ထိုင်းအစိုးရနဲ့ စစ်တပ်တို့ရဲ့မြန်မာ့အရေးအပေါ် သဘောထား

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၇

မြန်မာနိုင်ငံမှာ မသမာတဲ့ စီးပွားရေးလုပ်ငန်းတွေ တိုးပွားလာတာဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ဖြစ်ပွားလာတဲ့ ပြည်တွင်းစစ်ကြောင့် ပိုပြီး အရှိန်မြင့်လာခဲ့တယ်လို့ ကုလသမဂ္ဂ စစ်တမ်းတွေ၊ နိုင်ငံတကာအကဲခတ်တွေက ထောက်ပြနေကြပါတယ်။

အဲဒီအခြေအနေတွေဟာ ထိုင်းနိုင်ငံရဲ့အမျိုးသားလုံခြုံရေး၊ စီးပွားရေးနဲ့ အများပြည်သူဆိုင်ရာ အရင်းအမြစ်တွေကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်လို့လည်း ထိုင်းပညာရှင်တွေက ပြောကြပါတယ်။

မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံကြားမှာ ကီလိုမီတာ ၂,၄၀၀ လောက်ရှည်တဲ့ထိန်းချုပ်ရခက်တဲ့ နယ်စပ်မျဉ်း ရှိနေပါတယ်။ အဲဒါကြောင့် မြန်မာဘက်က ဥပဒေစိုးမိုးမှု အားနည်းတဲ့နယ်စပ်ဒေသတွေဟာ နိုင်ငံတကာအဆင့် ရာဇဝတ်ဂိုဏ်းတွေရဲ့လှုပ်ရှားရာနေရာတွေ ဖြစ်လာစေတယ်လို့ ဆိုပါတယ်။

မြန်မာဘက်ခြမ်း အခြေစိုက်ထားတဲ့ ကျားဖြန့် အွန်လိုင်း အလိမ်အညာဂိုဏ်းတွေကြောင့် ကမ္ဘာလုံးအနှံ့ ရိုက်ခတ် သက်ရောက်ခံရတဲ့ဆိုက်ဘာရာဇဝတ်မှုတွေ၊ လူကုန်ကူး ခံရမှုတွေ၊ မြန်မာထဲက ပြည်တွင်းစစ်ကြောင့် ပေါ်ပေါက်လာရတဲ့ ဒုက္ခသည် အရေးနဲ့ စစ်ရှိန်ဟာ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းဘက်ထဲကိုပါ သက်ရောက်ခံရတာတွေ၊ မူးယစ်ကုန်သွယ်မှုတွေနဲ့ မြေရှားတူးတာ အပါအဝင် အထိန်းချုပ်မဲ့ သတ္တုတူးဖော်မှုတွေကြောင့် သဘာဝ ထိခိုက် ပျက်စီးပြီး မြစ်ရေ အဆိပ်သင့်ရတာတွေကို ထိုင်းနိုင်ငံ တွေ့ကြုံနေရတယ်ဆိုတဲ့အချက်တွေကို အခုနှစ်ပိုင်းတွေမှာ ထင်ထင်ရှားရှား တွေ့နေရပါတယ်။

ဒီတော့ ဒီပြဿနာတွေရဲ့ပမာဏ အတိုင်းအဆ ဘယ်လောက် ကြီးမားပြီး သက်ရောက်မှုတွေဟာ ဘယ်လောက် လေးနက်ပြင်းထန်သလဲ ဆိုတာနဲ့ မြန်မာ့အရေး အပေါ် လက်ရှိ ထိုင်းအစိုးရနဲ့ ထိုင်းစစ်တပ်တို့ ဘယ်လို မူဝါဒတွေ ရှိနေသလဲဆိုတာကို ထိုင်းနိုင်ငံထဲ မြန်မာ့အရေး ကျွမ်းကျင်သူတွေထဲ ထင်ရှားသူ ဖြစ်တဲ့ဒေါက်တာ လာလီတာ ဟန်းဝမ်ကို ဘီဘီစီ သတင်းထောက် ကိုဝေဖြိုး ဆက်သွယ် မေးမြန်းထားပါတယ်။

