TNLA ထိန်းချုပ် နမ္မတူဓာတ်အားခွဲရဲ့ အခန်းကဏ္ဍ

TNLA တပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, TNLA တပ်ဖွဲ့ဝင်တွေ(ပုံဟောင်း)
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်မှာရှိတဲ့ မန်စံဓာတ်အားခွဲရုံဟာ ၁၀၂၇ စစ်ဆင်ရေးအပြီးကာလတွေမှာလည်း ရှမ်းမြောက်တကြောကမြို့နယ်တွေ လျှပ်စစ်မီးရရေးအတွက် အခရာဖြစ်နေပါတယ်။

၁၀၂၇ စစ်ဆင်ရေးပထမပိုင်းအတွင်း ၂၀၂၃ နှစ်ကုန်ပိုင်းမှာတော့ စစ်ပွဲတွေကြား မန်စံဓာတ်အားခွဲရုံ လည်ပတ်တာ ရပ်တန့်ခဲ့ပေမယ့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်- TNLA က နမ္မတူမြို့ကို ထိန်းချုပ်ပြီးမကြာခင်မှာပဲ ပြန်လည်ပတ်ခဲ့ပါတယ်။

တိုက်ပွဲတွေမဖြစ်ခင် စစ်အာဏာသိမ်းထားတဲ့ ၂၀၂၃ အစောပိုင်းကာလအထိ နမ္မတူက မန်စံဓာတ်အားခွဲရုံကနေ မြို့နယ် ၁၀ ခုထက်မနည်းကို ဓာတ်အားဖြန့်ဖြူးနိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ အကုန်လုံးကိုမပေးနိုင်တော့ပါဘူး။

မန်စံဓာတ်အားခွဲရုံဟာ မြန်မာမှာ တရုတ်အကောင်အထည်ဖော်မယ့် ပိုးလမ်းမ(BRI) စီမံကိန်းထဲက ကျောက်ဖြူ-ကူမင်းရထားလမ်းပိုင်းအတွက် အခရာကျတယ်လို့ အကဲခတ်တချို့က ရှုမြင်ပါတယ်။

နမ္မတူမြို့နယ်ထဲက မန်စံဓာတ်အားခွဲရုံကို TNLA ဘယ်လိုလည်ပတ်နေလဲ။ ဒီဓာတ်အားခွဲရုံဟာ တရုတ်ရဲ့ BRI စီမံကိန်းမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နေလဲ။

မန်စံဓာတ်အားခွဲရုံရဲ့ အရေးပါမှု

အမှတ် ၁ ရွှေလီ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, အမှတ် ၁ ရွှေလီ ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံ (ပုံဟောင်း)

နမ္မတူမြို့နယ် မန်စံကျေးရွာအနီးမှာရှိတဲ့ မန်စံဓာတ်အားခွဲရုံဟာ ၂၃၀ KV ကီလိုဗို့အားလိုင်း နှစ်ထပ်လိုင်းဖြစ်ပါတယ်။

အမှတ် ၁ ရွှေလီဓာတ်အားပေးစက်ရုံကနေ ထွက်လာတဲ့ ဓာတ်အားတွေကို မန်စံဓာတ်အားခွဲရုံနဲ့ ရွှေစာရံဓာတ်အားခွဲရုံ နှစ်ရုံတို့ကလက်ခံပြီး ရှမ်းမြောက်ဒေသနဲ့ ပြည်တွင်းထဲကို တဆင့်ပြန်ပြီး ဖြန့်ဖြူးနေတာဖြစ်ပါတယ်။

မန်စံဓာတ်အားခွဲရုံဟာ အမှတ် ၁ ရွှေလီရေအားလျှပ်စစ်စက်ရုံက ထုတ်လိုက်တဲ့ ၆၀၀ မဂ္ဂါဝပ် ဓာတ်အားကို ပြည်တွင်းထဲက ဓာတ်အားစနစ်တွေထဲ ရောက်အောင် ချိတ်ဆက်လုပ်ဆောင်ရတဲ့ ဓာတ်အားခွဲရုံတစ်ခုဖြစ်ပါတယ်။

