အဲဗားဂရန်း တရုတ်ကုမ္ပဏီ တည်ထောင်သူ လိမ်လည်မှုနဲ့ အပြစ်ရှိကြောင်း ဝန်ခံလျှောက်ထား

၂၀၁၉ ခုနှစ် မတ်လ ၂၆ ရက် အင်္ဂါနေ့က တရုတ် အဲဗားဂရန်း ကုမ္ပဏီဥက္ကဋ္ဌ ဟွေ ကာယန် ကို ဟောင်ကောင် သတင်းစာရှင်းလင်းပွဲတစ်ခုမှာတွေ့ရပုံ

ဓာတ်ပုံ ရင်းမြစ်, Bloomberg via Getty Images

ဓာတ်ပုံ ပုံစာ, ဟွေ ကာယန်၊ တရုတ် အဲဗားဂရန်းအုပ်စု ကုမ္ပဏီဥက္ကဋ္ဌ
    • ရေးသားသူ, လော်ရာ ဘစ်ကာ
    • ရာထူးတာဝန်, တရုတ်ရေးရာ ဘီဘီစီသတင်းထောက်
    • ရေးသားသူ, အိုစမန် ချီယာ
    • ရာထူးတာဝန်, စီးပွားရေးဆိုင်ရာ ဘီဘီစီသတင်းထောက်
  • ဖတ်ရန်အချိန်: မိနစ် ၂

ပြဿနာတက်နေတဲ့ တရုတ် အိုးအိမ်ခြံမြေ ကုမ္ပဏီ အဲဗားဂရန်းကို တည်ထောင်သူ ဟွေ ကာယန် ဟာ ပိုင်ဆိုင်မှုတွေကို အလွဲသုံးစားလုပ်မှု၊ စီးပွားရေးလုပ်ငန်း အသာရအောင် လာဘ်ပေးမှု အပါအဝင် စွဲချက်အတော်များများအတွက် အပြစ်ရှိကြောင်း ဝန်ခံလျှောက်လဲ ခဲ့တယ်လို့ တရားရုံးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရှန်ဂျန်းမြို့မှာ ဧပြီလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့မှာ လုပ်တဲ့ တရားရုံး ကြားနာစစ်ဆေးမှုအတွင်း ဟွေက နောင်တရကြောင်း ထုတ်ဖော် ပြခဲ့တယ်လို့ တရုတ်အစိုးရ သတင်းမီဒီယာက ဆိုပါတယ်။

နောက်ပိုင်း ရက်တစ်ရက်မှာ ဒီအမှုတွဲအတွက် စီရင်ချက် ကြေညာမယ်လို့ တရားရုံးက ပြောပါတယ်။

အပြစ်ရှိကြောင်း သူ့ရဲ့ ခံ၀န်လျှောက်လဲမှုဟာ အဲဗားဂရန်း ကုမ္ပဏီ ပြိုကျမှုရဲ့ အကျိုးဆက်အတွင်း အရေးပါတဲ့ အခိုက်အတံ့အချိန်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဗားဂရန်း ကုမ္ပဏီပြိုကျမှုကြောင့် တရုတ်နိုင်ငံရဲ့ အိုးအိမ်ခြံမြေ ပိုင်ဆိုင်မှု ကဏ္ဍကို လှုပ်ခတ်သွားစေခဲ့ပြီး ရင်းနှီးမြှုပ်နှံသူတွေနဲ့ ပြည်တွင်း ဘဏ်လုပ်ငန်းတွေ မတည်မငြိမ် ဖြစ်သွားခဲ့ရပါတယ်။

အဲဗားဂရန်း ကုမ္ပဏီဟာ တချိန်က တရုတ်နိုင်ငံရဲ့ အကြီးမားဆုံး အိုးအိမ်ခြံမြေ အကျိုးဆောင်ကုမ္ပဏီကြီး ဖြစ်ခဲ့ပြီး စတော့ခ်ရှယ်ယာစျေးကွက်မှာ ဒေါ်လာ ဘီလျံ ၅၀ ကျော်တန်ဖိုး ရှိခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၁ ခုနှစ်မှာ ကြွေးမြီအကြပ်အတည်းနဲ့ ကြုံခဲ့ရပြီး စီးပွားရေးလုပ်ငန်း ပြိုကွဲခဲ့ရပါတယ်။

အဲဗားဂရန်း ကုမ္ပဏီဟာ အိမ်ဝယ်မယ့်သူတွေဆီက စရံငွေ ဒေါ်လာ မီလျံပေါင်းများစွာ ယူထားခဲ့ပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးမပြုခဲ့ဘဲ စီမံကိန်းသစ်တွေထဲ ငွေတွေ လွှဲထည့်ခဲ့တဲ့အတွက် တရုတ်နိုင်ငံတဝန်းမှာ အိုးအိမ်တွေ ရာပေါင်းများစွာ အပြီးမသတ်နိုင်ဘဲ ကျန်နေခဲ့ပါတယ်။

ရှူ ဂျီယာယင် လို့လည်း အများက သိကြတဲ့ ဟွေ ဟာ တရုတ်နိုင်ငံ ကျေးလက်ဒေသမှာ ဘဝ စခဲ့တာ ဖြစ်ပြီး သူ့ကို အဘွားဖြစ်သူက ကြည့်ရှုစောင့်ရှောက်ခဲ့တာ ဖြစ်ပါတယ်။ အိုးအိမ်ဆောက်လုပ်ရေး လောကထဲ ဝင်လာအပြီး ၁၉၉၆ ခုနှစ်မှာ အဲဗားဂရန်း ကုမ္ပဏီကို စတည်ထောင်ခဲ့ပါတယ်။

