ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တနင်္လာနေ့ကစလို့ အမေရိကန်က အီရန်ဆိပ်ကမ်းတွေကို ပိတ်ဆို့သွားမယ်
ဧပြီ ၁၃ ရက်၊ တနင်္လာနေ့ကစလို့ အီရန်ရဲ့ သင်္ဘောဆိပ်ကမ်းတွေကို ပိတ်ဆို့သွားမယ်လို့ အမေရိကန် စစ်တပ်က ပြောလာပါတယ်။ ဒါပေမဲ့ ဟော်မုဇ် ရေလက်ကြားကို ဖြတ်သန်းအသုံးပြုတဲ့ တခြားနိုင်ငံတွေကသင်္ဘောတွေကိုတော့ ဟန့်တားမှုတွေ လုပ်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။
အမေရိကန်က အီရန်ဆိပ်ကမ်းတွေ ပိတ်ဆို့မယ့်နောက်ဆုံးအခြေအနေတွေကို ဒီစာမျက်နှာမှာတင်ဆက်ပေးနေမှာဖြစ်လို့ တစုတစည်းတည်းဖတ်ရှုနိုင်ပါပြီ။
အီရန်ဆိပ်ကမ်း အဝင်/အထွက် ပိတ်ဆို့မှုတွေကို ဧပြီ ၁၃ ရက်၊ မြန်မာစံတော်ချိန် ည ၈နာရီခွဲဝန်းကျင်မှာ စတင်သွားမယ်လို့ အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ် က ပြောထားပါတယ်။
အီရန်က ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်ရမှာ သိလျက်နဲ့ မဖွင့်ပေးလို့ အခုလိုလုပ်ရတာလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ အီရန်က အမေရိကန်ကို တိုက်ခိုက်မှုတွေလုပ်ရင် အမေရိကန်ရေတပ်က ပြန်ပြီး "အပြင်းအထန်ပစ်ခတ်" သွားမှာဖြစ်တယ်လို့ သူကပြောပါတယ်။ အီရန်ကို အခွန်ပေးဆောင်နေတဲ့ သင်္ဘောတွေကိုလည်း ဟန့်တားသွားမယ်လို့ ထရမ့်က ပြောပါတယ်။
ဒီလိုတင်းမာနေတဲ့အခြေအနေရယ် ပါကစ္စတန်က ငြိမ်းချမ်းရေးဆွေးနွေးပွဲမအောင်မြင်တာရယ်ကြောင့် ရေနံဈေးတွေလည်း အမေရိကန် ဒေါ်လာ ၁၀၀ နဲ့ အထက်ကို တက်လာခဲ့ပါတယ်။
အစ္စလာမာဘတ်ဆွေးနွေးပွဲမအောင်မြင်ရတာဟာ "အီရန်က သူတို့ရဲ့ နျူကလီးယားရည်မှန်းချက်တွေကို လက်မလွှတ်ချင်တာကြောင့်" ဖြစ်တယ်လို့ ထရမ့်က ပြောပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ် အာရာချီ ကတော့ အမေရိကန် နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အီရန်က "စိတ်နှလုံးကောင်းကောင်း" နဲ့ ထိတွေ့ဆက်ဆံခဲ့တယ်လို့ဆိုထားပြီး အီရန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ လွှတ်တော်ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ကာလီဘတ်ကတော့ အီရန်အနေနဲ့ ခြိမ်းခြောက်မှုတွေရှေ့ ဒူးထောက်မှာမဟုတ်ဘူးလို့ ပြောထားပါတယ်။
