တိုက်ရိုက်ထုတ်လွှင့်မှု, အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုကြောင့် ညီညွတ်ရေးမှာ အတားအဆီးရှိနေတယ်လို့ NUG ၅ နှစ်ပြည့်မှာ ယာယီသမ္မတ ပြော

အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုကြောင့် ညီညွတ်ရေးမှာ အတားအဆီးရှိနေတယ်လို့ NUG ၅ နှစ်ပြည့်မှာ ယာယီသမ္မတ ပြောတဲ့သတင်းအပါအဝင် ဧပြီ ၁၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် တော်လှန်ရေးအင်အားစုတွေကြား ညီညွတ်ရေးမှာ အတားအဆီးရှိနေတယ်လို့ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား
  • NUG နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေပါတဲ့ SCEF ကို နိုင်ငံတကာက ပံ့ပိုးကူညီမှုတွေလုပ်ပေးဖို့ ဦးကျော်မိုးထွန်းတောင်းဆို
  • နတ်တလင်းမြို့နယ်ထဲမှာ စစ်တပ်က စစ်ကြောင်းထိုးချိန် ရွာပေါင်း ၅ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး ရွာ‌တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ရှိနေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အီရန် ဆိပ်ကမ်းတွေ ပိတ်ဆို့ထားချိန် ဒီအပတ်ထဲ ဆွေးနွေးပွဲ ပြန်စနိုင်တယ်လို့ ထရမ့် အရိပ်အမြွက်ပြော

    အမေရိကန် ရဲ့ ဆိပ်ကမ်းပိတ်ဆို့မှုက အပစ်ရပ် နှစ်ပတ်ကာလအတွင်း အီရန်ရဲ့ စီးပွားရေး အသက်သွေးကြောကို ဖြတ်တောက်ဖို့ ရည်ရွယ်ပါတယ်။

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, အမေရိကန် ရဲ့ ဆိပ်ကမ်းပိတ်ဆို့မှုက အပစ်ရပ် နှစ်ပတ်ကာလအတွင်း အီရန်ရဲ့ စီးပွားရေး အသက်သွေးကြောကို ဖြတ်တောက်ဖို့ ရည်ရွယ်ပါတယ်။

    အီရန်စစ်ပွဲရပ်တန့်ဖို့ ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေ ဒီသီတင်းပတ်ထဲ ပြန်စနိုင်ခြေရှိတယ်လို့ အမေရိကန်သမ္မတ ထရမ့်က အရိပ်အမြွက်ပြောလိုက်ပါတယ်။ နောက်ဆုံးဆွေးနွေးပွဲတွေမှာ သဘောတူညီမှု မရခဲ့တဲ့နောက် အီရန်ဆိပ်ကမ်းတွေကို အမေရိကန်က ပိတ်ဆို့နေချိန် ထရမ့်က အခုလို ပြောတာပါ။

    "ခင်ဗျား အဲဒီ (အစ္စလာမာဘတ်)မှာ ဆက်ရှိနေသင့်တယ်။ တကယ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ လာမယ့်နှစ်ရက်အတွင်း တစ်ခုခု ဖြစ်လာနိုင်ခြေရှိလို့ပါ။ ကျွန်တော်တို့လည်း အဲဒီကို သွားလိုတဲ့စိတ် ရှိပါတယ်" သမ္မတထရမ့်က နယူးယောက် ပို့စ်သတင်းဌာနနဲ့ အင်တာဗျူးမှာ သတင်းထောက်ကို အဲဒီလို ပြောလိုက်တာပါ။

    အမေရိကန်တပ်ဖွဲ့တွေရဲ့ စစ်ဆင်ရေး ပထမ ၃၆ နာရီအတွင်း "အီရန်ကို ပင်လယ်အဝင်အထွက်လမ်းကြောင်းကနေ ကုန်သွယ်စီးပွား မလုပ်နိုင်အောင် လုံးဝ ရပ်တန့်ပစ်နိုင်ခဲ့ပြီ" လို့ အမေရိကန်စစ်တပ်က ပြောပြီးတဲ့နောက် သမ္မတ ထရမ့်က အခုလို ပြောလာတာပါ။