"ဓာတ်အားလိုင်းတွေ ချိတ်ဆက်ပြီး ဖြန့်ဖြူးပေးတဲ့ အချက်အချာခွဲရုံပေါ့" လို့ မန်စံဓာတ်အားခွဲရုံအကြောင်းသိသူတစ်ဦးက ပြောပါတယ်။

ဒီဓာတ်အားခွဲရုံဟာ နိုင်ငံရဲ့ လျှပ်စစ်ဓာတ်အားစနစ်အတွက် အရေးပါတဲ့ ရွှေလီ-မန်စံ-ရွေစာရံ မဟာဓာတ်အားလိုင်းကြီးရဲ့ အစိတ်အပိုင်းတစ်ခုလည်းဖြစ်နေပါတယ်။

ဒီဓာတ်အားခွဲရုံကနေ ရှမ်းမြောက်တခွင်လုံးက မြို့အများစုအပြင် မန္တလေး၊ ရန်ကုန် စတဲ့မြို့တွေ လျှပ်စစ်မီးရဖို့အထိ အရေးပါတယ်လို့ မန်စံရုံအကြောင်းသိသူတစ်ဦးက ရှင်းပြပါတယ်။

NLD အရပ်သားအစိုးရလက်ထက်ကစလို့ စစ်အာဏာသိမ်းပြီး ၂ နှစ်နီးပါးကြာ ၂၀၂၃ ခုနှစ်အထိ "နမ္မတူ၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ လားရှိုး၊ နမ့်ဆန်၊ မိုင်းရယ်၊ မိုင်းလုံ၊ မိုင်းငေါ့၊ မူဆယ်နဲ့ နမ့်ခမ်း" စတဲ့မြို့နယ်တွေကို မန်စံခွဲရုံကနေပဲ လျှပ်စစ်မီးပေးခဲ့တာလို့ သူက ဖြည့်ပြောပါတယ်။

TNLA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေက နမ္မတူမြို့ကို ၁၀၂၇ စစ်ဆင်ရေးပထမပိုင်း ၂၀၂၃ ဒီဇင်ဘာလကုန်ပိုင်းမှာ သိမ်းယူခဲ့ပါတယ်။

ဒါကြောင့် မန်စံဓာတ်အားခွဲရုံလည်း TNLA ထိန်းချုပ်မှုအောက် ရောက်ခဲ့ပါတယ်။

မန်စံဓာတ်အားခွဲရုံ ဘယ်လိုလည်ပတ်နေလဲ

၂၀၂၇ ခုနှစ်ကတွေ့ရတဲ့ နမ္မတူမြစ်ပေါ်မှာရှိတဲ့ အထက်ရဲရွာစီမံကိန်းမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, အထက်ရဲရွာရေအားလျှပ်စစ်စီမံကိန်း

ဓာတ်ပုံ ပုံစာ, ၂၀၂၇ ခုနှစ်ကတွေ့ရတဲ့ နမ္မတူမြစ်ပေါ်မှာရှိတဲ့ အထက်ရဲရွာစီမံကိန်းမြင်ကွင်း
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

လက်ရှိမှာတော့ မန်စံဓာတ်အားခွဲရုံကို ပြီးခဲ့တဲ့ လပိုင်းလောက်ကစပြီး TNLA က ဒေသခံဝန်ထမ်းတွေနဲ့ CDM ဝန်ထမ်းတချို့ပေါင်းပြီး လည်ပတ်နေတယ်လို့ ဒီခွဲရုံအခြေအနေကိုသိတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။

