂၁ အာဏာသိမ်း စစ်အုပ်ချုပ်ရေးမှာ ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်အဖြစ်တာဝန်ယူခဲ့တဲ့အတွက် တပ်နဲ့အစိုးရထိပ်တန်းခေါင်းဆောင်တွေရဲ့ လျှို့ဝှက်ချက်နဲ့ အတွင်းရေးများစွာကို သိရှိခဲ့လို့ဖြစ်ပါတယ်။

"ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပန်ဒိုရာသေတ္တာကို ကိုင်ထားတဲ့သူ" လို့ ထောက်လှမ်းရေးအကြီးအကဲဟောင်းတစ်ဦးတပ်ချုပ်ဖြစ်လာတဲ့ အကျိုးဆက်ကို အငြိမ်းစားတပ်အရာရှိတစ်ဦးကပြောပါတယ်။

အရှေ့ရွာမှ ဆုတ်ခွာခြင်း

နေပြည်တော်၊ ဇေယျာသီရိဗိမာန်မှာ ကျင်းပတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, နေပြည်တော်၊ ဇေယျာသီရိဗိမာန်မှာ ကျင်းပတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန် လွှဲပြောင်းလက်ခံခြင်း ဂုဏ်ပြုစစ်ရေးပြအခမ်းအနား

၂၀၁၁ ခုနှစ် မတ်လ ၃၀ မှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကို တပ်ချုပ်နေရာလွှဲပေးပြီးတဲ့နောက် ၁၅ နှစ်တိတိကြာမှ တပ်ချုပ်ရာထူးလွှဲပြောင်းမှုတစ်ခု အရှေ့ရွာမှာ ပေါ်ပေါက်ခဲ့ပါတယ်။

အရှေ့ရွာဆိုတာ နေပြည်တော်စစ်ရုံးကိုခေါ်တဲ့ အမည်ဝှက်တစ်ခုပါ။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လျှို့လျှို့ဝှက်ဝှက်နေတတ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ သူ့ရဲ့ဆက်ခံသူကို တိတ်တဆိတ်လွှဲခဲ့ပေမဲ့ ထင်ထင်ပေါ်ပေါ်နေတတ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ဂုဏ်ပြုအခမ်းအနားနဲ့လွှဲပြီး ရုပ်သံကနေ တိုက်ရိုက်ထုတ်လွှင့်မှုပါလုပ်ခဲ့ပါတယ်။

လွှဲပြောင်းမှုနှစ်ခုက အဆင်အပြင်လည်းကွဲသလို နိုင်ငံရေးအရအနှစ်သာရလည်း ကွာပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တပ်ကရောနိုင်ငံရေးကပါ အငြိမ်းစားယူခဲ့ပေမဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သမ္မတဆက်လုပ်ဦးမှာပါ။

ဗိုလ်ချုပ်မှူးကြီးနှစ်ဦးရဲ့လွှဲပြောင်းမှုမှာ တူတာတစ်ခုကတော့ တပ်ချုပ်နေရာကို ဒုချုပ်ကိုမပေးဘဲ တပ်တွင်းရှိနေတဲ့ စီနီယာတွေကိုကျော်ပြီး အရိုက်အရာဆက်ခံစေတာပါ။

ဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေးရော ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းပါ ဒုတိယလူနေရာမှာကာလရှည်နေပြီးမှ တပ်ချုပ်နေရာကို လွဲချော်ခဲ့ကြတာဖြစ်ပါတယ်။

စစ်တက္ကသိုလ်အပတ်စဥ် ၁၁ ဆင်း ဗိုလ်ချုပ်ကြီးသူရရွှေမန်းလည်း တပ်ချုပ်အဖြစ်ပျိုးထောင်ခံခဲ့ရပြီးမှ လွဲချော်ခဲ့တာပါ။

စစ်တက္ကသိုလ်အပတ်စဥ် ၁၉ ဆင်း ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တပ်ချုပ်ဖြစ်လာခဲ့ပြီး တပ်ထဲမှာတောင် သူ့ထက်စီနီယာကျသူတွေ ကျန်ခဲ့ပါတယ်။

