စက်တင်ဘာ ၂၀ ရက်သတင်းများအနှစ်ချုပ် - Asian Games မှာ မြန်မာတက်ဂ်ဘောမယ်ရွှေဆုရ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၈

ဂျပန်နိုင်ငံမှာ ကျင်းပနေတဲ့ အကြိမ် ၂၀ မြောက် အာရှအားကစားပြိုင်ပွဲရဲ့ တက်ဂ်ဘောပြိုင်ပွဲမှာ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲမှာ မြန်မာလက်ရွေးစင် ခင်နှင်း၀ေက ရွှေတံဆိပ်ဆုကို ဆွတ်ခူးသွားပါတယ်။

မြန်မာ တက်ဂ်ဘော ကစားသမား ခင်နှင်း၀ေဟာ အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲမှာ ရှုံးပွဲမရှိဘဲ ဆက်တိုက်နိုင်ခဲ့ပြီး ဒီနေ့မှာ ရွှေတံဆိပ်ရခဲ့တာဖြစ်ပါတယ်။

ခင်နှင်း၀ေဟာ အုပ်စုအဆင့်မှာ ပြိုင်ဘက်အသင်းတွေကို ရှုံးပွဲ မရှိကစားပြီး တက်လာခဲ့သူဖြစ်ပြီး အကြိုဗိုလ်လုပွဲမှာ လက်ဘနွန်ကစားသမားနဲ့ ရင်ဆိုင်ခဲ့ပါတယ်။ အဲဒီပွဲမှာလည်း ၂ ပွဲပြတ်နဲ့ အနိုင်ရခဲ့ပြီး ဗိုလ်လုပွဲမှာ အင်ဒိုနီးရှား ကစားသမားနဲ့ ဆက်ယှဥ်ပြိုင်ခဲ့တာပါ။

ဗိုလ်လုပွဲမှာလည်း ရှုံးပွဲမရှိစံချိန် ထပ်ချိုးလို့ ခင်နှင်း၀ေဟာ အာရှအားကစားပြိုင်ပွဲ (20th Asian Games Aichi-Nagoya 2026) ရဲ့ တက်ဂ်ဘောပြိုင်ပွဲ အမျိုးသမီး ၁ ဦးချင်းပွဲမှာ ရွှေတံဆိပ်ရခဲ့တာဖြစ်ပါတယ်။

တက်ဂ်ဘောဟာ အခုနှစ် အားကစားပြိုင်ပွဲမှာ ပထမဆုံး ပါ၀င်ထည့်သွင်းကစားတဲ့ ကစားနည်းဖြစ်ပါတယ်။

အခုနှစ် အာရှအားကစားပြိုင်ပွဲမှာ မြန်မာက ကစားသမား အယောက် ၆၀ နီးပါးက တက်ဂ်ဘော အပါအ၀င်၊ ပိုက်ကျော်ခြင်း၊ အမျိုးသမီးဘောလုံးပွဲ၊ ကျွမ်းဘားနဲ့ Esports တို့မှာ ပါ၀င် ယှဥ်ပြိုင်နေပါတယ်။

အကြိမ် ၂၀ မြောက် အာရှ အားကစားပွဲကိုတော့ စက်တင်ဘာ ၁၉ ရက်ကနေ အောက်တိုဘာ ၄ ရက်အထိ ကျင်းပမှာဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌသစ် ဦးခင်ရီပဲပြန်ရွေးခံရ

အသွင်ပြောင်းအစိုးရလက်ထက်မှာ အာဏာရပါတီဖြစ်နေတဲ့ ကြံ့ခိုင်ရေးပါတီ ညီလာခံကို နေပြည်တော်မှာ ကျင်းပခဲ့ပြီး ပါတီဥက္ကဋ္ဌနေရာအတွက် ဦးခင်ရီပဲ ပြန်ရွေးချယ်ခံရပါတယ်။

ဦးခင်ရီကတော့ ပါတီစည်းကမ်းထိန်းသိမ်းရေးကို လုပ်ပိုင်ခွင့်တိုးပေးပြီး ပါတီတွင်းစည်းလုံးရေးနဲ့ ပါတီ၀င်အင်အားတိုးပွားရေးတို့ကို လာမယ့် ၅ နှစ် ပါတီ ရည်မှန်းချက်ထဲ ထည့်ထားတယ်လို့ ဥက္ကဋ္ဌသစ်တာ၀န်ယူ မိန့်ခွန်းထဲ ပြောသွားပါတယ်။

