ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ရန်ကုန်မှာ အမေရိကန်သံတမန်တစ်ဦး သေဆုံးမှုနဲ့ ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထား

ရန်ကုန်မှာ အမေရိကန်သံတမန်တစ်ဦး သေဆုံးမှုနဲ့ ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထားတဲ့ သတင်းအပါအဝင် ဇွန်လ ၁၀ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်

  • စစ်တပ်မထိန်းချုပ်နိုင်ငံဒေသတွေမှာ တရားမဝင် ရွှေတူးဖော်မှုတွေကို နှိမ်နင်းရမယ်လို့ ဦးမင်းအောင်လှိုင်ပြော
  • စင်ကာပူမှာ မြန်မာအမျိုးသားတစ်ဦး သူ့ကိုယ်သူ ကြွယ်ဝချမ်းသူအဖြစ်ပုံဖော်ပြီး အမျိုးသမီး ၃ ဦးစီက စင်ကာပူဒေါ်လာ ၁ သန်းကျော် လိမ်လည်တောင်းခံခဲ့လို့ ထောင် ၇ နှစ်ကျော်ချမှတ်ခံရ
  • တောင်ငူမြို့ မှာ တရုတ်ဘက်ကလာတဲ့ တရုတ်စာသားတွေနဲ့ဖော်ပြထားတဲ့ အစပ်ပြားမုန့်တွေအပါအဝင် အစားအစာတွေစုံသွားပြီး ကိုယ်ရင် ၁၃ ပါး ဇွန် ၉ ရက် ညနေပိုင်းက အစာအဆိပ်သင့်မှုဖြစ်
  • ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး နားလည်မှုစာချွန်လွှာစာချုပ်ကို မြန်မာနဲ့ ရုရှားတို့ လက်မှတ်ထိုး
  • မြန်မာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ လာမယ့်ရက်ပိုင်းအတွင်းတွေ့ဆုံဖို့ရှိတယ်လို့အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးပြော
  • ရွာစဥ်လှည့် စစ်တပ်စစ်ကြောင်းထိုးမှုတွေရှိခဲ့တဲ့ ပုဂံမြို့တဖက်ကမ်း၊ မကွေးဘက်ခြမ်းက မြစ်ခြေမြို့ ရဲစခန်းကို ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ပွဲကြာချိန် တစ်နာရီအတွင်း တိုက်ခိုက်သိမ်းပိုက်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇွန်လ ၁၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. TNLA ထိန်းချုပ် နမ္မတူဓာတ်အားခွဲရဲ့ အခန်းကဏ္ဍ

    ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ္မတူမြို့နယ်မှာရှိတဲ့ မန်စံဓာတ်အားခွဲရုံဟာ ၁၀၂၇ စစ်ဆင်ရေးအပြီးကာလတွေမှာလည်း ရှမ်းမြောက်တကြောကမြို့နယ်တွေ လျှပ်စစ်မီးရရေးအတွက် အခရာဖြစ်နေပါတယ်။

    နမ္မတူမြို့နယ်ထဲက မန်စံဓာတ်အားခွဲရုံကို တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်- TNLA က ဘယ်လိုလည်ပတ်နေလဲ။ ဒီဓာတ်အားခွဲရုံဟာ တရုတ်ရဲ့ BRI စီမံကိန်းမှာ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နေလဲ။

    ဆောင်းပါးအပြည့်အစုံကို ဒီလင်ခ့် မှာဆက်ပြီးဖတ်ရှုနိုင်ပါတယ်။

  3. ရန်ကုန်မှာ အမေရိကန်သံတမန်တစ်ဦး သေဆုံးမှုနဲ့ ထိုင်းအမျိုးသမီးတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းထား - အေပီ

    ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ အမေရိကန်သံတမန်တစ်ဦး သေဆုံးကြောင်းကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အတည်ပြုတယ်လို့ အေပီသတင်းက ဖော်ပြပါတယ်။

    အဲဒီသံတမန် သေဆုံးမှုနဲ့ဆက်နွယ်မှုရှိနိုင်တယ်လို့ သံသယရှိတဲ့ထိုင်းအမျိုးသမီးတစ်ဦးကိုလည်း မြန်မာရဲတပ်ဖွဲ့က ရန်ကုန်မှာ ထိန်းသိမ်းစစ်ဆေးနေတယ်လို့ သံတမန်အသိုင်းအဝိုင်းကို ကိုးကားပြီး အေပီသတင်းက ရေးပါတယ်။

    အမေရိကန်နိုင်ငံခြားရေးကတော့ သံရုံးဝန်ထမ်း သေဆုံးတယ်ဆိုတာကို အတည်ပြုပေမဲ့ ကျန်ရစ်သူ မိသားစုကို စာနာတဲ့အနေနဲ့ သေဆုံးသူ ဘယ်သူဖြစ်တယ်ဆိုတာကို ပြောဖို့ ငြင်းဆိုတယ်လို့လည်း သတင်းက ဆိုပါတယ်။

    အဲဒီသံဝန်ထမ်းဟာ ပြီးခဲ့တဲ့ ၂ ပတ်ကတည်းက သေဆုံးခဲ့တာလို့ သံတမန်သတင်းရပ်ကွက်ကို ကိုးကားပြီး အေပီက ရေးပါတယ်။

    ရန်ကုန်မြို့ရှိ ထိုင်းသံရုံးနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနတို့ကလည်း အမှုနဲ့ပတ်သက်တဲ့အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်ထားကြောင်း အေပီသတင်းက ရေးပါတယ်။

  4. ၂ ရက်ကြာပျောက်ဆုံးခဲ့ပြီး ရုပ်အလောင်းသာပြန်တွေ့ခဲ့တဲ့ကျောင်းသားရဲ့ စျာပနပြုလုပ်

    ရန်ကုန်၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်မှာ ၂ ရက်ကြာ ပျောက်ဆုံးခဲ့ပြီးတဲ့နောက် ရေကန်တစ်ခုထဲမှာ ဒဏ်ရာတွေနဲ့သေဆုံးလျက်အနေအထားနဲ့ပြန်လည်တွေ့ရှိခဲ့တဲ့ ကျောင်းသားငယ်ရဲ့စျာပနကို ဒီနေ့မှာပဲ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    သေဆုံးခဲ့သူဟာ အသက် ၁၃ နှစ်အရွယ် Grade 6 ကျောင်းသား မောင်မင်းခန့်ဇော်ဖြစ်ပါတယ်။

    သူဟာ ဇွန်လ ၈ ရက် ညနေ ၄ နာရီခွဲခန့်က မြောက်ဒဂုံမြို့နယ်၊ ၃၉ ရပ်ကွက်မှာရှိတဲ့နေအိမ်ကနေ ရုတ်တရက် ထွက်ခွာသွားပြီးနောက် ပျောက်ဆုံးခဲ့တာကြောင့် မိသားစုက လူမှုကွန်ရက်မှာ အကူအညီတောင်းခံခဲ့ပါတယ်။

