အောက်တိုဘာ ၆ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဦးမင်းအောင်လှိုင် မလေးရှားကိုလာဖို့ရှိ - ၀န်ကြီးချုပ် အန်ဝါ
ဦးမင်းအောင်လှိုင် လာမယ့်ရက်ပိုင်းအတွင်း မလေးရှားကို လာဖို့ရှိတယ်လို့ မလေးရှား၀န်ကြီးချုပ် အန်ဝါ ထုတ်ပြောတဲ့သတင်းအပါအဝင် အောက်တိုဘာ ၆ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးက ရွှေမျောဖောင်တွေကို စစ်တပ်ဗုံးကြဲလို့ ၅ ဦးသေဆုံး၊ သဖန်းဆိပ်ဆည်ရေဖောက်ချထားလို့ စစ်ကိုင်းထဲက မြို့နယ်တချို့ ရေကြီးနေ
- ရန်ကုန်၊ မင်္ဂလာဒုံမြို့နယ်ထဲက စိတ်ကျန်းမာရေးမကောင်းတဲ့အမျိုးသားတစ်ဦးကို ကျားဖောင် ရေလုပ်ငန်းကို ခြိမ်းခြောက်ခေါ်ဆောင်ပြီး လုပ်အားခခေါင်းပုံဖြတ်ယူဖို့လုပ်တဲ့လူ ၄ ဦးကို ထောင် ၁၅ နှစ်ချ
- ဦးမင်းအောင်လှိုင် မလေးရှားကို ရက်ပိုင်းအတွင်းလာမယ်လို့ မလေးရှားဝန်ကြီးချုပ်ပြော
- မန္တလေး၊ တောင်သာနယ်ထဲက မူလွန်စာသင်ကျောင်း ဒရုန်းဗုံးကျကွဲလို့ ကျောင်းသားကလေးငယ်တွေအပါ ၁၅ ဦးဒဏ်ရာရ
တိုက်ရိုက် ထုတ်လွှင့်ချက်
မလေးရှားမှာ သောင်တင်ခဲ့သူတွေ မြန်မာခရီးဆုံးပြီလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, မလေးရှား ပြန်လာခဲ့သူတွေ အောက်တိုဘာ ၄ ရက်မှာ ရန်ကုန်ကို ပြန်ရောက် မလေးရှားက ထိန်းသိမ်းရေးစခန်းတွေထဲ လနဲ့ချီ နေခဲ့ရတဲ့ မြန်မာဒုက္ခသည်တွေထဲက ပထမဆုံး တစ်သုတ် အောက်တိုဘာ ၄ ရက်မှာ ပြန်ရောက်လာခဲ့ကြပါတယ်။ အဲဒီ ပထမသုတ်ထဲမှာ မြန်မာဒုက္ခသည် ၁၄၇၆ ဦး ပါဝင်ပြီး အားလုံးဟာ မလေးရှားနိုင်ငံတဝန်းက လူဝင်မှုထိန်းသိမ်းရေးစခန်းတွေကနေ ပြန်လာရသူတွေ ဖြစ်ပါတယ်။
အနေအစားဆင်းရဲပြီး ချို့တဲ့ကျပ်တည်းစွာ နေခဲ့ရတဲ့ထိန်းသိမ်းရေးစခန်းတွေကို စွန့်ခွာပြီး ပြန်ရောက်လာခဲ့ပေမဲ့ သူတို့အိမ်ပြန်ခရီးက မပြီးဆုံးသေးပါဘူး။
အဲဒီထဲမှာ ဒေါ်ခင်ဝင်း တစ်ယောက်လည်းပါဝင်ပါတယ်။ ဒေါ်ခင်ဝင်းဟာ အခုနှစ် နှစ်ဆန်းပိုင်းမှာ မလေးရှား နိုင်ငံကို တရားမဝင် အောက်လမ်းကနေ သွားရောက်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်ကနေ ကော့သောင်း၊ ကော့သောင်းကနေ ထိုင်းနိုင်ငံကို ကုန်းလမ်းကနေ အဆင့်ဆင့် သွားရောက်ခဲ့ပြီး မလေးရှားနိုင်ငံကို ဝင်ရောက်ဖို့ ကြိုးစားချိန် လမ်းမှာ အဖမ်းခံခဲ့ရပါတယ်။
"လမ်းမှာ ထိုင်းက ပို့လာပြီး ကော့သောင်းနားမှာ မလေးက လာကြိုမှာလို့ ပြောပါတယ်။ အဲဒီမှာ လူတွေကို ဒီလို လမ်းဘေးတစ်ခုမှာ ထားပါတယ်။ မလေးက ကားသမား လာကြိုတာ ထင်ပါတယ်။ သူက 'ဒီကိုလာ၊ ဒီကိုလာ' ဆိုတာနဲ့ အကုန်လုံး လိုက်သွားတာ။ အဲဒါ ရဲမှန်းလည်း မသိပါဘူး။ ကားပေါ် ရောက်မှ သိပါတယ်။ လက်ထိပ်တွေ ခတ်လို့။ မြန်မာလူမျိုးတွေ အများကြီးပဲ"လို့ ဒေါ်ခင်ဝင်းက ပြောပါတယ်။
အပြည့်အစုံကို ဒီလင့်ခ်မှာ ဖတ်ရှုပါ။
‘သူ့ကို အဖေလို့တောင် ခေါ်ခဲ့ကြတာ’ - မသန်စွမ်းဂေဟာက လိင်အမြတ်ထုတ်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