ဒုတိယဥက္ကဋ္ဌ ၁ က ဦးမြတ်ဟိန်းဖြစ်ပြီး ဒုက္ကဋ္ဌ ၂ က ဦးသောင်းအေး ဖြစ်ပါတယ်။ အထွေထွေအတွင်းရေးမှူးကတော့ ဦးတင်အောင်ချစ်ဖြစ်လာပြီး ဦးအောင်စိုးကတော့ တွဲဖက်အတွင်းရေးမှူးနေရာ ရလာပါတယ်။

နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့ နီးစပ်ပြီး လက်ရှိမှာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ရာထူးတာဝန်ထားတဲ့ စစ်ဥပဒေချုပ်ဟောင်း ဦးအောင်လင်းဒွေးကတော့ ပါတီဥက္ကဋ္ဌနေရာမှာ ထင်ကြေးပေးခံရတာမျိုးရှိခဲ့ပေမဲ့ ပါတီဥက္ကဋ္ဌနေရာနဲ့ လွဲချော်ခဲ့ပါတယ်။

ကြံခိုင်ရေးပါတီညီလာခံကို မနေ့စက်တင်ဘာ ၁၉ ရက်မှာ စတင်ကျင်းပခဲ့တာဖြစ်ပြီး ရွေးချယ်တင်မြှောက်ရေးကော်မတီနဲ့ ကော်မရှင်တို့ကနေ ဥက္ကဋ္ဌသစ်နဲ့ အတွင်းရေးမှူးတွေကို ရွေးချယ်ခဲ့ကြတာဖြစ်ပါတယ်။

ကော်မရှင်ကို ဦးဆောင်ခဲ့တဲ့ ပါတီဒုဥက္ကဋ္ဌဟောင်း ဦးလှထွန်းကတော့ ကျန်းမာရေးနဲ့ ပါတီကနေ အနားယူသွားပြီလို့ ပါတီဝင်တချို့ဆီကနေ သိရပါတယ်။

အငြိမ်းစား ဗိုလ်ချုပ် ဦးလှထွန်းဟာ ဦးသန်းရွှေအစိုးရရဲ့ဘဏ္ဍာရေးဝန်ကြီးဖြစ်ခဲ့ပြီး ဦးသိန်းစိန်အစိုးရအဖွဲ့မှာ သမ္မတရုံးဝန်ကြီးနေရာရခဲ့သူဖြစ်ပါတယ်။

ကြံ့ခိုင်ရေးပါတီရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အဖြစ် ၄၆ ဦးကို ပြန်လည်ရွေးချယ်ခဲ့တာဖြစ်ပြီး ဒီထဲမှာ ဒုဗိုလ်ချုပ်ကြီးဟောင်းတွေဖြစ်တဲ့ ဦးသက်ပုံနဲ့ ဦးစိုးတင့်နိုင်တို့လည်း အမှုဆောင်အဖွဲ့ဝင်တွေဖြစ်လာပါတယ်။

ပန်တိုဂျာကိုအနိုင်ယူပြီး ချန်ပီယံခါးပတ် ဒုတိယအကြိမ်ကာကွယ်ခဲ့တဲ့ ဗန်

UFC Flyweight ချန်ပီယံ ဂျော့ရှုဝါဗန် ဟာ အရင်ချန်ပီယံဟောင်း ပန်တိုဂျာကို ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ချန်ပီယံခါးပတ်ကိုဒုတိယအကြိမ်ကာကွယ်နိုင်ခဲ့ပါပြီ။

ဗန် နဲ့ ပန်တိုဂျာတို့ဟာ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မှာ ကျင်းပတဲ့ UFC 331 ပြိုင်ပွဲရဲ့ ခေါင်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ခဲ့ကြတာပါ။

ပြိုင်ပွဲတလျှောက် ပန်တိုဂျာဟာ ဗန်ကို လှဲချပြီး ချုပ်ဖို့ကြိုးစားခဲ့သလို ဗန်ကလည်း မတ်တပ်ရပ်ပြီး လက်သီးတွဲဆိုင်းတွေ အသုံးပြုခဲ့တာပါ။

ငါးချီမြောက်က ဗန်က ပန်တိုဂျာ ကို ချုပ်ကွက်နဲ့ ပွဲသိမ်းဖို့ ကြိုးစားခဲ့ပေမဲ့ အလုပ်မဖြစ်ခဲ့ပါဘူး။

