ရွှေနဲ့ရွှေနဲ့ ပြုလုပ်ထားတဲ့ ကျောက်မျက်ရတနာထည်တွေ အွန်လိုင်းကနေ Live Sale ရောင်းချတာကို တားမြစ်ပိတ်ပင်မှုရှိလာတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။
ရွှေဈေးကွက်တည်ငြိမ်ရေးနဲ့
စားသုံးသူကာကွယ်ရေးအတွက်ဆိုတဲ့ အကြောင်းပြချက် ၂ ချက်နဲ့ တားမြစ်လာတာလို့ ဆိုပါတယ်။
''အွန်လိုင်းကဝယ်ယူတဲ့လက်ဝတ်ရတနာတွေဟာ အလေးချိန်၊ ရွှေအရည်အသွေးနဲ့ ဈေးနှုန်းနဲ့ ပတ်သက်တဲ့ ပြဿနာတွေအများကြီးဖြစ်တယ်။ စားသုံးသူထိခိုက်နစ်နာတာတွေရှိတာပေါ့လေ။ ရွှေဈေးတက်ငြိမ်စေချင်တာ၊ အတက်အကျမကြမ်းစေချင်တာလည်းတပိုင်းပါတာပေါ့'' လို့ ရွှေလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
အစောပိုင်းကတေ့ာ အွန်လိုင်း ကနေ ပစ္စည်းရောင်းချမယ်ဆိုရင် စီးပွား/ကူးသန်းဝန်ကြီးဌာနမှာ အွန်လိုင်းရောင်းချခြင်းလုပ်ငန်းမှတ်ပုံတင် လျှောက်ထားကြရတာပါ။ လက်ရှိမှာတေ့ာ အဲဒီလိုင်စင်တွေကို သက်တမ်းအသစ်တိုးမပေးတော့တာကြောင့် အွန်လိုင်းရောင်းချခွင့်မရှိဖြစ်သွားတာလို့ ပြောကြပါတယ်။
“လိုင်စင်တွေတစ်နှစ်ပြည့်တော့
သက်တမ်းထပ်တိုးမပေးတော့တာပေါ့။ အွန်လိုင်း Live Sale တွေ မရတော့ဘူး။ သူတို့ရဲ့ ဆိုရှယ်မီဒီယာက
ပေ့ချ်မှာ ကြေညာတာမျိုးတော့ရပါတယ်” လို့ ရွှေလုပ်ငန်းရှင်က ဆက်ပြောပါတယ်။
ရွှေဝယ်ရောင်းလုပ်မယ့်လုပ်ငန်းရှင်တွေဟာ
သတ္တုလိုင်စင်နဲ့ အွန်လိုင်းလိုင်စင်နှစ်မျိုးရှိရမှာဖြစ်ပြီး အွန်လိုင်းလိုင်စင်လျှောက်ထားသူ
၇၀၀ ကျော်အထိရှိတယ်လို့ လုပ်ငန်းရှင်အသိုင်းအဝိုင်းက ပြောပါတယ်။
အခုတော့ အွန်လိုင်းလိုင်စင်ကိုသက်တမ်းမတိုးပေးတော့တာကြောင့်
သတ္တုလိုင်စင်တစ်မျိုးတည်း ကိုပဲ ကိုင်ဆောင်ရမှာဖြစ်ပြီး ဝယ်လိုသူတွေကလည်း ရွှေနဲ့
ကျောက်မျက်ရတနာအရောင်းဆိုင်တွေ ကို သွားရောက်ဝယ်ယူရမယ့်သဘောဖြစ်ပါတယ်။
ကပ်ရောဂါကိုဗစ်ကာလကစလို့
မြန်မာမှာအွန်လိုင်းရောင်းချမှုတွေခေတ်စားလာချိန် ရွှေနဲ့ ကျောက်မျက်ရတနာတွေပါ ရောင်းချလာကြပြီး
အာဏာသိမ်းပြီးနောက်ပိုင်းလည်း အွန်လိုင်းဈေးကွက်က ပိုပြီးတွင်ကျယ်လာတာပါ။
ရွှေဈေးကွက်ကိုကြည့်ရင်တော့
