အတူတိုက်ပွဲဝင်ရေးအတွက် အေအေနဲ့ ချင်း CPU ခေါင်းဆောင်တို့ ဆွေးနွေး
ချင်းပြည်သူ့အစည်းအရုံး(CPU)ခေါင်းဆောင်တွေဟာ အာရက္ခတပ်တော်(အေအေ) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်နဲ့ ရခိုင်ပြည်နယ်မှာ တွေ့ဆုံခဲ့တယ်လို့ CPU က မနေ့ ဧပြီ ၂၀ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
ချင်းပြည်အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA)ကို အခုနှစ်ဇန်နဝါရီလမှာ စုဖွဲ့ခဲ့တာဖြစ်ပြီး မင်းတပ်၊ ကန်ပက်လက်၊ မတူပီ၊ ဒိုင်ရ်စတဲ့ချင်းတောင်ပိုင်းဒေသ လေးခုက တော်လှန်ရေးအဖွဲ့အစည်းတွေ ပါဝင်ပါတယ်။
CPU ကတော့ ပြည်နယ်ချင်းဆက်နေတဲ့ချင်းနဲ့ ရခိုင်ပြည်သူတွေကြား အိမ်နီးချင်းကောင်းတွေ ပီသအောင် ရေရှည်အပြန်အလှန်အကျိုးပြုဖို့ ဆွေးနွေးတိုင်ပင်ခဲ့ပြီး ရှေ့ဆက်ပူးတွဲ လုပ်မယ့်လုပ်ငန်းစဉ်တွေလည်း ချမှတ်နိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
“ဗိုလ်ချုပ်ရဲ့စကားကတော့ အရင်က ပြောနေပါပဲ။ အိမ်နီးချင်းကောင်း မပီသရင်လည်း အကျိုးမရှိဘူးဆိုတော့ အိမ်နီးချင်းပီသစွာနဲ့အတူ လက်တွဲကြမယ်၊ အတူတိုက်ပွဲဝင်ကြမယ်ဆိုတာကတော့ အဓိကပေါ့” လို့ တွေ့ဆုံရာမှာပါဝင်ခဲ့တဲ့ ချင်းကာကွယ်ရေးတပ်(CDF)မင်းတပ်ရဲ့စစ်ဦးစီးချုပ် ဆလိုင်းထန်းချွန်းဖေက ပြောပါတယ်။
အေအေ စစ်ရေးအရင်းအမြစ် တစ်ဦးကလည်း စစ်ရေးနဲ့ စီးပွားရေးကို ယှဉ်တွဲလုပ်ဆောင်ဖို့၊ ပူးပေါင်းဆောင်ရွက်မှုကို အခုထက်ပိုပြီး တိုးမြှင့်ဖို့နဲ့ ကုန်သွယ်ရေးကိစ္စတွေပါ ဒီတွေ့ဆုံပွဲမှာ ဆွေးနွေးခဲ့တယ်လို့ သိရတဲ့အကြောင်း ပြောပါတယ်။
ဒီခရီးစဉ်ဟာ အေအေရဲ့ဖိတ်ကြားမှုကြောင့် ချင်းပြည်သူ့အစည်းအရုံး(CPU)ခေါင်းဆောင်တွေ ရခိုင်ကို ဖေဖော်ဝါရီလအတွင်းမှာ နှစ်ပတ်တာ သွားရောက်ခဲ့တာဖြစ်ပြီး အကျိုးရှိတဲ့ခရီးလို့ CPU ဘက်က ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အေအေဘက်ကတော့ အခုတွေ့ဆုံမှုနဲ့ ပတ်သက်လို့ တစုံတရာ ထုတ်ပြန်လာတာ မရှိသေးပါဘူး။