ဂျော့ရှုဝါဗန်ဟာ ဘီဘီစီနဲ့ အင်တာဗျူးမှာ ပြောခဲ့တဲ့အတိုင်း တတိယအချီမှာ ပန်တိုဂျာကို အလဲထိုးပြီး အနိုင်ယူခဲ့တာပါ။

အသက် ၃၆ နှစ်ရှိပြီဖြစ်တဲ့ ချန်ပီယံဟောင်း ပန်တိုဂျာကတော့ ဗန်နဲ့ ပထမဆုံးယှဉ်ပြိုင်ခဲ့တဲ့ ပွဲမှာ ဒဏ်ရာရပြီး ချန်ပီယံခါးပတ်ကို လက်လွှတ်ပေးခဲ့ရပြီး ဒုတိယမြောက်မကြေပွဲမှာလည်း ထပ်ပြီးရှုံးပွဲကြုံခဲ့ရတာပါ။

UFC သမိုင်းတလျှောက် ဒုတိယအသက်အငယ်ဆုံး ချန်ပီယံလည်းဖြစ်၊ အာရှရဲ့ ပထမဆုံး အမျိုးသားချန်ပီယံလည်းဖြစ်တဲ့ ဂျော့ရှုဝါဗန်ဟာ UFC Flyweight ရဲ့ ထိုက်တန်တဲ့ ချန်ပီယံဆိုတာကို ထပ်ပြီး သက်သေပြခဲ့ပြီလည်းဖြစ်ပါတယ်။

ထိုးကြေး ဒေါ်လာ ၆ သိန်း ရရှိ

UFC Flyweight ချန်ပီယံ ဂျော့ရှုဝါဗန်ဟာ ပန်တိုဂျာနဲ့ ဒီကနေ့ ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ အပိုဆုကြေးအပါအဝင် ထိုးကြေး ဒေါ်လာ ၆ သိန်း ရရှိခဲ့တယ်လို့ UFC က ကြေညာပါတယ်။

ဂျော့ရှုဝါဗန်ဟာ ထိုးကြေး ဒေါ်လာ ငါးသိန်းအပြင် အကောင်းဆုံးပွဲ (Fight of the Night) အဖြစ် ထပ်ဆောင်းဆုငွေ ၁ သိန်းထပ်မံ ရရှိခဲ့တာပါ။

ဒီပမာကို မြန်မာငွေနဲ့ဆိုရင် သိန်း နှစ်သောင်းငါးထောင်ကျော်ရရှိခဲ့တာဖြစ်ပါတယ်။

UFC Flyweight ချန်ပီယံ မြန်မာနွယ်ဖွား ချင်းဖိုက်တာ ဂျော့ရှုဝါဗန်နဲ့ ဘရာဇီးဖိုက်တာ ပန်တိုဂျာတို့ဟာ ဒီကနေ့ အမေရိကန်ပြည်ထောင်စု၊ လော့စ်အိန်ဂျယ်လိစ်မြို့မှာ ကျင်းပတဲ့ UFC 331 ရဲ့ ခေါင်ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ခဲ့ကြတာပါ။

လက်ရှိချန်ပီယံ ဗန် ဟာ ချန်ပီယံဟောင်း ပန်တိုဂျာကို ဒုတိယအကြိမ်အနိုင်ယူပြပြီး ချန်ပီယံခါးပတ်ကို ထပ်မံကာကွယ်ခဲ့ပါတယ်။​

စမ်းချောင်းမြို့နယ်က အုပ်စုဖွဲ့ ဓားထိုးမှုမှာ ကျူးလွန်သူလို့ဆိုသူတွေကို မဖမ်းမိသေး

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်ထဲ စက်တင်ဘာ ၁၈ ရက်က ဖြစ်ပွားခဲ့တဲ့ဓားထိုးမှုမှာ ပူးပေါင်းကျူးလွန်ခဲ့တယ်လို့ သံသယရှိတဲ့လူငယ်အုပ်စုကို ဒီနေ့ စက်တင်ဘာ ၂၀ ရက် ညနေပိုင်းအထိ မဖမ်းမိသေးဘူးလို့ ဒီအခြေနေကိုသိတဲ့ ဘီဘီစီသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းပေါ်က ညဈေးတန်းအနီးမှာ ကျောင်းသားအရွယ် လူငယ် ၂ဦးနဲ့ နောက်ထပ် လူငယ် ၃ ယောက်ထက်မနည်းပါတဲ့အုပ်စုတစ်စုတို့ စကားများရာကနေ လူငယ်အုပ်စုဘက်က ကျောင်းသား ၂ ဦးကို ဓားနဲ့ ဝိုင်းထိုးခဲ့တာလို့ မျက်မြင်တွေ့ခဲ့ရသူတချို့က ပြောပါတယ်။

ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်ရင်း ပုခုံးချင်းတိုက်မိရာကနေ စကားများပြီး အခုလိုဓားထိုးမှုဖြစ်ခဲ့တာလို့ ဘီဘီစီသတင်းရင်းမြစ်က ပြောပါတယ်။

ဓားထိုးခံရတဲ့လူငယ် ၂ ဦးမှာ တစ်ဦးက ဦးခေါင်းမှာ ပြတ်ရှဒဏ်ရာရပြီး နောက်တစ်ယောက်ကတော့ ဓားဒဏ်ရာက အဆုတ်ကို ထိသွားတာကြောင့် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေလို့ သူက ဆက်ပြောပါတယ်။

လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ရုပ်သံဖိုင်အတိုတစ်ခုမှာလည်း လူငယ်အုပ်စုက ကျောင်းသားအရွယ် လူငယ် ၂ ဦးတို့ လူမြင်ကွင်းမှာ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ချွန်ထက်တဲ့အရာတစ်ခုနဲ့ ထိုးနေတာကို တွေ့ရပါတယ်။

ဓားထိုးခံခဲ့ရတဲ့ လူငယ် ၂ ဦးကို စက်တင်ဘာ ၁၈ ရက်ကတည်းက ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ထားပြီး ဒီနေ့အထိ ကုသမှုခံယူနေရဆဲဖြစ်တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

လက်ရှိမှာတော့ ဓားထိုးခံရတဲ့လူငယ်တွေရဲ့မိသားစုဝင်တွေဘက်က နစ်နာမှုအတွက် အများပြည်သူအထိတ်တလန့်ဖြစ်စေမှု၊ လူသတ်ရန်ကြိုတင်ကြံစည်မှုနဲ့ အုပ်စုဖွဲ့ လူသတ်ရန်ကြံရွယ်မှုတို့နဲ့ စမ်းချောင်းမြို့နယ် ရဲစခန်းမှာ အမှုဖွင့်တရားစွဲထားတယ်လို့ သိရတဲ့အကြောင်းလည်း သူက ပြောပြပါတယ်။

ဒဏ်ရာရ လူငယ် ၂ ဦးရဲ့ကုသမှုနောက်ဆက်တွဲအခြေအနေတွေနဲ့ပတ်သက်လို့ ဘီဘီစီက မိသားစုဝင်တချို့နဲ့ မေးမြန်းခွင့်ရအောင် ဆက်သွယ်နေဆဲဖြစ်ပါတယ်။

နီပေါမှာ မြန်မာတချို့ ဆေးခြောက်သယ်မှုနဲ့အဖမ်းခံရလို့ လူကြုံပစ္စည်းသယ်တာကို သတိပေး

နီပေါနိုင်ငံကို အကြောင်းအမျိုးမျိုးနဲ့လာကြတဲ့ မြန်မာတွေကို လူကြုံအနေနဲ့ ထည့်ပေးလိုက်တဲ့ ပစ္စည်းတွေထဲမှာ ဆေးခြောက်တွေပါလာပြီး ဖမ်းဆီးခံရတာတွေ ရှိနေတာကြောင့် လူကြုံ ပစ္စည်းသယ်တာကို သတိထားကြဖို့ နီပေါမှာရှိတဲ့ မြန်မာသံရုံးက သတိပေးစာ ထုတ်ပါတယ်။

ထိုင်း၊ ဘန်ကောက်နဲ့ တခြားနိုင်ငံတွေကနေ နီပေါကို ၀င်လာတဲ့ မြန်မာအချို့ ဆေးခြောက်တွေနဲ့အတူ ဖမ်းမိမှု ထွက်ပေါ်လာချိန်မှာပဲ သံရုံးဘက်က အခုလို စာထုတ်လာတာဖြစ်ပါတယ်။