အီရန်တော်လှန်ရေးအစောင့်တပ်ဘက်ကတော့ ရေလက်ကြားကို ရောက်လာတဲ့ စစ်သင်္ဘောတွေဟာ လက်ရှိ အပစ်ရပ်သဘောတူမှုအပေါ် ချိုးဖောက်မှုအဖြစ် သတ်မှတ်မှာဖြစ်တယ်လို့ ပြောထားပါတယ်။
အီရန်လွှတ်တော်ဥက္ကဋ္ဌက ထရမ့်ရဲ့ ပိတ်ဆို့မှုအကြောင်း ဆိုရှယ်မီဒီယာပို့စ်ကို ခနဲ့
အစ္စလာမာဘတ် ဆွေးနွေးပွဲမှာ အီရန်ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ခဲ့တဲ့ အီရန်လွှတ်တ်ော ဥက္ကဋ္ဌ မိုဟာမက် ဘာကာကာလီဘတ် က သူ့ရဲ့ X ဆိုရှယ်မီဒီယာမှာ သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်က ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ဖို့ ပြင်နေတယ်ဆိုတဲ့ ပို့စ်ကို ခနဲ့လိုက်ပါတယ်။
" လက်ရှိ ဆီဈေးတွေကို ရှုမြင်ကြည့်ပါ။ ဒီလိုပိတ်ဆို့မှုတွေ လုပ်ပြီးရင် ဒါတွေက ယုံတမ်းပုံပြင်တစ်ပုဒ်သာ ဖြစ်လာပါလိမ့်မယ်" လို့ အီရန်လွှတ်တ်ော ဥက္ကဋ္ဌ မိုဟာမက် ဘာကာ ကာလီဘတ် ရဲ့ ပို့စ်မှာ ရေးသားထားပါတယ်။ သူတင်ထားတဲ့ဓာတ်ပုံထဲမှာတော့ အိမ်ဖြူတော်အနီးက ဆီဆိုင်တွေရဲ့ ဆီဈေးတွေ တွေ့ရပါတယ်။
အီရန်သတင်းဌာနတွေကို ဖြန့်ဝေတဲ့ အစောပိုင်းထုတ်ပြန်ချက်မှာတော့ အီရန်အနေနဲ့ " ခြိမ်းခြောက်မှုတွေကို ဒူးထောက်မှာမဟုတ်ဘူး" လို့ မိုဟာမက် ဘာကာ ကာလီဘတ် က ပြောထားပါတယ်။
အမေရိကန်ရဲ့ ပိတ်ဆို့မှုက "ဓားပြဆန်တဲ့လုပ်ရပ်"လို့ အီရန်စစ်တပ်ပြော
အီရန်စစ်တပ်ကတော့ သူ့တို့ရဲ့ ဆိပ်ကမ်းတွေကို အမေရိကန်ဘက်ကပိတ်ဆို့ဖို့ ပြင်ဆင်နေတာနဲ့ ပတ်သက်လို့ ပြန်တုံ့ပြန်မယ်လို့ ခြိမ်းခြောက်လိုက်ပြီး ဝါရှင်တန်ရဲ့ ခြိမ်းခြောက်မှုတွေဟာ ဥပဒေမဲ့တဲ့ လုပ်ရပ်ဖြစ်သလို "ဓားပြဆန်တဲ့လုပ်ရပ်"လို့ သုံးနှုန်းပြောကြား လိုက်ပါတယ်။
အီရန်အစိုးရပိုင် IRIB သတင်းဌာနက ထုတ်ပြန်ချက်ထဲမှာ အီရန်ဘက်က စစ်ပွဲပြီးသွားရင်တောင် ဟောမုဇ်ရေလက်ကြားကို သူတို့ ဆက်ထိန်းချုပ်သွားမယ်လို့ ပြောထားပါတယ်။