    အဲဒီနောက် ပျောက်ဆုံးပြီး နောက်တစ်ရက်မှာ ရပ်ကွက်အနီးက ရေကန်တစ်ခုထဲမှာ ပြန်တွေ့ခဲ့ပေမဲ့ ဒဏ်ရာတွေနဲ့သေဆုံးနေတဲ့ ရုပ်အလောင်းအဖြစ်သာ ပြန်လည်တွေ့ရှိခဲ့တယ်လို့ နောက်ပိုင်းမှာ မိသားစုက လူမှုကွန်ရက်ကနေ ရေးတင်ပါတယ်။

    ရုပ်အလောင်းကို မိသားစုနဲ့ လူမှုကူညီရေးအဖွဲ့တွေက လိုက်လံရှာဖွေရင်း မြောက်ဒဂုံမြို့နယ် ၃၈ ရပ်ကွက်က ရေကန်တစ်ခုမှာ ဒဏ်ရာတွေနဲ့ပြန်လည်တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

    မောင်မင်းခန့်ဇော်ရဲ့ရုပ်အလောင်းကို မြောက်ဥက္ကလာမြို့နယ် ဆေးရုံမှာ မိသားစုက အတည်ပြုခဲ့ပြီး ဒီကနေ့နေ့လယ်ပိုင်းမှာ သင်္ဂြိုဟ် စျာပနလုပ်ခဲ့တယ်လို့လည်း စျာပနအတွက် အကူအညီပေးခဲ့တဲ့နာရေးကူညီမှုအသင်းက ပြောပါတယ်။

  5. ရန်ကုန်မြို့ ဆီဒိုးနားဝင်းအဆောက်အဦပေါ်ကနေ အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံးတယ်လို့ဆို

    ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်ဝင်းထဲမှာရှိတဲ့အဆောက်အဦရဲ့ ၇ လွှာကနေ ဒီနေ့ မနက်ပိုင်းတုန်းက အမျိုးသားတစ်ဦး ပြုတ်ကျ သေဆုံးတယ်လို့ အခင်းဖြစ်ချိန် အနီးနားမှာရှိနေတဲ့ မျက်မြင်တစ်ဦးက ပြောပါတယ်။

    သေဆုံးခဲ့သူဟာ အသက် ၃၀ ဝန်းကျင် အသားဖြူဖြူနဲ့ အမျိုးသားတစ်ဦးဖြစ်တယ်လို့လည်း သူက ပြောပါတယ်။ တရုတ်နိုင်ငံသားလို့ ပြောဆိုချက်တွေ ရှိပေမဲ့ ဘီဘီစီအနေနဲ့ ဒီအချက်ကို သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။

    ''ကျွန်မက လမ်းတစ်ဖက်ခြမ်း မြန်မာပလာဇာထဲကနေ ထွက်လာတာ။ အုန်းကနဲ အသံကြားတာနဲ့ ကြည့်လိုက်မိတာ။ ဆီဒိုးနားဟိုတယ် အထပ်မြင့်တိုက်ဘေးက ကွန်ကရစ်လမ်းပေါ်ကို အဲဒီလူ ပြုတ်ကျသွားတာ'' လို့ မျက်မြင်တွေ့ခဲ့သူက ပြောပါတယ်။

    နောက်ပိုင်းမှာ ရဲတပ်ဖွဲ့နဲ့ ကူညီရေးအသင်းတွေရောက်လာပြီး အခြေအနေကို လာစစ်ဆေးခဲ့တယ်လို့လည်း သူက ပြောပါတယ်။

    ''အလောင်းက ဟိုတယ်ဘေးက မောရဝတီလမ်းထဲကို ကျနေတာ'' လို့လည်း ကူညီကယ်ဆယ်ရေးအခြေအနေသိရှိသူ နောက်တစ်ဦးက ပြောပါတယ်။

    အလောင်းကိုတော့ နောက်ပိုင်းမှာ ရဲစာနဲ့ စံပြဆေးရုံကို ပို့ခဲ့တယ်လို့ သိရတဲ့ကြောင်း ကူညီကယ်ဆယ်ရေးမှာပါဝင်ခဲ့သူတစ်ဦးက ပြောပါတယ်။

    ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဆီဒိုးနားဟိုတယ်ဘက်ကို ဘီဘီစီက ဖုန်းကနေ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ''ဖြစ်စဉ်ကို အတည်မပြုပေးနိုင်တဲ့အကြောင်း'' သာ ပြန်လည်ဖြေကြားပါတယ်။

  6. ကရင်ဒေသထဲက တိုင်ချန်ငွေလိမ်ဂိုဏ်း ဆက်စပ်လုပ်ငန်းတွေဆီက ဒေါ်လာ သန်း ၃၀ ကို FBI သိမ်းဆည်း

    ထိုင်း-မြန်မာနယ်စပ်၊ ကရင်ဒေသထဲလည်ပတ်ခဲ့တဲ့ Tai Chang(တိုင်ချန်) အွန်လိုင်းငွေလိမ်ဂိုဏ်းနဲ့ ဆက်စပ်သူတွေရဲ့အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်တန်ဖိုးရှိတဲ့ Cryptocurrency (ခရစ်တိုငွေကြေး) ပိုင်ဆိုင်မှုကို သိမ်းဆည်းလိုက်တယ်လို့ အမေရိကန် ဖက်ဒရယ်စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က ပြောပါတယ်။

    ဒီနေ့ပြုလုပ်တဲ့ FBI တွဲဖက်ဒုတိယညွှန်ကြားရေးမှူး အန်ဒရူး ဘေလီရဲ့ အာရှ-ပစိဖိတ်ဒေသ သတင်းစာရှင်းလင်းပွဲအတွင်း အဲဒီလိုပြောခဲ့တာပါ။

    "မကြာသေးခင်က တိုင်ချန်ငွေလိမ်ဂိုဏ်းရဲ့ဝက်ဘ်ဆိုက်တွေကို ပိတ်သိမ်းနိုင်ခဲ့ပြီး ဒီဂိုဏ်းနဲ့ ဆက်စပ်တဲ့ ရာဇဝတ်ဂိုဏ်းတွေဆီက Cryptocurrency ဒေါ်လာ သန်း ၃၀ ခန့်ကိုလည်း သိမ်းဆည်းနိုင်ခဲ့ပါတယ်" လို့ FBI ရဲ့ တွဲဖက်ဒုတိယညွှန်ကြားရေးမှူး အန်ဒရူး ဘေလီက ပြောပါတယ်။

