ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

တိုက်ရိုက်ထုတ်လွှင့်မှု, စမ်းချောင်းက အုပ်စုဖွဲ့ဓားထိုးမှုမှာ လူငယ် ၈ ဦးကို ရဲဖမ်း

ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်တုန်းကဖြစ်ခဲ့တဲ့အုပ်စုဖွဲ့ ဓားထိုးမှုမှာ မသင်္ကာသူ လူငယ် ၈ ဦးကို ရဲက ဖမ်းဆီးတဲ့သတင်းအပါအဝင် စက်တင်ဘာ ၂၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ကလေးမြို့က Apple ကွန်ပျူတာမိတ္တူဆိုင်မှာ စက်တင်ဘာ ၂၁ ရက် ညပိုင်းဖြစ်ခဲ့တဲ့ မီးလောင်မှုမှာ အမျိုးသမီး ၃ ဦး သေဆုံး
  • တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ စက်တင်ဘာ ၂၂ ရက်ကနေ ၂၅ ရက်အတွင်း လေပြင်းတိုက်ပြီး မိုးကြီးနိုင်
  • တာချီလိတ်မြို့ကို တင်သွင်းနေတဲ့ ထိုင်းဘက်က ကုန်ပစ္စည်းတွေအပြင် စားသုံးကုန် တပိုင်တနိုင်တင်သွင်းနေတာကိုပါ မြန်မာဘက်က ပိတ်လိုက်တာကြောင့် စားသောက်ကုန်ဈေးတွေ ၂ ဆနီးပါး မြင့်တက်
  • ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်တုန်းက ဖြစ်ခဲ့တဲ့ လူငယ်တွေ အုပ်စုဖွဲ့ ဓားထိုးမှုမှာ မသင်္ကာသူ လူငယ် ၈ ဦးကို ရဲ ဖမ်းဆီး
  • မြန်မာက လုပ်သားတွေကို လုပ်သားခေါ် စနစ်သစ်နဲ့ လာမယ့်နှစ်ကစလို့ ခေါ်ဖို့ ဂျပန်နိုင်ငံက ပြင်ဆင်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဗန်းမော်တိုက်ပွဲကြောင့် လိုင်ဇာ၊ မိုင်ဂျာယန်နဲ့ ကန်ပိုက်တီမှာ KIA က လေကြောင်းသတိပေးချက်ထုတ်

    ကချင်ပြည်နယ်ထဲ ဧရာဝတီမြစ်ကြောင်းကနေ သင်္ဘောနဲ့ပို့လာတဲ့စစ်အင်အားတွေ သုံးပြီး ဗန်းမော်မြို့နယ်၊ နန့်ဖားရွာဘက်ကို စက်တင်ဘာ ၁၉ ရက်ကစပြီး စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတယ်လို့ ကချင်လွတ်လပ်ရေးတပ်(KIA) ပြန်ကြားရေးတာ၀န်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

    ဗန်းမော်မြို့နယ်ထဲ တိုက်ပွဲတွေ ဖြစ်နေချိန်မှာပဲ မိုင်ဂျာယန်၊ KIA ဌာနချုပ် လိုင်ဇာနဲ့ KIA သိမ်းထားတဲ့ ကန်ပိုက်တီမြို့နယ်တွေကိုလည်း လေကြောင်းအန္တရာယ်သတိပေးချက်တွေ ထုတ်ပြန်ထားတယ်လို့လည်း သူက ပြောပါတယ်။

    ဗန်းမော်စစ်မျက်နှာမှာတော့ စစ်တပ်ဟာ ဗန်းမော်ကို အင်အားဖြည့်နိုင်ဖို့ ဩဂုတ်လကုန်ပိုင်းကစပြီး မန္တလေးမြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်တပ် သင်္ဘောအုပ်စုတွေ စေလွှတ်ခဲ့ပါတယ်။

    ရွှေကူ-ဗန်းမော်ကြားမှာ KIA ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့် သင်္ဘောအစီးရေ ၂၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပေမဲ့ သင်္ဘောအချို့က ဗန်းမော်အထိ ရောက်ရှိခဲ့ပြီး စစ်အင်အားနဲ့ ရိက္ခာတွေ ဖြည့်တင်းနိုင်ခဲ့တယ်လို့ နှစ်ဖက်သတင်းရင်းမြစ်တွေရဲ့ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

