ဂျပန်မှာ မကြုံစဖူးမိုးသည်းလို့ လူခြောက်ဦးသေဆုံး
ဂျပန်နိုင်ငံမြို့တော် တိုကျိုအနီး ချီဘားစီရင်စုမှာ စံချိန်တင်မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် လူခြောက်ဦးထက်မနည်းသေဆုံးပြီး ငါးဦး ဒဏ်ရာရခဲ့ပါတယ်။
အိမ်ထောင်စု ၂၀၀၀၀ ကျော် လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ကာ တိုကျိုမှာရှိတဲ့ နရီတာလေဆိပ်မှာ ခရီးသည် ၇၀၀၀ ခန့် မနေ့ညက သောင်တင်ခဲ့တယ်လို့ အာဏာပိုင်တွေကထုတ်ပြန်ပါတယ်။
အမြင့်ဆုံးသတိပေးချက်ဖြစ်တဲ့ အဆင့်ငါး အရေးပေါ်သတိပေးချက်ကို ကြာသပတေးနေ့မှာ ထုတ်ခဲ့ရပါတယ်။ အရေးပေါ်သတိပေးချက်အဆင့်ကို သောကြာနေ့နံနက်ပိုင်းမှာ အဆင့်လေးကို လျှော့ချခဲ့ပေမဲ့ မြေပြိုတာနဲ့ ရေကြီးတဲ့အန္တရာယ်တွေရှိနိုင်တယ်လို့ သတိပေးထားပါတယ်။
ဒီအပတ်အတွင်း ဂျပန်နဲ့ အိမ်နီးချင်းနိုင်ငံတွေကို မုန်တိုင်းတွေ တစ်ခုပြီးတစ်ခုဝင်ရောက်ပြီးနောက် ဒီလိုရေကြီးရေလျှံတာတွေ ရှိခဲ့တာ ဖြစ်ပါတယ်။ အရင်နဲ့မတူတဲ့ ပြင်းထန်တိုင်ဖွန်းရာသီဖြစ်မယ်လို့ မိုးလေဝသဌာနတွေက ခန့်မှန်းထားပါတယ်။
နိုင်ငံအရှေ့ပိုင်းကို ဝင်ရောက်တိုက်ခတ်တဲ့ ပူနွေးစိုထိုင်းတဲ့လေနဲ့ အထက်က လေအေးတွေပေါင်းဆုံပြီး ပတ်ဝန်းကျင်အခြေအနေတွေဟာ မတည်ငြိမ်ဖြစ်ခဲ့တာကြောင့် မိုးသည်းထန်စွာရွာသွန်းခဲ့တာဖြစ်တယ်လို့ ဂျပန်မိုးလေဝသဌာနက ထုတ်ပြန်ထားပါတယ်။
တိုကျိုမြို့အနီးက ချီဘားစီရင်စုဟာ ကြာသပတေးနေ့ မွန်းလွဲပိုင်းကစလို့ မိုးရေချိန် တစ်နာရီ ၁၀၀ မီလီမီတာ ကျော်ရှိခဲ့တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။
ဒါဟာ ဩဂုတ်မှာရှိတတ်တဲ့ ပျမ်းမျှမိုးရေချိန်ရဲ့ သုံးဆရှိပြီး နိုင်ငံတွင်း မှတ်တမ်းတင်ခဲ့သမျှ အမြင့်ဆုံးမိုးရေပမာဏလည်းဖြစ်ပါတယ်။
မိုးသည်းထန်စွာရွာသွန်းတာကြောင့် မြေပြိုတာနဲ့ လျှပ်စစ်ဓာတ်အားပြတ်တောက်တာတွေရှိခဲ့ပြီးနောက် ကြာသပတေးနေ့မှာ အိမ်ထောင်စု တစ်သိန်းကျော်ကို နေရာရွှေ့ပြောင်းဖို့ အာဏာပိုင်တွေက တိုက်တွန်းခဲ့ပါတယ်။