အာဏာသိမ်းပြီး ၅ နှစ်ကျော်ကာလအတွင်းမှာ ရွှေဈေးတရှိန်ထိုးတက်ခဲ့ပြီး နေပြည်တော်ဘက်က
ဈေးကွက်ထိန်းချုပ်ရေးကော်မတီတွေဖွဲ့သလို ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချဖို့အတွက် လုပ်ငန်းရှင်တွေကိုပါ
ဖမ်းဆီးထောင်ချတာတွေရှိပါတယ်။
တဖက်မှာလည်း
ရွှေနဲ့ ကျောက်မျက်ရတနာအွန်လိုင်းအရောင်းဈေးကွက်ကြောင့် အခကြေးငွေယူကာ အွန်လိုင်းဈေးရောင်းချပေးသူတွေလည်းတွင်ကျယ်လာသလို
ဒီလို အွန်လိုင်းမှာ ဈေးရောင်းဖို့ ဒီဂျစ်တယ်မားကတ်တင်းမ် ဝန်ထမ်းအများအပြားလည်း ဒီအပေါ်မှီခိုနေရတာဖြစ်ပါတယ်။
အွန်လိုင်းလိုင်စင်မရှိဘဲ
ဈေးရောင်းချမယ်ဆိုရင်တော့ အရေးကြီးကုန်စည်ဝန်ဆောင်မှုဥပဒေ အရ အရေးယူခံရနိုင်တယ်လို့
သိရပါတယ်။
ဒါနဲ့ပတ်သက်လို့
စီးပွားကူးသန်းဝန်ကြီးဌာနကို ဘီဘီစီက ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
Updated - အောက်တိုဘာ ၇ ရက် ညနေပိုင်း သတ္တုတွင်းဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ကျောက်မျက်ရတနာကို သီးသန့်ရောင်းချပြီး သက်ဆိုင်ရာ ရောင်းဝယ်ရေးလိုင်စင်ရှိကာ ရွှေနဲ့ ရွှေကြမ်းပစ္စည်းတွေ မရောင်းဘူးလို့ ဝန်ခံကတိပြုလျှောက်ထားရင် Online Sales မှတ်ပုံတင်လက်မှတ်ကို ခွင့်ပြုထုတ်ပေးနေတယ်လို့ ဆိုပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကလည်း ရွှေနဲ့ ရွှေကြမ်း၊ ရွှေပါဝင်တဲ့ လက်ဝတ်ရတနာနဲ့ အနုပညာပစ္စည်းတွေကို အွန်လိုင်းကနေ ရောင်းချတာအတွက် Online Sales မှတ်ပုံတင်လက်မှတ် ခွင့်ပြုထုတ်ပေးခြင်း မရှိကြောင်း ထုတ်ပြန်ပါတယ်။
အွန်လိုင်းကနေ ရွှေရောင်းချမှုတွေကြောင့် ရွှေဈေးနှုန်းနဲ့ ဈေးကွက် မတည်မငြိမ်ဖြစ်စေနိုင်တဲ့ လုပ်ဆောင်မှုတွေ ဖြစ်ပေါ်လာနိုင်တာကြောင့် အခုလို သတ်မှတ်ထားတာလို့ဆိုပါတယ်။
ဒါပေမဲ့ ကျောက်မျက်ရတနာကို သီးသန့်ရောင်းချပြီး သက်ဆိုင်ရာ ရောင်းဝယ်ရေးလိုင်စင်ရှိကာ ရွှေနဲ့ ရွှေကြမ်းပစ္စည်းတွေ မရောင်းဘူးလို့ ဝန်ခံကတိပြုလျှောက်ထားရင် Online Sales မှတ်ပုံတင်လက်မှတ်ကို ခွင့်ပြုထုတ်ပေးနေတယ်လို့ စီးပွား/ကူးသန်းက ပြောပါတယ်။