ဒါ့အပြင် "ရန်သူဘက်နဲ့ ဆက်နွယ်တဲ့ သင်္ဘောတွေ" ကိုတော့ အီရန်ရေပိုင်နက်ထဲ ဖြတ်သန်းခွင့်ပြုမှာ မဟုတ်ဘူးလို့ ဖော်ပြထားပါတယ်။
အီရန်စစ်တပ်က တခြားသော ပင်လယ်ကွေ့နိုင်ငံတွေကို လည်း သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ပင်လယ်ကွေ့ဒေသမှာရှိတဲ့ ဆိပ်ကမ်းတွေရဲ့ လုံခြုံမှုရှိရေးဟာ "လူတိုင်းအတွက် ဖြစ်နိုင်သလို ဘယ်သူမှ မလုံခြုံတဲ့အခြေအနေလည်းဖြစ်သွားနိုင်တယ်" လို့ ဆိုပါတယ်။
အကယ်လို့ အမေရိကန်က အီရန်က ဆိပ်ကမ်းကို ပစ်မှတ်ထားလာရင် "ပါရှန်းပင်လယ်ကွေ့ နဲ့ အိုမန်ပင်လယ်ထဲက ဆိပ်ကမ်းတွေလည်း မလုံခြုံစေရဘူး" လို့ အီရန်စစ်တပ်က သတိပေးထားပါတယ်။
အီရန်ဆိပ်ကမ်းတွေ ထရမ့်ပိတ်ဆို့မှု ဗြိတိန်မပါဝင်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အီရန်ဆိပ်ကမ်းတွေ ပိတ်ဆို့မှု မှာ ဗြိတိန်ပါဝင်မှာမဟုတ်ဘူးလို့ ဘီဘီစီက နားလည်ရပါတယ်။ ဗြိတိသျှရေတပ်သင်္ဘောတွေ နဲ့ စစ်သားတွေကို အီရန်ဆိပ်ကိမ်းတွေပိတ်ဆို့မှုမှာ အသုံးပြုမှာမဟုတ်ဘူးလို့ သိရပါတယ်။
ဒါပေမဲ့ ဟော်မုဇ်ရေလက်ကြားမှာ မိုင်းရှင်းလင်းရေးတွေ၊ ဒရုန်းရန်ကာကွယ်ရေးစနစ်တွေကတော့ ဆက်ပြီးပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
ဗြိတိသျှအစိုးရပြောရေးဆိုခွင့်ရှိသူက " လွတ်လပ်စွာ လမ်းညွှန်တိုင်းတာမှု နဲ့ ဟော်မုဇ်ရေလက်ကြား ဖွင့်လှစ်ရေးကို ထောက်ခံပါတယ်။ ဒီရေလက်ကြားဖွင့်လှစ်ရေးက ကမ္ဘာ့စီးပွားရေးအတွက်ရော အိမ်ထောင်စုတွေရဲ့ နေထိုင်မှုကုန်ကျစရိတ်အတွက်ပါ အရေးကြီးပါတယ်"
အီရန်ကို တိုက်ခိုက်မှုပြန်လုပ်ဖို့ ထရမ့်စဉ်းစားနေ - ဝေါလ်စထွိ ဂျာနယ်
ပါကစ္စတန်က ဆွေးနွေးပွဲမအောင်မြင်ခဲ့ပြီးတဲ့နောက် ထရမ့်က အီရန်ကိုတိုက်ခိုက်မှုတွေ ပြန်လုပ်ဖို့ စဉ်းစားနေတယ်လို့ ဝေါစထွိဂျာနယ်ကရေးပါတယ်။ ဝေါစထွိဂျာနယ်ရဲ့ သတင်းအရ အမေရိကန်သမ္မတက ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုအပါအဝင် နောက်ထပ်တိုက်ခိုက်မှုတွေကို လည်း စဉ်းစားနေတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိသူတွေ ကိုးကားပြီး ဖော်ပြထားပါတယ်။