"ကျွန်မ ရင်ထဲမဆံ့တော့လို့ ကျွန်မအဖြစ်အပျက်ကို ရင်ဖွင့်ရတာပါ"
ဒီစကားက ဆောင်း မီညွန်တစ်ယောက် ရဲတပ်ဖွဲ့ကို ပထမဆုံးပြောခဲ့တဲ့စကားတွေဖြစ်ပါတယ်။
ဉာဏ်ရည်မသန်စွမ်းတဲ့ ဆောင်ဟာ စာကြောင်းရှည်ရှည်တွေကို မပြောနိုင်ပါဘူး။ စကားလုံးတိုတိုနဲ့ ကိုယ်ဟန်အမူအရာတွေက တစ်ဆင့်သာ ဆက်သွယ်ပြောဆိုနိုင်ပါတယ်။ ဒါပေမဲ့ သူအပေါ် ကျူးလွန်ခဲ့တာတွေကိုတော့ သူ့မှတ်ဉာဏ်ထဲ ပြတ်ပြတ်ထင်ထင် မြင်နေဆဲပါ။
သူဟာ တောင်ကိုရီးယားမှာ အစိုးရက ဖွင့်တဲ့စောင့်ရှောက်ရေးဂေဟာတစ်ခုက ဖြစ်ပြီး အဲဒီဂေဟာရဲ့ဒါရိုက်တာက လိင်ပိုင်းဆိုင်ရာကျူးလွန်တာခံခဲ့ရသူ ၃ ဦးထဲက ၁ ဦးဖြစ်ပါတယ်။
ဒီအမှုဟာ နိုင်ငံတ၀န်း လှုပ်လှုပ်ခတ်ခတ်ဖြစ်စေခဲ့ပြီး မသန်စွမ်းသူတွေအတွက် အစိုးရရဲ့စောင့်ရှောက်မှုစနစ်အပေါ်လည်း မေးခွန်းတွေ ထုတ်စရာဖြစ်ခဲ့ပါတယ်။
ဒီလအစောပိုင်းမှာ ဆိုးလ်မြို့ တရားရုံးတစ်ရုံးက ဂေဟာ ဒါရိုက်တာဖြစ်သူကို ထောင်ဒဏ် ၁၅ နှစ် ချမှတ်ခဲ့ပါတယ်။ သူ့ကို မျိုးရိုးနာမည် ကင်နဲ့သာ ဖော်ထုတ်ထားပါတယ်။
ကင်က သူ အခုလိုပြစ်ဒဏ်ချမှတ်ခံရတာကို အယူခံဝင်ထားပါတယ်။
အဲဒီအမိန့်ချမှတ်မှုဟာ ဆောင်က သူ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတယ်လို့ အမေဖြစ်သူကို ပထမဆုံး ရင်ဖွင့်ခဲ့ပြီး နှစ်နှစ်နီးပါးအကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
ဆောင်းက အသက် ၄၀ ကျော်အရွယ်ဖြစ်ပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။
ခြိမ်းခြောက်မှုကြောင့် တိုက်လေယာဉ်တွေကို ဗြိတိန်ကနေ ပြောင်းရွှေ့တာလို့ ထရမ့်ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, နဘရားဇဂါးပြည်နယ်ကို အရောက် အဲဖို့စ် ၀မ်းလေယာဉ်ကနေ ဆင်းလာတဲ့ သမ္မတ ထရမ့်ကို အောက်တိုဘာလ ၅ ရက်မှာတွေ့ရ ဗြိတိန်လေတပ်စခန်း RAF ဖဲဖော့ဒ်ကို ခြိမ်းခြောက်မှုတချို့ ရှိလာနိုင်တယ်ဆိုတဲ့သတင်းအချက်အလက်တွေ ရရှိခဲ့တာကြောင့် အမေရိကန်ရဲ့ ဗုံးကြဲလေယာဉ်တွေကို အဲဒီနေရာကနေ ရွှေ့ပြောင်းခဲ့တာလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။
ပင်တဂွန်စစ်ဌာနချုပ်ကလည်း တနင်္ဂနွေနေ့မှာ B-1 ဗုံးကြဲလေယာဉ် အစီးရေ ၁၂ စီးခန့်ကို RAF ဖဲဖော့ဒ်ကနေ အမေရိကန်နိုင်ငံထဲက သူတို့ရဲ့မူလအခြေစိုက်စခန်းတွေဆီ ပြန်လည်ရွှေ့ပြောင်းခဲ့တယ်လို့ အတည်ပြုပါတယ်။
တနင်္လာနေ့မှာ နဘရားဇဂါးပြည်နယ်ကို မသွားခင် သတင်းထောက်တွေနဲ့ စကားပြောရာမှာ ထရမ့်က အမေရိကန်အနေနဲ့ “ခြိမ်းခြောက်မှုတစ်ခု” ရှိနေတယ်ဆိုတာ သိထားခဲ့ပြီး ဒါကြောင့် ဗုံးကြဲလေယာဉ်တွေကို ရွှေ့လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။