မန်စံ ဓာတ်အားခွဲရုံဟာ နမ္မတူမြို့ သိမ်းတိုက်ပွဲကာလတွေမှာ တိုက်ပွဲတွေကြောင့် လည်ပတ်မှုရပ်တန့်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၄ ခုနှစ် ပထမနှစ်ဝက်မှာတော့ ဓာတ်အားခွဲရုံ တစ်စိတ်တစ်ပိုင်းပြန်လည်ပတ်နိုင်တာကြောင့် နမ္မတူမြို့နယ်နဲ့ ကျေးရွာတချို့ လျှပ်စစ်မီး ပြန်စရခဲ့တယ်လို့ နမ္မတူဒေသခံတချို့က ပြောပါတယ်။

TNLA လက်အောက်၂ နှစ်ကျော်အကြာ ၂၀၂၆ ခုနှစ်နှစ်စပိုင်းအထိ မန်စံ ဓာတ်အားခွဲရုံကနေ မြို့နယ် ၄ မြို့လောက်သာ လျှပ်စစ်မီးရတော့တယ်လို့ ဓာတ်အားခွဲရုံနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

ရှမ်းမြောက်ဒေသက နမ့်ဆန်၊ မန်တုံ၊ နမ္မတူ မြို့တွေကို ဒီမန်စံဓာတ်အားခွဲရုံကနေ လျှပ်စစ်မီးပေးနေတယ်လို့ သူက ဆက်ပြောပါတယ်။

အဲဒီမြို့တွေက TNLA ထိန်းချုပ်ထားတဲ့မြို့တွေဖြစ်ပါတယ်။

စစ်တပ်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့နယ်နဲ့ ကျေးရွာတချို့ကိုတော့ မန်စံဓာတ်အားခွဲရုံကနေပဲ လျှပ်စစ်မီး ပြန်ပေးနေတယ်လို့ ခွဲရုံအခြေအနေကိုသိတဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးမတိုင်ခင် ကာလနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ရှမ်းမြောက်ဒေသက ပုံမှန်မီးရခဲ့တဲ့ မြို့နယ်တွေရဲ့ တစ်ဝက်တောင် လျှပ်စစ်မီးမရတော့ပါဘူး။

တစ်ဖက် မြောက်ပိုင်းညီနောင် မဟာမိတ်ဖြစ်တဲ့ ကိုးကန့်တပ်(MNDAA) ထိန်းချုပ်ထားတဲ့ သိန္နီနဲ့ ကွတ်ခိုင်မြို့တို့ကိုလည်း ၁၀၂၇ စစ်ဆင်ရေးမတိုင်ခင်ကာလတွေမှာ မန်စံကနေပဲ လျှပ်စစ်မီးပေးခဲ့တာဖြစ်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပြီးမှာတော့ သိန္နီနဲ့ ကွတ်ခိုင်မြို့တို့မှာ လျှပ်စစ်မီးမရတော့တာကြောင့် ကိုးကန့်ရဲ့ အစီအစဉ်နဲ့ ရယူထားတဲ့ တရုတ်ဘက်က လျှပ်စစ်မီးကိုပဲ အားထားနေရတယ်လို့ ကိုးကန့်တပ်နဲ့ နီးစပ်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

၂၀၂၃ ခုနှစ်တုန်းက ရှမ်းမြောက်က ဓာတ်အားလိုင်းတချို့ကို ပြန်ပြုပြင်နေတဲ့ မြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, MNP

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ်တုန်းက ရှမ်းမြောက်က ဓာတ်အားလိုင်းတချို့ကို ပြန်ပြုပြင်နေတဲ့ မြင်ကွင်း

ကျောက်မဲနဲ့ သီပေါမြို့နယ်တွေမှာတော့ TNLA ထိန်းချုပ်ခဲ့ချိန်က မန်စံဓာတ်အားခွဲရုံကနေ မီးပေးခဲ့တယ်လို့ သီပေါနဲ့ ကျောက်မဲဒေသခံတချို့က ပြောပါတယ်။