အဲဒီကာလက ရေတပ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဥာဏ်ထွန်းက စစ်တက္ကသိုလ်အပတ်စဥ် ၁၆ ဆင်း၊ လေတပ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမြတ်ဟိန်းက အပတ်စဥ် ၁၇ ဆင်းဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးဝေလွင်က အပတ်စဥ် ၁၈ ဆင်းဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးကလည်း သူ့ထက်စီနီယာကျသူတွေဖြစ်တဲ့ စစ်တက္ကသိုလ်အပတ်စဥ် ၂၂ ဆင်းတွေဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ စစ်တက္ကသိုလ်အပတ်စဥ် ၂၅ ဆင်း ဗိုလ်ချုပ်ကြီးမောင်မောင်အေးတို့ကိုကျော်ပြီး တပ်ချုပ်ဖြစ်လာပါတယ်။

ဒါ့အပြင် လက်ရှိရေချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးထိန်ဝင်းနဲ့ လေချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်ကြီးထွန်းအောင်တို့ကလည်း အပတ်စဥ် ၂၉ ဆင်းတွေ ဖြစ်ကြပါတယ်။

ဗိုလ်သင်တန်း အပတ်စဥ် ၇၇ OTS - 77 ဆင်းဖြစ်သူ ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ စစ်တက္ကသိုလ်အပတ်စဥ် ၃၀ နဲ့ ကျောင်းဆင်းနှစ်တူပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နောက်ပိုင်း OTS ဆင်းတစ်ဦး တပ်ချုပ်ဖြစ်လာတာ ဖြစ်ပါတယ်။

ရာထူးတက်မြန်တဲ့ ဗိုလ်ချုပ်ကြီး

ဗိုလ်ချုပ်ကြီးရဲဝင်းဦး

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, အာဏာသိမ်းမှုဟာ ဗိုလ်ချုပ်ကြီးရဲဝင်းဦးအတွက် ထိပ်ရောက်ဖို့ အခွင့်အလမ်းဖြစ်ခဲ့

၂၀၂၁ အာဏာသိမ်းမှုမဖြစ်ပွားခင် တစ်နှစ်အလို ၂၀၂၀ ဖေဖော်ဝါရီလဆန်းတုန်းက ဗိုလ်ချုပ်ရဲဝင်းဦးဟာ ပုသိမ်အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဖြစ်ပါတယ်။

သူ့ရှေ့မှာ ဒါဇင်နဲ့ချီတဲ့ ဗိုလ်ချုပ်ကြီးတွေ အများကြီးရှိနေခဲ့ပြီး တပ်ရဲ့ထိပ်ဆုံးနေရာကိုရောက်ဖို့ မမျှော်မှန်းနိုင်တဲ့အခြေအနေလို့ ပြောနိုင်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက် မနက်အစောမှာတော့ သူဟာ နေပြည်တော်က ခြံနံပါတ် ၃၃ ကို ရောက်လာပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးရေးကို စရခချုပ်အနေနဲ့ ဦးဆောင်သူဖြစ်လာပါတယ်။

အာဏာသိမ်းမှုဟာ ဗိုလ်ချုပ်ကြီးရဲဝင်းဦးအတွက် ထိပ်ရောက်ဖို့ အခွင့်အလမ်းဖြစ်ခဲ့ပြီး အာဏာသိမ်းအပြီး ဖွဲ့စည်းခဲ့တဲ့ စစ်ကောင်စီမှာ တွဲဖက်အတွင်းရေးမှူးအဖြစ် တာဝန်ပေးခံခဲ့ရပါတယ်။

ဒီအခြေအနေတွေဖြစ်လာဖို့မြေခံရေခံက NLD လက်ထက် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ ဖယ်ရှားခံရတာဖြစ်ပါတယ်။

စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ် ပြည်ထဲရေးဝန်ကြီးဖြစ်သွားတဲ့အတွက် သူ့နေရာကို ဗိုလ်ချုပ်ရဲဝင်းဦးရောက်လာတာပါ။

ဒီလိုရာထူးတက်မြန်ဖို့အတွက် အခရာကျတာက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ရဲ့ မိသားစုချင်းရင်းနှီးမှုဖြစ်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူး တာဝန်ယူတုန်းက ဗိုလ်ချုပ်ကြီးရဲဝင်းဦးအရာရှိငယ်ဘဝမှာပဲရှိသေးပြီး ကျိုင်းတုံမှာ ဆုံခဲ့ကြတာပါတယ်။

ဒုဗိုလ်မှူးကြီးရဲဝင်းဦးအဖြစ် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ စစ်ဦးစီးမှူး ပထမတန်း ( G-1 ) တာဝန်ယူစဥ်မှာတော့ မိသားစုချင်း ရင်းနှီးမှုတိုးခဲ့ကြတာပါ။

