ဇွန် ၂၈ ရက်သတင်းများအနှစ်ချုပ် - ကမ္ဘာ့ဖလားမှာ ၇ ပွဲဆက်တိုက်ဂိုးသွင်းတဲ့မက်ဆီ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂျော်ဒန် ၁ - ၃ အာဂျင်တီးနား
အမေရိကန် ပြည်ထောင်စု ဒါးလက်စ် ကွင်းမှာ ကန်ခဲ့တဲ့ဂျော်ဒန်နဲ့ အာဂျင်တီးနားအသင်းတို့ရဲ့ ကမ္ဘာ့ဖလား၊ အုပ်စုအဆင့် အုပ်စု(ဂျေ)ပွဲမှာ အာဂျင်တီးနားက ဂျော်ဒန်ကို ၃ ဂိုး ၁ ဂိုးနဲ့နိုင်ပြီး အုပ်စုထိပ်မှာ အမှတ်အများဆုံးနဲ့ အဆင့်တက်သွားပြီဖြစ်ပါတယ်။
ဒီပွဲမှာ မက်ဆီဟာ အာဂျင်တီးနားအတွက် ၁ ဂိုးထပ်သွင်းခဲ့လို့ ကမ္ဘာ့ဖလားပွဲတွေမှာ ၇ ပွဲဆက်တိုက် ဂိုးသွင်းတဲ့ကစားသမားဖြစ်လာပါတယ်။
အာဂျင်တီးနားဟာ ၃၂ သင်းအဆင့်မှာ ကိပ် ဗာဒီအသင်းနဲ့ကန်ရဖို့ ရှိနေပါတယ်။
ဂျော်ဒန်အသင်းကတော့ ခြေစွမ်းပြခဲ့ပေမဲ့ အုပ်စုအဆင့် ၃ ပွဲစလုံးမှာ အမှတ်မရဘဲ ၂၀၂၆ ကမ္ဘာ့ဖလားကနေ နှုတ်ဆက်သွားရပြီဖြစ်ပါတယ်။
အယ်လ်ဂျီးရီးယား ၃ - ၃ သြစတြီးယား
အုပ်စု (ဂျေ)ပွဲစဉ် နောက်တစ်ပွဲအနေနဲ့ ဆက်ကန်ခဲ့ကြတဲ့ အယ်လ်ဂျီးရီးယားနဲ့ သြစတြီးယားတို့ ပွဲဟာ ၃ ဂိုး သရေနဲ့ပွဲပြီးပါတယ်။
ဒါပေမဲ့ သြစတြီးယားက အုပ်စု ဒုတိယအသင်းအဖြစ် နောက်တစ်ဆင့်တက်သလို အယ်လ်ဂျီးရီးယားကလည်း ရမှတ် ၄ မှတ်နဲ့ အုပ်စုထဲ အကောင်းဆုံးတတိယအသင်းအဖြစ် နောက်တစ်ဆင့်တက်ပါတယ်။
ကိုလံဘီယာ ၀ - ၀ ပေါ်တူဂီ
ဒီနေ့မနက်အစောပိုင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ ကမ္ဘာ့ဖလား အုပ်စု (ကေ) အုပ်စုအဆင့်ပွဲစဉ်မှာ ကိုလံဘီယာနဲ့ ပေါ်တူဂီတို့ ဂိုးမရှိ သရေနဲ့ ပွဲပြီးခဲ့ပေမဲ့ ကိုလံဘီယာက အုပ်စုထိပ်မှာရှိပြီး ရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းကတော့ အုပ်စုဒုတိယအသင်းအဖြစ် ရပ်တည်ပါတယ်။
နှစ်သင်းစလုံးဟာ ၃၂ သင်းအဆင့်ကို တက်မယ့်သူတွေဖြစ်ပေမဲ့ အုပ်စု ပထမနဲ့တက်ဖို့ အကြိတ်အနယ်ကစားခဲ့ကြတာပါ။
ကိုလံဘီယာဘက်က ဒေဗစ်ဆင် ဆန်းချက်ဇ်က တစ်ဂိုးရမယ့်အခြေအနေဖြစ်ခဲ့ပေမဲ့ လူကျွံဘောအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။
အင်္ဂလန် တိုက်စစ်မှူးဟောင်းလည်းဖြစ်၊ ဘီဘီစီ အားကစား ပညာရှင်လည်းဖြစ်တဲ့ ဝိန်း ရွန်နီကတော့ ဒီဂိုးကို လူကျွံဘောလို့ သတ်မှတ်လိုက်တာကို သဘောမတူဘဲ ဒီဂိုးဟာ ကိုလံဘီယာအတွက် အုပ်စု တက် မတက်ဆိုတဲ့အခြေအနေမှာ သွင်းတဲ့ဂိုးတစ်လုံးသာဆိုရင် ဒီဂိုးရဲ့အရေးပါပုံကို နားလည်လို့ရတယ်လို့ဆိုပြီး မှတ်ချက်ပေးပါတယ်။