    ဒီလို အီရန်အရေး ရှေ့မတိုးနောက်မဆုတ် ဖြစ်နေတဲ့အခြေအနေက လာမယ့်အပတ်ထဲ သက်တမ်းကုန်တော့မယ့် နှစ်ပတ် အပစ်ရပ်သဘောတူညီမှု အလားအလာတွေအပေါ် သံသယတွေ တိုးစေပါတယ်။

    ထရမ့်ရဲ့ ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ အီရန်ဘက်က တုံ့ပြန်မှုမရှိသေးပါဘူး။ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကတော့ ဒီဆွေးနွေးပွဲတွေ ပြန်စဖို့ " ဖြစ်နိုင်ခြေမြင့်မားတယ်" လို့ ပြောပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

  2. မြန်မာက သက်တမ်းရင့်ရေနံမြေတွေကို တူးဖော်ဖို့ တရုတ် စိတ်ဝင်စားနေ

    နေပြည်တော်က စွမ်းအင်ဝန်ကြီးဦးကိုကိုလွင်နဲ့အဖွဲ့ တရုတ်ကုမ္ပဏီတွေနဲ့ ဘေဂျင်းမှာတွေ့ဆုံနေတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, နေပြည်တော်က စွမ်းအင်ဝန်ကြီးဦးကိုကိုလွင်နဲ့အဖွဲ့ တရုတ်ကုမ္ပဏီတွေနဲ့ ဘေဂျင်းမှာတွေ့ဆုံနေတဲ့မြင်ကွင်း

    မြန်မာက သက်တမ်းရင့်ရေနံမြေတွေမှာ ပေနက်တွင်းတွေ တူးဖော်ဖို့ တရုတ်ဘက်က စိတ်ဝင်စားနေတယ်လို့ နိုင်ငံပိုင်သတင်းစာက ဖော်ပြပါတယ်။

    ဧပြီ ၁၃ နဲ့ ၁၄ ရက်တို့မှာ တရုတ်က တဆင့် ရုရှားကိုသွားတဲ့ နေပြည်တော်ရဲ့ စွမ်းအင်ဝန်ကြီး ဦးကိုကိုလွင်က တရုတ်နိုင်ငံပိုင်ကုမ္ပဏီ China Railway Beijing Engineering Group (CRBEG)ကို သွားရောက်ပြီး ကုမ္ပဏီက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံချိန် တရုတ်ဘက်က မေးမြန်းဆွေးနွေးခဲ့တာလို့ သိရပါတယ်။

    CRBEG ကုမ္ပဏီဟာ တရုတ်အစိုးရရဲ့ ကြီးကြပ်မှုအောက်က တရုတ်ရထားလမ်းအင်ဂျင်နီယာကော်ပိုရေးရှင်း (CREC)က ကျောထောက်နောက်ခံပြုထားပြီး CREC က ရှယ်ယာအများဆုံးပါဝင်နေပါတယ်။

    CRBEG ကုမ္ပဏီဟာ ၂၀၂၅ တုန်းက မြန်မာဘက်က ကုမ္ပဏီတစ်ခုနဲ့ အခြေခံအဆောက်အအုံများတည်ဆောက်ခြင်းဆိုင်ရာ စီမံကိန်းတွေအတွက် ပူးပေါင်းဆောင်ရွက်မှု နားလည်မှုဆိုင်ရာ စာချွန်လွှာသဘောတူ ချုပ်ဆိုထားတာတွေ့ရပါတယ်။

    တချိန်တည်းမှာပဲ MEIGE Joint Energy Holding ကုမ္ပဏီနဲ့ Yunnan-Irrawaddy Supply Chain က တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

    မြန်မာမှာ ရေနံချက်စက်ရုံဆောက်ဖို့နဲ့ လျှပ်စစ်နဲ့ စွမ်းအင်စီမံကိန်းတွေ ဆောင်ရွက်ဖို့ တရုတ်ကုမ္ပဏီတွေဘက်က လိုလားနေပြီး ဝန်ကြီးနဲ့အဖွဲ့ ဘေဂျင်းမြို့ရောက်နေချိန်မှာ တွေ့ဆုံမေးမြန်းခဲ့တာလို့ သတင်းစာကနေ ဖော်ပြပါတယ်။