ဗိုလ်မှူးချုပ်ရဲဝင်းဦးဟာ ရန်ကုန်၊ အင်းတိုင်အခြေစိုက် အမှတ် ၁၁ ခြေမြန်တပ်မဌာနချုပ်မှာ တပ်မမှူးဖြစ်ခဲ့ပြီး အဲဒီနောက် စစ်ဆေးတက္ကသိုလ် ကျောင်းအုပ်ကြီး တာဝန်လည်း ထမ်းဆောင်ခဲ့ပါတယ်။

၂၀၂၁ အာဏာသိမ်းပြီးနောက်မှာတော့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့အခန်းကဏ္ဍက ရှေ့ရောက်ခဲ့ပြီး စစ်ခေါင်းဆောင်ရဲ့နားမျက်စိအဖြစ် တင်စားခံရပါတယ်။

သံသယများတတ်တဲ့စိတ်သဘောရှိသူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အတွက် ထောက်လှမ်းရေးအကြီးအကဲရဲ့ တင်ပြမှုတွေက မရှိမဖြစ်လိုအပ်ခဲ့တယ် လို့ စစ်ရုံးက ဘီဘီစီရဲ့သတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

စရခချုပ်ဟာ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ်ကနေ ဗိုလ်ချုပ်ကြီးဖြစ်လာပြီး အင်မတန်တန်ခိုးထွားခဲ့တဲ့ ထောက်လှမ်းရေးအကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီးခင်ညွန့်အလွန်မှာ ထောက်လှမ်းရေးအကြီးအကဲတစ်ဦး ဗိုလ်ချုပ်ကြီးရာထူးပြန်ရတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်အတွင်းရေးမှူးဖြစ်တဲ့ သူ့ရဲ့နိုင်ငံရေးရာထူးကြောင့် ဗိုလ်ချုပ်ကြီးအဆင့်ထိ တိုးပေးခဲ့တယ်လို့ ထင်မြင်ခဲ့ကြပါတယ်။

ဒါပေမဲ့ နောက်တစ်နှစ်အကြာမှာပဲ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဖြစ်လာတဲ့အခါ တပ်ချုပ်ရာထူးကိုဆက်ခံသူအဖြစ် ရေပန်းစားလာခဲ့ပြီး တပ်အင်္ဂါစဥ်အရ ရှေ့ရောက်နေတဲ့ ဒုတိယတပ်ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းနဲ့ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့ကို ကျော်တက်ပြီး တပ်ချုပ်ဖြစ်လာပါတယ်။

ဒါကြောင့် ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ စစ်ဆင်ရေးအထူးအဖွဲ့မှူး၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)နဲ့ ဒုချုပ်တာဝန်တွေမထမ်းဆောင်ခဲ့ဖူးဘဲ တပ်ချုပ်ဖြစ်လာတာပါ။

သူက ကာကွယ်ရေးဦးစီးချုပ် (ကြည်း) တာဝန်ထမ်းဆောင်တာတောင် တစ်လမပြည့်ခဲ့ဘဲ တပ်ချုပ်အဖြစ်ရာထူးတိုးမြှင့်ခံခဲ့ရတာဖြစ်ပါတယ်။

သစ္စာခံဗိုလ်ချုပ်ကြီး

ဗိုလ်ချုပ်ကြီးရဲဝင်းဦးက လွန်ခဲ့တဲ့ ငါးနှစ်လုံး စစ်ခေါင်းဆောင်ကို အရိုအသေပေးအမိန့်နာခံခဲ့

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီးရဲဝင်းဦးက လွန်ခဲ့တဲ့ ငါးနှစ်လုံး စစ်ခေါင်းဆောင်ကို အရိုအသေပေးအမိန့်နာခံခဲ့

ပြည်တွင်းရောပြည်ပမှာပါ ရန်သူတွေဝိုင်းနေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ အစဥ်အလာတွေ၊ အရည်အချင်းတွေထက် သူ့ကိုသစ္စာခံမယ့်သူကိုပဲ ဆက်ခံသူအဖြစ်ရွေးချယ်သွားတာလို့ အငြိမ်းစားတပ်အရာရှိတွေက သုံးသပ်ကြပါတယ်။

