"စစ်ပြန်မဖြစ်ဖို့ မျှော်လင့်ပေမယ့် ဖြစ်လာမယ်လို့ ထင်တယ်"-အီရန်ပြည်သူတွေရဲ့ စိုးရိမ်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဂွန်းရှပ်ဟာဘီဘီယာဇတ်
- ရာထူးတာဝန်, စီနီယာသတင်းထောက်၊ ဘီဘီစီ ပါရှန်းသတင်းဌာန
- ဖတ်ရန်အချိန်: မိနစ် ၄
ပါကစ္စတန်မှာလုပ်ခဲ့တဲ့ အမေရိကန်- အီရန်ဆွေးနွေးပွဲ မအောင်မြင်ခဲ့တဲ့နောက် နှစ်ဖက်အပစ်ရပ်ထားရာကနေ တင်းမာမှုတွေပြန်တိုးလာနိုင်တဲ့ အခြေအနေရှိနေပါတယ်။ အီရန်ရဲ့ ဆိပ်ကမ်းတွေကနေ ထွက်လာတဲ့ သင်္ဘောတွေကို ပိတ်ဆို့တာတွေ စလုပ်တော့မယ်လို့ အမေရိကန်ပြောပြီးနောက်မှာပဲ တီဟီရန်ကလည်း သူတို့ရဲ့ အိမ်နီးချင်းပင်လယ်ကွေ့ဆိပ်ကမ်းတွေကို လက်တုံ့ပြန်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုထားပါတယ်။
"စစ်ပွဲက မနက်ဖြန်လည်း ဖြစ်နိုင်တယ် ဒါမှမဟုတ် နောက်တပတ်ပေါ့ သိပ်တော့မကြာလောက်တော့ဘူးထင်တယ်"လို့ အသက် ၂၀ အရွယ် လူငယ်အမျိုးသားတစ်ဦးကပြောပါတယ်။
အီရန်နိုင်ငံသားတွေဟာ အမေရိကန်နဲ့ အီရန်တို့ရဲ့ အခြေအနေတွေကို သတိကြီးကြီးနဲ့ စောင့်ကြည့်နေကြပြီး ရန်လိုမှုတွေတိုးလာမယ့်အရေး စိုးရိမ်စိတ်တွေဖြစ်နေကြပါတယ်။
"သဘောတူညီမှုတစ်ခုခု ရလိမ့်မယ်လို့ ထင်ထားခဲ့တာ"ဆိုပြီး တီဟီရန်မြို့အနီးက ကာရက်ဂ်မြို့မှာနေထိုင်တဲ့ လူငယ်အမျိုးသားက ပါကစ္စတန်ဆွေးနွေးပွဲကို ရည်ညွှန်ပြီးပြောပါတယ်။
အီရန်နိုင်ငံတွင်းမှာ အာဏာပိုင်တွေက အင်တာနက်ဖြတ်တောက်ထားတာ သီတင်းပတ် ၆ ပတ်ကျော်ကြာ ရှိလာတာကြောင့် နိုင်ငံထဲကသူတွေအချင်းချင်း ဆက်သွယ်ဖို့တောင် ခက်ခဲနေတဲ့အခြေအနေကို အီရန်ပြည်သူတွေ ရင်ဆိုင်နေရပါတယ်။
အီရန်အာဏာပိုင်တွေကတော့ "ဆိုက်ဘာတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့"အတွက် အင်တာနက်အသုံးပြုခွင့်တွေကို ကန့်သတ်ဖြတ်တောက်ထားရတာလို့ အကြောင်းပြလေ့ရှိပါတယ်။
ဘီဘီစီပါရှန်းသတင်းဌာနကနေ လက်ရှိအီရန်အစိုးရကို ဆန့်ကျင်နေကြတဲ့ အီရန်နိုင်ငံသားအများအပြားနဲ့ ဆက်သွယ်စကားပြောကြည့်ခဲ့ပါတယ်။ သူတို့ရဲ့ ထင်မြင်ယူဆချက်တွေဟာ အီရန်နိုင်ငံထဲက လူထုတစ်ရပ်လုံးကိုတော့ ကိုယ်စားပြုမနေပါဘူး။

"စစ်တွေ ထပ်မဖြစ်ဖို့ ကျွန်တော် မျှော်လင့်တယ်၊ ဒါပေမဲ့ ဖြစ်ဦးမယ်ထင်တယ်"လို့ တီဟီရန်မြို့က အသက် ၂၀ အရွယ် လူငယ်အမျိုးသားတစ်ဦးကဆိုပါတယ်။ လက်ရှိအခြေအနေမှာ သူ့ရဲ့ စိတ်တွေက စိုးရိမ်စိတ်တွေမကြီးနေစေဖို့ သူအလုပ်တွေပဲ ဖိလုပ်ဖို့ ကြိုးစားနေရတယ်လို့ သူကဆိုပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ အခြေအနေတွေကို အကောင်းဘက်ကနေမြင်ဖို့ ကြိုးစားနေတဲ့ နောက်ထပ် အသက် ၂၀ အရွယ် အမျိုးသမီးတစ်ဦးလည်းရှိပါတယ်။