    နေပြည်တော်က ဝန်ကြီးနဲ့ တွေ့ဆုံခဲ့တဲ့ ဒီကုမ္ပဏီတချို့ဟာ လက်ရှိမြန်မာမှာ လည်ပတ်လုပ်ကိုင်နေတဲ့ စီမံကိန်းတွေ မရှိသေးပေမယ့် မြန်မာ့နေရနံအပြင် နေရောင်ခြည်(ဆိုလာပါဝါ)သုံး စီမံကိန်းတွေမှာ ရင်းနှီးမြှုပ်နှံတာ၊ ရေနံထွက်ပစ္စည်းတွေ တင်သွင်းဖြန့်ချိတာ စတဲ့ ကဏ္ဍတွေအတွက် တရုတ်က ခြေလှမ်းပြင်နေတာလို့ စီးပွား‌ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။

    စွမ်းအင်ဝန်ကြီးဦးကိုကိုလွင်နဲ့ အဖွဲ့ဟာ ယူနန်အစိုးရနဲ့လည်း ဧပြီ ဒုတိယအပတ်ထဲမှာ တွေ့ဆုံပြီး တရုတ်ကနေ မြန်မာကို စက်သုံးဆီ တင်သွင်းဖို့ ဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။

    အာဏာသိမ်းပြီး‌နောက် တရုတ်၊ ရုရှားတို့နဲ့ ပိုနီးကပ်လာတဲ့ ‌စစ်ခေါင်း‌ဆောင်တွေဟာ စစ်တပ်ဦးဆောင်တဲ့ ‌ရွေးကောက်ပွဲအပြီး အရပ်ဘက်အုပ်ချုပ်ရေးအသွင်ပြောင်းပြီးတဲ့နောက်မှာ တရုတ်အစိုးရနဲ့ ဆက်ဆံရေးပိုတိုးလာပြီး ဦးမင်းအောင်လှိုင် သမ္မတရာထူးယူပြီးနောက်မှာ မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲက ထောက်ရှာပင်-ကမ်းနီရေနံမြေမှာ ရေနံ တိုးမြှင့်ထုတ်လုပ်ဖို့အတွက် ရေနံတိုးတက်ထုတ်ယူရရှိရေး စာချုပ်ကို နေပြည်တော်နဲ့ တရုတ်တို့ကြား လက်မှတ်ရေးထိုးထားပါတယ်။

  3. နှစ် ၂၀၀ ကျော်ကြာဆိုတဲ့ရန်ငြိုးကို ခဝါချခဲ့ကြတဲ့ ကယန်းဆွေမျိုးစုနှစ်စု

    လိုဘာခိုကျေးရွာနဲ့ ယပ်ခူကျေးရွာ ဆွေမျိုးစုတွေလက်ဆွဲနှုတ်ဆက်ခဲ့ကြ

    ဓာတ်ပုံ ရင်းမြစ်, Nyein Mg / KarenniPeople'sVoice

    ဓာတ်ပုံ ပုံစာ, လိုဘာခိုကျေးရွာနဲ့ ယပ်ခူကျေးရွာ ဆွေမျိုးစုတွေလက်ဆွဲနှုတ်ဆက်ခဲ့ကြ

    ကရင်နီ(ကယား)၊ ဒီးမော့ဆိုမြို့နယ်၊အနောက်ဘက်ခြမ်းက လိုဘာခို‌ ဆွေမျိုးစုနဲ့ ယပ်ခူဆွေမျိုးစုတွေကြားက နှစ်ပေါင်းများစွာကြာ မပြေလည်မှုတွေကို ပြန်လည်သင့်မြတ်ခြင်းသဘောတူညီမှု စာချုပ်ချုပ်ဆိုပြီး အဆုံးသတ်ခဲ့ကြပါပြီ။

    ဒီဆွေမျိုးနှစ်စုအကြား လက်ထပ်ထိမ်းမြားလို့မရဘူးဆိုပြီး ဆင့်ကဲသယ်ဆောင်လာတဲ့ ဓလေ့ထုံးတမ်းလို ယုံကြည်မှုဆိုင်ရာ အယူအဆတချို့နဲ့အတူ အချင်းများမပြေလည်မှုတွေကို နောက်မျိုးဆက်တွေအထိ လက်ဆင့်မကမ်းလိုကြောင်း လိုဘာခိုနဲ့ ယပ်ခူကျေးရွာက အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