ဒီမတိုင်ခင် တနင်္လာနေ့အစောပိုင်းမှာတော့ ဗြိတိန်ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူတစ်ဦးက RAF ဖဲဖော့ဒ်ဟာ လုံခြုံစိတ်ချရဆဲဖြစ်တယ်လို့ အခိုင်အမာပြောပါတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ထရမ့် ပြောခဲ့တဲ့မှတ်ချက်တွေကိုလည်း ထောက်ပြခဲ့ပြီး အဲဒီတုန်းက ထရမ့်ဟာ RAF ဖဲဖော့ဒ်နဲ့ပတ်သက်ပြီး ဗြိတိန်ရဲတပ်ဖွဲ့၊ ကာကွယ်ရေးတပ်ဖွဲ့နဲ့ လုံခြုံရေးအဖွဲ့အစည်းတွေရဲ့လုပ်ဆောင်ချက်တွေကို ချီးကျူးပြောဆိုခဲ့ပါတယ်။
စက်တင်ဘာ ၂၇ ရက်နေ့က လေတပ်စခန်းအနီးမှာ “သံသယဖြစ်စရာ ယာဉ် ၃ စီး” တွေ့ရှိခဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့ရတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပြီး နောက်ပိုင်းပေါ်ပေါက်လာတဲ့ ခြိမ်းခြောက်မှုအသစ်ကြောင့် ဗုံးကြဲလေယာဉ်တွေကို ရွှေ့ပြောင်းခဲ့တာလို့ အမေရိကန်မီဒီယာတွေက ဖော်ပြထားတဲ့သတင်းတွေကို ထရမ့်ရဲ့ အခုလိုပြောကြားချက်တွေက အတည်ပြုသလို ဖြစ်နေပါတယ်။
အိမ်ဖြူတော်အပြင်ဘက်မှာ သတင်းထောက်အဖွဲ့တစ်ဖွဲ့နဲ့ စကားပြောနေချိန် ထရမ့်ကို “သီးသန့် ခြိမ်းခြောက်မှုတစ်ခု”ကြောင့် အမေရိကန်က အဲဒီလေတပ်စခန်းကနေ ဗုံးကြဲလေယာဉ်တွေကို ပြန်လည်ဆုတ်ခွာခဲ့တာလားလို့ မေးမြန်းခဲ့ပါတယ်။
“ခြိမ်းခြောက်မှုတချို့တော့ ရှိခဲ့ပါတယ်။ ပြီးတော့ ရန်သူကို အခွင့်ကောင်းပေးတာထက် ရန်သူကို ဖမ်းပြီး အနိုင်ယူတာပဲ ပိုကောင်းပါတယ်။ ဒါပေမဲ့ အဲဒီလေယာဉ်တွေကို အဲဒီမှာပဲ ဘာလို့ ထားရမှာလဲ။ အဲဒါကြောင့် နေရာနည်းနည်း ပြောင်းရွှေ့လိုက်တာပါ။ အရမ်းတော့ မဝေးပါဘူး” လို့ ထရမ့်က ပြောပါတယ်။
ခြိမ်းခြောက်မှုပြုလုပ်ခဲ့သူတွေကို ဝါရှင်တန်ဘက်က “သိထားပါတယ်” လို့လည်း သူက ထပ်ပြောပေမဲ့ ဘယ်သူတွေဆိုတာကိုတော့ အတည်မပြုခဲ့ပါဘူး။
RAF ဖဲဖော့ဒ်လေတပ်စခန်းကနေ အဲဒီလေယာဉ်တွေကို ရွှေ့ပြောင်းဖို့ ဖြစ်စေခဲ့တဲ့ ခြိမ်းခြောက်မှုရဲ့သဘောသဘာဝ အတိအကျကတော့ အခုချိန်ထိ မရှင်းလင်းသေးပါဘူး။
ဒါပေမဲ့ ဝါရှင်တန်က သတင်းရင်းမြစ်တွေအပြောအရ အဲဒီခြိမ်းခြောက်မှုဟာ ဖျက်ဆီးနှောင့်ယှက်ဖို့ ကြိုးပမ်းမှုတွေ ဒါမှမဟုတ် အီရန်နဲ့ တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာခဲ့ရင် အရေးကြီးပြီး တန်ဖိုးကြီးတဲ့ အဲဒီလေယာဉ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ဖို့ ကြိုးစားမှုတွေနဲ့ ဆက်နွှယ်နေနိုင်တယ်လို့ ခန့်မှန်းပြောဆိုနေကြပါတယ်။
DYSPHOR1A - မြန်မာဘဏ်တွေ အချက်အလက်ခိုးယူတဲ့ပြည်တွင်းဟက်ကာအဖွဲ့
ဗီဒီယို ပုံစာ, မြန်မာဘဏ်သုံးစွဲသူတွေ Data ခိုးတဲ့ဟတ်ကာအဖွဲ့ မြန်မာနိုင်ငံက ဘဏ်လုပ်ငန်းတွေရဲ့သုံးစွဲသူတွေ အချက်အလက်တွေကို ခိုးယူရောင်းစားနေတဲ့ အဖွဲ့ဟာ ပြည်ပက ဟတ်ကာအဖွဲ့ မဟုတ်ပါဘူး။
မြန်မာပြည်တွင်းမှာပဲ လှုပ်ရှားပြီး မြန်မာနိုင်ငံသားတွေ ပါ၀င်နေတဲ့အဖွဲ့ပါ။
DYSPHOR1A လို့ နာမည်ယူထားတဲ့အဲဒီအဖွဲ့ကို စက်တင်ဘာလ ဒုတိယအပတ်ထဲမှာပဲ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန(စ.စ.စ) က ဖမ်းထားပါတယ်။