ဒေါက်တာ လာလီတာ ဟန်းဝမ်ဟာ ကာဆေဆာထ်(Kasetsart) တက္ကသိုလ်၊ လူမှုသိပ္ပံ မဟာဌာနက လက်ထောက်ပါမောက္ခလည်းဖြစ် နယ်သာလန်နိုင်ငံ လိုင်ဒဲန်မြို့ အခြေစိုက် အာရှလေ့လာရေး နိုင်ငံတကာအင်စတီကျုရဲ့ မြန်မာ့အရေးအကြံပေးလည်း ဖြစ်ပါတယ်။

မြန်မာဘက်က သတ္တုမိုင်းတွေကြောင့် ထိုင်း ဘယ်လို သက်ရောက်ခံနေရလဲ

ဘီဘီစီ ။ ၊ လာလီတာ ရေ၊ အခု မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ကြောင့် မသမာတဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုပြီး ကျယ်ပြန့်လာနေတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြနေကြပါတယ်။, အဲဒီထဲမှာ သတ္တုမျိုးစုံ တူးဖော်တာတွေ၊ အထူးသဖြင့် မြေရှားသတ္တု တူးဖော်တာတွေလည်း ပါပါတယ်။ ဒီကိစ္စက ထိုင်းနိုင်ငံအပေါ်မှာလည်း ဘယ်လောက် အတိုင်းအတာထိ တိုက်ရိုက် သက်ရောက်တာမျိုး ရှိနေပါသလဲ။

ဒေါက်တာ လာလီတာ ဟန်ဝမ်။ ။ ကျွန်မအမြင်အရ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီး နောက်ပိုင်း မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ အကြမ်းဖက်မှုတွေဟာ ... ထိုင်းနိုင်ငံမှာလည်း ကျွန်မတို့ ရင်ဆိုင်နေရတဲ့အဓိက ပြဿနာတချို့ကို အတော်လေး ကြီးထွားလာစေပါတယ်။

မြန်မာဘက်ခြမ်းမှာ စည်းကမ်း ထိန်းချုပ်မှုတွေ မရှိပဲ မြေရှားသတ္တု တူးတဲ့အတွက် ထိုင်းထဲမှာပါ ရေထု ညစ်ညမ်းရတယ်ဆိုတာက ပြဿနာတွေထဲက တစ်ခုပဲ ဖြစ်ပါတယ်။ ဒီပြဿနာကို ကမ္ဘာ့အသိုင်းအဝိုင်းကလည်း တော်တော်လေး ကျယ်ကျယ်ပြန့်ပြန် နားလည်လာကြပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်းနဲ့ အနောက်ပိုင်းက အဓိကမြစ်ကြောင်းတွေနဲ့ သံလွင်မြစ်တွေမှာ ဒီ ပြဿနာကြုံနေရပါတယ်။ အခုအချိန်အထိ ထိုင်းအစိုးရမှာ ဒီပြဿနာကို ဖြေရှင်းဖို့ တိတိကျကျနဲ့ ထိရောက်တဲ့မူဘောင်တစ်ခု ရှိနေတယ်လို့ ကျွန်မ မထင်ပါဘူး။

အခုနောက်ပိုင်းကာလတွေမှာ မြန်မာနဲ့ ထိုင်း ... တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်လာခဲ့ပါတယ်။ နှစ်နိုင်ငံကြား အလုပ်သမားရေး၊ ရေထုညစ်ညမ်းမှုနဲ့ တခြား ပြဿနာတွေကို ဖြေရှင်းဖို့ရာ ပူးပေါင်းဆောင်ရွက်ရေး မူဘောင်တချို့ ရှိလာတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နေပြည်တော်ဘက်က ဒီပြဿနာကို အထူးတလည် ဖြေရှင်းပေးဖို့ ခိုင်ခိုင်မာမာ ကတိကဝတ်ပြုထားတယ်လို့တော့ ကျွန်မ မထင်ပါဘူး။ ရှမ်းပြည်နယ်တောင်ပိုင်းနဲ့ မြန်မာနိုင်ငံရဲ့ တခြားဒေသတွေမှာ မြေရှားသတ္တုတွေ တူးနေတဲ့ကိစ္စဆိုရင် တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုကိုလည်း ထည့်ပြီး ပြောရမှာပါ။