အဲဗားဂရန်း ကုမ္ပဏီ ပြိုပျက်သွားမှုကို တရုတ်နိုင်ငံရဲ့ အိမ်ခြံမြေစျေးကွက် ကြာရှည်ကျဆင်းနေစေတဲ့ အကြောင်းရင်းတစ်ရပ်အဖြစ် မကြာခဏ ပြောဆိုလေ့ရှိကြပါတယ်။ အိမ်ခြံမြေ စျေးကွက်ဟာ ၂၀၂၁ ခုနှစ်မှာ ထိုးကျသွားခဲ့ပြီး တရုတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ကြီးကြီးမားမား ဝန်ပိစေခဲ့ပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ကုမ္ပဏီ ပြိုပျက်ချိန်မှာ အဲဗားဂရန်း ကုမ္ပဏီဟာ တရုတ်နိုင်ငံက မြို့ပေါင်း ၂၈၀ လောက်မှာ စီမံကိန်း ၁၃၀၀ လောက် လုပ်နေတာ ဖြစ်ပါတယ်။

အဲဗားဂရန်း ကုမ္ပဏီ ဟာ သူ့ရဲ့ အင်ပါယာ အတော်များများကို ချေးငွေ ဒေါ်လာ ဘီလျံ ၃၀၀ နဲ့ တည်ဆောက်ခဲ့အပြီး ကမ္ဘာပေါ်မှာ ကြွေးမြီအများဆုံး အိုးအိမ်ခြံမြေ ဆောက်လုပ်ရေး ကုမ္ပဏီအဖြစ် လူသိများလာခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံမှာ အိုးအိမ်ခြံမြေ ကြွေးမြီတွေကို ထိန်းချုပ်ဖို့အတွက် အစိုးရက ၂၀၂၀ ခုနှစ်မှာ စည်းမျဉ်း ဥပဒေသစ်တွေ ချမှတ်လိုက်ချိန်မှာ အဲဗားဂရန်း ကုမ္ပဏီ အကြီးအကျယ် ထိခိုက်သွားခဲ့ရပြီး ငွေတွေ ပြန်ဝင်လာအောင် အိမ်ခြံမြေတွေကို အကြီးအကျယ် စျေးလျှော့ ရောင်းခဲ့ရပါတော့တယ်။

၂၀၂၄ ခုနှစ် မတ်လမှာတော့ ဟွေ ဟာ ဒဏ်ကြေး ဒေါ်လာ ခြောက်သန်းခွဲ ချမှတ်ခံခဲ့ရပြီး ဝင်ငွေ ဒေါ်လာ ၇၈ ဘီလျံ ပိုပြခဲ့မှုနဲ့ သူ့ကုမ္ပဏီကို တရုတ်ရင်းနှီးမြှုပ်နှံမှု စျေးကွက်ထဲကနေ ရာသက်ပန် ပိတ်ပင်ခံခဲ့ရပါတယ်။

ဟွေ ဟာ ၂၀၁၇ ခုနှစ်တုန်းက ဒေါ်လာ ၄၂ ဘီလျံခွဲလောက် လက်ဝယ် ပိုင်ဆိုင်ခဲ့ပြီး အာရှမှာ အချမ်းသာဆုံးသူအဖြစ် Forbes ရဲ့ အာရှဒေသက အချမ်းသာဆုံးပုဂ္ဂိုလ်များစာရင်းတစ်ခုမှာ ဖော်ပြခံခဲ့ရပါတယ်။

တရုတ်နိုင်ငံမှာ ငွေအများအပြား ချေးယူလုပ်ကိုင်မှုတွေကနေ စီးပွားရေး တိုးတက်လာခဲ့ပြီး သူ့ကုမ္ပဏီ တဟုန်ထိုး ကြီးထွားလာခဲ့ပါတယ်။

သူ့ရဲ့ စီးပွားရေး အင်ပါယာဟာ အိုးအိမ်ခြံမြေတင်မက လျှပ်စစ်ကား ထုတ်လုပ်မှုတွေ၊ အစားအသောက် လုပ်ငန်းတွေအထိ တိုးချဲ့လာခဲ့ပါတယ်။ ဒါ့အပြင် အဲဗားဂရန်း ကုမ္ပဏီဟာ တရုတ်နိုင်ငံရဲ့ထိပ်တန်းဘောလုံးအသင်းဖြစ်လာခဲ့တဲ့ ကွမ်ကျိုးဘောလုံးအသင်းမှာ ရှယ်ယာ အများစု ဝယ်ယူခဲ့ပါတယ်။

ဆယ်စုနှစ် တစ်ခုခွဲကျော်ကြာလောက် ကုန်သွယ်လုပ်ငန်း လုပ်ကိုင်ခဲ့ရာကနေ အဲဗားဂရန်း ကုမ္ပဏီရဲ့ စတော့ခ်ရှယ်ယာတန်ဖိုးတွေ ၉၉ ရာခိုင်နှုန်း ကျဆင်းသွားခဲ့အပြီး ၂၀၂၅ ခုနှစ် သြဂုတ်လမှာ ဟောင်ကောင် ငွေကြေးစျေးကွက်ထဲကနေ ဖယ်ရှားခံခဲ့ရပါတယ်။