ဘီဘီစီက ရရှိခဲ့တဲ့စာရွက်စာတမ်းတွေအရ ဒီအဖွဲ့ဟာ သူတို့ ခိုးယူထားတဲ့အချက်အလက်တွေကို အမေရိကန် ဒေါ်လာ ၅၀၀ ကနေ ၈၅,၀၀၀ အထိ ဈေးခေါ်ပြီး ပြန်ရောင်းစားနေတာ တွေ့ခဲ့ရပါတယ်။
ဒီအဖွဲ့က ဘယ်လိုအဖွဲ့လဲ၊ ဘယ်လို အလုပ်လုပ်သလဲ၊ သူတို့ ပစ်မှတ်တွေက ဘယ်သူတွေလဲ၊ နောက်ပြီးဘယ်လို အချက်အလက်တွေ ပေါက်ကြားကုန်လဲ ... စတဲ့ မေးစရာမေးခွန်းတွေလည်း ရှိပါတယ်။ ဒီမေးခွန်းတွေအတွက် အဖြေတွေကို ဘီဘီစီက စေ့ငုကြည့်ထားပါတယ်။
အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။
တောင်သာမှာ မူလွန်ကျောင်း ဒရုန်းဗုံးကျလို့ ကလေးငယ်တွေအပါ ၁၅ ဦး ဒဏ်ရာရ

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, စာသင်ကျောင်း ဒရုန်းနဲ့ ဗုံးကြဲခံရပြီးနောက် တွေ့ရတဲ့မြင်ကွင်း မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ သာပေါင်းလေးကျေးရွာထဲက မူလတန်းလွန် စာသင်ကျောင်းဆောင်တစ်ဆောင်ကို ဒရုန်း ဗုံးကျရောက်ပေါက်ကွဲလို့ ကျောင်းသားကလေးငယ် ၁၄ ဦးနဲ့ ဆရာမ ၁ ဦး စုစုပေါင်း ၁၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ခိုက်ခံရတဲ့ စာသင်ကျောင်းဟာ နေပြည်တော် ပညာရေးဝန်ကြီးဌာနက ဖွင့်ထားတဲ့ ကျောင်းဖြစ်ပြီး ဒီနေ့မနက်အစောပိုင်း ဘုရားရှိခိုးပြီးချိန်မှာ ဒရုန်းဗုံးကျရောက်ပေါက်ကွဲခဲ့တာလို့လည်း သူက ပြောပါတယ်။
ကာမီကာဇေဒရုန်းနဲ့ တိုက်ခိုက်ခံလိုက်ရတာလို့ ယူဆတဲ့အကြောင်း မြေပြင်သတင်းရင်းမြစ်ကပြောပြီး ဘယ်သူရဲ့ ဒရုန်းလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ဒါပေမဲ့ သာပေါင်းလေးရွာနဲ့ ၃ မိုင်ဝန်းကျင်လောက်သာကွာဝေးတဲ့ ထန်းပင်ကန်ရွာထဲမှာ စစ်တပ် အထိုင်ချ တပ်စွဲနေတယ်လို့ သတင်းရင်းမြစ်က ဆက်ပြောပါတယ်။
လက်ရှိမှာ ဗုံးကြဲခံရတဲ့ကျောင်းကို ယာယီပိတ်ထားပြီး ဒဏ်ရာရတဲ့ ဆရာမနဲ့ ကျောင်းသားကလေးငယ်တွေကို မြင်းခြံဆေးရုံကို ပို့ဆောင်ထားတယ်လို့ ရွာခံတချို့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
မြင်းခြံမြို့နယ်ထဲက သံမဏိစက်ရုံထဲမှာလည်း စစ်တပ်က အထိုင်ချတပ်စွဲထားပြီး အဲဒီတပ်ကနေ တော်လှန်ရေးတပ်တွေ လှုပ်ရှားမှုရှိတယ်လို့ယူဆတဲ့ နေရာတွေကို ဒရုန်းတွေနဲ့ ကင်းထောက်စောင့်ကြည့်တာတွေ လုပ်နေတယ်လို့ သူက ပြောပါတယ်။
မြန်မာစစ်တပ်ကတော့ တောင်သာနယ်ထဲက စာသင်ကျောင်းတိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ ဒီနေ့နေ့လယ်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။
စိတ်ကျန်းမာရေးမကောင်းသူကို ကျားဖောင်ဆီ ခြိမ်းခြောက်ခေါ်ခဲ့သူတွေ ထောင် ၁၅ နှစ်ချခံရ

ဓာတ်ပုံ ရင်းမြစ်, BBC Burmese
ဓာတ်ပုံ ပုံစာ, ပင်လယ်ပြင်ထဲက ကျားဖောင်လုပ်ငန်းခွင်တစ်ခု (ပုံဟောင်း) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ထဲက စိတ်ကျန်းမာရေးမကောင်းတဲ့အမျိုးသားတစ်ဦးကို ကျားဖောင် ရေလုပ်ငန်းကို ခြိမ်းခြောက်ခေါ်ဆောင်ခဲ့ပြီး လုပ်အားခ ခေါင်းပုံဖြတ် ရယူဖို့ လုပ်ခဲ့သူ ၄ ဦးကို အလုပ်နဲ့ထောင် ၁၅ နှစ်ချလိုက်တယ်လို့ နေပြည်တော်က သတင်းထုတ်ပါတယ်။