ဒီကြေညာချက်မတိုင်ခင် ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ နီပေါနိုင်ငံ မြို့တော် ခေတ္တမန္ဒူက လေဆိပ်မှာ မြန်မာ ၃ ဦးအပါ နိုင်ငံခြားသား ၆ ဦးထက်မနည်းကို ဆေးခြောက်သယ်ဆောင်လာမှုနဲ့ နီပေါ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဗျူရိုကနေ ဖမ်းဆီးမှုဖြစ်ထားပါတယ်။

နီပေါနိုင်ငံက မြန်မာသံရုံးကတော့ အလည်အပတ်ခရီးအပြင် ပစ္စည်းသယ်ယူပို့ဆောင်တဲ့ လုပ်ငန်းနဲ့ အလုပ်အကိုင်ရှာဖွေဖို့ဆိုပြီး အကြောင်းပြချက်အမျိုးမျိုးနဲ့ နီပေါကို လာရောက်တဲ့မြန်မာတချို့ကနေ ဆေးခြောက်တွေသယ်ဆောင်လာတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒီလိုဖမ်းဆီးမှုတွေ ရှိလာတဲ့နောက် မြန်မာတွေကတဆင့် ရည်ရွယ်ချက်ရှိရှိနဲ့ မူးယစ်ဆေးဝါးသယ်ဆောင်တဲ့ဖြစ်စဉ်တွေ ထပ်မံ မပေါ်ပေါက်ဖို့ ဆင်ခြင်ခရီးသွားလာကြဖို့ဆိုပြီး နီပေါမှာရှိတဲ့ မြန်မာသံရုံးကနေ အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

နီပေါရဲ့မူးယစ်ဆေးဝါးတိုက်ဖျက်ရေးဗျူရိုရဲ့ ပြီးခဲ့တဲ့ တနင်္ဂနွေတုန်းက ထုတ်ပြန်ချက်မှာတော့ အရည်အသွေးမြင့် ထိုင်းဆေးခြောက် ၃၇ ကီလိုဂရမ်ကျော်ကို လေဆိပ်မှာ ဖမ်းဆီးရမိခဲ့တယ်လို့ ကြေညာထားတယ်လို့ နီပေါက သတင်းဌာနတွေမှာ ဖော်ပြထားပါတယ်။

အဲဒီမတိုင်ခင် သြဂုတ်လတုန်းကလည်း နီပေါနိုင်ငံထဲ ဆေးခြောက်သယ်မှုနဲ့ မြန်မာ၂ ဦးထက်မနည်း ဖမ်းဆီးခံထားရပါတယ်။

ပခုက္ကူနယ်ထဲ စစ်တပ် ဗုံးကြဲလို့ လူ ၂,၀၀၀ ဝန်းကျင်တိမ်းရှောင်နေရ

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ထဲမှာ စစ်တပ်က လေကြောင်းကနေ ထောက်လှမ်းပြီး ဗုံးကြဲတိုက်ခိုက်နေတာကြောင့် ရွာတွေမှာနေထိုင်နေကြတဲ့ ဒေသခံ ၂,၀၀၀ ဝန်းကျင်ဟာ ဘေးလွတ်ရာ ရွှေ့ပြောင်းနေရတယ်လို့ မကွေးဖက်ဒရယ်ယူနစ်ရဲ့ ပခုက္ကူမြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနရဲ့ တာဝန်ခံ ဦးစိုးထွဋ်ဝင်းက ပြောပါတယ်။

လေကြောင်းအန္တရာယ်ကြောင့် "နေရာပေါင်း လေးငါးနေရာလောက် ခွဲပြီး ရှောင်နေကြရတယ်" လို့ သူကဆိုပါတယ်။

ပခုက္ကူနယ်ထဲက ကျေးရွာတွေကို စက်တင်ဘာ ၁၇ ရက်ကတည်းက စစ်တပ်က အင်အား ၅၀၀ ဝန်းကျင်ခန့်နဲ့ ဖြန့်ကြက် စစ်ကြောင်းထိုးနေတာလို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။

စက်တင်ဘာ ၁၈ ရက်နဲ့ ၁၉ ရက် ၂ ရက်လုံးမှာ စစ်တပ်က ရေနံထွက်တဲ့ ရေနံချပ်ရွာထဲ စစ်ကြောင်း ထိုးမီးရှို့တာတွေလုပ်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