    တိုင်ချန်အွန်လိုင်းငွေလိမ်ဂိုဏ်းဟာ ကရင်ပြည်နယ်၊ ကျောက်ခတ်ကျေးရွာအနီးမှာ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)ရဲ့အကာအကွယ်အောက်မှာ လည်ပတ်နေတယ်လို့ အမေရိကန်အစိုးရက စွပ်စွဲထားပါတယ်။

    အဲဒီဂိုဏ်းဟာ အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခံထားရတဲ့ Trans Asia International Holding Group Thailand Company Limited နဲ့လည်း ဆက်စပ်နေတယ်လို့ အမေရိကန် တရားရေးဌာနက ထုတ်ပြန်ထားပါတယ်။

    အမေရိကန်အစိုးရဟာ တိုင်ချန်ငွေလိမ်ဂိုဏ်းနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို စုံစမ်းဖော်ထုတ်နေပြီး သတင်းပေးသူတွေကို ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၀ သန်းအထိ ပေးအပ်သွားမယ်လို့လည်း ကြေညာထားပါတယ်။

    ဒီလိုအွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို တိုက်ဖျက်ဖို့ အမေရိကန် ရှေ့နေချုပ်ရုံး၊ တရားရေးဌာန ရာဇဝတ်မှုဆိုင်ရာဌာန၊ FBI နဲ့ US Secret Service (USSS) တို့ ပူးပေါင်းဖွဲ့စည်းထားတဲ့ Scam Center Strike Force ကိုလည်း ထူထောင်ထားပါတယ်။

    ဒီ Strike Force ဟာ ပြီးခဲ့တဲ့ဧပြီလတုန်းကလည်း လိမ်လည်လှည့်ဖျားယူထားပြီး ခဝါချဖို့လုပ်တဲ့ ငွေကြေးတွေနဲ့ဆက်နွှယ်တဲ့ အမေရိကန် ဒေါ်လာ သန်း ၇၀၀ ကျော်ရှိတဲ့ ခရစ်တို ငွေကြေးတွေကို လွှဲပြောင်း ရွှေ့ပြောင်းလို့မရအောင် ထိန်းသိမ်းခဲ့ပါသေးတယ်။

    အမေရိကန်တာဝန်ရှိသူတွေရဲ့အဆိုအရ ၂၀၂၅ ခုနှစ်အတွင်း အရှေ့တောင်အာရှအခြေစိုက် အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေဟာ အမေရိကန်ဒေါ်လာ ၇.၂ ဘီလျံခန့် ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

    ဒီလိုဆုံးရှုံးမှုတွေကြောင့် အမေရိကန်ပြည်သူတွေရဲ့အကျိုးစီးပွားကို ကာကွယ်ဖို့ဆိုပြီး Strike Force ထွက်ပေါ်လာတာဖြစ်သလို အမေရိကန် FBI ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ထိုင်းရဲတပ်ဖွဲ့နဲ့အတူ အွန်လိုင်း ကျားဖြန့်နှိမ်နင်းရေးတွေ ပူးတွဲလုပ်ဆောင်နေပါတယ်။

  7. တောင်တရုတ်ပင်လယ်ထဲ သဲဖို့ ကျွန်းဖော်ပြီး ပိုင်နက်ဦးနေကြလား

    အန်တလုပ် သန္တာကျောက်တန်းဟာ တောင်တရုတ်ပင်လယ် အနောက်မြောက်ပိုင်းစွန်းစွန်းနားလေးက မျက်ရည်စက်ပုံစံ ကျွန်းငယ်လေးဖြစ်ပြီး မကြာသေးခင်တုန်းကအထိ ရေအောက်မှာပဲ ရှိနေသေးတဲ့ကျွန်းလေး ဖြစ်ပါတယ်။

    ဒါပေမဲ့ အဲဒီကျွန်းငယ်ဟာ ဒီနှစ်မှာတော့ မကြုံစဖူး ပုံစံပြောင်းသွားပါတယ်။

    ကျွန်းသားပေါ်အောင် သဲတန်ချိန် သန်းချီကို ပင်လယ်ကြမ်းပြင်ကနေ စုပ်ထုတ်ပြီး ဖို့ထားတာတွေ့ရပါတယ်။ အရင်က ပင်လယ်ရေစိမ်းစိမ်းအောက်မှာ အကွက်ကလေးလိုဖြစ်နေတဲ့ကျွန်းဟာ အခုဆိုရင် စတုရန်းမိုင် ၂ မိုင်ကျော်ကျယ်တဲ့ ကျွန်းအဖြစ် ရုပ်လုံးပေါ်လာပြီး ကျွန်းအနားသတ်မှာလည်း အဖြူရောင်သဲတွေ အနားသတ်ပေးထားသလို ကျွန်းပေါ် တစ်နေရာမှာဆိုရင် အဆောက်အဦတွေ ပြန့်ကျဲနေပါတယ်။ ဒါတွေအားလုံးက ၆ လအတွင်းဖြစ်လာတာပါ။

    လခြမ်းကွေးပုံစံ ပင်လယ်ရေအိုင်ဖြစ်သွားတဲ့နေရာမှာတော့ ဒါဇင်နဲ့ချီတဲ့သင်္ဘောတွေကို မြင်နိုင်ပါတယ်။ ဒီသင်္ဘောတွေအားလုံးက သဲစုပ်စက်တွေဖြစ်ပါတယ်။ တရုတ်မှာ အများဆုံးရှိတဲ့သင်္ဘောစုလည်းဖြစ်ပါတယ်။ အချို့ သင်္ဘောတွေဆိုရင် တစ်နာရီကို သဲကုဗမီတာ ၆,၀၀၀ အထိ စုပ်ယူနိုင်ပါတယ်။ ဒီပမာဏဟာ အိုလံပစ်ပွဲမှာ သုံးတဲ့ ရေကူးကန် ၂ ကန်စာကို ဖြည့်နိုင်တဲ့ပမာဏဖြစ်ပါတယ်။

    ဒီလောက်နှုန်းနဲ့မြန်မြန်ဆန်ဆန်သဲဖြည့်တာက ကမ္ဘာမှာ စံချိန်တင်နှုန်းလောက်လို့တောင် ဆိုနိုင်ပါတယ်။

    ဒါပေမဲ့ ဒီလို သဲစုပ် ကျွန်းဖော်နေတာ တရုတ် တစ်နိုင်ငံတည်းတော့ မဟုတ်ပါဘူး။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

  8. ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပြည်တွင်း၊ ပြည်ပပါဝင်နိုင်ရေးဆိုပြီး နေပြည်တော်မှာဆွေးနွေး