အဲဒီလူ ၄ ဦးကို လူကုန်ကူးမှုဥပဒေပုဒ်မ ၃၈ (ခ)နဲ့ အင်းစိန်ခရိုင် တရားရုံးကနေ အမိန့်ချလိုက်တာလို့ နိုင်ငံပိုင်သတင်းစာကနေ သတင်းထုတ်ပြန်တာဖြစ်ပါတယ်။
နောက်ထပ် တိမ်းရှောင်တရားခံ ၆ ဦးကိုလည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ နဲ့ တရားရုံးကနေ အတည်ပြုထားပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇/ ၈၈ ဆိုတာဟာ တရားရုံးကနေ ထွက်ပြေးတိမ်းရှောင်နေသူ (တရားခံပြေး) တွေကို ကြေညာချက်ထုတ်တာနဲ့ ပိုင်ဆိုင်မှုတွေသိမ်းနိုင်တဲ့ ပုဒ်မဖြစ်ပါတယ်။
ဒါ့အပြင် ဘယ်လာရုဖ်အဆိုတော် မြန်မာက ကျားဖြန့်ဂိုဏ်းတစ်ခုထဲမှာ အသတ်ခံရပြီး ကိုယ်တွင်းအင်္ဂါတွေ ထုတ်ယူခံရတဲ့အမှုကို စိစစ်ခဲ့တယ်လို့ နေပြည်တော်က ထည့်ပြောပါတယ်။
အဲဒီအဆိုတော်ကို ငွေကြေးမက်လုံးပေးပြီး အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းကို အတင်းအဓမ္မပို့ဆောင်ခဲ့တဲ့ ၅ ဦးကိုလည်း မင်္ဂလာဒုံခရိုင်တရားရုံးကနေ အလုပ်နဲ့ထောင် ၂၁ နှစ်ချမှတ်လိုက်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးပါတယ်။
အဆိုတော်အသတ်ခံရမှုမှာ တိမ်းရှောင်နေကြတဲ့တရားခံပြေး ၅ ဦးကိုလည်း ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၈၇/၈၈ နဲ့ တရားရုံးကနေ အတည်ပြုထားတယ်လို့ သိရပါတယ်။
ဦးမင်းအောင်လှိုင် ‘‘လာမယ့်ရက်ပိုင်းအတွင်း’’ လာဖို့ရှိတယ်လို့ ၀န်ကြီးချုပ်ပြော

ဓာတ်ပုံ ရင်းမြစ်, မလေးရှားလွှတ်တော်
ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၆ ရက် မလေးရှားလွှတ်တော် အစည်းအ၀ေးပွဲမှာ မြင်တွေ့ရတဲ့ မလေးရှား၀န်ကြီးချုပ် အန်နဝါ နေပြည်တော်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ဟာ ‘‘လာမယ့်ရက်ပိုင်းအတွင်း’’ မလေးရှားကို လာဖို့ရှိတယ်လို့ မလေးရှား၀န်ကြီးချုပ် အန်နဝါ အေဘရာဟင်က ဒီနေ့မှာ ထုတ်ပြောပါတယ်။
မလေးရှားနိုင်ငံထဲက ဒုက္ခသည်တွေနဲ့ နိုင်ငံရေးခိုလှုံခွင့်တောင်းသူတွေအရေး အမတ် တစ်ဦးရဲ့မေးခွန်းကို ဖြေဆိုချိန် ၀န်ကြီးချုပ် အန်နဝါက ဒီနေ့ပြုလုပ်တဲ့ မလေးရှားလွှတ်တော်ထဲမှာ ပြောခဲ့တာဖြစ်ပါတယ်။
မလေးရှားနိုင်ငံထဲက ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်ခေါ် ရေးဆွေးနွေးဖို့ နေပြည်တော် သမ္မတ ဦးမင်းအောင်လှိုင်ကို ဖိတ်ကြားမယ်လို့ ၀န်ကြီးချုပ် အန်န၀ါက အစောပိုင်းကတည်းက ပြောထားပါတယ်။
မလေးရှားဟာ လူ၀င်မှုကြီးကြပ်ရေးဆိုင်ရာ ချိုးဖောက်မှုတွေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှာ ရောက်နေတဲ့ မြန်မာတွေကို နေပြည်တော်နဲ့ စိစစ်ပြီး နေရပ်ပြန်ပို့နေပါတယ်။