ဒါ့အပြင် ရေနံချပ်ရွာမှာ အထိုင်ချပြီး ပခုက္ကူ - ဆိပ်ဖြူကားလမ်းပေါ်က ၃၆ မိုင် ဇရပ်စုရပ်ဘက်ကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် စစ်ရှောင် ၂ ဦးသေ ဆုံးပြီး ၁၀ ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

၃၆ မိုင်ဇရပ်စုရပ်ဟာ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ပခုက္ကူခရိုင် အမှတ် ၈ တပ်ရင်းလှုပ်ရှားရာ နယ်မြေတစ်ခုဖြစ်တယ်လို့ ပခုက္ကူအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ဒရုန်းအပြင် "စက်တပ်လေထီး၊ Mi-35 ရဟတ်ယာဉ်၊ တိုက်လေယာဉ်" တွေနဲ့ ဒီနေ့ စက်တင်ဘာ ၂၀ ရက်မနက်ပိုင်းအထိ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေတယ်လို့ သူကဆိုပါတယ်။

စစ်တပ်စစ်ကြောင်းတချို့ဟာ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ ရေနံချပ်ရွာအပြင် အဲဒီအနီးနားက ရေနံမှော်နေရာတွေကိုပါ ပြန်ထိန်းချုပ်ချင်တာကြောင့် အခုလိုအင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးလာတာလို့ သူက ထည့်ပြောပါတယ်။

မနေ့ စက်တင်ဘာ ၁၉ ရက်မှာတော့ တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်တပ် တပ်ဖွဲ့ဝင်တွေ အထိုင်ချထားတဲ့ ရွာသစ်နဲ့ ဂူလေးကျောင်းက တပ်စခန်းတချို့ကို ဒရုန်းနဲ့တိုက်ခိုက်တာတွေ လုပ်ခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

စစ်တပ်စစ်ကြောင်းထဲက ရေနံချပ်နဲ့ အနီးနားရွာတွေမှာ ဒီနေ့ စက်တင်ဘာ ၂၀ ရက်အထိ တပ်စွဲအထိုင်ချထားဆဲဖြစ်တယ်လို့ သူကဆိုပါတယ်။

မြန်မာစစ်တပ်ကတော့ ပခုက္ကူနယ်ထဲက စစ်ရေးအခြေအနေတွေနဲ့ ပတ်သက်လို့ ဒီနေ့ နေ့လယ်ပိုင်းအထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

ရခိုင်ကနေ ပြည်မထွက်ဖို့ကြိုးပမ်းတဲ့လူငယ်တွေ လမ်းမှာ ဖမ်းဆီးခံရမှုတွေများလာ

စစ်ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲကနေ ရန်ကုန်မြို့ကထိ ထွက်လာဖို့ကြိုးပမ်းတဲ့လူငယ်တချို့ကို အာရက္ခတပ်တော်(အေအေ) အုပ်ချုပ်ရေးအာဏာပိုင်တွေက လမ်းခုလတ်မှာပဲ ဖမ်းဆီးတဲ့ဖြစ်စဉ်တွေ ခပ်စိပ်စိပ်ဖြစ်လာတယ်လို့ ဖမ်းဆီးခံရသူတချို့နဲ့နီးစပ်သူတချို့က ပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လကတင် ရခိုင်ကနေ ထွက်ဖို့ ကြိုးပမ်းတဲ့ လူငယ်အများစုပါ၀င်တဲ့ လူ ၈၀ နီးပါးကို အေအေ အာဏာပိုင်တွေက လမ်းမှာပဲ ဖမ်းဆီးမှုဖြစ်ခဲ့ပါတယ်။

အာရက္ခတပ်တော်(အေအေ) ထိန်းချုပ်ထားတဲ့ မြို့တွေမှာရှိနေတဲ့ လူထုတွေဟာ အလုပ်အကိုင်ရှားပါးမှုနဲ့ ပညာရေးလမ်းကြောင်း ဆက်လျှောက်ဖို့ဆိုပြီး ရခိုင်ထဲကနေ ထွက်ခွာနေကြတာဖြစ်ပြီး လမ်းမှာ အခုလိုဖမ်းဆီးမှုတွေကြုံနေရတာလို့ လူအသယ်အပို့ လုပ်ပေးတဲ့လမ်းပြပွဲစားတစ်ဦးက ဆိုပါတယ်။

"အမျိုးသမီးဆိုရင် ၃၅ နှစ်အောက်နဲ့ အမျိုးသားဆို ၄၅ နှစ်အကုန်ဖမ်းတာ" လို့ သူက ဖွင့်ပြောပါတယ်။