ဘီဘီစီ။ ။ မြန်မာထဲက မြေရှားသတ္တု တူးဖော်နေတာဟာ တရုတ် ကုမ္ပဏီတွေ၊ တရုတ် နိုင်ငံသားတွေ ဖြစ်တယ် ဆိုရင်၊ ဒီကနေ တဆင့် ပတ်ဝန်းကျင် ထိခိုက် ပျက်စီးနေရတာကို ကိုင်တွယ်ဖို့ တရုတ် တာဝန်ရှိသူတွေကို ထိုင်း အစိုးရက ချည်းကပ်တာမျိုး မလုပ်ဘူးလား။

ဒေါက်တာ လာလီတာ ဟန်ဝမ်။ ။ ကျွန်မသိသလောက်တော့ ထိုင်းအစိုးရက အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဘန်ကောက် တရုတ် သံရုံးက တဆင့် ၊ ဒီကိစ္စကို တရုတ်အာဏာပိုင်တွေထံ အရင်က ဆွေးနွေး တင်ပြခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဘန်ကောက်မှာရှိတဲ့ တရုတ်သံရုံးဘက်က တုံ့ပြန်မှုကတော့ သိပ်ပြီး အပြုသဘောဆောင်တယ်လို့ မထင်ပါဘူး။

သူတို့က အဓိက ပြောတာက ဒီလုပ်ငန်းတွေဟာ ပုဂ္ဂလိကကုမ္ပဏီတွေ ဖြစ်တယ် .... တရုတ်အစိုးရနဲ့ တိုက်ရိုက် မသက်ဆိုင်ဘူး ဆိုတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာ-ထိုင်း နယ်စပ်ဒေသတွေမှာ စည်းမဲ့ကမ်းမဲ့ သတ္တုတူး နေတာ၊ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ ခြေကုပ်ယူပြီး စခန်းကြီးတွေ လိုက် တည်ဆောက် ထားတာမျိုးတွေလို တရားမဝင်လုပ်ငန်းတွေမှာ တရုတ်နိုင်ငံသား အများအပြား ပါဝင် ပတ်သက်နေတယ် ဆိုတဲ့ အချက်ကိုတော့ တရုတ်အစိုးရဘက်က ငြင်းလို့ မရနိုင်ဘူးလို့ ကျွန်မထင်ပါတယ်။

ထိုင်းအရပ်ဘက် အဖွဲ့အစည်းတွေ အနေနဲ့ကတော့ အတော်လေး လှုပ်ရှားနေကြပါတယ်။ အထူးသဖြင့် ချင်းမိုင်နဲ့ ချင်းရိုင် ခရိုင်တွေမှာပါ။ စုဝေး ဆန္ဒပြတာမျိုးတွေလုပ်ပြီး .... ရှမ်းပြည်နယ်ဘက်ခြမ်းမှာ စည်းကမ်းမဲ့ သတ္တု တူးနေတာတွေကို ထိုင်းပြည်သူတွေအနေနဲ့ လက်မခံနိုင်တော့ဘူးဆ ိုတာကို အသိပေးနေကြပါတယ်။

ချင်းမိုင်မှာရှိတဲ့ တရုတ်ကောင်စစ်ဝန်ရုံးကို စာတွေနဲ့ အထောက်အထားတွေ ပို့ပြီး၊ တရုတ်အစိုးရအနေနဲ့ ဒီကိစ္စကို ပိုပြီး အလေးအနက်ထား ဆောင်ရွက်ပေးဖို့ တောင်းဆိုထားကြပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ တရုတ်ဘက်ကနေ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုတစ်ခုခုကိုတော့ မကြားရသေးပါဘူး။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ကိုင်တွယ်တာ ထိရောက်လား

ဘီဘီစီ။ ။ ကျွန်တော်တို့ ဒါဆိုရင် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေနဲ့ ပတ်သက်တဲ့ ကိစ္စကို ဆက်ပြောကြရအောင်။ ဒါကလည်း ထိုင်းနိုင်ငံအပေါ် အတော်လေး သက်ရောက်မှုရှိနေပြီး၊ လူကုန်ကူးမှုနဲ့လည်း ဆက်စပ်နေပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း ဒီကိစ္စကို အတော်လေး အလေးထားပုံရပါတယ်။ ထိုင်းနိုင်ငံကို မြေပြင် အဖွဲ့ စေလွှတ်ခဲ့ပြီး၊ အနီးကပ် ကိုင်တွယ် လုပ်ဆောင် နေတယ်လို့လည်း ကျွန်တော်တို့ နားလည်ထားပါတယ်။ ဒါဆို ဒီလို ကြိုးပမ်းမှုတွေက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်ရာမှာ တကယ်ထိရောက်မှု ရှိတယ်လို့ ထင်ပါသလား။