    ဗန်းမော်ကနေ မန္တလေးကို ပြန်ဆင်းလာတဲ့ သင်္ဘောတွေကိုလည်း တော်လှန်ရေးအဖွဲ့တွေက ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာ ၂၁ ရက်မှာတော့ မန္တလေးမြို့ကို သင်္ဘောအစင်း ၂၀ ဝန်းကျင် ပြန်စုန်ဆင်း ရောက်ရှိခဲ့တယ်လို့ ဒီသင်္ဘောအုပ်စုကို စောင့်ကြည့်တဲ့တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။

    သီးခြားဖြစ်ရပ်တစ်ခုမှာတော့ ပူတာအိုခရိုင်ထဲက ခေါင်လန်ဖူးဒေသဘက်ကို ပျံသန်းလာတဲ့ စစ်ရဟတ်ယာဉ်တစ်စင်းကို KIA တပ်ဖွဲ့တွေက စက်တင်ဘာ ၂၁ ရက်မှာ ပစ်ခတ်ခဲ့တယ်လို့ KIA သတင်းပြန်ကြားရေးက ထုတ်ပြန်ထားပါတယ်။

    ဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ဘီဘီစီက သီးခြားအတည်မပြုနိုင်ပါဘူး။

  2. စမ်းချောင်း အုပ်စုဖွဲ့ ဓားထိုးမှုမှာ လူငယ် ၈ ဦး အဖမ်းခံရ

    ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ပြီးခဲ့တဲ့တစ်ပတ်ကဖြစ်ခဲ့တဲ့ လူငယ် ၂ ဦး ဓားထိုးခံရမှုမှာ အုပ်စုဖွဲ့ ကျူးလွန်တယ်လို့ သံသယရှိသူ လူငယ် ၈ ဦးကို ရဲက ဖမ်းဆီးလိုက်ပြီလို့ ဒီအခြေအနေကို သိရှိတဲ့သတင်းရင်းမြစ်က ပြောပါတယ်။

    စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းပေါ်က ညဈေးတန်းအနီးမှာ ကျောင်းသားအရွယ် လူငယ် ၂ ဦးနဲ့ နောက်ထပ် လူငယ် ၃ ဦးထက်မနည်းပါတဲ့အုပ်စုတစ်စုတို့ စကားများရာကနေ လူငယ်အုပ်စုဘက်က ကျောင်းသား ၂ ဦးကို ဓားနဲ့ ဝိုင်းထိုးခဲ့တာလို့ မျက်မြင်တွေ့ခဲ့ရသူတချို့က အစောပိုင်းမှာ ဘီဘီစီကို ပြောပါတယ်။

    အခုတော့ အဲဒီဖြစ်ရပ်မှာ ပါ၀င်တယ်လို့ မသင်္ကာတဲ့ အသက် ၁၄ နှစ်နဲ့ ၁၈ နှစ်ကြား လူငယ် ယောက်ျားလေး ၆ ဦးနဲ့ အမျိုးသမီးငယ် ၁ ဦး၊ အသက် ၂၁ နှစ်အရွယ် အမျိုးသား ၁ ဦးကို စမ်းချောင်းမြို့နယ် ရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ အမှုအခင်း အခြေအနေ သိရှိသူက ပြောပါတယ်။

    ‘‘မိန်းကလေးကို တယ်လီဂရမ်ကနေ စနောက်ကြရာကနေ ဖုန်းဆက် ချိန်းပြီး ထိုးတာလို့ ထွက်ဆိုထားတယ်လို့ သိရပါတယ်။ ဒါနဲ့ဆက်စပ်ပြီး ရဲက အလိုရှိနေသူ နောက်တစ်ဦးဖြစ်တဲ့ “အသေးလေး” လို့ဆိုသူ တစ်ဦးကတော့ ထွက်ပြေးနေတယ်လို့သိရတယ်’’ လို့လည်း သူက ပြောပါတယ်။

    အခုဓားထိုးမှုဟာ ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်ရင်း ပုခုံးချင်းတိုက်မိရာကနေ စကားများပြီးဖြစ်ခဲ့တာလို့ အစောပိုင်းမှာ သတင်းထွက်ပေါ်ခဲ့ပါတယ်။