"အခု အခြေအနေတွေ ငြိမ်သက်သွားတော့မယ်လို့ ကျွန်မ ခံစားမိနေပါတယ်၊ မကြာခင်မှာလည်း စစ်ပွဲပြီးဆုံးသွားဖို့ မျှော်လင့်တယ်"လို့ သူက ဆက်ပြောပါတယ်။
"အင်တာနက်တွေလည်း ပြန်ဖွင့်ပေးမယ်လို့ မျှော်လင့်တယ်။ စစ်ပွဲဆက်ရှိနေတာက အီရန်ပြည်သူတွေအတွက် လုံးဝအကျိုးမရှိတာဖြစ်လို့ သူတို့(အာဏာပိုင်တွေ) ညှိနှိုင်းမှုတွေလုပ်ပြီး သဘောတူညီချက်တစ်ခု ရဖို့ မျှော်လင့်တယ်" လို့ ဆိုပါတယ်။
ဒီပဋိပက္ခတွေအတွင်း ဘီဘီစီဆက်သွယ်စကားပြောခွင့်ရခဲ့တဲ့ အီရန်နိုင်ငံသားတော်တော်များများဟာ အင်တာနက်သုံးမရတဲ့အပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေကြတာ တွေ့ရပါတယ်။
ဒီအခြေအနေဟာ ယုံကြည်စိတ်ချရတဲ့ သတင်းအချက်အလက်တွေကို လူထုတွေ လက်လှမ်းမမီနိုင်အောင် ကန့်သတ်ထားရုံတင်မက လူထုရဲ့ စီးပွားရေးလုပ်ငန်းတွေကိုပါ သိသိသာသာထိခိုက်ပျက်စီးစေတယ်လို့ အီရန်ပြည်သူတွေက ပြောနေကြတာပါ။
ဒစ်ဂျစ်တယ်ပလက်ဖောင်းပေါ်မှာ လူစိတ်ဝင်စားအောင်ဖန်တီးလုပ်ကိုင်ရတဲ့ Content Creator လုပ်ငန်းလုပ်တဲ့ အမျိုးသားတစ်ဦးကတော့ "ဘယ်ဘက်ကမှ မနိုင်ဘူး။ စုထားတဲ့ငွေကလည်း ၂ လစာလောက်ပဲ ဖူလုံနိုင်ပေမယ့် အဲဒီထက်ကြာမယ်ဆိုရင်တော့ လက်ထဲငွေပြတ်တော့မှာ" လို့ ရင်ဖွင့်ပါတယ်။
နောက်ထပ်အသက် ၂၀ အရွယ် အမျိုးသားတစ်ဦးကတော့ "ကျွန်တော်တို့ကို အမေရိကန်နဲ့ အစ္စရေးတို့ ဗုံးကြဲတာခံခဲ့ရတဲ့နေ့တွေနဲ့ ယှဉ်ရင် အခုကခံသာပါသေးတယ်။ ဒါပေမဲ့ စိုးရိမ်မှုတွေရှိနေတုန်းပဲ" လို့ ဆိုပါတယ်။
"သူတို့ သဘောတူညီချက်ရခဲ့ရင်တောင် စီးပွားရေးတွေ ပျက်စီးကုန်လို့ ဘဝက အရမ်းခက်ခဲနေဦးမှာ။ သဘောတူညီချက်ရမယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် အခုအချိန်မှာတော့ ဘာလုပ်လို့လုပ်ရမယ်မှန်းမသိဖြစ်နေပြီ" လို့ သူက ဆက်ပြောပါတယ်။
ကာရက်ဂ်မြို့က အသက် ၃၀ အရွယ်အမျိုးသားတစ်ဦးကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ နိုဝင်ဘာလမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲကျင်းပရမယ့်အရေးကြောင့် သဘောတူညီချက်ရဖို့ အပေးအယူလုပ်ဖို့ မဖြစ်နိုင်သေးဘူးလို့ ယုံကြည်တဲ့အကြောင်း ဆိုပါတယ်။
"ဒါကတော့ ကျွန်တော့်ရဲ့ တစ်ဦးတည်းအမြင်ပါ။ အမေရိကန်ဘက်က နောက်ဆုတ်မယ်လို့ မထင်ပါဘူး" လို့သူကဆိုပြီး "နောက်ဆုတ်လိုက်မယ်ဆိုရင် ဒီအရေးနဲ့ ရွေးကောက်ပွဲမှာ ရှုံးသွားနိုင်တယ်" လို့ သူက သုံးသပ်ပါတယ်။
ဇန်နဝါရီလတုန်းက အီရန်အစိုးရကို ဆန့်ကျင်ဆန္ဒပြတဲ့သူတွေ သတ်ဖြတ်ခံခဲ့ရမှုအတွက် ဒေါသတကြီးဖြစ်နေတဲ့ နောက်ထပ်အမျိုးသားတစ်ဦးကတော့ " ကိုယ့်နိုင်ငံက မျိုးဆက်သစ်ကလေးတွေကို သတ်ဖြတ်သူတွေ''နဲ့ စေ့စပ်ညှိနှိုင်းနေတာ အဓိပ္ပာယ်မရှိဘူးလို့ အမေရိကန်အနေနဲ့ အီရန်ခေါင်းဆောင်တွေနဲ့ ညှိနှိုင်းနေမှုနဲ့ ပတ်သက်ပြီး ပြောပါတယ်။