ဒါနဲ့ပတ်သက်လို့ ဘီဘီစီက အိမ်ဖြူတော်ကို မေးတဲ့အခါ " အစီစဉ်တွေအားလုံး ပြင်ဆင်ထားကြောင်း " ပြန်ပြီး တုံ့ပြန်ထားပါတယ်။
" သမ္မတက ဟော်မုဇ်ရေလက်ကြားပိတ်ဆို့ဖို့ အမိန့်ပေးပြီးပါပြီ။ အီရန်ရဲ့ အမြတ်ထုတ်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး နောက်ထပ်အစီအစဉ်တွေ အားလုံးကိုလည်း ပြင်ဆင်ထားပြီးပါပြီ။ သမ္မတ ထရမ့် နောက်ထပ်ခြေလှမ်းဘာဖြစ်မလဲလို့ ဝေါစထွိဂျာနယ်ကို ပြောတဲ့သူကတော့ ဒါကမှန်းဆချက်သက်သက်ဖြစ်တယ်ဆိုတာ သူကိုယ်တိုင်သိပါလိမ့်မယ်" လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အိုလီဗီယာ ဝေးစ်က တုံ့ပြန်ပါတယ်။
"သူတို့ စားပွဲဝိုင်းပေါ် ပြန်ရောက်၊ မရောက်ကို ကျွန်တော် ဂရုမစိုက်ဘူး" - ထရမ့်
ဖလော်ရီဒါပြည်နယ်ကနေအပြန် ဝါရှင်ဒီစီမြို့တော်အနီးက စစ်အခြေစိုက်စခန်းကိုရောက်နေတဲ့ သမ္မတထရမ့်က သတင်းထောက်တွေ နဲ့ စကားပြောခဲ့ပါတယ်။ သတင်းထောက်တွေက အီရန်က တွေ့ဆုံညှိနှိုင်းမှုပြန်မလုပ်ရင်ဘာဖြစ်မလဲလို့ သမ္မတထရမ့်ကို မေးခဲ့ပါတယ်။
" သူတို့ စားပွဲဝိုင်းပေါ် ပြန်ရောက်၊ မရောက်ကို ကျွန်တော် ဂရုမစိုက်ဘူး။ သူတို့ပြန်မလာလည်း ကိစ္စမရှိပါဘူး" လို့ ထရမ့်က ပြောပါတယ်။
မအောင်မြင်ခဲ့တဲ့ ပါကစ္စတန်ကဆွေးနွေးပွဲ အပြီး တစ်ရက်အကြာမှာထရမ့်က ဒီလို ပြောလာတာပါ။
အမေရိကန် နဲ့ အီရန် အပစ်ရပ်သဘောတူညီမှုကလည်း "ကောင်းမွန်နေဆဲ" အခြေအနေဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
သုံးသပ်ချက်- မအောင်မြင်တဲ့ဆွေးနွေးပွဲက ကမ္ဘာ့စီးပွားရေးကိုခြိမ်းခြောက်
အမေရိကန်- အီရန်တို့ကြားမှာ ဆွေးနွေးပွဲ မအောင်မြင်ခဲ့မှုရဲ့ နောက်ဆက်တွဲ လောင်စာဆီဈေးတက်လာမှုက ကမ္ဘာ့စီးပွားရေးအပေါ် နောက်ထပ် ရိုက်ခတ်မှုတစ်ခုဖြစ်ပါတယ်။
အဓိက ပြဿနာကတော့ သယ်ယူပို့ဆောင်ရေးပါ။ ဟော်မုဇ်ရေလက်ကြားမှာ အနှောင့်အယှက်တွေ ဆက်ပြီးရှိနေရင် တစ်နေ့ကို စက်သုံးဆီ စည်ပေါင်း ၂ သန်းကျော်လောက် အကျပ်ရိုက်နိုင်တယ်လို့ သုံးသပ်သူတွေက ပြောပါတယ်။ ဒီအခြေအနေက စွမ်းအင်ဈေးကွက်မှာ မတည်ငြိမ်မှုတွေပိုဖြစ်စေတာ၊ စက်သုံးဆီဈေးတွေ ပိုတိုးလာတာတွေ ဖြစ်စေပါတယ်။