    ဓားထိုးခံရတဲ့လူငယ် ၂ ဦးမှာ တစ်ဦးက ဦးခေါင်းမှာ ပြတ်ရှဒဏ်ရာရပြီး နောက်တစ်ယောက်ကတော့ ဓားဒဏ်ရာက အဆုတ်ကို ထိသွားတာကြောင့် ဆေးရုံတင်ခဲ့ရပါတယ်။

    လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဖိုင်အတိုတစ်ခုမှာလည်း လူငယ်အုပ်စုက ကျောင်းသားအရွယ် လူငယ် ၂ ဦးတို့ လူမြင်ကွင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ချွန်ထက်တဲ့အရာတစ်ခုနဲ့ ထိုးနေတာကို တွေ့ရပါတယ်။

    ဓားထိုးခံခဲ့ရတဲ့ လူငယ် ၂ ဦးကို စက်တင်ဘာ ၁၈ ရက်ကတည်းက ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ဒီနေ့အထိ ကုသမှုခံယူနေရဆဲဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

    ဒဏ်ရာရသူ ၂ ဦးဟာ ဒဏ်ရာကနေ သက်သာလာပြီလို့လည်း အခြေအနေ သိရှိသူက ပြောပါတယ်။

  3. ကလေးမြို့က မိတ္တူဆိုင်မီးလောင်မှု အမျိုးသမီး ၃ ဦးသေဆုံး

    စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဗိုလ်ချုပ်လမ်းပေါ်က Apple ကွန်ပျူတာမိတ္တူဆိုင်မှာ စက်တင်ဘာ ၂၁ ရက် ညပိုင်းဖြစ်ခဲ့တဲ့ မီးလောင်မှုမှာ အမျိုးသမီး ၃ ဦး သေဆုံးတယ်လို့ ကူညီ မီးငြှိမ်းသတ်ပေးခဲ့တဲ့ပုညကုသလ လူမှုကူညီရေးအသင်းနဲ့ မြို့ခံတချို့က ပြောပါတယ်။

    မီးလောင်ချိန်ဟာ ည ၁၁ နာရီဝန်းကျင်ဖြစ်ပြီး ကူညီရေးကိစ္စတစ်ခုနဲ့ ဖြတ်သွားချိန်မှာ ပုညကုသလအသင်းက မီးလောင်တာကို မြင်ခဲ့တာကြောင့် မီးသတ်ဌာနကို အကြောင်းကြားပေးခဲ့တာလို့ အသင်းတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

    “မီးလောင်နေတုန်း အော်ဟစ်တာတွေ ဘာတွေတော့ မကြားဘူး။ မီးသတ်ပြီးလို့ ဝင်ကြည့်တော့မှ သံဇကာ တံခါးတွေ နားမှာ နှစ်ဦး၊ တစ်ဦးက ခပ်လှမ်းလှမ်းမှာ တစ်ဦး မီးကတော့ သူတို့ကို အကုန်လောင်ထားပြီ” လို့ ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့တဲ့ ပုညကုသလ အသင်းတာဝန်ရှိသူက ပြောပါတယ်။

    မီးလောင်ခဲ့တဲ့နေရာဟာ နှစ်ထပ် သစ်သားအိမ်ဖြစ်ပြီး အောက်ထပ်မှာ ကွန်ပျူတာ မိတ္တူဆိုင်ဖွင့်ထားသလို အပေါ်ထပ်မှာ လူနေထိုင်ပြီး ညအိပ်ကြတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

    ပြတင်းပေါက်တွေကို သံဇကာတွေနဲ့ ကာရံထားတာကြောင့် လူထွက်လို့မရသလို အပေါ်ထပ်ကနေ မီးစတင်လောင်ပြီး လှေကားပြုတ်ကျသွားတာကြောင့် အမျိုးသမီးတွေ ဆင်းပြေးလို့မရတာ ဖြစ်နိုင်တယ်လို့ မြို့ခံက ယူဆပါတယ်။

    သေဆုံးတဲ့အမျိုးသမီးတွေဟာ အသက် ၂၀ ဝန်းကျင်တွေလို့ ခန့်မှန်းထားပြီး ဘယ်သူဘယ်ဝါဆိုတာ မသိကြရသေးဘူးလို့လည်း ပြောပါတယ်။

    မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနကတော့ ဒီမိတ္ထူဆိုင် မီးလောင်တဲ့အခြေအနေကို သွားရောက်မီးငြှိမ်းသတ်ခဲ့တယ်လို့ ထုတ်ပေမဲ့ လူသေဆုံးမှု အခြေအနေနဲ့ မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ ပြောထားတာမရှိပါဘူး။

  4. အဝါရောင် သတိပေးချက် ထုတ်ထားတဲ့မုန်တိုင်းငယ်ကြောင့် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ လေပြင်း၊ မိုးကြီးနိုင်

    ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့မုန်တိုင်းငယ်ရဲ့အရှိန်ကြောင့် တိုင်းနဲ့ပြည်နယ် ၁၀ ခုမှာ စက်တင်ဘာ ၂၂ ရက်ကနေ ၂၅ ရက်အတွင်း လေပြင်းတိုက်ပြီး မိုးကြီးနိုင်တယ်လို့ နေပြည်တော် မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်ပါတယ်။

    တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ မိုးရွာမှာဖြစ်သလို ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းအောက်ပိုင်း၊ ဧရာဝတီ၊ တနင်္သာရီ၊ ကရင်၊ မွန်၊ ရခိုင် စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ သတိပေးပါတယ်။

    မန္တလေး၊ မုံရွာ၊ ရန်ကုန်က မြို့နယ်တချို့မှာတော့ ည သန်းခေါင်ချိန်လောက်ကကစပြီး မိုးသည်းသည်းရွာနေတယ်လို့လည်း မြို့ခံတချို့က လူမှုကွန်ရက်မှာ ရေးသားထားကြပါတယ်။

    ရခိုင်ပြည်နယ်၊ စစ်တွေ ဝန်းကျင်မှာတော့ မိုးမရွာသေးဘူးလို့တော့ မြို့ခံတစ်ယောက်က ပြောပါတယ်။

    မုန်တိုင်းငယ်ဟာ အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်ဘက်ကို ဦးတည်ပြီး မြန်မာနိုင်ငံကို ဦးတည်တာမရှိလို့ အဝါရောင်အဆင့် သတ်မှတ်ထားပေမဲ့ သူ့ရဲ့အရှိန်၊ လေတိုက်တုန်းတွေကြောင့် အခုလို သက်ရောက်မှုတွေရှိမှာ ဖြစ်ပါတယ်။

    မိုးကြီး၊ လေပြင်းတိုက်တာနဲ့အတူ ရုတ်တရက်ရေကြီးတာ၊ မြေပြိုတာတွေကို သတိထားဖို့ကိုလည်း သတိပေးထားပါတယ်။

    ဒီရက်ပိုင်းအတွင်းမှာလည်း မိုးသည်းနေတာကြောင့် တောင်သာမြို့နယ်ဘက်မှာ စိုက်ခင်းတချို့ ရေနစ်မြုပ်နေပါတယ်။

    ပြီးခဲ့တဲ့သီတင်းပတ်တုန်းကတော့ မိုးသည်း လေပြင်းတိုက်ခဲ့လို့ ရန်ကုန်မြို့က နေရာ ၅ ခုနဲ့ မနည်းမှာ သစ်ပင်ကြီးတွေ ပြိုလဲပြီး ယာဉ်အချို့ ပျက်စီးခဲ့ပါတယ်။

  5. တပိုင်တနိုင်တင်သွင်းခွင့် ပိတ်ခံထားရတဲ့ တာချီလိတ်မှာ စားသောက်ကုန်တွေ ဈေး ၂ ဆနီးပါးမြင့်

    မြန်မာနိုင်ငံ နယ်စပ်မြို့ဖြစ်တဲ့ ရှမ်းပြည်နယ် အရှေ့ပိုင်း တာချီလိတ်မြို့ကို တင်သွင်းနေတဲ့ ထိုင်းဘက်က ကုန်ပစ္စည်းတွေအပြင် စားသုံးကုန် တပိုင်တနိုင်တင်သွင်းနေတာကိုပါ မြန်မာဘက်က ပိတ်လိုက်တာကြောင့် စားသောက်ကုန်ဈေးတွေ ၂ ဆနီးပါး မြင့်နေတယ်လို့ မြို့ခံတချို့က ပြောပါတယ်။