    ဒ့ါကြောင့် ကျေးရွာအုပ်ချုပ်မှူးတွေ ဦးဆောင်မှုနဲ့ ကျေးရွာမျိုးနွယ်စု ခေါင်းဆောင်အချင်းချင်း ညှိနှိုင်းဖြေရှင်းကြပြီးနောက် ပြေလည်မှုလမ်းကြောင်းကို ဖောက်ခဲ့ကြလို့ ဘိုးဘွားအဆက်ဆက်က ချန်ခဲ့ကြတဲ့ ကျိန်စာတွေအားလုံး ပျက်ပြယ်သွားပြီလို့ ယုံကြည်နေကြပါတယ်။

    ဆွေမျိုးနှစ်စုကြားမှာ သမိုင်းဝင်အချိုးအကွေ့တစ်ခု ဖြစ်ခဲ့တဲ့ သဘောတူညီမှု စာချုပ်ချုပ်ဆိုမှုကိုတော့ဧပြီ ၇ ရက်က အခမ်းအနားနဲ့ ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

  4. အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုကြောင့် ညီညွတ်ရေးမှာ အတားအဆီးရှိနေဆဲဖြစ် - ဒူဝါလရှီးလ (NUG ၊ယာယီသမ္မတ)

    ‌ရှေ့တန်းစစ်မျက်နှာပြင်မှာတွေ့ရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, NUG - MOD

    ဓာတ်ပုံ ပုံစာ, ‌ရှေ့တန်းစစ်မျက်နှာပြင်မှာတွေ့ရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလနဲ့ တပ်ဖွဲ့ဝင်တချို့ (ပုံဟောင်း)

    အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် တော်လှန်ရေးအင်အားစုတွေကြား ညီညွတ်ရေးမှာ အတားအဆီးရှိနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားလိုက်ပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG ၅ နှစ်ပြည့် မိန့်ခွန်းမှာ ယာယီသမ္မတက အဲဒီလိုထည့်ပြောခဲ့တာဖြစ်ပါတယ်။

    '' တော်လှန်ရေးအင်အားစုများအကြား သမိုင်းကြောင်းဆိုင်ရာ မယုံကြည်မှုတွေ၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ လွှမ်းမိုးမှုတွေကြောင့် ညီညွတ်ရေးမှာ အတားအဆီးတွေ ရှိနေဆဲဖြစ်ပေမဲ့ ကျွန်ုတော်တို့အားလုံးရဲ့ တူညီတဲ့ ရည်မှန်းချက်ဟာ "စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး" လို့ သူကဆိုပါတယ်။

    ၅ နှစ်တာ အချိန်ကာလမှာ အောင်မြင်တဲ့ တော်လှန်ရေးဖြစ်ရပ်တွေကို ဖန်တီးနိုင်ခဲ့သလို၊ အောင်မြင်ဖို့ ကြိုးစားနေဆဲအခြေအနေတွေကိုလည်း ဖြတ်သန်းနေရကြောင်းထည့်ပြောပါတယ်။

    စစ်ရေးအရ လက်တွဲကူညီမှုတွေမှာ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အားပေးကူညီမှုတွေကို ထည့်ပြောပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်အားလုံးရဲ့ စစ်ရေးစွမ်းရည်ဟာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အားပေးကူညီမှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

    တစ်ဖက်မှာလည်း ခရီးဆုံးပန်းတိုင်အထိ ရောက်အောင် လျှောက်လှမ်းရင်း စိန်ခေါ်ချက် အမျိုးမျိုးနဲ့လည်း ကြုံတွေ့နေရကြောင်း၊ ပြည်သူလူထုတစ်ရပ်လုံးကို ပွင့်ပွင့်လင်းလင်း ဝန်ခံ‌ကြောင်း ထည့်ပြောပါတယ်။