အခုနောက်ဆုံး ဒီလိုစိစစ်ပြီးလူထဲက ၁,၅၀၀ နီးပါးကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်မှာ မလေးရှားဘက်က လွှဲပေးလို့ နေပြည်တော်က ရေတပ်သင်္ဘောတွေနဲ့သွားခေါ်ထားပါတယ်။
မြန်မာပြည်တွင်းမှာ စစ်တပ်ရဲ့လူခွင့်အရေးချိုးဖောက်မှုတွေနဲ့ နယ်မြေမတည်ငြိမ်မှုတွေဖြစ်နေချိန်မှာ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ဖို့ နေပြည်တော်နဲ့ဆွေးနွေးမယ့် မလေးရှားကို ကုလသမဂ္ဂကရော၊ လူ့အခွင့်အရေးအဖွဲ့တွေကပါ ၀ေဖန်ထောက်ပြနေပါတယ်။
တဖက်မှာလည်း မလေးရှား၀န်ကြီးချုပ်ဟာ ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ရေး ပြည်တွင်းမှာ တောင်းဆိုသံမြင့်နေချိန်မှာ ဦးမင်းအောင်လှိုင်ကို ကွာလာလမ်ပူကို ဖိတ်ကြားပြီး ရိုဟင်ဂျာအရေးဆွေးနွေးတာဟာ လာမယ့်ပြည်တွင်းရွေးကောက်ပွဲအတွက် လူထု ထောက်ခံမှုရအောင် နိုင်ငံရေးအသုံးချတာဆိုတဲ့အမြင်တွေလည်း ရှိနေပါတယ်။
လာမယ့်ရက်ပိုင်းအတွင်းသွားမယ့် ဦးမင်းအောင်လှိုင်ရဲ့မလေးရှားခရီးစဉ်ကို ဆန္ဒပြဖို့ စီစဉ်နေတယ်လို့ မလေးရှားရောက် မြန်မာ့အရေးလှုပ်ရှားသူတွေက ပြောပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့အခုခရီးစဉ်ဟာ အာဆီယံအဖွဲ့၀င်နိုင်ငံတွေထဲ ၅ နိုင်ငံအထိ ခြေဆန့်တဲ့ခရီးစဉ်ဖြစ်လာမှာဖြစ်ပါတယ်။
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်ပြီး နိုင်ငံတကာတရားရေးလုပ်ငန်းစဉ်တွေမှာ စွပ်စွဲတိုင်ကြားခံထားရတဲ့ ဦးမင်းအောင်လှိုင်ကို ရိုဟင်ဂျာအရေး ဆွေးနွေးဖို့ ဖိတ်ကြားတာဟာ မလေးရှားအစိုးရအနေနဲ့ မှားယွင်းတဲ့ ချဉ်းကပ်မှုဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
ဆားတောင်က LPDF ခေါင်းဆောင် ပစ်ခတ်ခံရပြီး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, ပေးပို့
ဓာတ်ပုံ ပုံစာ, အသတ်ခံရပြီးတဲ့နောက် တွေ့ရတဲ့မြင်ကွင်း မန္တလေး-ရွှေဘိုလမ်းပိုင်းပေါ် စစ်ကိုင်းမြို့နယ်၊ ဆားတောင်ဒေသမှာ လှုပ်ရှားတဲ့ ဒေသ တော်လှန်ရေးအဖွဲ့ တစ်ခုဖြစ်တဲ့ ဆားတောင်မိုးကြိုးအဖွဲ့ ခေါင်းဆောင် ကိုမိုးကြိုးဟာ သေနတ်နဲ့ပစ်ခတ်ခံရပြီးတဲ့နောက် သေဆုံးတယ်လို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့က ဘီဘီစီကို အတည်ပြုပြောပါတယ်။
ဘီဘီစီကို သတင်းရင်းမြစ်ပေးပို့လာတဲ့ ဓာတ်ပုံထဲမှာလည်း ဆားတောင်မိုးကြိုးအဖွဲ့ခေါင်းဆောင်လို့ဆိုသူ အမျိုးသားဟာ ခေါင်းမှာ သေနတ်ဒဏ်ရာနဲ့ မြေပြင်မှာ လဲကျသေဆုံးနေတာကို တွေ့ရပါတယ်။
ဒီဖြစ်ရပ်ဟာ စစ်ကိုင်းမြို့နယ်ထဲက အိုင်ဓမ္မရွာမှာ မနေ့အောက်တိုဘာ ၅ ရက်မှာ ဖြစ်ပွားခဲ့ပြီး မျက်နှာဖုံးတွေ စွပ်ထားပြီး လက်နက်ကိုင်ထားတဲ့ လူ ၂ ဦးထက်မနည်းပါတဲ့အုပ်စုက ပစ်ခတ်ခဲ့တာလို့ သေဆုံးသူ ကိုမိုးကြိုးနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