ဒေါက်တာ လာလီတာ ဟန်ဝမ်။ ။ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေရဲ့ ပြဿနာက ရိုးရိုးရှင်းရှင်း ဥပဒေစိုးမိုးရေးနဲ့ ရာဇဝတ်မှုဆိုင်ရာ ပြဿနာ တစ်ခုထက် ကျော်လွန် နေပါပြီ။ ဒီ ပြဿနာကြီး တစ်ခုလုံး ရှင်သန် လည်ပတ်နေတဲ့ ရေခံမြေခံ စနစ်တစ်ခုလုံးကို တကယ်ဖြေရှင်းချင်တယ်ဆိုရင် ထိုင်းနဲ့မြန်မာ တို့ ထဲမှာသာမက၊ တရုတ်နိုင်ငံအပါအဝင် ဒီပြဿနာကြောင့် ထိခိုက်နေတဲ့ တခြားနိုင်ငံတွေထဲက ငွေကြေးခဝါချမှု တိုက်ဖျက်ရေးစနစ်တွေ အကြောင်းကိုပါ ပြောရပါမယ်။

ဒါ့အပြင် လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေလိုမျိုး အာရုံစိုက်မယ့် အပိုင်းတွေလည်း ရှိပါတယ်။ ဒီကိစ္စက ရိုးရိုးရှင်းရှင်း ရာဇဝတ်မှု ပုံစံ တစ်ခုတည်း မဟုတ်တော့ပါဘူး။ လူဝင်မှုကြီးကြပ်ရေးနဲ့လည်း ဆက်စပ်နေတယ်.... တရားမဝင် ငွေကြေး စီးဆင်းတာတွေ၊ တရားမဝင် စီးပွားရေးလုပ်ငန်း အမျိုးမျိုးတွေနဲ့လည်း ဆက်စပ် နေပါတယ်။

ထိုင်းနိုင်ငံဟာ နယ်စပ် တစ်ဖက်ခြမ်းက ငွေလိမ်ဂိုဏ်းတွေ ရှိရာ စခန်းတွေမှာ လျှပ်စစ်မီး၊ လောင်စာဆီနဲ့ အင်တာနက် မရနိုင်အောင် ဖြတ်တောက်တာမျိုးတွေကို လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒါက အွန်လိုင်းငွေလိမ်ဂိုဏ်း စနစ်တစ်ခုလုံးအပေါ် သိပ်ပြီး ထိခိုက်မှုရှိပုံ မရပါဘူး။

မြန်မာ ဘက်ကလည်း အွန်လိုင်းငွေလိမ်ဂိုဏ်းတွေ ရှိတဲ့ စခန်း တွေ၊ ခြံဝင်း အဆောက်အအုံတွေ တချို့ကို တိုက်ခိုက်တာတွေ လုပ်ခဲ့ ပေမယ့်လည်း မြန်မာနိုင်ငံ အတွင်းပိုင်းမှာ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ စခန်း နေရာအသစ်တွေ ဆက်လက် ပေါ်ပေါက်လာတာ၊ တည်ဆောက်နေတာတွေကို တွေ့နေရတုန်းပါပဲ။ ထိုင်းနယ်စပ်ကနေ ကီလိုမီတာ ၂၀၊ ၃၀ လောက် အကွာမှာတောင် ရှိနေပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ အခုဆိုရင် ထိုင်း-မြန်မာ နယ်စပ်မှာပဲ ရှိနေတော့တာ မဟုတ်တော့ဘဲ ... မြန်မာနိုင်ငံအတွင်းပိုင်းမှာပါ ရှိလာပါပြီ။ ကျွန်မ ကြားသိရသလောက် ဆိုရင် ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေမှာတောင် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ စခန်းနေရာ အသေးစားမျိုးတွေ ရှိလာတယ်လို့ သိရပါတယ်။