ရေဦးမြို့ ရဲစခန်း အရှေ့ဘက်က ဗိုလ်ချုပ်ရုပ်တု ဖယ်ရှားခံရ

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုကို စစ်တပ်က ဇွန်လ ၂၈ ရက် မနက်အစောပိုင်းမှာ ဖယ်ရှားလိုက်တယ်လို့ မြို့ခံ တချို့က ဘီဘီစီကို ပြောပါတယ်။
ရေဦးမြို့လယ်က အောင်မင်္ဂလာရပ်ကွက်၊ မြို့မရဲစခန်း အရှေ့ဘက်မှာရှိတဲ့ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုကို စစ်တပ်နဲ့ ရဲ အပါအဝင် စည်ပင်ဝန်ထမ်းတွေက ဖယ်ရှားလိုက်တာလို့ ရေဦးမြို့နယ်အခြေပြု People's Defense Comrade က ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်(အမေ့သား)က ဆိုပါတယ်။
"လူခြေတိတ်တဲ့အချိန်ကိုရွေးပြီး ရုပ်တုကို ဖယ်တာ" လို့ သူကဆိုပါတယ်။
ရုပ်တုကို ဖယ်ရှားလိုက်ပြီးနောက် ရေဦးမြို့ပေါ်က နေရာတချို့မှာ စစ်တပ်က လုံခြုံရေးတင်းကျပ်ထားတယ်လို့လည်း မြို့ခံတစ်ဦးက ဆိုပါတယ်။
ရေဦးမြို့က ဗိုလ်ချုပ် ရုပ်ထု ဖယ်ရှားလိုက်တဲ့အကြောင်းရင်းကို မြို့ကို ထိန်းချုပ်ထားတဲ့အာဏာပိုင်တွေ ဘက်က တစုံတရာ သတင်း မထုတ်သေးပါဘူး။
ဖယ်ရှားခံလိုက်ရတဲ့ ကြေးရုပ်ထုဟာ ၂၀၁၈ ခုနှစ်က ရေဦးလူထုတွေရဲ့ ငွေကြေးနဲ့ တည်ဆောက်ထားပြီး ၂၀၁၈ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့မှာ စိုက်ထူဖွင့်လှစ်ခဲ့တာဖြစ်တယ်လို့ မြို့ခံတချို့က ရှင်းပြပါတယ်။
စစ်အာဏာသိမ်းပြီးနောက် အခုဖယ်ရှားခံလိုက်ရတဲ့ ရေဦးမြို့က ဗိုလ်ချုပ်အောင်ဆန်း ကြေးရုပ်တုအပါအဝင် ချင်းပြည်နယ်နဲ့ ကယား(ကရင်နီ)ပြည်နယ်တွေက ဗိုလ်ချုပ်အောင်ဆန်းရုပ်တုတွေအပါ စုစုပေါင်း ၄ ခုထက်မနည်း ဖယ်ရှားခံထားရတယ်လို့ ဘီဘီစီက စုဆောင်းထားတဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။
ဖားကန့်မှာ မြေစာပုံပြိုကျလို့ ၄ ဦးသေဆုံးတယ်လို့ ကနဦးသိရ

ဓာတ်ပုံ ရင်းမြစ်, Tarlin Mg
ကချင်၊ ဖားကန့်မြို့နယ်ထဲက နမ့်မှော်ကျေးရွာမှာ ဒီနေ့ ဇွန် ၂၈ မနက်အစောပိုင်းတုန်းက မြေစာပုံပြိုကျမှုတစ်ခုဖြစ်ပြီးနောက် ပျောက်ဆုံးနေတဲ့ ရေမဆေးကျောက်ရှာဖွေသူတွေထဲက ရုပ်အလောင်း ၄ လောင်းကို တွေ့ရှိထားတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။
