ဘန်ကောက်မှာ မိုးဖွဲ၊ အထူးပိတ်ရက် ၂ ရက်စတင်

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာက တနင်္သာရီကမ်းရိုးတန်းကို ဖြတ်ကျော်တိုက်ခတ်နေတဲ့ လေဖိအားနည်း ရပ်၀န်းဟာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ကောင်းကင်မှာ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းမှာ စတင်ခဲ့တာဖြစ်ပါတယ်။
ဒီအခြေအနေကြောင့် မြို့တော်ဘန်ကောက်မှာ မကြုံစဖူး ရေကြီးရေလျှံမှုတွေဖြစ်ခဲ့လို့ ထိုင်းအစိုးရဟာ ဒီနေ့နဲ့ မနက်ဖြန်ကို အထူးအားလပ်ရက် ၂ ရက်ဖြစ် သတ်မှတ်ပါတယ်။
ရေကြီးနေတာကြောင့်ဖြစ်တဲ့ ခရီးသွားရတာ ကမောက်ကမဖြစ်တာကို လျှော့ချဖို့နဲ့ လူထုကို ကာကွယ်ရေးအတွက် အခုလိုဆုံးဖြတ်တာလို့ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ရှိမှာ ဘန်ကောက်မြို့မှာ ပြီးခဲ့တဲ့ သောကြာနေ့ကစလို့ နာရီ ၅၀ ကျော်ကြာ အဆက်မပြတ်ရွာခဲ့တဲ့မိုးကြောင့် တင်ကျန်ခဲ့တဲ့ရေတွေကို စက်တွေနဲ့စုပ်ထုတ်နေဆဲဖြစ်ပါတယ်။
မိုးရေတွေ တဖြည်းဖြည်းလျော့လာပြီဖြစ်ပေမဲ့ ရေလွှမ်းမှုအဆိုးဆုံးခံခဲ့ရတဲ့ လမ်းမကြီး ၂၀ ကျော်ထဲက ၉ လမ်းမှာ ရေတွေ တင်နေဆဲဖြစ်တာကြောင့် ဆိုင်ကယ်တွေ မဖြတ်သန်းဖို့ အာဏာပိုင်တွေက ဒီနေ့ မနက်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။
လေဖိအားနည်းရပ်၀န်းဟာ ထိုင်းကိုဖြတ်ကျော်ပြီးတဲ့နောက် ပြီးခဲ့တဲ့ စနေနေ့ နှောင်းပိုင်းကတည်းက မြန်မာနိုင်ငံ၊ တနင်္သာရီကမ်းရိုးတန်းကို ဖြတ်ကျော် ၀င်ရောက်နေတာဖြစ်ပါတယ်။
ဒီအရှိန်ကြောင့် မိုးများပြီး ထားဝယ်ခရိုင်ထဲက လောင်းလုံးမြို့နယ်မှာ လောင်းလုံးတောင်တန်း မြေပြိုကျမှုတွေဖြစ်နေပါတယ်။

