မြန်မာကနေတဆင့် ဒေသတွင်းကို သဘာဝဓာတ်ငွေ့ ပို့နိုင်ဖို့ ပူတင်စဉ်းစား
မြန်မာပြည်တွင်းအပြင် မြန်မာကနေတဆင့် အိမ်နီးချင်းနိုင်ငံတွေကို သဘာဝဓာတ်ငွေ့ တင်ပို့ဖို့ စိတ်၀င်စားတဲ့အကြောင်း ရုရှားသမ္မတ ပူတင်က ပြောလာပါတယ်။
နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်နဲ့အတူ မော်စကိုမြို့မှာ မနေ့က ပြုလုပ်တဲ့သတင်းထောက်တွေနဲ့ တွေ့ဆုံပွဲမှာ သမ္မတပူတင်က အခုလိုပြောလိုက်တာဖြစ်ပါတယ်။
‘‘မြန်မာကနေတဆင့် အိမ်နီးချင်းနိုင်ငံတွေကို သဘာ၀ဓာတ်ငွေ့ပို့နိုင်တဲ့အလားအလာတွေ မြန်မာမှာ ရှိနေပါတယ်’’ လို့ သူက ပြောပါတယ်။
လက်ရှိမှာ ရုရှားဟာရေနံနဲ့ သဘာ၀ဓာတ်ငွေ့တွေ တင်ပို့ရောင်းချမှုကနေ နိုင်ငံ့၀င်ငွေအများစုကို ရရှိနေပါတယ်။
ရုရှားသဘာဝဓာတ်ငွေ့ကို မြန်မာကနေရှိထားပြီးသား ပိုက်လိုင်းတွေကနေတဆင့် တရုတ်နဲ့ ထိုင်းနိုင်ငံကို ပြန်လည်တင်ပို့နိုင်ရေး စိတ်၀င်စားတဲ့အကြောင်း ရုရှားဘက်ကို နေပြည်တော်က အစောပိုင်းကတည်း ပြောထားပါတယ်။
အခုတော့ ရုရှားသမ္မတ ပူတင်က ရုရှားသဘာဝဓာတ်ငွေ့ကို မြန်မာကနေတဆင့် ဒေသတွင်းနိုင်ငံတွေကိုပါ ပို့ဖို့ စိတ်၀င်စားတဲ့အကြောင်း ပြောလာတာဖြစ်ပါတယ်။
လက်ရှိမှာ ရုရှားဓာတ်ငွေ့ကို အာရှမှာ တရုတ်နဲ့ ဗီယက်နမ်တို့က ၀ယ်ယူနေပြီး အင်ဒိုနီးရှားကလည်း ၀ယ်ယူဖို့ စိတ်၀င်စားနေပါတယ်။
သမ္မတ ပူတင်ကတော့ မြန်မာတောင်ပိုင်းမှာ တန်ချိန်များတဲ့သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်မယ့်ရေနက်ဆိပ်ကမ်းစီမံကိန်းကိစ္စလည်း ဆွေးနွေးနေတယ်လို့လည်း ပြောပါတယ်။
ဘယ်စီမံကိန်းရယ်လို့ သူက မပြောသွားပေမဲ့ နေပြည်တော်ဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ရှေ့မဆက်နိုင်ဘဲ တန့်နေတဲ့ ဒေါ်လာဘီလျံဆယ်ချီ ထား၀ယ်ရေနက်ဆိပ်ကမ်းစီမံကိန်းကို ရှေ့တိုး လုပ်နိုင်ဖို့ ရုရှားကို တိုက်တွန်း ဖိတ်ခေါ်နေတာဖြစ်ပါတယ်။
နေပြည်တော်နဲ့ ရုရှားတို့ဟာ ထား၀ယ်ရေနက်ဆိပ်ကမ်းစီမံကိန်းထဲ ကျောက်မီးသွေးဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးထားပြီးဖြစ်ပါတယ်။
နောက်ပြီး နေပြည်တော်ဟာ ရုရှားကို ရင်းနှီးမြှုပ်နှံမှု အာမခံပေးဖို့ စီမံကိန်းနယ်မြေတွေမှာ လုံခြုံရေးကို လုံခြုံရေးအာမခံပေးဖို့ ကြိုးပမ်းနေပါတယ်။
စီမံကိန်းနယ်ပယ်တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်တွေလည်း ဖြန့်ကြက်လှုပ်ရှားတာဖြစ်ပါတယ်။
နေပြည်တော်က ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းကတော့ တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ နဘုလယ်တိုက်နယ်ထဲက ထား၀ယ်ရေနက်ဆိပ်ကမ်း စီမံကိန်းအပါအ၀င် ဒေသတွင်းမှာ နှောက်ယှက် ဖျက်ဆီးသူတွေကို ပြင်းပြင်းထန်ထန် ခြေမှုန်းမယ်လို့ ဆိုပြီး ပြောပါတယ်။
ဇွန်လတုန်းက သူ့ရဲ့အခုပြောဆိုချက်အပြီးမှာပဲ စီမံကိန်းနယ်မြေထဲကို စစ်တပ်က စစ်ကြောင်းထိုးလို့ အရပ်သားအချို့ သတ်ဖြတ်ခံရတဲ့ဖြစ်စဉ်ရှိခဲ့သလို ဒေသခံတွေလည်း ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။