သိရှိထားရတဲ့ မြေစာပုံပြိုကျမှု ပျောက်ဆုံးလူစာရင်းအချက်အလက်အရ "ပြိုတဲ့ထဲ ၆ ဦးပါသွားတာ၊ ကျန်တဲ့ ရုပ်အလောင်းတွေ ဆက်ရှာပြီး ဖော်နေတုန်းပဲ"လို့ သူကဆိုပါတယ်။
ဇွန်လ တတိယအပတ်တုန်းကလည်း ဖားကန့်မှာ မိုးကြီးရေလျှံဖြစ်ခဲ့ပြီးနောက် မြို့ပေါ်ရပ်ကွက်တစ်ခုမှာ တောင်မြေ ပြိုကျခဲ့တာကြောင့် တောင်ပေါ်မှာ ဆောက်ထားတဲ့နေအိမ်မှာနေထိုင်နေတဲ့သက်ကြီးပိုင်းတစ်ဦး ပျောက်ဆုံးမှုဖြစ်ခဲ့ပါတယ်။
ဖားကန့်မြို့နယ်ထဲ မိုးရွာသွန်းတာများတာနဲ့အတူ ဥရုချောင်းရေ ဝင်ရောက်မှုမြင့်တက်လာလို့ ရေကြီးရေလျှံဖြစ်လာတဲ့အခါ မြေသားပိုပျော့လာပြီး တောင်မြေပြိုမယ့်အရေးကိုပါ ဒေသခံတွေအနေနဲ့ စိုးရိမ်နေရတယ်လို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီတုန်းကလည်း ဖားကန့်မြို့နယ်ထဲက ကုဋေမှော်မှာ မြေစာပုံပြိုကျခဲ့လို့ ရေမဆေးကျောက်ရှာသူ ဆယ်ချီသေဆုံးမှု ရှိခဲ့ပါတယ်။
ဖားကန့်ဒေသမှာ စွန့်ပစ်မြေစာပုံတွေကို စနစ်တကျ ပစ်တာရှင်းလင်းတာမျိုး မလုပ်တာ၊ ကျောက်စိမ်းတူးဖော်မှုများတာနဲ့ အာဏာပိုင်တွေအနေနဲ့ပတ်ဝန်းကျင်ထိန်းသိမ်းတာတွေကို မလုပ်ဆောင်နိုင်တာကြောင့် အခုလိုမြေစာပုံ ပြိုကျပြီး လူသေဆုံးမှုတွေ မကြာခဏဖြစ်နေရတာလို့ သဘာဝပတ်ဝန်းကျင်ပညာရှင်တချို့က ပြောနေကြပါတယ်။
ရခိုင်နဲ့ ဧရာဝတီအစပ် ရေကြည်မြို့နယ်ထဲ အေအေ သိမ်းခဲ့တဲ့စခန်းကုန်းတွေကို စစ်တပ်ဗုံးကြဲ

ဓာတ်ပုံ ရင်းမြစ်, AA InfoDesk
ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ် ရေကြည်မြို့နယ်ထဲက စစ်တပ်ရဲ့ ပွိုင့်စခန်းကုန်း ၃ ခုကို အေအေက တိုက်ယူခဲ့ပြီးနောက် အဲဒီနေရာတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဘီဘီစီရဲ့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
"စခန်းကုန်းတွေကို ဆက်ထိန်းထားလို့ မရအောင် လေကြောင်းကနေ ဖိအားပေးနေတာ" လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
ရေကြည်မြို့နယ်ထဲက ပွိုင့် ၂၈၈၊ ၁၈၈ နဲ့ ၁၄၈ စတဲ့ စစ်တပ် အင်အားရာချီနဲ့ တပ်စွဲတဲ့ စခန်းကုန်းတွေကို ပြီးခဲ့တဲ့တစ်ပတ်အတွင်း ၅ ရက်ကြာ တိုက်ခိုက်ပြီး သိမ်းယူခဲ့တယ်လို့ အေအေက မနေ့ ဇွန်လ ၂၇ ရက် ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