    '' တော်လှန်ရေးသမိုင်း အဆက်ဆက် မကြုံခဲ့ဖူးတဲ့ အောင်မြင်မှု ခြေလှမ်း တွေကို တက်လှမ်းနိုင်ခဲ့သလို၊ ကျွန်တော်တို့ရဲ့ အားနည်းချက်ကြောင့်၊ လက်လွှတ်ခဲ့ရတဲ့ မအောင်မြင်မှုတွေလည်း ရှိခဲ့တာကို ဝန်ခံချင်ပါတယ်။ အထူးသဖြင့် အတွေ့အကြုံရင့်ကျက်မှု အားနည်းသေးတဲ့ လက်နက်ကိုင်တော်လှန်ရေးမှာ၊ ကျွန်တော်တို့အတွက် သင်ခန်းစာ အများအပြား ကို သင်ယူခွင့်ရခဲ့တာတွေ ရှိပါတယ်။ ကျွန်တော်တို့မှာ အရင်းအမြစ် အကန့်အသတ်ရှိသလို၊ လှုပ်ရှားနိုင်မှု (ဂွင်) အကန့်အသတ်တွေလည်း ရှိပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ တော်လှန်ရေး ခရီးမှာ၊ ပြန်လည်လက်လွှတ် လိုက်ရတဲ့ ဆုံးရှုံးမှုတွေ ရှိသလို၊ လက်ရှိ အချိန်အထိ ကျော်လွှားဖို့ ခက်ခဲနေသေးတဲ့ အရာတွေလည်း အများအပြား ရှိနေကြောင်း ပြည်သူလူထုကို ရိုးသားစွာ တင်ပြလိုပါတယ်'' လို့ ယာယီသမ္မတကပြောခဲ့ပါတယ်။

    နွေဦးတော်လှန်‌ရေးကာလ ၅ နှစ်တာအရောက်မှာတော့ အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲလုပ်ကာ အရပ်ဘက်အသွင်ပြောင်း အုပ်ချုပ်‌ရေးဖော်ဆောင်နေပါတယ်။

    တချိန်တည်းမှာပဲ NUG အပါအဝင် တော်လှန်ရေးအင်အားစုတွေဘက်ကလည်း "ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ" ဆိုပြီး ပေါ်လာပါတယ်။

    ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ပူးပေါင်းပြီး SCEF လို့အတိုကောက်ခေါ်ဝေါ်တဲ့ ဒီဦးဆောင်ကောင်စီ ဖြစ်လာပါတယ်။

    တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ စစ်ရေးနဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေကို တရားဝင်မှုနဲ့ ညီညွတ်တဲ့ တာဝန်ခံ ခေါင်းဆောင်နိုင်ဖို့အတွက် ညှိနှိုင်းပြီး SCEF ‌ပေါ်ပေါက်လာတာလို့ သတင်းစာရှင်းလင်းပွဲအပြီးမှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

  5. လူထုကို အနှောင့်အယှက်ပြုခဲ့မှုနဲ့ အမေရိကန် ယူကျုဘာ တစ်ဦးကို တောင်ကိုရီးယားမှာ ထောင်ဒဏ်ချမှတ်

    ဒုတိယကမ္ဘာစစ်အတွင်း လိင်ကျွန်အဖြစ်အသုံးချခံခဲ့ရတဲ့ အထိမ်းအမှတ် ရုပ်တုတစ်ခုကို ဂျော်နီ ဆိုမာလီ နမ်းရှုံ့ပြခဲ့တဲ့အတွက် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့

    ဓာတ်ပုံ ရင်းမြစ်, Reuters

    ဓာတ်ပုံ ပုံစာ, ဒုတိယကမ္ဘာစစ်အတွင်း လိင်ကျွန်အဖြစ်အသုံးချခံခဲ့ရတဲ့ အထိမ်းအမှတ် ရုပ်တုတစ်ခုကို ဂျော်နီ ဆိုမာလီ နမ်းရှုံ့ပြခဲ့တဲ့အတွက် အုတ်အော်သောင်းတင်း ဖြစ်သွားခဲ့

    တောင်ကိုရီးယားနိုင်ငံမှာ ဒုတိယကမ္ဘာစစ်ကာလ လိင်ကျွန်အဖြစ် အသုံးချခံရတဲ့အထိမ်းအမှတ် ရုပ်တုတစ်ခုကို နမ်းရှုံ့ပြခဲ့တဲ့ အမေရိကန် ယူကျုဘာ ဂျော်နီ ဆိုမာလီ ကို တောင်ကိုရီးယားအစိုးရက ထောင်ဒဏ် ခြောက်လ ချမှတ်ခဲ့ပါတယ်။

    တောင်ကိုရီးယားနိုင်ငံကို လာရောက်လည်ပတ်စဉ် ဂျော်နီ ဆိုမာလီ ဟာ အဲဒီရုပ်တုရဲ့ ပေါင်ပေါ်တက်ပြီး ကပြနေပုံ၊ နမ်းရှုံ့နေပုံ ဗီဒီယိုကလစ်ကို အွန်လိုင်းပေါ်မှာ တင်ခဲ့အပြီး အများပြည်သူကို အနှောင့်အယှက်ဖြစ်စေမှုနဲ့ တောင်ကိုရီးယားအစိုးရက သူ့ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလမှာ တရားစွဲဆိုခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ သူ့ကို တောင်ကိုရီးယားနိုင်ငံထဲကနေ ထွက်ခွာခွင့် ပိတ်ပင်ထားခဲ့ပါတယ်။