ပြည်တွင်းမှာ ဆန့်ကျင်တိုက်ခိုက်နေတဲ့ လက်နက်ကိုင်တပ်တွေ အမြောက်အမြားရှိနေသလို နိုင်ငံတကာတရားရုံးတွေမှာလည်း စွဲချက်တင်ခံထားရတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူ့နောက်ကျောလုံဖို့ကိုပဲ ဦးစားပေးခဲ့တယ်လို့ သူတို့ကပြောပါတယ်။

"သူကိုယ်တိုင်လည်း အာဏာသိမ်းခဲ့သူဖြစ်တယ်၊ သံသယလည်းအရမ်းကြီးတော့ အများကြီးစဥ်းစားပြီးမှ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုထားခဲ့တာ" လို့ စစ်ခေါင်းဆောင်နဲ့ရော ဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ပါ ဆက်ဆံရေးရှိသူတစ်ဦးက ပြောပါတယ်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးကလည်း လွန်ခဲ့တဲ့ ငါးနှစ်လုံး စစ်ခေါင်းဆောင်အနီးမှာ အရိုအသေပေးအမိန့်နာခံခဲ့သလို တပ်ချုပ်ရာထူးလက်ခံရရှိချိန်အထိ ဆက်လက်သစ္စာခံမယ့်အာမခံချက်မျိုးပေးခဲ့ပါတယ်။

ရာထူးလက်ခံရယူချိန်မှာ တပ်ကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ချမှတ်ထားတဲ့အတိုင်း လိုက်နာကျင့်သုံးပြီး တိုက်စွမ်းအား၊ တိုက်စွမ်းရည်ရှိတဲ့ တပ်မတော်ဖြစ်အောင် ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ပြောခဲ့ပါတယ်။

အစိုးရရဲ့ ဦးဆောင်မှုနဲ့အတူ တာဝန်တွေ ထမ်းဆောင်သွားမယ်လို့ တပ်ချုပ်အသစ်ကပြောပြီး အစိုးရကိုတော့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သမ္မတအဖြစ်ဦးဆောင်လာမှာဖြစ်ပါတယ်။

"ဆိုတော့ ဦးမင်းအောင်လှိုင်ရဲ့သြဇာအောက်မှာပဲ တပ်ချုပ်က ဆက်ရှိနေမယ့်သဘောလို့မြင်တယ်" လို့ ဝါရင့်နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ဆက်ခံသူနေရာရွေးချယ်မှုမှာ တပ်ချုပ်သက်တမ်း ၅ နှစ်ပြည့်ချိန်မှာအငြိမ်းစားယူရမယ့် အသက်အရွယ်တွေကို ရွေးချယ်ခန့်ထားခဲ့ပေမဲ့ သူ့တွက်ကိန်းမှားခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တပ်ချုပ်အဖြစ် ၁၅ နှစ်ကြာခဲ့လို့ပါ။

ဦးမင်းအောင်လှိုင်က ဦးသန်းရွှေလို အပြီးအနားယူတာမဟုတ်လို့ ဒီအဖြစ်မျိုးကို သူ့လက်ထက်မှာ လိုသလိုထိန်းချုပ်နိုင်လိမ့်မယ်လို့ ဝါရင့်နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

"အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီကနေတဆင့် သမ္မတက တပ်ချုပ်ကို ထိန်းချုပ်လိမ့်မယ်။ ဦးသိန်းစိန်လက်ထက်ကလိုပေါ့" လို့ သူကပြောပါတယ်။

တပ်ချုပ်အသစ်ရဲ့မျက်နှာစာများ

ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images/CINCDS

ဓာတ်ပုံ ပုံစာ, ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦး (သူ့ ဗခကရာထူးနဲ့ ပုံရှိလား)

OTS တွေရဲ့သဘာဝအတိုင်း ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ စကားပြောကောင်းပါတယ်။

တစ်ဖက်မှာလည်းသူက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ စစ်ကြောရေးစခန်းတွေရဲ့ တာဝန်ခံအရာရှိချုပ်ဖြစ်ခဲ့ပါတယ်။

သူဟာ ကြံ့ခိုင်ရေးပါတီထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ဂေါက်ရိုက်သလို တော်လှန်ရေးမှာမပါဘဲနေဖို့ NLD ပါတီဝင်ဟောင်းတချို့နဲ့လည်း ညှိနှိုင်းသူဖြစ်ပါတယ်။