    နေပြည်တော်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန(NSPNC)နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ 7 EAO Alliance (NCA-S EAOs) ၇ ဖွဲ့တို့ နေပြည်တော် ၂ ရက်ကြာတွေ့ဆုံကြတယ်လို့ နှစ်ဖက်က သတင်းထုတ်ပါတယ်။

    ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအညီများရရှိနိုင်ရေးနဲ့ သက်ဆိုင်သူတွေအားလုံးပါဝင်နိုင်မယ့် အစည်းအဝေးကျင်းပရာနေရာ (ပြည်တွင်း/ ပြည်ပ)ကို ရွေးချယ်ဆောင်ရွက်နိုင်ရေးလည်း ဆွေး‌နွေးကြတယ်လို့ ဆိုပါတယ်။

    တွေ့ဆုံမှုမှာ NSPNC ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ အလွတ်သဘောနဲ့ တရားဝင်တွေ့ဆုံမှုတွေ လုပ်သွားမယ်လို့ ပြောပါတယ်။ ဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ၄၃ ချက်ကို လွှတ်တော်ကို တင်ပြနိုင်ရေး ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

    ၇ ဖွဲ့ဘက်က RCSS အတွင်းရေးမှူး - ၁ စိုင်းငင်း ကတော့ ဒီဆွေးနွေးပွဲရဲ့ ရလဒ်တွေကို မကြာမီ ကျင်းပပြုလုပ်မယ့် 7 EAO Alliance ရဲ့ ဦးဆောင်အစည်းအဝေးမှာ အစီရင်ခံ တင်ပြမယ်လို့ပြောပါတယ်။

    ဇွန် ၉ ရက်နဲ့ ၁၀ ရက်မှာ ပြုလုပ်တဲ့အဲဒီဆွေးနွေးပွဲကို NSPC ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်တို့ ဦးဆောင်ပြီး အပစ်ရပ် ၇ ဖွဲ့ဘက်က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အတွင်းရေးမှူး-၁ စိုင်းငင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အတွင်းရေးမှူး- ၁ စောကျော်ညွန့်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) စစ်ရေးချုပ် စောစိန်ဝင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အထွေထွေအတွင်းရေးမှူး စောမြသန္တာ၊ NCA-S EAOs ရဲ့ ညှိနှိုင်းရေးမှူးတွေဖြစ်တဲ့ ဦးမျိုးဝင်းနဲ့ နန်းယဉ်ယဉ်စိုးတို့ တက်ရောက်ကြတယ်လို့ဆိုပါတယ်။

    တဖက်မှာလည်း လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးဆွေးနွေးပွဲတွေအတွက် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်မှာ သမ္မတရာထူးယူထားတဲ့ဦးမင်းအောင်လှိုင်က ဖိတ်ခေါ် ထားပေမဲ့ ဒီလိုဖိတ်ခေါ်ချက်တွေက ဟန်ပြသက်သက်ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစု အချို့က ဝေဖန်ထားပါတယ်။

  9. မြုပ်လာနေသောမြို့များ

    "မြေကြီးနိမ့်ဝင်နေမှုဟာ မြို့အတော်များများမှာ တွေ့ရတတ်ပါတယ်" လို့ NTU တက္ကသိုလ်က ဦးဆောင်သုတေသန ပညာရှင် ရှာရိုင်းတေးက ပြောပါတယ်။ အဓိကအကြောင်းရင်းတွေထဲကတစ်ခုက မြေအောက်ကရေကို စုပ်ထုတ်တာကြောင့်လို့ သူက ဆက်ပြောပါတယ်။

    မြေအောက်ရေကို မြေမျက်နှာပြင်အောက်က အက်ကြောင်းတွေနဲ့ သဲ၊ မြေဆီလွှာနဲ့ ကျောက်တုံးတွေထဲက နေရာလပ်တွေမှာတွေ့နိုင်ပါတယ်။ သောက်သုံးဖို့အပါအဝင် နေအိမ်တွေမှာ သုံးစွဲတဲ့ရေပမာဏရဲ့ တစ်ဝက်လောက်က မြေအောက်ရေက ရတာပါ။ ရေသွင်းစိုက်ပျိုးရေးအတွက်လည်း ဒီရေက သိပ်အရေးပါပါတယ်။ ​ဒါပေမဲ့ မြို့ကြီးတွေ ကြီးမားချဲ့ထွင်လာတာနဲ့အမျှ ရေသန့်ရရှိရေးကလည်း ပိုခက်လာပါတယ်။

    လူနေအိမ်တွေနဲ့ စက်မှုလုပ်ငန်းတွေဟာ ကိုယ်ပိုင်ရေတွင်းတွေတူးပြီး ရေရရှိရေးလုပ်ကြတာမှာ ဂျာကာတာလိုနေရာမှာဆိုရင် အလွန်အကျွံထုတ်ယူတာမျိုး ဖြစ်လာပါတယ်။ အဲဒီလို အလွန်အကျွံ ကာလတာရှည်ထုတ်ယူလာကြရင် မြေဆီလွှာကို ကျုံ့ဝင်စေပြီး အဲဒီကနေ မြေကြီးပေါ်မှာ ဆောက်ထားတဲ့အဆောက်အဦတွေ နစ်မြုပ်တာ၊ ကျွံဝင်တာတွေဖြစ်လာပါတယ်။

    ဂျာကာတာမြို့ရဲ့တစ်ဝက်လောက်က အခုဆို ပင်လယ်ရေမျက်နှာပြင်အောက်ထက် နိမ့်နေပါတယ်။ ဂျာကာတာဟာ သမုဒ္ဒရာထဲစီးဆင်းတဲ့ မြစ် ၁၃ စင်းဖြတ်သွားတဲ့ နွံမြေပေါ်မှာ ရှိတာကြောင့် ပိုပြီး စိုးရိမ်စရာကောင်းနေတာပါ။​ မြေကြီးကနိမ့်ဝင်နေပြီး ပင်လယ်ရေမျက်နှာပြင်ကလည်း မြင့်တက်လာတာနှစ်ခုပေါင်းဆုံတော့ မြို့တွေမြေအာက်နိမ့်ကျလာတာတွေက ပိုမြန်လာတယ်လို့ မစ္စတေးက ပြောပါတယ်။ "အကြောင်းရင်းက နှစ်ခုပေါ့၊ မြေကြီးကနိမ့်သွားပြီး ရေကမြင့်တက်လာတာ" လို့ မစ္စတေးက ဆိုပါတယ်။

    ရေမြုပ်လာနေတဲ့ကမ္ဘာ့မြို့ကြီးတွေအကြောင်းကို ဘီဘီစီမြန်မာပိုင်း အင်တာနက်စာမျက်နှာမှာ ရုပ်မြင်အထူးပြုလုပ်ချက်တွေနဲ့ရှင်းပြထားတဲ့ အထူးဆောင်းပါးကို ''ဂျာကာတာကနေ ရန်ကုန်အထိကြုံရပုံနဲ့ တိုကျိုရဲ့ ဖြေရှင်းခဲ့ပုံနည်းလမ်းတွေ'' မှာ ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