ဒါပေမဲ့ ၂၀၂၅ ခုနှစ်ထဲ အဲဒီမြို့တွေကို စစ်တပ်ပြန်သိမ်းယူလိုက်တဲ့အချိန်ကစပြီး လက်ရှိအချိန်အထိ သီပေါနဲ့ ကျောက်မဲမြို့နယ်တွေအပြင် သီပေါအနီးက နမ့်လန်မြို့မှာပါ လျှပ်စစ်မီးဖြတ်တောက်ခံထားရတယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ဆိုပါတယ်။

သီပေါနဲ့ ကျောက်မဲမြို့နယ်တွေမှာလည်း ဓာတ်အားလိုင်းတွေကို ပြန်မွမ်းမံပြင်ဆင်တဲ့လုပ်ငန်းစဉ်တွေ ပြီးစီးနေပြီဖြစ်ပေမယ့် TNLA ဘက်က မန်စံဓာတ်အားခွဲရုံကနေ လျှပ်စစ်မီး ပြန်မပေးသေးဘူးလို့ စစ်တပ်နဲ့ နီးစပ်တဲ့ သီပေါမြို့မှာရှိတဲ့ သတင်းရင်းမြစ်တစ်ဦးက ထုတ်ပြောပါတယ်။

TNLA အနေနဲ့ ရှမ်းမြောက်ဒေသထဲက စစ်တပ်ထိန်းချုပ်မြို့နယ်တွေကို လျှပ်စစ်မီးဆက်ပြီး ဖြတ်တောက်ထားတာဟာ တစ်ဖက်မှာ စစ်တပ်နဲ့ TNLA တို့ရဲ့ ဆွေးနွေးမှုတွေ မပြီးပြတ်သေးတာကြောင့်လို့ ရှမ်းမြောက်အရေးလေ့လာသူတချို့က ကောက်ချက်ချပါတယ်။

တစ်ဖက်မှာလည်း မန်စံဓာတ်အားခွဲရုံမှာ CDM ဝန်ထမ်းအနည်းငယ်သာရှိတာကြောင့် တစ်ရက်ကို နာရီပိုင်းနဲ့သာ လည်ပတ်နေရတဲ့ အခြေအနေလို့ ဒီအခြေအနေကိုသိတဲ့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

ဓာတ်အားခွဲရုံနဲ့ ချိတ်ဆက်ထားတဲ့ ရှမ်းမြောက်ဒေသအတွင်းက ဓာတ်အားလိုင်းတချို့နေရာတွေဟာလည်း တိုက်ပွဲအတွင်း ထိခိုက်ပျက်စီးခဲ့ပြီး ပြုပြင်ဖို့ နည်းပညာပိုင်းကျွမ်းကျင်သူတွေ လိုအပ်နေတာကြောင့် ဒီခွဲရုံအနေနဲ့ အပြည့်အဝပြန်လည်ပတ်ဖို့ရာ အချိန်ယူရနိုင်တယ်လို့ သူက ‌ဖြည့်ပြောပါတယ်။

မန်စံဓာတ်အားခွဲရုံနဲ့ တရုတ်စီမံကိန်း

ရှမ်းမြောက်မှာတွေ့ရတဲ့ TNLA တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, PSLF/ TNLA

ဓာတ်ပုံ ပုံစာ, ရှမ်းမြောက်မှာတွေ့ရတဲ့ TNLA တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

မြန်မာစစ်တပ်ဟာ တအာင်းတပ်(TNLA) နဲ့ ၂၀၂၅ ခုနှစ်‌ အောက်တိုဘာမှာ အပစ်ရပ်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာလည်း ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA ထိန်းချုပ်ခဲ့တဲ့ မြို့တချို့ကို ပြန်ပေးဖို့ တောင်းဆိုမှုတွေ အကြိမ်ကြိမ်လုပ်ခဲ့တယ်လို့ TNLA နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

