ဘောလုံးသမားဝယ်ယူမှု အင်္ဂလိပ်အသင်းတွေ ပိုသုံးနိုင်

ဓာတ်ပုံ ရင်းမြစ်, Getty
ပြီးခဲ့တဲ့နှစ် ၂၀၁၃ နိုင်ငံတကာ ဘောလုံးသမား အပြောင်းအရွှေ့ ကာလမှာ ပိုက်ဆံ အများဆုံး သုံးခဲ့တဲ့ အသင်းတွေဟာ အင်္ဂလိပ် ကလပ် အသင်းတွေ ဖြစ်တယ်လို့ ဖီဖာ ကမ္ဘာ့ ဘောလုံး အဖွဲ့ချုပ်ရဲ ကိန်းဂဏန်းတွေက ဖော်ပြနေ ပါတယ်။
၂၀၁၃ ခုနှစ်အတွင်း နိုင်ငံတကာ ဘောလုံးသမား အရောင်းအဝယ် စျေးကွက်မှာ ဒေါ်လာ ၃ ဒသမ ၇ ဘီလျံ သုံးခဲ့ရာမှာ အဲဒီအထဲက ၉၀ ရာခိုင်နှုန်းဟာ ဥရောပ ဘောလုံး အသင်းတွေ ဖြစ်တယ် ဆိုတာကို ကိန်းဂဏန်းတွေ အရ သိရပါတယ်။
၅၀ ရာခိုင်နှုန်း ကတော့ တကယ့် စျေးကောင်းပေးတဲ့ အင်္ဂလိပ် ကလပ်အသင်းတွေ မှာ အရောင်းအဝယ် ဖြစ်ကြတာပါ။ ဒါဟာ အရင် ၂၀၁၂ ခုနှစ်ထက် စာရင် အများကြီး ပိုများလာတာလည်း ဖြစ်ပါတယ်။
အဲဒီအထဲမှာ ငွေအများဆုံး သုံးပြီး အရောင်းအဝယ်လုပ်ကြတဲ့ အသင်းတွေကတော့ မန်ချက်စတာ စီတီး အသင်းနဲ့ တော်တင်ဟမ် တို့ ဖြစ်ကြပါတယ်။ သူတို့နောက်မှာတော့ ပြင်သစ်က မိုနာကိုနဲ့ ပီအက်စ်ဂျီ အသင်းတို့လည်း အဓိက ရင်းနှီးမြှုပ်နှံနိုင်ကြတဲ့ အသင်းတွေ ဖြစ်တာကို တွေ့ရပါတယ်။