"ဒေါ်စန္ဒာမင်းကိုဆိုရင် ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုယ်တိုင်တွေ့ခဲ့တာ" လို့ စစ်ရုံးကဘီဘီစီသတင်းအရင်းအမြစ်တစ်ဦးကပြောပါတယ်။

ဒါ့အပြင် တပ်ချုပ်အသစ်ဟာ အင်အားကြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူဖြစ်ပါတယ်။

ဝတပ်ဖွဲ့ UWSA နဲ့ မိုင်းလားအဖွဲ့ NDAA တို့က ဗိုလ်ချုပ်ကြီးရဲဝင်းဦး တပ်ချုပ်ဖြစ်လာတာကို ဝမ်းမြောက်ဂုဏ်ယူကြောင်း သဝဏ်လွှာပို့ကြပါတယ်။

ဒါဟာ ပြည်တွင်းစစ်နဲ့ရင်ဆိုင်ရမယ့် တပ်ချုပ်အသစ်အတွက် အခွင့်အလမ်းဖြစ်နိုင်တယ် လို့ အကဲခတ်တချို့က သုံးသပ်ပါတယ်။

တစ်ဖက်မှာလည်း အရပ်သားအစိုးရမျက်နှာဖုံးတပ်လိုက်တဲ့အတွက် အာဏာသိမ်းကာလတုန်းကလို တပ်ကကြမ်းချင်တိုင်းကြမ်းဖို့ ခက်လိမ့်မယ်လို့ အကဲခတ်တစ်ဦးက သုံးသပ်ပါတယ်။

တပ်ချုပ်အသစ်ရဲ့ မိသားစုဘဝကိုကြည့်ရင် သားတစ်ဦးနဲ့ သမီးတစ်ဦးရှိပြီး သားဖြစ်သူ ကိုထက်ရဲနောင်ကို ၂၀၂၄ ကစပြီး စစ်ကောင်စီက အသက်သွင်းလာတဲ့ လူငယ်တွေကို စစ်မှုထမ်းဆင့်ခေါ်တဲ့အထဲ စစ်မှုထမ်းအပတ်စဉ် (၁၃) ဆင်းစေခဲ့ပါတယ်။

ဗိုလ်ချုပ်ကြီးသားဟာ တခြားစစ်မှုထမ်းတွေလို အချိန်ပြည့်မနေခဲ့ရဘူးလို့ ဝေဖန်မှုတွေရှိခဲ့ပေမဲ့ ဒီဖြစ်စဥ်ကြောင့် ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာ စစ်ခေါင်းဆောင်ရဲ့ယုံကြည်မှုကို ထပ်တိုးရခဲ့ပါတယ်။

ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဟောင်း လက်ရှိကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့ဟာ ခမည်းခမက် တော်စပ်ကြပါသေးတယ်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးရဲ့သမီးဖြစ်သူနဲ့ ဗိုလ်ချုပ်ကြီးမောင်မောင်အေးရဲ့ သားဖြစ်သူတို့ ထိမ်းမြားခဲ့ကြတာပါ။

ဗိုလ်ချုပ်ကြီးရဲဝင်းဦး စစ်ဆေးတက္ကသိုလ်ကျောင်းအုပ်ကြီးလက်ထက်တုန်းက တော်တော်လေးကို တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခဲ့တဲ့အကြောင်း အငြိမ်းစားတပ်အရာရှိတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

"စာမလုပ်ဘဲ တခြားစိတ်ရောက်မှာစိုးလို့ဆိုပြီး ကျောင်းသားတွေဆီက ဖုန်းတွေ လက်ပတော့တွေ အကုန်သိမ်းထားတာ" လို့ သူက ပြောပါတယ်။

သဘောထားတင်းမာသူ ထောက်လှမ်းရေးအကြီးအကဲ တပ်ချုပ်ဖြစ်လာတာက တပ်ထဲက အရာရှိတွေအတွက်လည်း အနေအထိုင်ဆင်ခြင်စရာဖြစ်လာတယ် လို့ သူကပြောပါတယ်။

ပန်ဒိုရာသေတ္တာကိုင်ထားသူ

စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဟာ တပ်တွင်းကအရာရှိကြီးတွေနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်တွေကို သိရှိခဲ့သူ

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဟာ တပ်တွင်းကအရာရှိကြီးတွေနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်တွေကို သိရှိခဲ့သူ

စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်ဟာ တပ်တွင်းကအရာရှိကြီးတွေနဲ့ အစိုးရအဖွဲ့ဝင်တွေရဲ့ ပုဂ္ဂိုလ်ရေး လျှို့ဝှက်ချက်တွေကို သိရှိခဲ့သူဖြစ်လို့ pandora box 'ပန်ဒိုရာသေတ္တာ' ကို ကိုင်ထားသူလို့ တင်စားကြပါတယ်။

"ခြေလျင်က တိုက်ရည်ခိုက်ရည်ကို အားကိုးတယ်။ ထောက်လှမ်းရေးကတော့ သတင်းအချက်အလက်ကို အားကိုးတယ်" လို့ ခြေလျင်ရောထောက်လှမ်းရေးပါ တာဝန်ထမ်းဆောင်ဖူးတဲ့ တပ်အရာရှိကြီးတစ်ဦးက ပြောပါတယ်။

ဗိုလ်ချုပ်ကြီးခင်ညွန့် လက်ထက်တုန်းကလို ခြေလျင်နဲ့ ထောက်လှမ်းရေးတပ် အားပြိုင်မှုမျိုးကို တပ်ထိပ်ပိုင်းခေါင်းဆောင်တွေက ထပ်မမြင်ချင်ကြပါဘူး။

ဒါ့အပြင် OTS ဆင်းတစ်ဦး တပ်ချုပ်ဖြစ်လာတဲ့အတွက် စစ်တက္ကသိုလ်ဆင်းတွေနဲ့ အားပြိုင်မှုတွေ မဖြစ်လာအောင်လည်း တပ်ထိပ်ပိုင်းခေါင်းဆောင်တွေက ကြိုတင်ပြင်ဆင်ခဲ့ကြပါတယ်။

"မည်သူဦးဆောင်သည်ဖြစ်စေ တပ်မတော်အနေနဲ့ တပ်မတော်ခေါင်းဆောင် အစဉ်အဆက် ချမှတ်ထားတဲ့ မူဝါဒလမ်းစဉ်တွေအတိုင်း ဆက်လက် လျှောက်လှမ်းကြရမယ်" လို့ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောခဲ့ပါတယ်။

၈၁ နှစ်မြောက် တပ်မတော်နေ့မတိုင်ခင် သမ္မတဟောင်းဦးသိန်းစိန်ဦးဆောင်တဲ့ အငြိမ်းစား တပ်အရာရှိကြီးတွေကို ဂါရဝပြုပွဲမှာ ဒုချုပ်က ပြောခဲ့တာပါ။

ဒုချုပ်အဖြစ်ဆက်ခံသူက စစ်တက္ကသိုလ်အပတ်စဥ် ၃၅ ဆင်း ဗိုလ်ချုပ်ကြီးကျော်စွာလင်းဖြစ်ပြီး အသက် ၅၅ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးရဲဝင်းဦးကတော့ အသက် ၆၀ ပါ။

အာဏာသိမ်းကာလမှာတော့ တပ်ချုပ်နဲ့ ဒုတပ်ချုပ်ရဲ့တာဝန်ထမ်းဆောင်ချိန်သက်တမ်းကို အသက်ကန့်ချက်မထားထားပါဘူး။

အစိုးရသစ်၊ လွှတ်တော်အသစ်နဲ့ တပ်ခေါင်းဆောင်အသစ်တွေတက်ချိန်မှာ တပ်ချုပ်ရဲ့ အသက်ကန့်သတ်ချက်တွေကို ပြန်ပြင်မလားဆိုတာ စောင့်ကြည့်ရမှာပါ။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုယ်တိုင်က အသက် ၇၀ ရောက်မှ တပ်ကအနားယူသွားတာဖြစ်ပါတယ်။

သမ္မတသြဇာခံ တပ်ချုပ်ဖြစ်လာမလား

သမ္မတလုပ်မယ့် ဦးမင်းအောင်လှိုင်အနေနဲ့ တပ်ချုပ်အသစ်အပေါ် ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှုရော ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှမ်းမိုးမှုပါဆက်ရှိနေ

ဓာတ်ပုံ ရင်းမြစ်, CINCDS

ဓာတ်ပုံ ပုံစာ, သမ္မတလုပ်မယ့် ဦးမင်းအောင်လှိုင်အနေနဲ့ တပ်ချုပ်အသစ်အပေါ် ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှုရော ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှမ်းမိုးမှုပါဆက်ရှိနေ