အဖွဲ့ခေါင်းဆောင် ကိုမိုးကြိုး ပစ်ခတ်ခံရပြီး သေဆုံးတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘီဘီစီက ဆားတောင်မိုးကြိုးပြည်သူကာကွယ်ရေးတပ်ဖွဲ့ထံကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ဆားတောင်အခြေစိုက်တပ်ဖွဲ့ဝင် တစ်ဦးကတော့ သေဆုံးခဲ့သူဟာ ပြီးခဲ့တဲ့လတုန်းက စစ်တပ်ဆီမှာ လက်နက်ချခဲ့တဲ့ တပ်ဖွဲ့ဝင်တချို့နဲ့ အဆက်အသွယ်ရှိနေတာလို့ ယူဆခံရအပြီးမှာ အခုပစ်ခတ်မှု ထွက်ပေါ် လာတာလို့ ဘီဘီစီကို ပြောပါတယ်။
“စစ်ဆေးဖို့ ဝင်ဖမ်းတာကို ခုခံလို့ ပစ်ခံရတယ်လည်း ကြားတယ်။ ဘယ်အဖွဲ့က ပစ်တာလဲဆိုတာ အတည်ပြုလို့ မရသေးဘူး” လို့ သူက ဆက်ပြောပါတယ်။
တစ်ဖက်မှာလည်း နေပြည်တော်ကတော့ ဆားတောင်နယ်မြေထဲက ဒေသအခြေစိုက်တပ်ဖွဲ့နဲ့ ဆားတောင်မိုးကြိုးအဖွဲ့တို့က တပ်ဖွဲ့ဝင်နဲ့ မိသားစု စုစုပေါင်း ၃၈ ဦး လက်နက်ချ ဘက်ပြောင်းလာတယ်လို့ စက်တင်ဘာလကုန်ပိုင်းမှာ သတင်းထုတ်ထားပါတယ်။
မိုင် ၆၀ ကျော်ရှည်တဲ့လောင်းလုံးတောင်တန်းမှာ လူသေတဲ့မြေပြိုမှုတွေဘာကြောင့်ဖြစ်
ဗီဒီယို ပုံစာ, ထား၀ယ်ဘက်ခြမ်းကနေ မြင်တွေ့ရတဲ့ လောင်းလုံးတောင်တန်း တောင်ပြိုရေကြီးမှု တနင်္သာရီတိုင်းထဲက မိုင်ပေါင်း ၆၀ ကျော်ရှည်လျားတဲ့လောင်းလုံးတောင်တန်းကြီးဟာ ကပ္ပလီပင်လယ်နဲ့ ထားဝယ်ဒေသကို အလယ်ကနေ ကာဆီးထားပါတယ်။
ပင်လယ်ကနေ ၀င်လာမယ့် မိုးလေနဲ့ ဘဘာ၀ဘေးဒဏ်ကို ထား၀ယ်သူ ထား၀ယ်သားတွေ စိတ်သက်သာရာရခဲ့တာကလည်း ဒီတောင်တန်းကြီးကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတောင်တန်းကြီးဟာ နှစ် ၈၀ အတွင်း အမြင့်ဆုံးရွာခဲ့တဲ့မိုးရေချိန်ရဲ့ဒဏ်ကိုတော့ တောင့်မခံနိုင်ခဲ့ပါဘူး။
နောက်ဆက်တွဲကတော့ တောင်မြေတွေ ရုတ်တရက်ပြိုကျပြီး တောင်ခြေကျေးရွာတွေက နေအိမ်တွေကို ဖုံးလွှမ်းခဲ့ပါတယ်။
ထား၀ယ်ဒေသမှာ တောင်ကျရေနဲ့ တောင်မြေတွေ ရုတ်တရက် စီးဆင်း ပြိုကျမှုအတွင်း သေဆုံးသူလည်း ၃၀ ကျော်အထိ ရှိနေပါတယ်။
လောင်းလုံးတောင်တန်းကြီးတလျှောက်မှာ လူဆယ်ချီသေဆုံးတဲ့ အခုလိုမြေပြိုမှုတွေ ဘာကြောင့် ဖြစ်ခဲ့တာလဲ။
အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။
သဖန်းဆိပ်ဆည် ရေဖောက်ချလို့ ဆည်အောက် မူးဘေးရွာတွေ ရေကြီး

ဓာတ်ပုံ ရင်းမြစ်, ခင်ဦးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့
ဓာတ်ပုံ ပုံစာ, သြဂုတ်လဆန်းမှာ ပထမအကြိမ် ဆည်ရေဖောက်ချလို့ ခင်ဦးမြို့နယ်ထဲ ရေကြီးမှု အခြေအနေလို့ ခင်ဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပါတယ် သဖန်းဆိပ်ဆည်ကို အာဏာပိုင်တွေက ရေဖောက်ချလို့ ဆည်ရေသောက် စိုက်ပျိုးဖို့ သုံးတဲ့ မူးမြစ်ရေတက်လာပြီး ခင်ဦးနဲ့ ရေဦးမြို့နယ်တွေထဲ ရေကြီးတာတွေ ကြုံနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အဲဒီက အခြေအနေကို ဘီဘီစီ သတင်းထောက် မတာရာ သတင်းပေးပို့ချက်ကို အောက်တိုဘာ ၅ ရက်၊ တနင်္လာညချမ်း ရေဒီယို အစီအစဉ်မှာ ပြန်လည် နားဆင်နိုင်ပါတယ်။
ဒီလင့်ခ် ကနေ ၀င်ရောက် နားဆင်နိုင်ပါတယ်။