စခန်းသိမ်းတိုက်ခိုက်တာတွေကို ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်ကနေ ၂၁ ရက်အထိပြုလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။
ဒီစခန်းကုန်းတွေဟာ ဧရာဝတီတိုင်းနဲ့ဆက်နေတဲ့ ရခိုင်ပြည်နယ်ထဲ အေအေသိမ်းထားတဲ့ ဂွမြို့နယ်ထဲကို စစ်တပ် ဝင်ရောက်နိုင်ဖို့ ခြေကုပ်ယူ အင်အားဖြည့်တာတွေ လုပ်ဖို့ အခရာကျတဲ့စခန်းကုန်းတွေလို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
စစ်တပ်က ဒီပွိုင့်စခန်းကုန်းတွေ မကျအောင် ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းအခြေစိုက် အမှတ် ၃၄၄ အမြောက်တပ်(အမတ)မှာရှိတဲ့အင်အားအပါအဝင် ပုသိမ်အခြေစိုက်တပ်ရင်းတွေကနေ အင်အား ၄၀၀ ကျော်နဲ့ ခုခံတိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အေအေကတော့ စစ်တပ်ဟာ အရင်ကာလတွေတုန်းကလည်း ဒီစခန်းကုန်းတွေ မကျဖို့ အဲဒီကုန်းတွေကနေ အင်အားရာချီနဲ့ပြီးအကြိမ်ကြိမ်ထိုးစစ်ဆင် ခုခံခဲ့တယ်လို့ သူတို့ရဲ့မနေ့ညပိုင်း ထုတ်ပြန်ချက်မှာ ပြောပါတယ်။
စခန်းကုန်းတိုက်ပွဲအတွင်း စစ်သားအလောင်းတချို့အပါအဝင် လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ ဓာတ်ပုံတွေနဲ့အတူ အေအေက ထုတ်ပြန်ပါတယ်။
တစ်ဖက်မှာလည်း အေအေက သူ ထိန်းချုပ်ထားတဲ့ ဂွမြို့နယ်ထဲကို စစ်တပ်က ထိုးဖောက်ဖို့ လေကြောင်းကနေ တိုက်ခိုက်နေသလို ကုန်းလမ်းနဲ့ ရေလမ်းတွေကလည်း ထိုးစစ်ဖော်နေတာကြောင့် ဂွအနီး ဧရာဝတီအစပ်က ရေကြည်မြို့နယ်ထဲမှာ တိုက်ပွဲတွေ ဆက်ပြီးပြင်းထန်နေတယ်လို့ အေအေက ပြောပါတယ်။
ဂွမြို့နယ်ဟာ လက်ရှိ အေအေနဲ့ စစ်တပ်တို့ကြား စစ်ရေးပြင်းထန်နေတဲ့ ရေကြည်မြို့ အနောက်ဘက်ခြမ်းမှာရှိပြီး မိုင် ၂၃၀ ကျော် ကွာဝေးပါတယ်။
ဧရာဝတီအပြင် ရခိုင်-မကွေးတိုင်း အစပ်နဲ့ ရခိုင်-ပဲခူးတိုင်းအစပ်အပြင် ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ချင်းပြည်၊ မင်းတပ်နဲ့ ကန်ပက်လက် စတဲ့ မြို့တွေမှာလည်း အေအေတပ်တွေနဲ့ စစ်တပ်တို့ကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်လို့ အေအေက ဆိုပါတယ်။
"အမတ-၃၄၄ အနီးတဝိုက်နေရာတွေနဲ့ ဂွမြို့ရဲ့ အရှေ့မြောက်ဘက် ၇၃ မိုင်ကျော်အကွာက အင်္ဂပူမြို့နယ် ကွင်းကောက်ရွာဘက်တွေမှာ တိုက်ပွဲဆက်ဖြစ်နေတယ်" လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။