    အသက် ၂၅ နှစ်အရွယ် အမည်ရင်း အစ္စမေးလ် ရမ်ဆီ ခါလစ် ဟာ လိင်စိတ်ကြွစေတဲ့ အကြောင်းအရာတွေပါတဲ့ သူ့ရဲ့ ဗီဒီယိုကလစ်တွေကြောင့် လူသိများပြီး လိုက်ဗ်လွှင့်တဲ့ ဆိုရှယ်မီဒီယာ ပလက်ဖောင်းအတော်များများရဲ့ ပိတ်ပင်တာကို ခံထားရပါတယ်။

    သူဟာ ဂျပန်နဲ့ အစ္စရေးနိုင်ငံတွေဆီ သွားတုန်းကလည်း လူတွေကို အနှောင့်အယှက်ပေးခဲ့တယ် ဆိုပြီး စွပ်စွဲခံထားရပါတယ်။

    အများပြည်သူကို အနှောင့်အယှက်ဖြစ်အောင် လုပ်မှု၊ လိင်ပိုင်းဆိုင်ရာ deepfakes အတုအယောင်ပုံတွေ ဖြန့်ဝေမှု အပါအဝင် စွဲချက်အတော်များများမှာ ပြစ်မှုထင်ရှားကြောင်း ခါလစ် ကို တောင်ကိုရီးယား တရားရုံးက စီရင်ချက်ချခဲ့ပါတယ်။

    "တရားခံဟာ ယူကျုကတဆင့် အကျိုးအမြတ် ခံစားဖို့ ဘယ်သူဘယ်ဝါ အတိအကျ မဖော်ပြတဲ့ အများပြည်သူအပေါ် ရာဇဝတ်မှု အကြိမ်ကြိမ် ကျူးလွန်ခဲ့ပြီး ကိုရီးယား စည်းမျဉ်းဥပဒေကို ဂရုမစိုက်ဘဲ လူမှုကွန်ရက်ပေါ်မှာ တင်ချင်ရာတွေ လျှောက်တင်ခဲ့တယ်" ဆိုပြီး တရားရုံးက စီရင်ချက် ချခဲ့ကြောင်း တောင်ကိုရီးယား မီဒီယာမှာ ဖော်ပြထားပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ်။

  6. SCEF ကို နိုင်ငံတကာက ပံ့ပိုးကူညီမှုတွေလုပ်ပေးဖို့ ကုလမှာ ဦးကျော်မိုးထွန်း ထည့်ပြော

    နယူးယောက်မြို့၊ ကုလသမဂ္ဂအစည်းအဝေးပွဲမှာတွေ့ရတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်မိုးထွန်း

    ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the United Nations

    ဓာတ်ပုံ ပုံစာ, နယူးယောက်မြို့၊ ကုလသမဂ္ဂအစည်းအဝေးပွဲမှာတွေ့ရတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်မိုးထွန်း

    ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ - SCEF ကို နိုင်ငံတကာက ပံ့ပိုးကူညီမှုတွေလုပ်ပေးဖို့ဆိုပြီး ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းက နယူးယောက်မြို့၊ ကုလသမဂ္ဂအစည်းအဝေးမှာတောင်းဆို ပြောကြားလိုက်ပါတယ်။

    ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်ကနေ ၁၇ ရက်အထိပြုလုပ်နေတဲ့ ကုလသမဂ္ဂ၊ လူဦးရေနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မရှင် ၅၉ ကြိမ်မြောက် အစည်းအဝေးမှာ သူက ထည့်ပြောခဲ့တာဖြစ်ပါတယ်။

    အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီနဲ့ အဓိက တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေပါတဲ့ SCEF ဟာ မြန်မာရဲ့ ရေရှည်ငြိမ်းချမ်းရေးနဲ့ နိုင်ငံတည်ဆောက်ရေးအတွက် လက်တွေ့အကောင်အထည်ဖော်မှုအဆင့်ဖြစ်တယ်လို့ သူကထည့်ပြောပါတယ်။