စစ်ကိုင်း၊ ကျွန်းလှနယ်ထဲက ရွှေမျောဖောင်တွေ ဗုံးကြဲခံရလို့ ၅ ဦးသေဆုံး, သဖန်းဆိပ်ဆည်ဖောက်ချလို့ စစ်ကိုင်းဒေသတချို့မှာ ရေကြီးနေ

ဓာတ်ပုံ ရင်းမြစ်, ScreenGrab
ဓာတ်ပုံ ပုံစာ, အောက်တိုဘာ ၅ ရက်က ဗုံးကြဲခံရပြီးနောက် ရွှေမျောဖောင်တွေမီးလောင်နေတဲ့မြင်ကွင်း စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် သဖန်းဆိပ်ဆည်အနီးက ရွေမျောဖောင်တွေကို စစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲလို့ ရွှေမျောလုပ်ကိုင်နေတဲ့သူ ၅ ဦးသေဆုံးပြီး ၂ ဦးထက်မနည်းဒဏ်ရာရတယ်လို့ မြေပြင်အခြေအနေသိတဲ့ သတင်းရင်းမြစ်က ဘီဘီစီကိုပြောပါတယ်။
“မီးကလည်းလောင်နေတာရယ် ဗုံးကျကွဲတဲ့အရှိန်နဲ့ ရေထဲပြုတ်ကျတာတွေရှိနိုင်တော့ သေဆုံးဦးရေက ထပ်တိုးနိုင်တယ်” လို့ မနေ့ အောက်တိုဘာ ၅ ရက်ကဖြစ်ခဲ့တဲ့ ဗုံးကြဲမှုဖြစ်စဉ်ကို သူက ရှင်းပြပါတယ်။
ဒဏ်ရာရတဲ့အထဲ ၂ ဦးကတော့ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ သူက ထပ်ပြောပါတယ်။
ဘီဘီစီကို သတင်းရင်းမြစ်ပေးပို့လာတဲ့ ရုပ်သံဖိုင်ထဲမှာလည်း ဗုံးကြဲခံရပြီးနောက် ရွှေဖောင်တွေ မီးလောင်ကျွမ်းနေတဲ့ မြင်ကွင်းတွေနဲ့ ထိခိုက်သေဆုံးသူတွေ ဒဏ်ရာရထားသူတွေကို တွေ့ရပါတယ်။
ဗုံးကြဲမှုကြောင့် ရွှေမျောဖောင် ၇ ဖောင်မီးလောင်ပြီး ၄ ဖောင်ကတော့ ပျက်စီးသွားတယ်လို့ ရွှေဖောင်လုပ်ကိုင်နေသူတစ်ဦးက ဆိုပါတယ်။
တစ်ဖက်မှာလည်း အောက်တိုဘာလဆန်းပိုင်းမှာပဲ အာဏာပိုင်တွေက သဖန်းဆိပ်ဆည်ကနေ ရေထပ်ပြီးဖောက်ချလိုက်တာကြောင့် ဆည်အောက် မူးတလျှောက်မှာရှိတဲ့ ရွှေဘို၊ ခင်ဦး၊ ဒီပဲယင်း၊ မြင်းမူနဲ့ ဝက်လက် စတဲ့ဒေသတွေထဲက တချို့နေရာတွေမှာ ရေနစ်မြုပ်နေပြီလို့ ဒေသခံနဲ့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။
“ပြီးခဲ့တဲ့ တစ်ခေါက်(ဩဂုတ်လ)ရေကြီးတုန်းက လှူထားတဲ့ ယာယီတဲတွေလည်း အခုပြန်မြုပ်သွားပြီ” လို့ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ စစ်ကိုင်းဒေသခံတစ်ဦးက ပြောပါတယ်။
ဩဂုတ်လတုန်းကလည်း စစ်ကိုင်းမှာ ရက်ပိုင်းကြာ မိုးအဆက်မပြတ်ရွာသွန်းခဲ့တဲ့အပြင် နေပြည်တော်က သဖန်းဆိပ်ဆည်ကို လူထုကိုအသိမပေးဘဲ ဖောက်ချတဲ့တာကြောင့် မြို့နယ် ၁၀ ခုထက်မနည်း ရေဘေးသင့်ခဲ့ပါတယ်။
စစ်ကိုင်းထဲက မြို့နယ်တချို့မှာ ရေဘေးဒုက္ခအပြင် လေကြောင်းကနေပါ စစ်တပ်က ကင်းထောက်စောင့်ကြည့်တာ တိုက်လေယာဉ်နဲ့ ဗုံးပတ်ကြဲတာတွေလုပ်နေတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်စိတ်ကြီးစွာနေနေကြရတယ်လို့ ဒေသခံတချို့က ပြောပါတယ်။
မြန်မာစစ်တပ်ကတော့ စစ်ကိုင်း၊ ကျွန်းလှဘက်က လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ဒီနေ့မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။
မင်္ဂလာပါ။ အောက်တိုဘာ ၆ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။