သမ္မတဦးသိန်းစိန်လက်ထက် ၂၀၁၂ ခုနှစ်မှာ တပ်ချုပ်ကို သမ္မတအမိန့်နဲ့ ပြန်လည်အတည်ပြုခန့်အပ်ခဲ့ပါတယ်။

သမ္မတဟာ အမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ အဆိုပြုထောက်ခံချက်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကို ခန့်အပ်တာဝန်ပေးရမယ်ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၄၂ ကိုအသုံးပြုပြီး ပြန်ခန့်ခဲ့တာပါ။

ဒါကြောင့် သမ္မတလုပ်မယ့် ဦးမင်းအောင်လှိုင်အနေနဲ့ တပ်ချုပ်အသစ်အပေါ် ပုဂ္ဂိုလ်ရေးလွှမ်းမိုးမှုရော ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှမ်းမိုးမှုပါဆက်ရှိနေပါတယ်။

တပ်ချုပ်က ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာဝန်ကြီးတွေခန့်ဖို့ အမည်စာရင်းပေးအဆိုပြုနိုင်တာ၊ တပ်ရဲ့ စီမံခန့်ခွဲမှုတွေကို လွတ်လွတ်လပ်လပ် လုပ်နိုင်တဲ့ပေးထားချက်တွေရှိနေပေမဲ့ ဒီနှစ်ပိုင်းအတွင်းမှာတော့ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ကျော်လွန်ပြီးလုပ်မှာမဟုတ်ဘူး လို့ သုံးသပ်မှုတွေရှိနေပါတယ်။

ထောက်လှမ်းရေးကိုင်ခဲ့သူတွေထဲမှာ ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ မတူဘဲ စရဖအကြီးအကဲဟောင်းဗိုလ်ချုပ်ကြီးစိုးထွဋ်နဲ့ပိုတူတယ်လို့ နေပြည်တော်နဲ့နီးစပ်တဲ့ အကဲခတ်တစ်ဦးက ပြောပါတယ်။

"ဗိုလ်ချုပ်ကြီးခင်ညွန်က လမ်းပြမြေပုံ ၇ ချက်လိုမျိုးအထိ ဦးသန်းရွှေကို တင်ပြရဲတယ်။ ဗိုလ်ချုပ်ကြီးရဲဝင်းဦးကတော့ မန်နေဂျာသဘောမျိုးပိုဆန်တယ်။ လူကြီးအမိန့်ပေးတာပဲ လုပ်မယ့်ပုံစံမျိုး" လို့ သူကပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အနေနဲ့ သမ္မတက တပ်ချုပ်တွေအပေါ်သြဇာညောင်းတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းပုံစံကို ပြန်သွားနေတယ် လို့ အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးက သုံးသပ်ပါတယ်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဥ်တစ်ခေတ်ကို ထူထောင်သူဗိုလ်ချုပ်ကြီးနေဝင်းဟာ ဥက္ကဋ္ဌကြီးရာထူးနဲ့ သူ့လက်ထက်မှာ သမ္မတ ၄ ယောက်နဲ့ တပ်ချုပ် ၄ ယောက်အထိ ခန့်အပ်ခဲ့ပြီး သူတို့ရဲ့အထက်မှာ နေခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာ့နိုင်ငံရေးမှာ ထင်သလိုဖြစ်မလာတာတွေက ပူပူနွေးနွေးပဲရှိပါသေးတယ်။

ဦးသန်းရွှေရဲ့ တွက်ကိန်းမှားခဲ့တာ၊ ၂၀၁၅ ရွေးကောက်ပွဲနိုင်ပြီး NLD အာဏာရလာတာ၊ တစ်ခါ ၂၀၂၀ ရွေးကောက်ပွဲနိုင်ပြီးမှ အာဏာသိမ်းခံရတာနဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ၁၅ နှစ်အထိ တပ်ချုပ်ဖြစ်ခဲ့တာတွေပဲ ဖြစ်ပါတယ်။

"ဦးမင်းအောင်လှိုင်အနေနဲ့ ဦးသန်းရွှေနဲ့ ဦးသိန်းစိန်လို နိုင်ငံရေးကနေ အေးအေးဆေးဆေးထွက်သွားနိုင်ဖို့ ဆက်ကြိုးစားရလိမ့်ဦးမယ်" လို့ ဝါရင့်နိုင်ငံရေးအကဲခတ်တစ်ဦးက ပြောပါတယ်။