နေပြည်တော်နဲ့ ဆက်ဆံရေး ထူထောင်တာ လက်တွေ့ အကျိုးရှိလား

ဘီဘီစီ။ ။ လက်ရှိ ထိုင်းအစိုးရက နေပြည်တော်နဲ့ ဆက်ဆံရေးကောင်း ရနိုင်ဖို့ ကြိုးစား တည်ဆောက်နေတာ တွေ့ရပါတယ်။ နေပြည်တော်နဲ့ ထိတွေ့ဆက်ဆံဖို့ သူတို့မှာ အကြောင်းပြချက်ကလည်း ခိုင်လုံပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလို နယ်စပ်ဖြတ်ကျော် ပြဿနာတွေကို ဖြေရှင်းဖို့ဆိုရင် နေပြည်တော်အာဏာပိုင်တွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်နေတာပါ။ လက်တွေ့မှာရော ထိုင်းအစိုးရဘက်က ဒီလို နယ်စပ်ဖြတ်ကျော် ပြဿနာတွေကို ဖြေရှင်းရာမှာ တိုးတက်မှု တစ်စုံတစ်ရာ ရှိလာတာကို တွေ့ရပါသလား။

ဒေါက်တာ လာလီတာ ဟန်ဝမ်။ ။ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည်တည်ဆောက်တာကနေ ချက်ချင်း အောင်မြင်မှုတွေ ရလာဖို့ အထိတော့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနဘက်ကလည်း မျှော်လင့်ထားဟန် မတူပါဘူး။ ဒါပေမဲ့ ရေရှည် ဆက်ဆံရေး တည်ဆောက်နိုင်ဖို့နဲ့ ၊ အနာဂတ်မှာ ပူးပေါင်း ဆောင်ရွက်မှု ပုံစံအသစ်တွေ ရလာဖို့ကိုတော့ မျှော်လင့်ကြပါတယ်။

နှစ်နိုင်ငံဆက်ဆံရေးကို နားလည်ဖို့ အဓိကအချက်အနေနဲ့ ထိုင်းအစိုးရဘက်က ပြောနေတာကတော့ ... နှစ်နိုင်ငံကြား နယ်စပ်ဟာ ကီလိုမီတာ နှစ်ထောင့်လေးရာကျော် ရှည်လျား ပါတယ်။ ဒါဟာ တရုတ်နဲ့ မြန်မာကြားကထက်တောင် ပိုရှည်တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်ပေါ်သမျှတွေကြောင့် အများဆုံး ထိခိုက်ခံရတဲ့ နိုင်ငံတွေထဲမှာ ထိုင်းက ထိပ်ဆုံးက ပါပါတယ်။ မြန်မာထဲက ပြည်တွင်း စစ်ကြောင့် ထိုင်းထဲမှာ တွေ့ကြုံနေရတဲ့ အဓိကပြဿနာ နောက်တစ်ခု ရှိနေပါတယ်။ အဲဒါကတော့ မြန်မာဘက်က နေ့တိုင်းလိုလို လေကြောင်း တိုက်ခိုက်တာကြောင့် ပေါ်ပေါက်လာတဲ့ အသံတွေ၊ တုန်ခါမှုတွေကို ...... တာ့ခ်ခရိုင်လို နယ်စပ်တစ်လျှောက်မှာရှိတဲ့ ထိုင်းရွာတွေဟာ ကြုံတွေ့ ခံစားနေရပါတယ်။ ထိုင်းအစိုးရကလည်း နေပြည်တော်ကို ကန့်ကွက်စာတွေ အကြိမ်ပေါင်းများစွာ ပို့ခဲ့တယ်လို့ ကျွန်မ သိထားပါတယ်။

အခု ကျွန်မတို့ ပြောခဲ့ကြတဲ့ ပြဿနာ ချင်းရာ အမျိုးမျိုးကြောင့်လည်း၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က နေပြည်တော်နဲ့ အပြုသဘောဆောင်တဲ့ ဆက်ဆံရေး ပြန်လည်တည်ဆောက်ဖို့ ဒီလောက်အထိ စိတ်အား ထက်သန်နေတာလို့ နားလည်နိုင်ပါတယ်။

ဘီဘီစီ။ ။ ဒါဆိုရင် ထိုင်းအာဏာပိုင်တွေနဲ့ မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်မှာ နယ်မြေတွေကို ထိန်းချုပ်ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဆက်ဆံရေးကရော ဘယ်လိုရှိပါသလဲ။ ထိုင်း ဗဟို အစိုးရရဲ့ မူဝါဒကရော ဘာဖြစ်လိမ့်မလဲ။

