ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် ပြည်တွင်း၊ ပြည်ပပါဝင်နိုင်ရေးဆိုပြီး နေပြည်တော်မှာဆွေးနွေး

ဓာတ်ပုံ ရင်းမြစ်, 7 EAO Alliance
နေပြည်တော်က အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာန(NSPNC)နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ 7 EAO Alliance (NCA-S EAOs) ၇ ဖွဲ့တို့ နေပြည်တော် ၂ ရက်ကြာတွေ့ဆုံကြတယ်လို့ နှစ်ဖက်က သတင်းထုတ်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် နိုင်ငံတကာအကူအညီများရရှိနိုင်ရေးနဲ့ သက်ဆိုင်သူတွေအားလုံးပါဝင်နိုင်မယ့် အစည်းအဝေးကျင်းပရာနေရာ (ပြည်တွင်း/ ပြည်ပ)ကို ရွေးချယ်ဆောင်ရွက်နိုင်ရေးလည်း ဆွေးနွေးကြတယ်လို့ ဆိုပါတယ်။
တွေ့ဆုံမှုမှာ NSPNC ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနိုင်ဖို့ အလွတ်သဘောနဲ့ တရားဝင်တွေ့ဆုံမှုတွေ လုပ်သွားမယ်လို့ ပြောပါတယ်။ ဒါအပြင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ ၄၃ ချက်ကို လွှတ်တော်ကို တင်ပြနိုင်ရေး ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
၇ ဖွဲ့ဘက်က RCSS အတွင်းရေးမှူး - ၁ စိုင်းငင်း ကတော့ ဒီဆွေးနွေးပွဲရဲ့ ရလဒ်တွေကို မကြာမီ ကျင်းပပြုလုပ်မယ့် 7 EAO Alliance ရဲ့ ဦးဆောင်အစည်းအဝေးမှာ အစီရင်ခံ တင်ပြမယ်လို့ပြောပါတယ်။
ဇွန် ၉ ရက်နဲ့ ၁၀ ရက်မှာ ပြုလုပ်တဲ့အဲဒီဆွေးနွေးပွဲကို NSPC ကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနိုင်တို့ ဦးဆောင်ပြီး အပစ်ရပ် ၇ ဖွဲ့ဘက်က ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS) အတွင်းရေးမှူး-၁ စိုင်းငင်း၊ KNU/KNLA ငြိမ်းချမ်းရေးကောင်စီ အတွင်းရေးမှူး- ၁ စောကျော်ညွန့်၊ မွန်ပြည်သစ်ပါတီ (NMSP) ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် နိုင်အောင်မငေး၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU) အထွေထွေအတွင်းရေးမှူး ကျာယာကုတ်၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA) စစ်ရေးချုပ် စောစိန်ဝင်း၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) အထွေထွေအတွင်းရေးမှူး စောမြသန္တာ၊ NCA-S EAOs ရဲ့ ညှိနှိုင်းရေးမှူးတွေဖြစ်တဲ့ ဦးမျိုးဝင်းနဲ့ နန်းယဉ်ယဉ်စိုးတို့ တက်ရောက်ကြတယ်လို့ဆိုပါတယ်။
တဖက်မှာလည်း လွတ်လပ်ပြီး ကြိုတင်ကန့်သတ်ချက်များမထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးဆွေးနွေးပွဲတွေအတွက် ၂၀၂၆ ခုနှစ် ဧပြီ ၂၁ ရက်မှာ သမ္မတရာထူးယူထားတဲ့ဦးမင်းအောင်လှိုင်က ဖိတ်ခေါ် ထားပေမဲ့ ဒီလိုဖိတ်ခေါ်ချက်တွေက ဟန်ပြသက်သက်ဖြစ်တယ်လို့ တော်လှန်ရေးအင်အားစု အချို့က ဝေဖန်ထားပါတယ်။