ရခိုင်ဒေသခံတွေဟာ စားဝတ်နေရေးအခက်အခဲကြောင့် ပြည်မမှာ အလုပ်အကိုင်ထွက်ရှာချင်သူအပြင် ကျောင်းမပြီးသေးတဲ့လူငယ်တွေဟာလည်း အတန်းပညာကို ဆက်ပြီးသင်ယူချင်တာကြောင့် ရခိုင်ပြည်နယ်ထဲကနေ ရတဲ့နည်းလမ်းနဲ့ ထွက်နေကြတာလို့ သူက ရှင်းပြပါတယ်။

"နိုင်ငံခြားကို အလုပ်သွားချင်တဲ့သူတွေလည်းရှိတယ်။ ရန်ကုန်ကိုပဲ လာရတာပေါ့" လို့ သူက ဆက်ပြောပါတယ်။

အေအေကတော့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ်ပြဋ္ဌာန်းချက် (NDEP) အရ ၂၀၂၅ ခုနှစ် မေလကတည်းက စစ်မှုထမ်းအသက်နဲ့ အကျိုးဝင်တဲ့ အမျိုးသား၊ အမျိုးသမီးတွေကို ရခိုင်ပြည်နယ်ထဲက ထွက်ခွာခွင့်ပိတ်ထားပြီးဖြစ်ပါတယ်။

စစ်မှု မထမ်းလိုတာကြောင့် အကြောင်းပြချက်မခိုင်လုံဘဲ ပြင်ပကို ထွက်ဖို့ ကြိုးစားနေသူတွေကို သွားလာခွင့်မပြုဘဲ ပြည်တွင်းစစ်ရေးတည်ငြိမ်တဲ့အထိ တားမြစ်ထားတာဖြစ်ပါတယ်။

"တရားဝင်လမ်းကြောင်းကနေ သွားမယ်ဆိုရင် အေအေရဲ့ထောက်ခံချက်ပါမှရတာ၊ မဟုတ်ရင် ထွက်ခွင့်မပြုဘူး ဖမ်းတယ်" လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဖမ်းမိတဲ့လူငယ်တွေကိုလည်း အေအေက စစ်သင်တန်း ၂ လကျော် တက်ရောက်စေပြီး သင်တန်းဆင်းတဲ့အခါ ရှေ့တန်း၊ ထောက်ပို့တပ်သားအဖြစ် တာဝန်ထမ်းဆောင်စေတယ်လို့ ဒီအခြေအနေကိုသိတဲ့ရမ်းဗြဲက ဒေသခံတစ်ဦးက ဆိုပါတယ်။

ရခိုင်ဒေသခံတွေဟာ ပြည်မကိုရောက်ဖို့ရာ အမ်း-ပဒါန်းလမ်းကြောင်း၊ ဂွမြို့ကနေ ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်းဘက်လမ်းကြောင်းနဲ့ မြောက်ဦးမြို့ကနေ ချင်းပြည်နယ်၊ မတူပီ-မင်းတပ်စတဲ့လမ်းကြောင်းတွေကို သုံးပြီး ပြည်နယ်ထဲကနေ စွန့်စားထွက်ခွာနေရတယ်လို့ လမ်းပြပွဲစားတစ်ဦးက ပြောပါတယ်။

"တောလမ်းတောင်လမ်းတွေကနေ ခိုးလာရတာဆိုတော့ လမ်းပြနဲ့ မုဆိုးတွေ ငှားရတယ်။ အဖမ်းအဆီးကြမ်းရင် ကြမ်းသလောက် ဈေးပို တောင်းရတာပေါ့" လို့ သူက ရှင်းပြပါတယ်။

လက်ရှိမှာ ရခိုင်ကနေ ရန်ကုန်ကို လာမယ်ဆိုရင် ပွဲစားကို ပေးရတဲ့ ရန်ကုန်ရောက် အပြီးအစီးဈေးက လူတစ်ယောက်ကို ကျပ်သိန်း ၃၀ ကျော် ရှိတယ်လို့ သံတွဲမြို့ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ရခိုင်ပြည်နယ်ထဲက လူငယ်တွေ ဖမ်းဆီးခံရတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ ဘီဘီစီက အေအေပြောခွင့်ရကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