ဒေါက်တာ လာလီတာ ဟန်ဝမ်။ ။ ဗဟိုအစိုးရအနေနဲ့ ထိုင်းနိုင်ငံဟာ ထိုင်း-မြန်မာ နယ်စပ်တစ်လျှောက်က တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆက်ဆံရေးကောင်း မရှိဘဲ ရပ်တည်လို့ မရဘူးဆိုတာကို နားလည်ပါတယ်။ ဒါပေမဲ့ တိုင်းရင်းသားအဖွဲ့တွေ၊ ERO တွေနဲ့ ပတ်သက်ပြီး ထိုင်းဘက်ကနေ ဘက်စုံလွှမ်းခြုံတဲ့ မူဝါဒတစ်ခု ဒါမှမဟုတ် တစ်ခုတည်းသော မဟာဗျူဟာတစ်ခု ရှိနေတယ်လို့တော့ ကျွန်မ မမြင်ပါဘူး။

ကျွန်မသုံးသပ်ချက်အရ ထိုင်းနိုင်ငံဟာ တိုင်းရင်းသားအဖွဲ့ တစ်ဖွဲ့ချင်းစီကို သီးခြားစီ၊ ကိစ္စတစ်ခုချင်းစီအလိုက် ဆက်ဆံသွားချင်တာပါ။ သူတို့က တိုင်းရင်းသား အဖွဲ့တွေ အားလုံးကို တစ်မျိုးတည်း၊ တစ်ဖွဲ့တည်းလိုမျိုး ရှုမြင် မထားပါဘူး။

နယ်စပ်မှာ တာဝန်ယူထားတဲ့ ထိုင်းစစ်တပ်ဘက် အနေနဲ့လည်း တိုင်းရင်းသားအဖွဲ့အားလုံးနဲ့ အမြဲတမ်း ဆက်ဆံရေးကောင်းရှိတယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ထိုင်းစစ်တပ် အနေနဲ့လည်း မြန်မာနဲ့ နယ်စပ်တွေမှာ သူတို့ စီမံ ပုံ စီမံ နည်းတွေကို ပုံစံ အသစ် ပြန်လုပ်လာတာမျိုးတွေ ရှိပါတယ်

ပြီးတော့ ကျွန်မနဲ့ နီးစပ်တဲ့ စစ်ဘက်က သတင်းရင်းမြစ် တစ်ခုကလည်း ထိုင်းနိုင်ငံအနေနဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆက်ဆံရေးမကောင်းဘဲ နေလို့မရဘူးလို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က ကျွန်မတို့ရဲ့ အိမ်နီးချင်းတွေ ဖြစ်နေမှာပဲလေ။ မြန်မာကသူတွေဟာ အမြဲတမ်း ကိုယ့်နဲ့ အနီးဆုံး အိမ်နီးချင်းတွေ ဖြစ်နေမှာပါ။ ဒါကြောင့် ကျန်းမာရေးဝန်ထမ်းတွေ၊ သူနာပြုတွေ၊ ဆရာဝန်တွေ အပါအဝင် ဒေသအာဏာပိုင်တွေက အစ၊ စစ်ဘက်အရာရှိတွေနဲ့ နယ်စပ် ဒေသတွေမှာရှိတဲ့ ကုန်သည်ကြီးများအသင်းလို အဖွဲ့အစည်းတွေအထိ အားလုံးဟာ နယ်စပ်တစ်လျှောက်က တိုင်းရင်းသားအဖွဲ့တွေနဲ့ ဆက်ဆံရေးကောင်း ရှိကြပါတယ်။

ဘီဘီစီ ။ ထိုင်းစစ်တပ်က နယ်စပ်ကို ပြန်လည်စီမံဖို့ ကြိုးစားနေတယ်လို့ ပြောတာ ဘာကို ဆိုလိုတယ် ဆိုလိုတာလဲ ခင်ဗျ။