အဲဒီနေရာတွေလည်း စစ်တပ်က စစ်မှုထမ်းတပ်သားသစ်တွေနဲ့ လူကို လှိုင်းလို အင်အားအလုံးအရင်းသုံးပြီး ထိုးစစ်တွေ ဖော်နေတယ်လို့ အေအေက ပြောပါတယ်။
မြန်မာစစ်တပ်ကတော့ ရေကြည်က တပ်စခန်းကုန်း ၃ ခုအရေးနဲ့ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်အစပ်က စစ်ရေးနဲ့ ပတ်သက်လို့ ဒီနေ့ ဇွန်လ ၂၈ ရက်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
တက္ကသိုလ်ဝင်စာမေးပွဲ အောင်ချက် ၅၂ ရာခိုင်နှုန်းကျော်ရှိတယ်လို့ပေမဲ့ ဖြေဆိုသူ လျော့ကျနေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
၂၀၂၆ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ဒီနေ့ မနက်ပိုင်းမှာထုတ်ပြန်ပြီး တစ်နိုင်ငံလုံးအောင်ချက် ၅၂ ဒသမ ၃၇ ရာခိုင်နှုန်းရှိတယ်လို့ မြန်မာနိုင်ငံစာစစ်အဖွဲ့ ဦးစီးဌာနက ကြေညာပေမဲ့ ချင်း၊ ကရင်နဲ့ ရခိုင်လိုပြည်နယ်တွေမှာတော့ အရင်နှစ်တွေကထက် ဖြေဆိုသူ လျော့ကျနေတာ တွေ့ရပါတယ်။
ဖြေဆိုသူတွေထဲက တဝက်ကျော်အထိ အောင်ချက်ရှိတယ်ဆိုပေမဲ့ တိုက်ပွဲဒဏ်တွေသင့်နေတဲ့ စစ်ကိုင်းတိုင်းအပါအဝင် ချင်း၊ ရခိုင်၊ ကရင်နဲ့ ကချင်စတဲ့ဒေသတွေကနေ တက္ကသိုလ်ဝင်တန်းဖြေဆိုသူ အရေအတွက် ဆက်လက်ကျဆင်းနေတာပါ။
အာဏာမသိမ်းခင်ပညာသင်နှစ်တွေမှာ စစ်ကိုင်းတိုင်းမှာ ဖြေဆိုသူဦးရေ ၁၃,၀၀၀ ကျော်ရှိခဲ့ပေမယ့် ပြီးခဲ့တဲ့ ပညာသင်နှစ်မှာတော့ ၁၂,၀၀၀ ဦးရေပဲ ရှိတာတွေ့ရပါတယ်။
ကချင်မှာ အရင်က ဖြေဆိုသူ ၂၃,၀၀၀ ကျော်ရှိခဲ့ပြီး မနှစ်ကတော့ ၁၁,၀၀၀ ဦးကျော်သာရှိပါတယ်။
အလားတူ ကရင်ပြည်နယ်မှာလည်း အာဏာမသိမ်းခင်ကာလတုန်းက ပညာသင်နှစ်တွေအတွင်း ဖြေဆိုသူ ၂၂,၀၀၀ ကျော်ဝန်းကျင်ရှိခဲ့ပေမဲ့ မနှစ်ကတော့ ဖြေဆိုသူ ၃,၆၆၀ ဦးရေသာရှိတာကြောင့် ဖြေဆိုနှုန်း ၈၀ ရာခိုင်နှုန်းကျော် လျော့ကျနေတာဖြစ်ပါတယ်။
ရခိုင်မှာတော့ ၂၀၂၀ ခုနှစ်မှာ ဖြေဆိုသူ ၄၅,၁၆၁ ဦးရှိခဲ့ပြီး မနှစ်ကတော့ ဖြေဆိုသူ ၁,၆၉၂ ဦးသာရှိခဲ့တာကြောင့် အရင်တုန်းက ဖြေဆိုခဲ့သူ ရာခိုင်နှန်းရဲ့ ၅ ရာခိုင်နှုန်းတောင် မရှိတော့တာဖြစ်ပါတယ်။
လက်ရှိအောင်စာရင်း ထုတ်ပြန်ချက်အရ ရန်ကုန်တိုင်းက ဖြေဆိုသူအများဆုံးဖြစ်ပြီး အရေအတွက် ၄၆,၀၀၀ ကျော်ဖြေဆိုကာ စာမေးပွဲ အောင်ချက်ရလဒ်ကတော့ ၄၉ ဒသမ ၄၈ ရာခိုင်နှုန်းရှိတယ်လို့ ဆိုပါတယ်။
