သောင်ရင်းမြစ်ရေတက်လာလို့ မြဝတီက အိမ်ထောင်စု တစ်ထောင်ဝန်းကျင် အရေးပေါ်ရွှေ့ပြောင်း

ဓာတ်ပုံ ရင်းမြစ်, Screen Grab
သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်ကျော်ပြီး ရပ်ကွက်တွေထဲဝင်လာလို့ အိမ်ထောင်စု တစ်ထောင်ဝန်းကျင်ကို အရေးပေါ် ရွှေ့ပြောင်းရတယ်လို့ ကယ်ဆယ်ရေးအသင်းအဖွဲ့နဲ့ မြို့ခံတချို့ဆီကနေ သိရပါတယ်။
မြဝတီမြို့ရဲ့ သောင်ရင်းမြစ်အနီးရပ်ကွက်တွေဖြစ်တဲ့ အမှတ် ၁၊ ၂ နဲ့ ၅ ရပ်ကွက်တွေကို ရေဝင်ရောက် နေတာဖြစ်ပါတယ်။
“အမှတ် ၂ ရပ်ကွက်မှာတော့ ရေက ဒူးလောက်ရှိတယ်။ ရပ်ကွက်နေသူတွေကတော့ ညကတည်းက ရွှေ့ ပြောင်းကြတာဆိုတော့ အခုက အထပ်မြင့်နေသမားတွေပဲကျန်တယ်။ ရွှေ့ချင်တဲ့သူတွေ ဆက်သွယ်လာလို့ အခုရပ်ကွက်ထဲမှာ ကယ်ဆယ်ရေးလုပ်နေတုန်းပါ” လို့ မြဝတီမြို့အခြေစိုက် လူမှုကူညီရေးအသင်းရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
သောင်ရင်းမြစ်ရေဟာ မနေ့က ညနေ ၆ နာရီခွဲမှာ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို ၁ လက်မ ကျော်နေရာကနေ ဒီနေ့မနက်ပိုင်းမှာတော့ ၅ ပေ ၃ လက်မအထိ ကျော်လာပြီလို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကနေ ထုတ်ပြန်ပါတယ်။
“အိမ်မှာနေလို့မရတော့လို့ ဆိုင်ပါပိတ်ပြီး ရေလွတ်တဲ့နေရာပြောင်းပြီ” လို့ မြဝတီမြို့ မြေနိမ့်ပိုင်း ရပ်ကွက်မှာနေသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
မြဝတီမြို့နဲ့ သောင်ရင်းမြစ်သာခြားတဲ့ မဲဆောက်မှာတော့ မြစ်ရေတက်လာနိုင်တာကြောင့် ဖုန်းတွေ ကိုအရေးပေါ်သတိပေးချက်စာတိုတွေ ပို့လာပေမဲ့ မြန်မာဘက်ခြမ်းမှာတော့ အသိပေးချက်မရှိ တာကြောင့် မြို့ခံတွေက မိမိဘာသာ မြစ်ရေအခြေအနေစောင့်ကြည့်ခဲ့ရတယ်လို့ မြို့ခံတချို့က ပြောပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ရဲ့ပြောပြချက်အရ မြဝတီမြို့မှာက ရေဘေးကယ်ဆယ်ရေးစခန်း ၆ ခုဖွင့်ထားတယ်လို့သိရပါတယ်။
မိုးဇလရဲ့ ဒီမနက်ခန့်မှန်းချက်အရ သောင်ရင်းမြစ်ရေဟာ မြဝတီမြို့ရဲ့ စိုးရိမ်ရေမှတ်အထက်ကို နောက် ၁ ရက်အတွင်း ၅ ပေဆက်လက်မြင့်တက်မယ်လို့ သတိပေးထားပါတယ်။