ဒေါက်တာ လာလီတာ ဟန်ဝမ်။ ။ ဟုတ်ကဲ့။ ကျွန်မပြောခဲ့တာကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် ဥပမာတချို့နဲ့ ပြောပြပါမယ်။ အရင်ကဆိုရင် ထိုင်းနဲ့ မြန်မာကြား ဆက်သွယ် သွားလာရေး၊ အထူးသဖြင့် တာ့ခ်နဲ့ မဲဟောင်ဆောင်လို နယ်စပ်ခရိုင်တွေမှာ တော်တော်လေး လွယ်ကူပါတယ်။ ဥပမာ တာ့ခ်ဘက်နဲ့ မြဝတီဘက် ဆိုတာ သောင်ရင်းမြစ်နဲ့ ခြားထားတာပဲ ရှိပါတယ်။ ပြီးတော့ တာ့ခ်ခရိုင်မှာလည်း : ထိုင်းဘက်ကနေ မြန်မာဘက်ကို သောင်ရင်းမြစ်ကို ဖြတ်ပြီး ဝင်ထွက်နိုင်တဲ့ ဖြတ်ကူးနေရာ ၅၉ ခုလောက် ရှိတယ်လို့ ကျွန်မ သိထားပါတယ်။ မဲဆောက်ခရိုင်တစ်ခုတည်းမှာတင် ဖြတ်ကူးနေရာ ၄၀ နီးပါး ရှိပါတယ်။

အဲဒီဖြတ်ကူးနေရာတွေကို စစ်တပ်နဲ့ အကောက်ခွန်ဌာနတို့က စည်းမျဉ်းနဲ့ ထိန်းချုပ်၊ စောင့်ကြည့်ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံမှာ ဒီဖြတ်ကူးနေရာတွေအားလုံးကို အပြည့်အဝ စောင့်ကြည့်ဖို့ လူအင်အား မလုံလောက်ဘူးဆိုတာ အားလုံးသိကြပါတယ်။

ဒါကြောင့် တစ်ခါတလေ ထိုင်းဘက်ကနေ မြန်မာဘက်ကို မဖြတ်သင့်တဲ့ ကုန်ပစ္စည်းတွေ ဖြတ်သွားတာတွေ ရှိပါတယ်။ မကြာသေးခင် လအနည်းငယ်က ထိုင်းအမျိုးသား လုံခြုံရေးကောင်စီကလည်း ဒီဖြတ်ကူးနေရာတွေနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်အသစ်တွေ ထုတ်ပြန် ခဲ့ပါတယ်။ အခြေခံအားဖြင့် အခုလောလောဆယ် ဖြတ်ကူးနေရာအားလုံးကို ပိတ်ထားမယ်ဆိုတဲ့ သဘောပါ။ ထိုင်းဘက်ကနေ မြန်မာဘက်ကို ကုန်ပစ္စည်း ဒါမှမဟုတ် ဘာပဲဖြစ်ဖြစ် ဖြတ်ပို့မယ်ဆိုရင် ဒေသတွင်း စစ်ဆင်ရေးတပ်ဖွဲ့မှူးတွေဆီကနေ တစ်ကြိမ်ချင်းစီ ခွင့်ပြုချက် တောင်းရမှာ ဖြစ်ပါတယ်။ ဒါကိုပဲ ကျွန်မက နယ်စပ်ကို ပြန်လည်စီမံတာလို့ ပြောတာပါ။

အထူးသဖြင့် တာ့ခ်နဲ့ မဲဟောင်ဆောင်ခရိုင်တွေမှာ သောင်ရင်းမြစ်နဲ့ သံလွင်မြစ်လို မြစ်တွေရှိတဲ့ နယ်စပ်ဒေသတွေကို ပြန်လည်စီမံနေတာပါ။ ထိုင်းအာဏာပိုင်တွေ၊ အထူးသဖြင့် စစ်တပ်နဲ့ အမျိုးသားလုံခြုံရေးကောင်စီ၊ ဒေသအာဏာပိုင်တွေကြားမှာ အဓိကပြဿနာကတော့ ထိုင်းဘက်က အရာအားလုံး နီးပါး မြန်မာဘက်ကို ဖြတ်သန်းသွားလာနိုင်နေတာပါ။ ဒီတော့၊ တစ်ခါတလေ မသမာတဲ့ ကုန်ပစ္စည်းတွေ ဝင်ထွက်လာတာတွေလည်း ရှိပါတယ်။ နောက်ပြီး Transit goods လို့ခေါ်တဲ့ ကုန်ပစ္စည်းမျိုးလည်း ရှိပါတယ်။ ကုန်တင်ကားတစ်စီးလုံး ထိုင်းကနေ မြန်မာဘက်ကို ဖြတ်သွားပြီး မြန်မာကနေ ထိုင်းဘက်ကို ပြန်ဝင်လာတာမျိုးပါ။ တစ်ခါတလေ စစ်ဆေးမှုမရှိဘဲ ဖြတ်သန်းသွားတာမျိုးလည်း ရှိပါတယ်။ အဲဒီထဲမှာ တရားမဝင်တဲ့ ကုန်ပစ္စည်းတွေလည်း ပါနိုင်ပါတယ်။ ဒါကြောင့် ထိုင်းအမျိုးသားလုံခြုံရေးကောင်စီနဲ့ ထိုင်းစစ်တပ်က ထိုင်း-မြန်မာနယ်စပ်ကို ပြန်လည်စီမံဖို့ အခုလို အားထည့်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မြန်မာထဲက မသမာတဲ့ စီးပွားရေးတွေကို ကိုင်တွယ်ဖို့ ဘာလို့ အရေးကြီးတာလဲ