မန္တလေးတိုင်းရဲ့စာမေးပွဲအောင်ချက်ရလဒ်ကတော့ ၆၂ ဒသမ ၂၂ ရာခိုင်နှုန်းရှိပြီး ဖြေဆိုသူ ၄၅,၆၃၉ ဦး ရှိတယ်လို့ သိရပါတယ်။
တစ်ဖက်မှာလည်း ပြီးခဲ့တဲ့ပညာသင်နှစ်မှာ ဖြေဆိုသူပေါင်း ၂ သိန်း ၅ သောင်း ၅ ထောင်ကျော်ရှိပြီး စာမေးပွဲအောင်မြင်သူ ၁၃၃,၆၇၃ ဦးရှိတယ်လို့ ဆိုတာကြောင့် စစ်တပ်အာဏာသိမ်းမှုမတိုင်ခင် ကာလကို ပြန်ကြည့်မယ်ဆိုရင်တော့ ဖြေဆိုသူလူဦးရေဟာ ၇၀ ရာခိုင်နှုန်းကျော် ကျဆင်းသွားတာကို တွေ့ရပါတယ်။
၂၀၂၁ ခုနှစ်စစ်အာဏာမသိမ်းခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) အစိုးရလက်ထက် ၂၀၂၀ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုရန် စာရင်းပေးသူ ၉ သိန်း ၇ သောင်းကျော်ရှိခဲ့ပြီး ဖြေဆိုသူပေါင်း ၉ သိန်း ၁ သောင်းကျော်ရှိခဲ့ပါတယ်။
၂၀၂၆-၂၀၂၇ ကျောင်းသစ်ဖွင့်တဲ့ဇွန်လမှာ နိုင်ငံထဲက ကလေးငယ် ၁၃ သန်းဝန်းကျင်ထဲကမှ ၆ ဒသမ ၇ သန်းဝန်းကျင် ကျောင်းအပ်နှံခဲ့တာကြောင့် စာသင်အရွယ်ကလေးငယ် ထက်ဝက်နီးပါးဟာ ပညာသင်ခွင့်ဆုံးရှုံးနေတယ်လို့ မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ထားပါတယ်။
နေပြည်တော် ပညာရေးဝန်ကြီးဌာနကတော့ ၂၀၂၁-၂၀၂၂ ပညာသင်နှစ်ကစကပြီး (အာဏာသိမ်းနောက်ပိုင်းကာလ)အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်နေတဲ့ကလေးတွေထဲက ကျောင်းပြန်တက်ချင်သူတွေကို placement test တွေ ဖြေခိုင်းပြီး တက်ရောက်ခွင့်ပြုထားပါတယ်။
ဒါပေမဲ့ ဝန်ကြီးဌာနရဲ့ဒီလိုခွင့်ပြုတာဟာ မူလတန်းကနေ အထက်တန်းအထိ Grade 2 ကနေ Grade 11 အထိသာ အကျုံးဝင်ပြီး Grade 12 ကလေးတွေကတော့ ပြင်ပဖြေဆိုမှုအဖြစ်နဲ့သာ စာမေးပွဲပြန်လည်ဖြေဆိုခွင့်ရမယ်လို့ ဆိုထားပါတယ်။
ဆောမြို့နယ်ထဲ စစ်တပ်ဗုံးကြဲလို့ ကလေးတစ်ဦးအပါ ၄ ဦး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, CJ
ကပ်လျက်မြို့နယ် မင်းတပ်ကို စစ်တပ်က နေ့စဉ်နီးပါး ဗုံးကြဲ
မကွေး၊ ဆောမြို့နယ်နဲ့ ချင်းပြည်နယ်အစပ်မှာရှိတဲ့ နတ်ကောင်းကျင်းကျေးရွာကို စစ်တပ်က မနေ့ ဇွန်လ ၂၇ ရက် ညနေပိုင်းမှာ လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၄ ဦး ဗုံးကျည်ထိမှန်ပြီး သေဆုံးသွားတယ်လို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။