"ကျွန်တော့် မျက်စိရှေ့တင် လမ်းမတွေပေါ် သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ ညတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး" လို့လည်း သူက ထုတ်ပြောပါတယ်။
အီရန်လုံခြုံရေးတပ်ဖွဲ့တွေဟာ ဇန်နဝါရီတုန်းက အစိုးရကို ဆန့်ကျင်ဆန္ဒပြတဲ့သူတွေကို ဖြိုခွဲခဲ့တဲ့ဖြစ်စဉ်မှာ ဆန္ဒပြသူအနည်းဆုံး ၆,၅၀၈ ဦးသေဆုံးခဲ့တယ်လို့ အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလှုပ်ရှားသူများ သတင်းအေဂျင်စီ (Hrana) က ဖော်ပြခဲ့ပါတယ်။
အဲဒီဖြစ်စဉ်မှာ နောက်ထပ်လူပေါင်း ၅၃,၀၀၀ ဦးလည်း ဖမ်းဆီးခံခဲ့ရတယ်လို့ Hrana ရဲ့ အချက်အလက်တွေအရ သိရပါတယ်။ မကြာသေးခင်က ဖြစ်ခဲ့တဲ့ စစ်ပွဲမှာတော့ သေဆုံးသူ ၃,၃၇၅ ဦးရဲ့ ရုပ်အလောင်းတွေ ဘယ်သူဘယ်ဝါဆိုတာကိုအာဏာပိုင်တွေက အတည်ပြုဖော်ထုတ်နိုင်ခဲ့တယ်လို့ အီရန်မှုခင်းဆေးပညာအဖွဲ့ အကြီးအကဲက ပြောကြားထားပါတယ်။
တီဟီရန်နဲ့ ဝါရှင်တန်တို့ကြားက ငြိမ်းချမ်းရေးဆွေးနွေးပွဲအသစ်အတွက် ရက်အတိအကျ မသတ်မှတ်ရသေးတဲ့ အခြေအနေတွေကြောင့် အီရန်ပြည်သူတွေဟာ တော်တော်လေးကို မရေရာတဲ့ အနာဂတ်တွေနဲ့ ရင်ဆိုင်နေရပါတယ်။
ပါကစ္စတန်က ဆွေးနွေးပွဲမအောင်မြင်ခဲ့ပြီးတဲ့နောက် ထရမ့်က အီရန်ကိုတိုက်ခိုက်မှုတွေ ပြန်လုပ်ဖို့ စဉ်းစားနေတယ်လို့ ဝေါစထရိဂျာနယ်က ရေးထားပါတယ်။ ဝေါစထရိဂျာနယ်ရဲ့ သတင်းအရ အမေရိကန်သမ္မတက ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှုအပါအဝင် နောက်ထပ်တိုက်ခိုက်မှုတွေကို လည်း စဉ်းစားနေတယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန်အရာရှိတွေကို ကိုးကားပြီး ဖော်ပြထားပါတယ်။
ဒါနဲ့ပတ်သက်လို့ ဘီဘီစီက အိမ်ဖြူတော်ကို မေးတဲ့အခါ "အစီစဉ်တွေအားလုံး ပြင်ဆင်ထားကြောင်း" ပြန်ပြီး တုံ့ပြန်ထားပါတယ်။
" သမ္မတက ဟော်မုဇ်ရေလက်ကြားပိတ်ဆို့ဖို့ အမိန့်ပေးပြီးပါပြီ။ အီရန်ရဲ့ အမြတ်ထုတ်မှုကို အဆုံးသတ်နိုင်ခဲ့ပြီး နောက်ထပ် အစီအစဉ်တွေ အားလုံးကိုလည်း ပြင်ဆင်ထားပြီးပါပြီ။ သမ္မတ ထရမ့် နောက်ထပ်ခြေလှမ်းဘာဖြစ်မလဲလို့ ဝေါစထရိဂျာနယ်ကို ပြောတဲ့သူကတော့ ဒါကမှန်းဆချက်သက်သက်ဖြစ်တယ်ဆိုတာ သူကိုယ်တိုင်သိပါလိမ့်မယ်" လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အိုလီဗီယာ ဝေးစ်က တုံ့ပြန်ပါတယ်။
အီရန်သတင်းဌာနတွေကို ဖြန့်ဝေတဲ့ အစောပိုင်းထုတ်ပြန်ချက်မှာတော့ အီရန်အနေနဲ့ "ခြိမ်းခြောက်မှုတွေကို ဒူးထောက်မှာမဟုတ်ဘူး" လို့ မိုဟာမက် ဘာကာ ကာလီဘတ် က ပြောထားပါတယ်။