ဘီဘီစီ။ ။ ကျေးဇူးတင်ပါတယ် လာလီတာ။ နောက်ဆုံးအနေနဲ့ မြန်မာ့အရေးကို လေ့လာသုံးသပ်သူ၊ ကျွမ်းကျင်သူတစ်ယောက်အနေနဲ့ မေးချင်တာက လက်ရှိ နေပြည်တော် အာဏာပိုင်တွေဟာ ဒီတရားမဝင် စီးပွားရေးတွေကို ဖြေရှင်းဖို့ ဆိုတာဟာ ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်စဥ်ထဲ ထည့်သွင်းဖို့ လိုတယ် ဆိုတာမျိုးထိ နိုင်ငံရေးဆန္ဒ ရှိတယ်လို့ ထင်ပါသလား။

ဒေါက်တာ လာလီတာ ဟန်ဝမ်။ ။ လက်ရှိအချိန်မှာ နေပြည်တော်ဘက်က ရှင်းရှင်းလင်းလင်း ချမှတ်ထားတဲ့ မဟာဗျူဟာတစ်ခု ရှိတယ်လို့ ကျွန်မ မထင်ပါဘူး။ ငြိမ်းချမ်းရေး ဒါမှမဟုတ် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် သတ်မှတ်ထားတဲ့ အချိန်ဇယား၊ လမ်းပြမြေပုံလည်း ရှိသေးတယ်လို့ မထင်ပါဘူး။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်က အားကောင်းနေဆဲ ဖြစ်ပါတယ်။ စစ်တပ်ဘက်မှာလည်း လူအင်အား မလုံလောက်တဲ့ အတွက် စစ်မှုထမ်း ခေါ်ယူနေပြီး၊ အတင်းအကျပ် စစ်မှုထမ်းခိုင်းတဲ့ သတင်းတွေကို ကြားနေရပါတယ်။ ဒါက ဘာကို ပြသလဲဆိုရင် စစ်သားတွေ ဘယ်လောက်ပဲ စစ်မြေပြင်ကို ပို့ပို့၊ လုံလောက်မှု မရှိ ဖြစ်နေတယ် ဆိုတာပါ။

လက်ရှိအချိန်မှာ မြန်မာစစ်တပ် ဒါမှမဟုတ် မြန်မာအစိုးရဘက်က တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပြန်လည် သင့်မြတ်ရေး၊ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး လုပ်ဖို့ တကယ် ပြင်ဆင်နေတာ မတွေ့ရပါဘူး။ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်နေတဲ့ အဖွဲ့တစ်ဖွဲ့၊ လူတစ်စု ရှိတယ်လို့တော့ သူတို့ ပြောပါလိမ့်မယ်။ ဒါပေမဲ့ နောက်ဆုံးမှာ ... မြန်မာလို နိုင်ငံမျိုးမှာ ... တကယ်တမ်း ခလုတ်နှိပ်ပြီး ဆုံးဖြတ်ချက်ချနိုင်တဲ့သူက ဦးမင်းအောင်လှိုင်ပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် ငြိမ်းချမ်းရေးကော်မရှင်ကို ဦးဆောင်နေတဲ့သူက ဘာပဲပြောပြော အရေးမကြီးပါဘူး။ အဆုံးမှာတော့ အရာအားလုံးက မြန်မာနိုင်ငံရဲ့ အမြင့်ဆုံးခေါင်းဆောင်ဖြစ်တဲ့ ဦးမင်းအောင်လှိုင်ရဲ့ ဆုံးဖြတ်ချက်ပေါ်မှာပဲ မူတည်နေမှာပါ။