    သုံးဘီးကား၊ ဆိုင်ကယ်အပါအဝင် ယာဉ်တွေနဲ သယ်ဆောင်တဲ့ စားသောက်ကုန် ပစ္စည်းတွေကို စက်တင်ဘာ ၁၉ ရက်ကစပြီး ပိတ်လိုက်တာဖြစ်သလို လက်ဆွဲဝယ်ယူခွင့်လောက်သာ ရနေတယ်လို့လည်း ပြောပါတယ်။

    လက်ရှိအချိန်မှာတော့ ကြက်သား ၁ ကီလိုကို အရင်က ဘတ် ၈၀ (၁၀,၄၀၀ ကျပ်) ကနေ အခု ၁၅၀ ဘတ် (၁၉,၅၀၀ ကျပ်)၊ ကြက်သွန်နီ တစ်ကီလို ၂၅ ဘတ် (၃၂၅၀ ကျပ်) ကနေ ၅၀ ဘတ် (၆,၅၀၀ကျပ်) ခရမ်းချဉ်သီး ၁ ကီလို ၃၀ ဘတ် (၃,၉၀၀ကျပ်) ကနေ အခု ၅၀ ဘတ် (၆,၅၀၀) ဘတ် တွေအထိ ဈေးမြင့်တက်နေတာလို့ သိရပါတယ်။

    “ဈေးတက်လည်း ဝယ်ရတာပဲ မစားလို့မှမရတာကိုး။ တခြား ကိုယ့်ပြည်တွင်းကနေ သွင်းဖို့ကလည်း စက်သုံးဆီဖိုးနဲ့ မကိုက်ဘူးလေ။ ထိုင်းဘက်ကနေပဲ မှီခိုနေရတာ၊ ဘယ်တော့ ပြန်ဖွင့်ပေးမလဲတော့ မသိရသေးဘူး”လို့ တာချီလိတ်မြို့ခံတစ်ယောက်က ပြောပါတယ်။

    မြန်မာဘက်ဌာနဆိုင်ရာတွေဟာ စက်တင်ဘာ ၁၅ ရက်က တာချီလိတ်မြို့မှာ တရားဝင်ခွင့်ပြုချက်မရှိဘဲ ထိုင်းနိုင်ငံဘက်ကနေ တင်သွင်းလာတယ်လို့ဆိုတဲ့ အေးခဲအသား၊ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက် တန်ချိန် ၁၂ တန်ကျော်ကို ဖမ်းဆီးသိမ်းဆည်းခဲ့ပြီးနောက် ကားငယ်၊ သုံးဘီးဆိုင်ကယ်နဲ့ ဆိုင်ကယ်ဘေးတွဲတွေ အသုံးပြုပြီး မယ်ဆိုင်-တာချီလိတ် အမှတ်(၁) ချစ်ကြည်ရေးတံတားကနေ ကုန်ပစ္စည်းတင်သွင်းမှုကို ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။

    မြန်မာဘက်ကတော့ အရည်အသွေးစံနှုန်း စစ်ဆေးမှုမပြီးသေးတာနဲ့ အခွန်အခ ပေးဆောင်ထားခြင်း မရှိတာတွေကြောင့် အခုလို ကန့်သတ်ရတာလို့ ထုတ်ဖော်ပြောဆိုထားကြောင်း ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။

    စက်တင်ဘာ ၁၀ ရက်ကတော့ တာချီလိတ်-မယ်ဆိုင် နယ်စပ်မှာ မြန်မာဘက်ကနေ ထိုင်းနိုင်ငံက အလိုရှိနေတဲ့ ထိုင်းနိုင်ငံသား ၉ ယောက်ကို လွှဲပြောင်းပေးခဲ့ပါတယ်။

    အဲဒီထဲက အများစုက မူးယစ်ဆေးဝါးအမှုတွေနဲ့ အလိုရှိနေသူတွေဖြစ်ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုအောက်မှာ လုပ်ဆောင်တာလို့ နေ့စဉ်ထုတ်သတင်းစာကနေ ထုတ်ပြန်ပါတယ်။

    လက်ရှိ နယ်စပ်အခြေအနေတွေနဲ့ ပတ်သက်လို့ မယ်ဆိုင်-တာချီလိတ် နယ်စပ်မှာ Township Border Committee (TBC) ကို ဘီဘီစီက ဆက်သွယ်ပေမဲ့ မရသေးပါဘူး။

  6. မင်္ဂလာပါ။

    စက်တင်ဘာ ၂၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။