  10. ၂၀၂၂ ကမ္ဘာ့ဖလားအပြီး ပြင်သစ်တိုက်စစ်မှူး ကီလီယန် အမ်ဘာပေး ရွှေဖိနပ်ဆုကို လက်ခံရယူခဲ့ရချိန်မှာ သိပ်မပြုံးနိုင်ခဲ့ပါဘူး။ သူ ဟက်ထရစ် သုံးဂိုးသွင်းခဲ့ပေမဲ့ သူ့ပြင်သစ်အသင်းကတော့ ဖိုင်နယ်မှာ အာဂျင်တီးနားကို ရှုံးသွားခဲ့ပါတယ်။ တိုက်စစ်မှူးတစ်ယောက် ဂိုးတွေရတိုင်း အသင်းအနေနဲ့ ဆုတံဆိပ်ချိတ်တာမျိုး မဟုတ်ပေမဲ့ တိုက်စစ်မှူးကောင်း တစ်ယောက်ကတော့ သူ့အသင်းကို တစ်ဆင့်ချင်းတက်ဖို့ ဆွဲခေါ်သွားနိုင်ပါတယ်။

    မကြာခင်မှာပဲ ၂၀၂၆ ကမ္ဘာ့ဖလားလည်း စတင်တော့မှာဆိုတော့ ဒီဆောင်းပါးမှာ ပြိုင်ပွဲတလျှောက် ဂိုးအများဆုံးသွင်းသူကိုပေးတဲ့ ရွှေဖိနပ်ဆုရှင် ဘောလုံးသမားတွေရဲ့စွမ်းရည်၊ သူတို့ ဂိုးတွေ ဘာလို့ တဒိုင်းဒိုင်းသွင်း နိုင်ရတာလဲဆိုတာတွေကို ဆန်းစစ်ကြည့်ပါမယ်။ တစ်ဆက်တည်း ဒီနှစ် ကမ္ဘာ့ဖလားမှာ ရွှေဖိနပ်ဆုရှင်ဖြစ်လာနိုင်မယ့်သူတွေကိုလည်း မှန်းကြည့်ရအောင်ပါ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်နိုင်ပါပြီ။

  11. ပုဂံတဖက်ကမ်းက မြစ်ခြေမြို့ရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်

    ရွာစဥ်လှည့် စစ်တပ်စစ်ကြောင်းထိုးမှုတွေရှိခဲ့တဲ့ ပုဂံမြို့တဖက်ကမ်း၊ မကွေးဘက်ခြမ်းက မြစ်ခြေမြို့ ရဲစခန်းကို ပခုက္ကူခရိုင် ပြည်သူ့ကာကွယ်ရေးတပ်က တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်ပါတယ်။

    မြစ်ခြေမြို့ ရဲစခန်းကို မကွေးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်က ပခုက္ကူခရိုင်စစ်ဌာန ရဲ့ ဦးဆောင်ကွပ်ကဲမှုနဲ့ ဒီနေ့ မနက် ၄ နာရီမှာ စတင်တိုက်ခိုက်ခဲ့ပြီး တစ်နာရီအကြာမှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

    ဒီတိုက်ပွဲမှာ စစ်တပ်ဘက်က ၂ ဦးသေဆုံးပြီး၊ စစ်သုံ့ပန်း ၁၄ ဦး ဖမ်းဆီးရမိတယ်လို့ ဓာတ်ပုံနဲ့ ‌‌ဖော်ပြပါတယ်။ ဒီစစ်သုံ့ပန်းတွေကို စစ်ဥပဒေများနဲ့ အညီ ထိန်းသိမ်းထားရှိပြီး စစ်ရာဇဝတ်မှု ကျူးလွန်သူတွေကို စစ်ဘက်ဆိုင်ရာ ဥပဒေတွေနဲ့ စိစစ်ဖော်ထုတ်ပြီး စစ်ဆေး အရေးယူ သွားမယ်လို့ ဆိုပါတယ်။

    အဲဒီစခန်းက G-3 ၁၈ လက်အပါအဝင် လက်နက်အချို့နဲ့ ကျည်တွေသိမ်းပိုက်ရရှိတယ်လို့ ဆိုပါတယ်။

    ဒီလိုရဲစခန်းသိမ်းပိုက်မှုမတိုင်ခင်က စစ်တပ် စစ်ကြောင်းထိုးလို့ အိမ်ခြေ ၁,၀၀၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး၊ ရုပ်အလောင်းတွေ ပြန့်ကျဲကျန်ခဲ့တဲ့ ဖြစ်စဥ်တွေရှိခဲ့ပါတယ်။

    စစ်တပ်ဟာ မေလ ၁၂ ရက်ကနေ ဇွန်လ ၂ ရက်အထိ ရက်ပေါင်း ၂၀ အကြာ မြစ်ခြေမြို့ကို စစ်ကြောင်းထိုးခဲ့ပြီး နေအိမ် ၁,၀၀၀ ကျော် ပျက်စီးကာ၊ ကလေးငယ်၊ သက်ကြီးရွယ်အိုတွေ နဲ့ အမျိုးသမီးတွေအပါအဝင် အယောက် ၄၀ နီးပါး ကို သတ်ဖြတ်ခဲ့တယ်လို့ ‌ ပခုက္ကူမြို့နယ် လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်စီမံခန့်ခွဲရေးတာဝန်ခံ ကိုစိုးထွဋ်ဝင်း နဲ့ ဒေသခံတွေ က ဘီဘီစီကို ပြောထားပါတယ်။

  12. မြန်မာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ မကြာခင်မှာတွေ့ဆုံဖို့ရှိ - အာဆီယံအထူးသံ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး

    မြန်မာက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့နဲ့ လာမယ့်ရက်ပိုင်းအတွင်းတွေ့ဆုံဖို့ရှိတယ်လို့ဆိုပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်၊ လက်ရှိမှာ မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်အဖြစ်လည်း တာဝန်ယူထားတဲ့ မာ ထရီဇာ လာဇာရိုက ထုတ်ပြောလာပါတယ်။

    ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ နီကေးက ဒီနေ့ပြုလုပ်တဲ့အာရှဆိုင်ရာဆွေးနွေးပွဲ ဖိုရမ်ကို တက်ရောက်ချိန် ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက အခုလိုပြောလိုက်တာလို့ ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။