၂၀၂၆ မေလ ဒုတိယအပတ်ထဲမှာလည်း စစ်တပ်နဲ့ TNLA တို့ တွေ့ဆုံခဲ့ကြတယ်လို့ TNLA ရဲ့ တပ်တွင်းသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

စစ်တပ်က TNLA နဲ့တွေ့ဆုံချိန်တိုင်းမှာ TNLA ထိန်းချုပ်ထားတဲ့ နမ္မတူ၊ နမ့်ခမ်း၊ မန်တုံအပါအဝင် တရုတ်-မြန်မာနယ်စပ် နမ့်ခမ်း စတဲ့မြို့တွေကို စစ်တပ်ဆီ ပြန်လွှဲပေးဖို့ တောင်းဆိုနေတယ်လို့ သူက ထပ်ပြောပါတယ်။

နမ္မတူမြို့ကို စစ်တပ်တောင်းရတာဟာ ရှမ်းမြောက်တစ်ခွင်လုံး လျှပ်စစ်မီးရရှိရေးအတွက် အရေးပါတဲ့ မန်စံဓာတ်အားခွဲရုံကို ပုံမှန်အတိုင်း ပြန်လည်ပတ်ချင်တာက အဓိကအချက်တွေထဲက တစ်ခုဖြစ်ပါတယ်။

အလားတူ နမ္မတူမြို့နယ်ထဲမှာ သတ္တုတူးဖော်ရေးစီမံကိန်းတွေရှိနေသလို တရုတ်ရဲ့ ကျောက်ဖြူ-ကူမင်းရထားလမ်းစီမံကိန်းရဲ့ ရှမ်းမြောက်ဒေသကို အဓိကဖြတ်သန်းမယ့် မန္တလေး-မူဆယ်လမ်းပိုင်းအတွက် မန်စံဓာတ်အားခွဲရုံက အရေးပါနေတာကြောင့်လို့ တရုတ်-မြန်မာအရေးလေ့လာသူတစ်ဦးက သုံးသပ်ပါတယ်။

တရုတ်ရဲ့ မူဆယ် - မန္တလေး မီးရထားလမ်းသစ် စီမံကိန်းဟာ မြန်မာနဲ့ တရုတ်နိုင်ငံအကြား ကုန်စည်ပို့ဆောင်ရေးမှာ အရေးပါတဲ့ လမ်းကြောင်းတခုဖြစ်လာမှာပါ။

မူဆယ် - မန္တလေး ကနေ တရုတ် - မြန်မာနယ်စပ် ရွှေလီက တဆင့်မြန်မာနိုင်ငံ မြောက်ပိုင်းက အရေးကြီးတဲ့ မြို့နယ်တွေနဲ့ စီးပွားရေး အချက်အချာကျတဲ့ နေရာတွေကို ဖြတ်သန်း သွားမှာ ဖြစ်ပြီး ရထားလမ်းအရှည်ကတော့ ၄၃၁ ကီလိုမီတာ ရှိမှာဖြစ်ပါတယ်။

China Railway Eryuan Engineering Group က တည်းဆောက်ထားတဲ့ ရထားလမ်းပိုင်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, CRGL

ဓာတ်ပုံ ပုံစာ, China Railway Eryuan Engineering Group က တည်းဆောက်ထားတဲ့ ရထားလမ်းပိုင်းတစ်ခု

နှစ်နိုင်ငံ နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်ချက်အစီရင်ခံစာတွေအရ တရုတ်နိုင်ငံ၊ ကူမင်းမြို့ကနေ ထွက်လာတဲ့ လျှပ်စစ်ရထားလမ်းစနစ်နဲ့ တိုက်ရိုက်ဆက်သွယ်မှာဖြစ်တာကြောင့် မူဆယ်-မန္တလေးရထားပိုင်းဟာ လျှပ်စစ်ရထားလမ်းဖြစ်မယ်လို့ နားလည်ရပါတယ်။