လက်သည်းအလှပြင်ဆိုင်မှာ မီးစက်ကြောင့် အောက်ဆီဂျင်ပြတ်ပြီး အမျိုးသမီး ၅ ဦးသတိလစ်

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ သံတံတားလမ်းက လက်သည်းအလှပြင်ဆိုင်တစ်ဆိုင်မှာ အခန်းထဲ မီးစက်မောင်းပြီး ၀န်ဆောင်မှုပေးချိန် လက်သည်းလာပြင်တဲ့ အမျိုးသမီး ၅ ဦး အောက်ဆီဂျင်ပြတ် အသက်ရှူကျပ်ပြီး သတိလစ်ခဲ့တယ်လို့ အနာဂတ်အလင်းတန်း ပရဟိတအသင်းက ပြောပါတယ်။

ဒီဖြစ်စဉ်ဟာ မနေ့ စက်တင်ဘာ ၁၉ ရက်၊ ည ၇ နာရီခွဲလောက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သတိလစ်မေ့မြောနေတဲ့သူတွေကို ရန်ကုန်ဆေးရုံကြီးရဲ့ အရေးပေါ်ဌာနကို ပို့ဆောင်ခဲ့ရတယ်လို့ ပရဟိတသင်းက ပြောပါတယ်။

မနေ့က တစ်နေ့လုံးနီးပါး လျှပ်စစ်မီး ပြတ်တောက်မှုဖြစ်ချိန်မှာ ဒီအခြေအနေ ဖြစ်ခဲ့တာပါ။

လျှပ်စစ်မီးပြတ်တဲ့အချိန် မီးစက်တွေကို ဆိုင်အသီးသီးက ဖွင့်မောင်းကြပေမဲ့ မီးစက်တွေကို အလုံပိတ်အခန်းတွေမှာ ထားကြတာလည်း တွေ့ရတယ်လို့ သံတံလားလမ်းအနီးမှာ နေထိုင်တဲ့မြို့ခံတစ်ဦးကဆိုပါတယ်။

မီးစက်ကို "လေဝင်လေထွက်ကောင်းတဲ့ နေရာမှာထားရင် အခုလိုတွေ မဖြစ်ဘူးပေါ့" လို့ သူက ဆိုပါတယ်။

မီးစက်အသုံးပြုတဲ့အခါ မီးစက်အိတ်ဇော(Exhaust)ကနေ ကာဗွန်မိုနောက်ဆိုဒ်ဓာတ်ငွေ့တွေ ထွက်လာပါတယ်။

ဒီဓာတ်ငွေ့ကို ရှူမိရင် ခန္ဓာကိုယ်သွေးအတွင်း အောက်ဆီဂျင်သယ်ဆောင်နိုင်စွမ်း ကျဆင်းသွားပြီး အောက်ဆီဂျင်ပြတ်လပ်ရာကနေ ခေါင်းမူးတာ၊ အားအင်ကုန်ခမ်းရာကနေ သတိလစ်တာနဲ့ အသက်ဆုံးရှုံးတဲ့အထိ အသက်အန္တရာယ်ကြီးပါတယ်။

ဒါကြောင့် မီးစက်ကိုအသုံးပြုမယ်ဆိုရင် ပြတင်းတံခါးပေါက်ပိတ်ထားတဲ့ အလုံပိတ်နေရာတွေ လေဝင်လေထွက် မကောင်းတဲ့နေရာတွေမှာ မီးစက်ကို နေရာမချထားသင့်ဘူးလို့ မီးစက်ရောင်းချနေသူတစ်ဦးကလည်း သတိပေးပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ နှစ်ဝက်တုန်းကလည်း စမ်းချောင်းက တိုက်ခန်းတစ်ခုမှာ မီးစက်မောင်းပြီး အဲယားကွန်းဖွင့်အိပ်ရာကနေ မိသားစုလိုက် သေဆုံးခဲ့တဲ့ဖြစ်စဉ်ရှိခဲ့ပါတယ်။

အဲဒီတုန်းကလည်း သေဆုံးပြီး ရက်ပိုင်းအကြာ ရုပ်အလောင်းတွေကနေ အနံ့ထွက်လာချိန်မှာမှ အိမ်နီးနားချင်းတွေက အာဏာပိုင်တွေကို အကြောင်းကြားပြီးနောက် နေအိမ်ထဲမှာ မိသားစုဝင် ၄ ဦးသေဆုံးနေတာကို သိရှိခဲ့တာဖြစ်ပါတယ်။