    ''တိုင်းရင်းသားလက်နက်ကိုင်အချို့နဲ့ ကျွန်မ တွေ့ဆုံဖို့ရှိပါတယ်။ အခြေအနေ သိရှိနိုင်ဖို့နဲ့ ကျွန်မတို့ ဘယ်လို ကူညီနိုင်မလဲဆိုတာ သိနိုင်ဖို့ ဖြစ်ပါတယ်။'' လို့ သူက ပြောပါတယ်။

    ဒါပေမဲ့ ဘယ်နေ့မှာ တွေ့ဆုံဖို့ရှိတယ်၊ ဘယ်အဖွဲ့တွေနဲ့တွေ့ဆုံမယ်ဆိုတာတော့ သူက မပြောသွားပါဘူး။

    ''ဘယ်လောက်အထိ အလုပ်ဖြစ်မလဲဆိုတာပဲ ဆက်စောင့်ကြည့်ရမှာပေါ့''လို့ သူက ပြောပါတယ်။

    တိုကျိုမှာ ပြုလုပ်နေတဲ့ နီကေး အာရှ ဖိုရမ်ကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်၊ မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်တို့လည်း တက်ရောက်နေပါတယ်။

  13. ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းမှာ လျှပ်စစ်စက်ရုံဆောက်ဖို့ ရုရှားနဲ့မြန်မာ လက်မှတ်ထိုး

    တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ နေပြည်တော်က ဖော်ဆောင်နေတဲ့ ထားဝယ်ရေနက်ဆိပ်ကမ်းအတွက် ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေး နားလည်မှုစာချွန်လွှာစာချုပ်ကို မြန်မာနဲ့ ရုရှားတို့ လက်မှတ်ထိုးလိုက်ပြီလို့ မြန်မာဘက်က သတင်းထုတ်ပြန်ပါတယ်။

    ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနဲ့ အထူးစီးပွားရေးဇုန်မှာ ၆၆၀ မဂ္ဂါဝပ် အား ကျောက်မီးသွေးစက်ရုံ တစ်ရုံတည်ဆောက်ရေးအပါအဝင် အခြားရင်းနှီးမြှုပ်နှံမှုတွေအတွက် ရုရှားနဲ့ မြန်မာတို့ လက်မှတ်ထိုးခဲ့ကြပြီး တစ်နှစ်အကြာမှာ အခုလိုနားလည်မှုစာချွန်လွှာ လက်မှတ်ထိုးတဲ့အဆင့်ဖြစ်လာတာပါ။

    ဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ စာချုပ်ကို ရုရှားက Inter RAO ကုမ္ပဏီနဲ့ မြန်မာက လောင်းလုံးစီးပွားဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက်တို့ လက်မှတ်ရေးထိုးခဲ့တာလို့ နေပြည်တော်ဘက်က ဇွန်လ ၆ ရက်မှာ သတင်းထုတ်တာဖြစ်ပါတယ်။

    ရုရှားနိုင်ငံ၊ စိန့် ပီတာဇဘာ့ဂ်မြို့မှာ ကျင်းပတဲ့ နိုင်ငံတကာစီးပွားရေးဖိုရမ်ကို နေပြည်တော် ဒုတိယသမ္မတ ဦးညိုစော တက်ရောက်ချိန်မှာ နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့တာလို့လည်းဆိုပါတယ်။

    ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးအတွက် မြန်မာဘက်က လက်မှတ်ထိုးတဲ့ကုမ္ပဏီဟာ လောင်းလုံး စီးပွားဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက် ဖြစ်ပါတယ်။

    မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနရဲ့အချက်အလက်အရတော့ ဒီကုမ္ပဏီကို ၂၀၂၅ ခုနှစ်၊ မေလ ၂၈ ရက်က မှတ်ပုံတင်ထားတာကို တွေ့ရပါတယ်။ ဒါပေမဲ့ ကုမ္ပဏီရဲ့တာဝန်ရှိသူတွေနဲ့ပတ်သက်တဲ့အချက်အလက်ကိုတော့ ‌ဖော်ပြတာမရှိပါဘူး။

    မြန်မာက လောင်းလုံးစီးပွားဖွံ့ဖြိုးရေး ကုမ္ပဏီလီမိတက်နဲ့ ပူးပေါင်းလုပ်ကိုင်မယ့် ရုရှားက Inter RAO ကုမ္ပဏီဟာ ရုရှားကုမ္ပဏီတွေနဲ့အတူ ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ဆိပ်ကမ်းတည်ဆောက်ရေးမှာ ပါဝင်နေတယ်လို့ ရုရှားစီးပွားရေးတိုးတက်ရေးဝန်ကြီးဌာနက အစောပိုင်းကတည်းက ပြောထားပါတယ်။

    ထားဝယ်အထူးစီးပွားရေးဇုန်ထဲမှာ ရုရှားကလည်း ရင်းနှီးမြှုပ်နှံဖို့ နားလည်မှုစာချွန်လွှာကို မြန်မာနဲ့ ရုရှားကြား ပြီးခဲ့တဲ့နှစ်မှာ လက်မှတ်ထိုးခဲ့တာဖြစ်ပါတယ်။

    အဲဒီစာချွန်လွှာထဲမှာပါတဲ့အကြောင်းအရာတွေဟာ ရုရှားကုမ္ပဏီတွေနဲ့ ပူးပေါင်းပြီး မြန်မာမှာ စွမ်းအင်နဲ့ အခြေခံ အဆောက်အဦစီမံကိန်းတွေ ပါဝင်တယ်လို့ ရုရှားစီးပွားတိုးတက်ရေးဝန်ကြီးက အစောပိုင်းကတည်းက ပြောထားပါတယ်။

    အဲဒီစီမံကိန်းထဲမှာ ဆိပ်ကမ်းတစ်ခု၊ ကျောက်မီးသွေးလောင်စာသုံးအားပေးစက်ရုံနဲ့ ရေနံချက်စက်ရုံ တစ်ရုံဆောက်ဖို့ စီမံကိန်းတွေ ပါဝင်တယ်လို့လည်း သူက ပြောပါတယ်။

  14. တောင်ငူ မှာ ကိုရင် ၁၃ ပါး အစာအဆိပ်သင့်ပြီး ဆေးရုံတင်ထားရ

    ပဲခူးတိုင်း၊ တောင်ငူမြို့ မှာ တရုတ်ဘက်ကလာတဲ့ တရုတ်စာသားတွေနဲ့ဖော်ပြထားတဲ့ အစပ်ပြားမုန့်တွေအပါအဝင် အစားအစာတွေစုံသွားပြီး ကိုရင် ၁၃ ပါး ဇွန် ၉ ရက် ညနေပိုင်းက အစာအဆိပ်သင့်မှုဖြစ်ခဲ့လို့ ‌ဆေးရုံပို့ဆောင်ကုသထားတယ်လို့ လူမှုကူညီရေးလုပ်ငန်းလုပ်ကိုင်သူ ကိုကျော်သူရက ပြောပါတယ်။

