တိုက်ရိုက်ထုတ်လွှင့်မှု, နေပြည်တော်ခွင့်ပြုမှ ထိုင်းရောက် PV ကိုင်ဆောင်သူတွေ ပတ်စ်ပို့သက်တမ်းတိုးနိုင်မယ်

နေပြည်တော်ခွင့်ပြုမှ ထိုင်းရောက် PV ကိုင်ဆောင်သူတွေ ပတ်စ်ပို့သက်တမ်းတိုးနိုင်မယ့် သတင်းအပါအဝင် မြန်မာ နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

PV အမျိုးအစားနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူတွေ နေပြည်တော်ခွင့်ပြုချက်ရမှ နိုင်ငံကူးလက်မှတ်သက်တိုးရမယ်လို့ သတင်းထွက်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. နေပြည်တော်ခွင့်ပြုမှ ထိုင်းရောက် PV ကိုင်ဆောင်သူတွေ ပတ်စ်ပို့သက်တမ်းတိုးနိုင်မယ်

    PV အမျိုးအစား မြန်မာနိုင်ငံကူးလက်မှတ်
    ဓာတ်ပုံ ပုံစာ, PV အမျိုးအစား မြန်မာနိုင်ငံကူးလက်မှတ်

    ထိုင်းရောက် PV အမျိုးအစား နိုင်ငံကူးလက်မှတ် (ပတ်စ်ပို့) ကိုင်ဆောင်ထားသူတွေ သက်တမ်းကုန်လို့ အသစ်လဲလှယ်တဲ့အခါ နေပြည်တော်ရဲ့ ခွင့်ပြုချက်မဖြစ်မနေလိုအပ်လာနိုင်မယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးရှိ ပတ်စ်ပို့အကျိုးဆောင်အသိုင်းအဝိုင်းဆီက သိရှိရပါတယ်။

    ထိုင်းနိုင်ငံမှာ PV အမျိုးအစားကိုင်ဆောင်ပြီး အလုပ်လုပ်ကိုင်သူတွေနဲ့ ကျောင်းတက်‌ရောက်နေသူတွေရဲ့ ပတ်စ်ပို့ စာအုပ်တွေ သက်တမ်းကုန်လို့ အသစ်လဲတဲ့အခါ ဒီသတ်မှတ်ချက် က အဓိကသက်ရောက်လာမယ်လို့ အကျိုးဆောင်တချို့ ကဆိုပါတယ်။

    “PV သမားတွေက သက်တမ်းကုန်လို့ ဒီမှာ အလုပ်လုပ်နေသူတွေဆို သွားပြောင်းရင် PJ ဖြစ်သွားမယ်။ အရင်က အဲဒါကို ဘန်ကောက်သံရုံးမှာပဲပြောင်းလို့ရတယ်။ အခုတော့ အဲဒီလို ပြောင်းရမယ့်သူတွေက သံရုံးက တဆင့် နေပြည်တော်ကို တင်ပြမယ်။ နေပြည်တော်က ခွင့်ပြုချက်ပြန်ကျမှ ဒီသံရုံးက သက်တမ်းတိုးပေးမယ်ဆိုတာမျိုးဖြစ်လာနိုင်တယ်” လို့ ဘန်ကောက်၊မြန်မာသံရုံးက အကျိုးဆောင်တစ်ဦးက ကနဦးသူသိထားတာကို ပြောပြပါတယ်။

    ဘန်ကောက်မြို့၊ မြန်မာသံရုံးဘက်ကတော့ ဒါနဲ့ ပတ်သက်လို့ တရားဝင်မထုတ်ပြန်သေးပါဘူး။

    ဒါဟာ အလည်အပတ်နိုင်ငံကူးလက်မှတ် နဲ့ အလုပ်ဗီဇာ (Non-B)၊ ကျောင်းသားဗီဇာ (Non-ED) ကိုင်ဆောင်တွေအပေါ်မှာလည်း သက်ရောက်မှုရှိလာနိုင်တယ်လို့ ပြောကြပါတယ်။

    “အတွင်းသတင်းပဲထွက်သေးတာပါ။ တရားဝင်စာတော့ မထွက်သေးဘူး။ ပုံမှန်ဆို သံရုံးကတော့ ကောလာဟလတွေထွက်ပြီး တစ်ပတ်အတွင်းဆို စာထုတ်ပါတယ်။စောင့်ကြည့်ရမယ်” လို့ နောက်ထပ် အကျိုးတော်ဆောင်တစ်ဦးက ပြောပါတယ်။

    ဦးမင်းအောင်လှိုင်ဟာ ဩဂုတ်လ ၇ ရက်က သူ့ရဲ့ ထိုင်းခရီးစဉ်အတွင်း ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကို သွားရောက်ခဲ့ပါသေးတယ်။ သူသွားရောက်ပြီး ၁၂ ရက်အကြာမှာ ဒီလို သတင်းတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

    မနေ့ညနေပိုင်းမှာ အကျိုးတော်ဆောင်တွေက တဆင့် ဒီသတင်းက ပျံ့နှံ့လာပြီးနောက်မှာ PV သက်တမ်းကုန်ဖို့နီးကပ်နေသူတွေနဲ့ ကျောင်းသားတွေအတွက်အခက်အခဲတွေဖြစ်လာနိုင်တယ်လို့ ပြောဆိုချက်တွေရှိနေပါတယ်။

  2. မင်္ဂလာပါ။ ဩဂုတ် ၁၉ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။