နောက်ထပ် "အရပ်သား ၈ ဦးလည်း ဒဏ်ရာရသွားတယ်။ အသက်အန္တရယ်စိုးရိမ်ရတဲ့လူလည်းရှိတယ်" မြေပြင်မှာရှိတဲ့ သတင်းရင်းမြစ်က ဆိုပါတယ်။
ဆော်မြို့ပေါ်ကို စစ်တပ်က ထိန်းချုပ်ထားတာဖြစ်ပြီး မြို့နယ်ထဲမှာတော့ ယောဒေသ ကာကွယ်ရေးတပ်တွေ လှုပ်ရှားပါတယ်။
နတ်ကောင်းကျင်းကျေးရွာမြောက်ဘက်က မကွေး၊ ဆော-ကျောက်ထုလမ်းပိုင်းမှာ စစ်တပ်က ဇွန်လဆန်းပိုင်းကစလို့ အင်အား ၂၀၀ ထက်မနည်း ဖြည့်တင်းထားပြီး လမ်းပိုင်းတကြောက ရွာအများစုကိုလည်း စစ်တပ်က ထိန်းချုပ်ထားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
တစ်ဖက် ဆော-ကျောက်ထု-ဂန့်ဂေါလမ်းပိုင်းနဲ့ဆက်စပ်နေတဲ့ ချင်းပြည်နယ်ထဲက မင်းတပ်မြို့နယ်တစ်ခုလုံး ပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်က မြို့နယ်ထဲကရွာတွေကို လေကြောင်းကနေ ဗုံးကြဲတာ ရက်ဆက်လုပ်နေတယ်လို့လည်း သူက ထပ်ပြောပါတယ်။
"တိုက်ပွဲဖြစ်တဲ့နေရာအပါအဝင် မြို့နယ်တစ်ခုလုံးနီးပါးကို စစ်တပ်က လေကြောင်း ပစ်ကူပေးနေတာ"သူက ထပ်ပြောပါတယ်။
မင်းတပ်မြို့ကို ထိန်းချုပ်ထားတဲ့ ချင်းညီနောင်(CB)နဲ့ မဟာမိတ် အာရက္ခတပ်တော်(အေအေ)ကလည်း ချင်းပြည်နယ်ထဲ မင်းတပ်၊ ကန်ပက်လက်စတဲ့နေရာတွေမှာ စစ်တပ်နဲ့ တိုက်ပွဲတွေ ဆက်ပြီး ပြင်းထန်နေတယ်လို့ ဇွန်လ ၂၇ ရက်ညပိုင်းထုတ်ပြန်တဲ့သူတို့ ထုတ်ပြန်ချက်မှာ ထည့်ပြောပါတယ်။
မင်းတပ်မြို့နယ်ရဲ့မြေပြင်အခြေအနေသိသူတစ်ဦးကတော့ စစ်တပ်က မြို့နယ်ထဲကို ဇွန်လဆန်းပိုင်းကပြီး "စစ်ကြောင်းအင်အား အလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေသလို လေကြောင်းကနေလည်း ဗုံးတွေ ရက်ဆက်ကြဲနေတယ်" လို့ ဆိုပါတယ်။
စစ်တပ်က မင်းတပ်နဲ့ ကန်ပက်လက်ဒေသတွေမှာ ထိုးစစ်တွေ ဖော်နေသလို ရဟတ်ယာဉ်နဲ့ စစ်ကူအင်အား၊ ရိက္ခာဖြည့်တင်းတာတွေလုပ်နေတယ်လို့ သူက ဆက်ပြောပါတယ်။
ဇွန်လ တတိယအပတ်တုန်းကလည်း မင်းတပ်ဒေသထဲကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ဗုံးကျည်ထိမှန်ပြီး အသက် ၂ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၂ ဦးသေဆုံးခဲ့ပါတယ်။
မြန်မာစစ်တပ်ကတော့ ဆော၊ မင်းတပ်နဲ့ ကန်ပက်လက်ဒေသတို့က စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ဒီနေ့ ဇွန်လ ၂၈ ရက်မနက်ပိုင်းအထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။