    တောင်ငူမြို့ ၊ (၆) ရပ်ကွက်၊ မေဃဝတီ စာသင်တိုက်က ကိုရင် ၁၃ ပါး နေ့လယ်ဆွမ်းစားချိန်မှာ အစားအစာတွေစုံသွားလို့ အခုလို ဖြစ်တာလို့ သူကပြောပါတယ်။

    ‌”မနေ့နေ့လယ် က အစားစုံတယ်။ အစပ်ပြား၊ သရက်သီး၊ သီးစုံကိတ်မုန့် စားကြတာ။ ညနေ ၅ နာရီလောက်မှာ အားလုံးအော့အန့်မူးဝေလာလို့ ၇နာရီ လောက်မှာ ဆေးရုံရောက်တယ်” လို့ ကိုကျော်သူရကပြောပါတယ်။

    အစာအဆိပ်သင့်ခဲ့တဲ့ ကိုရင် ၁၃ ပါး ကို တောင်ငူဆေးရုံကြီးကို ပို့ဆောင်ထားပြီး အခုချိန် အထိ ဆေးကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။

    ၂၀၂၄ ခုနှစ်ကလည်း တောင်ငူမြို့နယ်၊ ဝက်ဖြူကုန်းကျေးရွာ က ရေဘေးရှောင်စခန်းတစ်ခုမှာ လူရာနဲ့ ချီ အစာအဆိပ်သင့်ခဲ့တဲ့ဖြစ်စဉ် ဖြစ်ပွားခဲ့ဖူးပါတယ်။

  15. စင်ကာပူမှာ အမျိုးသမီး ၃ ဦးကို စင်ကာပူဒေါ်လာ ၁ သန်းကျော်လိမ်လည်ခဲ့တဲ့ မြန်မာအမျိုးသား ထောင် ၇ နှစ်ကျော် အမိန့်ချခံရ

    စင်ကာပူနိုင်ငံမှာ မြန်မာအမျိုးသားတစ်ဦးက သူ့ကိုယ်သူ ကြွယ်ဝချမ်းသာသူ အဖြစ်ပုံဖော်ပြီး အမျိုးသမီးသုံးဦးဆီက စင်ကာပူဒေါ်လာ ၁ ဒသမ ၆ သန်းကျော်လိမ်လည်ခဲ့လို့ ဇွန်လ ၅ ရက်နေ့က ကနဦးပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၇ နှစ် နဲ့ ၃ လ ချမှတ်ခံရတယ်လို့ စင်ကာပူအခြေစိုက် Lainhe Zaobao သတင်းဌာနကရေးသားပါတယ်။

    အသက် ၃၁ နှစ် အရွယ် 'ကျော်' လို့ အမည်ရတဲ့ မြန်မာအမျိုးသားဟာ ၂၀၂၂ ခုနှစ်၊ မေလမှာ စင်ကာပူနိုင်ငံသူကို လက်ထပ်ခဲ့ပြီး ကလေး ၂ ယောက်နဲ့ စင်ကာပူက ကွန်ဒိုတိုက်ခန်းတစ်ခုမှာ နေထိုင်ခဲ့ပါတယ်။

    ဒါပေမဲ့ သူဟာ ၂၀၂၁ ခုနှစ် နဲ့ ၂၀၂၄ ခုနှစ်ကာလအတွင်း မလေးရှားနိုင်ငံသူ နှစ်ဦး၊ တရုတ်နိုင်ငံသူ တစ်ဦးတို့နဲ့ ချစ်သူရည်းစား ဆက်ဆံရေးတည်ဆောက်ပြီး ငွေကြေးလိမ်လည်ခဲ့တာလို့ဆိုပါတယ်။

    သူဟာ စင်ကာပူနိုင်ငံမှာ အလုပ်လုပ်ခွင့်လက်မှတ် S-pass ကိုင်ထားပြီး ငွေကြေးပိုင်းဆိုင်ရာ အကြံပေးတစ်ယောက် အဖြစ် လုပ်ကိုင်ခဲ့ပါတယ်။ ဒါပေမဲ့ S-pass သက်တမ်းကုန်သွားပြီးတဲ့နောက်မှာ အွန်လိုင်း Trading အလုပ်ကို လုပ်ခဲ့တာပါ။

    အဲဒီမြန်မာအမျိုးသားဟာ Dating App တစ်ခုကနေ အသက် ၄၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံခဲ့ပြီး သူ့ကိုယ်သူ ဩစတေးလျ နိုင်ငံသားပတ်စ်ပို့ကိုင်ထားသူဖြစ်ပြီး Trading လုပ်ငန်းတစ်ခုကို ပူးတွဲတည်ထောင်သူအဖြစ် ပုံဖော်ကာ အဲဒီအမျိုးသမီးဆီက ပိုက်ဆံတွေ လိမ်လည်တောင်းခံခဲ့တာလို့ ဆိုပါတယ်။

    နောက်ထပ် အသက် ၄၄ နှစ်အရွယ်အမျိုးသမီးတစ်ဦးကို လည်း Dating App ကနေတွေ့ဆုံခဲ့ပါတယ်။

    ကျော်ဟာ အဲဒီအမျိုးသမီးနဲ့ မတွေ့ဆုံခင်အထိ သူဟာ လူပျိုလူလွတ်ပါ၊ သူ့အဖေ ရဲ့ အမွေကို ဆက်ခံရမယ့်သူအဖြစ် ပုံဖော်ခဲ့ပါတယ်။

    ဒါ့ကြောင့် သူပေးရမယ့် အခွန်အခတွေ၊ ကျန်းမာရေး စရိတ်တွေ အတွက် ငွေလိုတယ်ဆိုပြီး အဲဒီအမျိုးသမီးဆီက စင်ကာပူ ဒေါ်လာ ၅ သိန်းကျော် တောင်းခံခဲ့ပါတယ်။

    ဒီပမာဏကို ပြန်ပေးနိုင်တဲ့ အကြောင်းပြသဖို့ အမွေကနေရတဲ့ ပိုက်ဆံတွေ ဘဏ်အကောင့်ထဲဝင်လာတယ်ဆိုပြီး ဘဏ်မှတ်တမ်း အတုတွေလည်း ပြုလုပ်ခဲ့တာပါ။

    မြန်မာအမျိုးသားဟာ အဲဒီအမျိုးသမီးဆီကရတဲ့ စင်ကာပူ ဒေါ်လာ ၅ သိန်းကျော် ပိုက်ဆံတွေကို သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ မှာ အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။