    တဖက်မှာလည်း ဒီကနေ့ အမျိုးသားညီညွတ်ရေးအစိုးရ ၅ နှစ်ပြည့် NUG ယာယီသမ္မတ ဒူဝါလရှီးလရဲ့ မိန့်ခွန်းမှာလည်း SCEF အကြောင်းထည့်ပြောပြီး ၅ နှစ်အတွင်းပေါ်ပေါက်လာတဲ့ ညီညွတ်တဲ့ပြယုဂ်တစ်ခုလို့ ညွှန်းပါတယ်။

    '' SCEF ဖွဲ့စည်းတာဟာ အရင်လို တော်လှန်ရေးကို တစုတစည်းတည်းတိုက်နေတာထက် ညီညွတ်တဲ့မဟာဗျူဟာအောက်မှာအရှိန်မြှင့်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်'' လို့ ယာယီသမ္မတ ဒူဝါလရှီးလက ထည့်ပြောပါတယ်။

    SCEF မှာ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဖြစ်တဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) လည်းပါဝင်တဲ့ ကရင်နီအင်အားစုတွေ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)တို့ ပူးပေါင်းဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။

    ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF အနေနဲ့ စစ်အောင်နိုင်ရေးအတွက် စစ်မဟာဗျူဟာ ပူးပေါင်းညှိနှိုင်းကွပ်ကဲရေး ကော်မတီဖွဲ့စည်းပြီး လုပ်ဆောင်နေတယ်လို့ SCEF ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် တစ်ဦးဖြစ်သူ ဆလိုင်းထက်နီ က ပြောကြားထားပါတယ်။

    ဒါပေမဲ့ SCEF မှာမပါဝင်သေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့ တော်လှန်ရေးအင်အားစုတွေ အများအပြားရှိနေပြီး ဒီအဖွဲ့တွေပါဝင်လာအောင် လုပ်ဖို့ က SCEF အတွက် စိန်ခေါ်မှုဖြစ်တယ်လို့ နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်ထားပါတယ်။

    NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က တော့ SCEF အနေနဲ့ ရက်ပေါင်း ၆၀ အတွင်း ဦးစားပေးဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကို ဆွေးနွေးညှိနှိုင်း သတ်မှတ်ထားတယ်လို့ ပြောထားပါတယ်။

  7. ပဲခူး၊ နတ်တလင်းထဲက ရွာတွေ စစ်ကြောင်းထိုးမီးရှို့ခံရပြီး လေကြောင်းတိုက်ခိုက်ခံရ, အရပ်သားတချို့ ဖမ်းးဆီးခံထားရတယ်လို့ဆို

    နတ်တလင်းဒေသခံ စစ်ရှောင်တချို့ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, နတ်တလင်းဒေသခံ စစ်ရှောင်တချို့ (ပုံဟောင်း)

    စစ်တပ်နဲ့ ‌တော်လှန်‌‌ရေးအင်အားစုတွေတိုက်ပွဲ‌တွေပြင်းထန်နေတဲ့ ပဲခူးတိုင်း၊ ရန်ကုန်- ပြည်လမ်းပေါ် နတ်တလင်းမြို့နယ်ထဲမှာ စစ်တပ်က စစ်ကြောင်းထိုးချိန် ရွာပေါင်း ၅ ရွာထက်မနည်း မီးရှို့ဖျက်ဆီးခံခဲ့ရပြီး နတ်တလင်းမြို့နယ်ထဲက ရွာ‌တွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်ရှိနေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

    "ဖလံပင်၊ ရှားစေးဖို၊ ကျွန်းလေးပင်၊ ဘန့်ဘွေးကုန်း၊ မကျီးပင်၊ ကျောက်ခွက်နဲ့ သရက်ပုဂံရိုးရွာတွေ မီးရှို့ခံထားရတယ်” လို့ ‌မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

    စစ်ကြောင်းထိုးချိန်အတွင်း စစ်တပ်က နတ်တလင်းက တောင်ညိုဆည်အပြင် ဆည်အနီးမှာရှိတဲ့ မကျီးပင်ရွာက စက်လှေဂိတ်တို့ကို လေကြောင်းကနေဗုံးကြဲခဲ့တယ်လို့ သူကဆိုပါတယ်။