ဒီရထားလမ်းဟာ စီးပွားရေးမဟာဗျူဟာအရ အရေးကြီးသလို တရုတ် - မြန်မာ စီးပွားရေးစင်္ကြံလမ်းရဲ့ အရေးပါတဲ့ လမ်းတစ်ခုဖြစ်လာမှာဖြစ်ပါတယ်။

တရုတ်ရဲ့ ရထားလမ်းစီမံကိန်းတွေအတွက် "လျှပ်စစ်ဓာတ်အားတွေ အများကြီးလိုတယ်။ ဒုဋ္ဌဝတီမြစ်ပေါ်မှာလည်း နမ္မတူရေကာတာ ဆောက်နေတာလည်းရှိတယ်"လို့ သူကဆက်ပြောပါတယ်။

၂၀၁၈ ခုနှစ်မှာ တရုတ်အစိုးရပိုင် China Railway Eryuan Engineering Group နဲ့ မြန်မာ့မီးရထားတို့ကြား နားလည်မှုစာချွန်လွှာ (MoU) လက်မှတ်ရေးထိုးပြီးနောက် ၂၀၁၉-၂၀၂၀ ခုနှစ်တွေမှာ ရထားလမ်းပိုင်းအတွက် ဆန်းစစ်မှုတွေလုပ်ခဲ့ကြတယ်လို့ နှစ်နိုင်ငံထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အလားတူ ရေအားလျှပ်စစ် ထုတ်ဖို့အတွက် နမ္မတူမြစ်ပေါ်မှာ ရေကာတာ ၅ ခု ဆောက်ဖို့ ဆိုတဲ့စီမံကိန်းတွေဟာ စစ်အစိုးရလက်ထက်နဲ့ ဦးသိန်းစိန်အစိုးရ လက်ထက်တွေကတည်း က သဘောတူထားတဲ့ စီမံချက်တွေ ဖြစ်ပါတယ်။

လက်ရှိ နမ္မတူမြစ်ပေါ်မှာရှိတဲ့ ရဲရွာရေကာတာနဲ့ နမ္မတူရေကာတာ တွေကနေ ထုတ်လုပ်လိုက်တဲ့ လျှပ်စစ်ဓာတ်အားတွေကို ဒီလျှပ်စစ်ရထားစီမံကိန်းအတွက်လိုအပ်တဲ့ ဓာတ်အားအရင်းအမြစ်အဖြစ် သုံးနိုင်မှာဖြစ်ပါတယ်။

"ဒါတွေက တိုက်ရိုက်သက်ဆိုင်တဲ့ စီမံကိန်းတွေမဟုတ်ပေမဲ့ လျှပ်စစ်ရထားလမ်းအတွက် ဓာတ်အားရင်းမြစ်အနေနဲ့ သုံးလို့ရတယ်" လို့ လျှပ်စစ်ကျွမ်းကျင်ပညာရှင်တစ်ဦးက ထောက်ပြပါတယ်။

လျှပ်စစ်ရထားလမ်းဖြစ်လာမယ်ဆိုရင် လျှပ်စစ်ရထားက ဒီဇယ်ရထားထက် ပိုမြန်ပြီး ကုန်ကျစရိတ် သက်သာနိုင်တယ်ဆိုပေမယ့် တည်ငြိမ်တဲ့ ဓာတ်အားတွေရရှိနေဖို့ လိုအပ်တယ်လို့ သူက ဖြည့်ပြောပါတယ်။

"ရှမ်းမြောက်ဒေသတင်မက ဒီရထားလမ်းစီမံကိန်းတွေအထိ တိကျတဲ့ ဓာတ်အားဖြန့်ဖြူးရေးစနစ်တွေအတွက် မန်စံဓာတ်အားခွဲရုံက သေချာပြန်လည်နိုင်ဖို့လိုတယ်" လို့ သူကပြောပါတယ်။