    လိမ်လည်မှု၊ တုပမှု တွေအပါအဝင် တရားစွဲဆိုခံထားရတဲ့ အမှုပေါင်း ၂၁ ခုမှာ ၇ မှုက ပြစ်မှုမြောက်ကြောင်း တရားရုံးက သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

    ကျန်တဲ့အမှုတွေကို လည်း တရားရုံးက ဆက်ပြီး အမိန့်ချသွားမယ်လို့ သိရပါတယ်။

  16. တောင်တရုတ်ပင်လယ်ထဲ သဲဖို့ ကျွန်းဖော်ပြီး ပိုင်နက်ဦးနေကြလား

    အန်တလုပ် သန္တာကျောက်တန်းဟာ တောင်တရုတ်ပင်လယ် အနောက်မြောက်ပိုင်းစွန်းစွန်းနားလေးက မျက်ရည်စက်ပုံစံ ကျွန်းငယ်လေးဖြစ်ပြီး မကြာသေးခင်တုန်းကအထိ ရေအောက်မှာပဲ ရှိနေသေးတဲ့ကျွန်းလေး ဖြစ်ပါတယ်။

    ဒါပေမဲ့ အဲဒီကျွန်းငယ်ဟာ ဒီနှစ်မှာတော့ မကြုံစဖူး ပုံစံပြောင်းသွားပါတယ်။

    ကျွန်းသားပေါ်အောင် သဲတန်ချိန် သန်းချီကို ပင်လယ်ကြမ်းပြင်ကနေ စုပ်ထုတ်ပြီး ဖို့ထားတာတွေ့ရပါတယ်။

    တရုတ်ဟာ နယ်မြေပိုင်ဆိုင်ကြောင်း ခိုင်မာအောင် ထူထောင်ဖို့ မြေဖို့နေတာကို နှစ်ပေါင်းများစွာကြာအောင် မြင်တွေ့ခဲ့ရတဲ့ ဗီယက်နမ်ကလည်း တောင်တရုတ်ပင်လယ်ထဲမှာ သူပိုင်တဲ့ သန္တာကျောက်တန်းအချို့ကို တည်ဆောက်နေပါတယ်။

    တောင်တရုတ်ပင်လယ်အတွင်းမှာ တရုတ်လိုပဲ နယ်မြေပိုင်ဆိုင်မှု ခိုင်မာအောင် လုပ်သလိုမျိုး မရှိပေမဲ့ ဖိလစ်ပိုင်နိုင်ငံဟာလည်း အလားတူ လုပ်နေပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဖတ်ရှုနိုင်ပါတယ်။

  17. တရားမဝင် ရွှေတူးဖော်မှုတွေ နှိမ်နင်းမယ်လို့ ဦးမင်းအောင်လှိုင်ပြော

    တရားမဝင်ရွှေတူးဖော်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းမယ်ဆိုပြီး နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်က ဇွန် ၉ ရက်က သူ့ရဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ ပြောလိုက်ပါတယ်။

    မြစ်၊ ချောင်းတွေ အနီးမှာ တရားမဝင်ရွှေတူးဖော်မှုလုပ်ငန်းတွေ အလွန်အကျူးလုပ်ဆောင်တာတွေကြောင့် မြစ်၊ ချောင်းတွေ တိမ်ကောတာ၊ နုန်းပို့ချမှုများပြားလာတာနဲ့ ရေစီးကြောင်းပျက်စီးတာတွေ ဖြစ်ပေါ်နေတယ်လို့ သူကဆိုပါတယ်။

    သူ့အပြောအရ နေပြည်တော်က မထိန်းချုပ်နိုင်တဲ့နယ်မြေတွေကို ရည်ရွယ်ပြောဆိုတယ်လို့ နားလည်ရပြီး တည်ငြိမ်အေးချမ်းမှုနဲ့ တရားဥပဒေစိုးမိုးမှုအပြည့်အဝဆောင်ရွက်နိုင်ဖို့ ကန့်သတ်ချက်တွေရှိနေတဲ့ တချို့ဒေသလို့သူကသုံးနှုန်းပါတယ်။

    မြန်မာတစ်နိုင်ငံလုံးက မြစ်ချောင်းတွေမှာ စီးဆင်းနေတဲ့ ရေတွေရဲ့ ၂၀ ရာခိုင်နှုန်းကိုသာ ပြန်ပြီး အသုံးပြုနိုင်ပြီး ၈၀ ရာခိုင်နှုန်းက အသုံးမပြုနိုင်သေးဘူးလို့လည်း သူကထည့်ပြောပါတယ်။

    ရေသယံဇာတတွေ ပျက်စီးမှုမရှိအောင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်အောင် နဲ့ ရေကြီးရေလျှံမှုတွေ မဖြစ်‌အောင် ဒေသအုပ်ချုပ်ရေးတာဝန်ရှိသူတွေအနေနဲ့ ဒီလို တရားမဝင် ရွှေတူးဖော်မှုလုပ်ငန်းတွေကို ထိထိရောက်ရောက် နှိမ်နင်းဆောင်ရွက်သွားဖို့ ဦးမင်းအောင်လှိုင်က ပြောလိုက်ပါတယ်။

    ဦးမင်းအောင်လှိုင်ရဲ့ ဒီလိုပြောဆိုမှုကြောင့် ရွှေနဲ့သယံဇာတတွင်းထွက်တူးဖော်တဲ့ဒေသတွေကို စစ်တပ်ကလေကြောင်းတိုက်ခိုက်တာနဲ့ စစ်ကြောင်းထိုးတာတွေပိုတိုးလုပ်နိုင်တယ် ဆိုတဲ့ကောက်ချက်ချမှုတွေ လည်းရှိပါတယ်။

    တဖက်မှာလည်း မြန်မာစစ်တပ်ဟာ နိုင်ငံတဝန်းက တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ရွှေမှော်တွေရှိတဲ့ဒေသတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေကို အခုနှစ်ထဲ ဆက်တိုက်ပြုလုပ်နေတယ်လို့ တော်လှန်ရေးအင်အားစုတွေကထုတ်ပြောထားပါတယ်။

    မတ်လ တစ်လတည်းမှာပဲ ကချင်ပြည်နယ် ဗန်းမော် နဲ့ ရွှေကူမြို့နယ်အကြားက ရွှေဖောင်တွေ၊ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ထဲက သဖန်းဆိပ်ဆည် က ရွှေမျောလုပ်ကွက်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး လူသေဆုံးမှုတွေ ရှိထားပါတယ်။

  18. မင်္ဂလာပါ။ ဘီဘီစီမြန်မာပိုင်းရဲ့ ဇွန် ၁၀ ရက်နောက်ဆုံးရ ကမ္ဘာနဲ့ မြန်မာက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပြီဖြစ်ပါတယ်။