    မကျီးပင်ရွာက နတ်တလင်းမြို့‌ပေါ်နဲ့ ၁၄ မိုင်ခန့် ပဲအကွာအဝေးရှိတယ်လို့ သိရပါတယ်။

    အလားတူ ချောင်းကမ်းကြီးနဲ့ ကျွန်းလေးပင်ရွာ ၂ ရွာလည်း စက်တပ်လေထီးတွေနဲ့ ဗုံးကြဲချခဲ့ပြီး အရပ်သား ၂ ဦးကျည်ထိမှန် သေဆုံးခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

    ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ မကျီးပင်ရွာကို စစ်တပ်စစ်ကြောင်းထိုးချိန် ဒေသခံ ၂၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေကိုတော့ ပြန်လွှတ်ပေးလိုက်တယ်လို့ ရွာခံတစ်ဦးကပြောပါတယ်။

    "ယောက်ျားလေး ၁၀ ယောက်ကိုတော့ မဲနှိုက်တယ်။ မဲပေါက်တဲ့ယောက်ျားလေး ၅ ယောက်ကို ဖမ်းထားတယ်။ ကျန်တဲ့ ၅ ယောက်ကိုတော့ ပြန်လွှတ်ပေးလိုက်တယ်" လို့ လွတ်မြောက်လာသူတစ်ဦးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။

    အဲဒီ ၅ ဦးကို စစ်တပ်က မကျီးပင်ရွာက ဘုန်းကြီးကျောင်းထဲမှာ ဖမ်းထားတာလို့ သူက ဖြည့်ပြောပါတယ်။ စစ်တပ်စစ်ကြောင်းထိုးချိန် ရှောင်တိမ်းထွက်ပြေးကြတဲ့ လယ်မအင်းရွာခံတချို့ကိုလည်း စစ်ကြောင်းမှာပါတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တချို့က ပြန်လာဖို့ခေါ်ခိုင်းပြီးမှ ရိုက်နှက်တာတွေလုပ်ခဲ့တယ်လို့ မြေပြင်အခြေအနေသိသူတစ်ဦးက ပြောပါတယ်။

    လယ်မအင်းရွာခံတချို့ ရိုက်နှက်ခံရတဲ့အခြေအနေနဲ့ပတ်သက်လို့ ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

    ဧပြီ ဒုတိယအပတ်က နတ်တလင်းက ကျွန်းလေးပင်ရွာ မီးလောင်နေတဲ့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ဧပြီ ဒုတိယအပတ်က နတ်တလင်းက ကျွန်းလေးပင်ရွာ မီးလောင်နေတဲ့မြင်ကွင်း

    စစ်တပ်ရဲ့ စစ်ကြောင်းဟာ လက်ရှိမှာ မကျီးပင်ရွာထဲက ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတယ်လို့ သတင်းရင်းမြစ်က ဆိုပါတယ်။ စစ်တပ်ရဲ့ စစ်ကြောင်းမဝင်ခင် လမ်းကြောင်းအခြေအနေတွေကို ကင်းထောက်ဒရုန်းတွေနဲ့ ထောက်လှမ်းတာ စောင့်ကြည့်တာတွေ လုပ်တယ်လို့ သူက ပြောပါတယ်။

    စစ်တပ်ရဲ့ စစ်ကြောင်းက နတ်တလင်းအရှေ့ဘက်ခြမ်းက ကျေးရွာတွေကို ဧပြီ ၉ ရက်ကစလို့ စစ်ကြောင်းထိုးပြီး လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေတာကြောင့် အရပ်သား ၂ ဦးသေဆုံးထားတယ်လို့ သိရပါတယ်။

    နတ်တလင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ စစ်တပ်အနေနဲ့ နတ်တလင်းမြို့နယ်ထဲမှာ “တော်လှန်ရေးအင်အားစုဖွဲ့မှုအားကောင်းတယ်လို့ သတ်မှတ်တယ်၊ ဒီလိုအားကောင်းအောင် ဒေသခံတွေက ပံ့ပိုးနေတယ်ဆိုတဲ့ ယူဆချက်တွေကြောင့် စစ်ကြောင်းထိုးနေတာ”လို့ ပြောပါတယ်။

    မြန်မာစစ်တပ်ကတော့ နတ်တလင်းက စစ်ရေးအခြေအနေတွေနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။

  8. မင်္ဂလာပါ။ ဧပြီ ၁၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။