ဒါဟာ ကမ္ဘာ့စီးပွားရေးအပေါ် တိုက်ရိုက်သက်ရောက်ရှိလာတဲ့အထိ ကျယ်ပြန့်လာပါတယ်။ လောင်စာဆီဈေးတက်လာတာက ပို့ဆောင်းရေးလုပ်ငန်း၊ အစားအသောက်နဲ့ ကုန်ပစ္စည်းဈေးနှုန်းတွေ၊ ငွေကြေးဖောင်းပွမှု နဲ့ အိမ်ထောင်စုတွေရဲ့ ဝင်ငွေ တွေပါ လျော့ကျနိုင်ပါတယ်။
နိုင်ငံအသီးသီးက ဗဟိုဘဏ်တွေကလည်း မကြာသေးမီကပဲ အတိုးနှုန်းလျှော့ချတာတွေ လုပ်လာရပါတယ်။ ရေနံဈေးတက်နေသမျှကာလမှာ အတိုးနှုန်းထား ဖြတ်တောက်မှုတွေကိုလည်း ရွှေ့ဆိုင်းထားရပါလိမ့်မယ်။
စွမ်းအင်တင်သွင်းမှုတွေအပေါ် အားထားရတဲ့ ဥရောပနဲ့ အာရှနိုင်ငံတွေဟာလည်း စီးပွားရေးတိုးတက်မှု နဲ့ အသုံးစရိတ်အပေါ်မှာ ဖိအားပိုပိလာစေပါတယ်။ တစ်ဖက်မှာလည်း တင်ပို့သူတွေက ဈေးကွက်ထဲဝယ်လိုအားလျော့ကျသွားမှာကိုလည်း စိုးရိမ်နေရပြန်ပါတယ်။
ဈေးကွက်တွေမှာတော့ ရှယ်ယာတွေ ပြန်ကျလာတာ၊ ရေနံဈေးတွေတက်လာတာနဲ့စျေးကွက်မသေချာမှုတွေက ပိုပြီး ရှိလာနေပါတယ်။ ဒီအခြေအနေဟာ ဈေးကွက်တိုးတက်မှု နှေးစေပြီး ငွေကြေးဖောင်းပွမှုပိုဖြစ်စေပါတယ်။
အမေရိကန်ရဲ့ ပိတ်ဆို့မှုကြောင့် အီရန် ဆီရောင်းချခွင့်မရနိုင် - ကာကွယ်ရေးဆိုင်ရာသုတေသီ
သမ္မတဒေါ်နယ်ထရမ့်ရဲ့ အီရန်ဆိပ်ကမ်းတွေပိတ်ဆို့မယ့် အစီအစဉ်ဟာ အီရန်စစ်ပွဲကို နောက်တဆင့် အရှိန်မြင့်သွားစေပြီး ငြိမ်းချမ်းရေးသဘောတူညီမှုမရလို့ ထရမ့်ရဲ့ အမျက်ဒေါသထွက်နေပုံကို လည်း ပိုပြီးပေါ်လွင်စေတယ်လို့ ကာကွယ်ရေးဆိုင်ရာလေ့လာစောင့်ကြည့်သူ ဂျက်စတင် ခရမ့် ကပြောပါတယ်။
ဘီဘီစီ နံနက်ခင်းသတင်းအစီအစဉ်မှာ သူကအခုလို ပြောခဲ့တာပါ။ ဒီအစီအစဉ်ဟာ အီရန်က တရုတ်အပါအဝင် သူ့ဖောက်သည်တွေ ကို ဆီရောင်းချခွင့်ပိတ်ပင်သလိုဖြစ်သွားစေပြီး အီရန်အပေါ် ပိုပြီး ဖိအားများစေခဲ့တယ်လို့ သူကပြောပါတယ်။
အမေရိကန် နဲ့ အီရန် နှစ်ဖက်စလုံးက သူတို့ အသာစီးရနေတယ်လို့ ခံယူထားကြပြီး နှစ်ဖက်စလုံးက " ဒါကို သက်သေပြဖို့ တစ်ဖက်နဲ့ တစ်ဖက် ဆွဲချဖို့ ကြိုးစားနေကြတယ်" လို့ ခရမ့်က ရှုမြင်ပါတယ်။
ဒါကပဲ အခြေအနေတင်းမာမှု၊ အဖျက်အမှောက်တွေ ပိုဖြစ်လာစေတယ်လို့ သူကပြောပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ ဆွေးနွေးပွဲတွေမှာ အဖြေမထွက်ခဲ့ပေမဲ့ အပြုသဘောဆောင်တဲ့ ရှုမြင်မှုတချို့တော့ မြင်ရတယ်လို့ သူက ပြောပါတယ်။
" နှစ်ဖက်စကားပြောမှုတွေ တော်တော်လုပ်ခဲ့ပုံရတယ်။ ဒါက ကောင်းတဲ့အချက်ပါ။ ဆွေးနွေးစရာမရှိ ရင် ခပ်မြန်မြန်ပဲ ပြီးသွားမှာပေါ့" လို့ သူက ပြောပါတယ်။
တရုတ်ရဲ့ ဖိအားနဲ့ သဘောတူမှုလုပ်ဖို့ ဖိအားပေးခံရနိုင်တဲ့ အီရန်
ပြီးခဲ့တဲ့ စကားဝိုင်းဆွေးနွေးပွဲတွေ မအောင်မြင်ခဲ့မှု နဲ့ ထရမ့်ရဲ့ အီရန်ဆိပ်ကမ်းပိတ်ဆို့မယ့် အစီအစဉ်ဟာ စီးပွားရေးဈေးကွက်တွေအပေါ် သက်ရောက်မှုရှိလာနိုင်ပါတယ်။
ဆီဈေးတွေကလည်း တစ်စည်ကို အမေရိကန်ဒေါ်လာ ၁၀၀ ကျော်အထိတက်လာပြီး အာရှ စတော့ခ် ဈေးကွက်တွေ ထိုးကျခဲ့ပါတယ်။ ဥရောပဈေးကွက်ရှယ်ယာတွေလည်း ထိုးကျသွားခဲ့ပါတယ်။
ဒီအခြေအနေ မြင်ကွင်းကိုချဲ့ကြည့်ရင် လက်ရှိခြေအနေဟာ တရုတ်အပေါ်မှာလည်း ပိုပြီး ဖိအားများစေပါတယ်။ တရုတ်မှာ ခိုအောင်း ရေနံသဘာဝအရင်းအမြစ်တွေ ပေါကြွယ်ဝသလို ပြည်ပနိုင်ငံတွေဖြစ်တဲ့ ရုရှား၊ အီရန်တို့ဆီကနေလည်း ရေနံဆီ တင်သွင်းပါတယ်။ တရုတ်ရဲ့ ရေနံစိမ်းတင်ပို့မှု ၁၆ ရာခိုင်နှုန်းက အီရန်နိုင်ငံက လာတာဖြစ်ပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ဖြတ်လာတဲ့ အီရန်ရေနံ အများစုဟာ တရုတ်ကို တင်ပို့တာပါ။ ဒီလမ်းကြောင်း ကို ပိတ်ဆို့ဖို့ ကြိုးစားတာဟာ အီရန်က အမေရိကန်နဲ့ သဘောတူညီမှု လုပ်ဖို့ တရုတ်ရဲ့ ဖိအားပေးမှုကို ခံရနိုင်ပါတယ်။
နောက်ထပ် ထိခိုက်မှုရှိလာတာက ကမ္ဘာ့စီးပွားရေးလုပ်ငန်းတွေ အပေါ် ယုံကြည်နိုင်မှုပါပဲ။ ဒီမနက်ထုတ်တဲ့ စီးပွားရေးအကြံပေးအဖွဲ့အစည်း Deloit ရဲ့ သုတေသနအရ ဒီနှစ်အစောပိုင်း မှာ စီးပွားရေးလုပ်ငန်းတွေရဲ့ ယုံကြည်မှုတွေ ပြန်တက်လာမယ့် လက္ခဏာတွေဟာ အခုတော့ လုံးဝပျောက်ဆုံးသွားပြီလို့ ဖော်ပြထားပါတယ်။