တိုက်ရိုက်ထုတ်လွှင့်မှု, PDF ပေါ်လာတာက ပညာရေးအားနည်းချက်လို့ဆိုကာ ပညာရေးအသုံးစရိတ်မြှင့်မယ်လို့ ဦးမင်းအောင်လှိုင်ပြော

အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရော လက်မှတ်မထိုးထားတဲ့အဖွဲ့တွေနဲ့ပါ ရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်သွားမယ်လို့ ဦးမင်းအောင်လှိုင်ပြောတဲ့သတင်းအပါအဝင် ဧပြီ ၂၁ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

KNU၊ CNF နဲ့ ABSDF တို့ကို ငြိမ်းချမ်းရေးဖိတ်ခေါ်မယ်လို့ ဦးမင်းအောင်လှိုင်ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မိုးမကျခင် KNU တပ်မဟာတွေက တပြိုင်နက်စစ်ရေးလှုပ်ရှားမှုတွေက ဘာသဘောဆောင်လဲ

    မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်ထဲက ဝင်းက စစ်စခန်းကို သိမ်းပြီးတဲ့နောက်မှာ မြင်ရတဲ့ KNLA/PDF ပူးပေါင်းအဖွဲ့တွေ

    ဓာတ်ပုံ ရင်းမြစ်, အထူးတိုင်းစစ်ဒေသ

    ဓာတ်ပုံ ပုံစာ, မွန် - ကရင်နယ်စပ်က ဝင်းက စခန်းသိမ်းပြီးတဲ့နောက်မြင်တွေ့ရတဲ့ပူးပေါင်းတပ်ဖွဲ့တွေလို့ဆို

    ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ တပ်မဟာ ၆ ခုအတွင်းမှာ စစ်တပ်နဲ့ KNU/PDF ပူးပေါင်းတပ်တွေကြား မတ်လနှောင်းပိုင်းနဲ့ ဧပြီလထဲမှာ ထိုးစစ်၊ ခုခံစစ်တွေနဲ့ စခန်းသိမ်းတိုက်ပွဲတွေ အပြင်းအထန် ရှိနေပါတယ်။

    ကရင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်ဘက်က KNU ရဲ့တပ်မဟာနယ်မြေတွေမှာ ဧပြီလအတွင်း KNU နဲ့ ပူးပေါင်းတပ်တွေက စစ်တပ်စခန်း ၅ ခုခန့်ကို သိမ်းထားပါတယ်။

    တဖက် မြန်မာစစ်တပ်ဘက်ကလည်း ကရင်နဲ့ တနင်္သာရီဒေသတွေမှာရှိတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေကို အပြည့်အဝထိန်းချုပ်နိုင်အောင် မဟာဗျူဟာကျကျ လှုပ်ရှားနေပါတယ်။

    မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာလေ့လာရေးအဖွဲ့ (MDSI)ရဲ့ စစ်ဘက်ရေးရာတာဝန်ခံ CDM ဗိုလ်မှူး နောင်ရိုးကတော့ နှစ်ဖက်လုံးမှာ မတူညီတဲ့ စစ်ရေးလှုပ်ရှားမှုနဲ့ ဗျူဟာတွေရှိနေတယ်လို့ သုံးသပ်ပါတယ်။

    "စစ်တပ်ဘက်ကတော့ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးတို့ကို ချိတ်ဆက်ထားတဲ့ အဆင့်မြင့် စစ်ဗျူဟာနဲ့ လှုပ်ရှားနေပါတယ်။ တော်လှန်ရေးဘက်ကတော့ စစ်တပ်စခန်းတွေကို ဝိုင်းပတ်ပြီးတုံ့ပြန်တိုက်ခိုက်တဲ့ပုံစံနဲ့ သွားနေပါတယ်" လို့ သူက ပြောပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  2. ရက် ၁၀၀ အတွင်း PDF အပါအဝင် လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဖိတ်ခေါ် တယ်လို့ ဦးမင်းအောင်လှိုင် ပြော

    သမ္မတအဖြစ် နှစ်သစ်ကူးမိန့်ခွန်းပြောနေတဲ့ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်

    ဓာတ်ပုံ ရင်းမြစ်, CINCDS

    ဓာတ်ပုံ ပုံစာ, သမ္မတအဖြစ် နှစ်သစ်ကူးမိန့်ခွန်းပြောနေတဲ့ ဦးမင်းအောင်လှိုင်ကို တွေ့ရစဉ်

    ရက် ၁၀၀ အတွင်းမှာ အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့တွေရော လက်မှတ်မထိုးထားတဲ့အဖွဲ့တွေကိုပါ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်သွားမယ်လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

    စစ်ခေါင်းဆောင်ကနေ သမ္မတရာထူးယူပြီးတဲ့နောက် ဧပြီ ၂၀ ရက်က လုပ်တဲ့ သူ့ရဲ့ အစိုးရအဖွဲ့တခုလုံးနဲ့ ပထမဆုံးအစည်းအဝေးမှာ ဦးမင်းအောင်လှိုင်က ပြောခဲ့တာပါ။

    သူ့အပြောအရ သူ့အစိုးရအဖွဲ့ရဲ့ ရက် ၁၀၀ ပြည့်မယ့် ဇူလိုင် ၃၁ ရက် မတိုင်မီမှာ တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်တယ်လို့ ဆိုပါတယ်။

    “လက်မှတ်ရေးထိုး ထားပြီးတော့မှ ဒီ ငါးနှစ်အတွင်းမှာ တွေ့ဆုံခြင်းမပြုတဲ့အဖွဲ့တွေ ရှိတယ်။ ဥပမာအားဖြင့် KNU တို့၊ CNF တို့၊ ABSDF တို့ အဖွဲ့တွေ ကို ကျွန်တော်တို့ဖိတ်ခေါ်ပါတယ်။ ဘာလုပ်ချင်လဲ ဆွေးနွေးဖို့တော့ ကျွန်တော်တို့ EAO တွေကို ဖိတ်ခေါ်ပါတယ်''

    ''နောက်လက်မှတ် ရေးထိုးထားပြီးတော့မှ သဘောတူညီချက်ယူထားတာတွေရှိတယ်။ ဥပမာအားဖြင့် ၄၃ ချက် သဘောတူညီထားတာရှိတယ်။ NCA လက်မှတ် ရေးထိုးပြီးတော့မှ ဆွေးနွေးခဲ့တဲ့အထဲမှာ Union Accord (ပြည်ထောင်စုအဆင့်သဘောတူမှု ) ရထားတဲ့ သဘောတူညီချက်တွေရှိတယ်။ အဲဒါကိုလည်း လာမယ့် ပြည်ထောင်စုလွှတ်တော်တွေမှာ တင်ပြပြီးတော့ အပိုင်းလိုက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” လို့ ဦးမင်းအောင်လှိုင်က ပြောပါတယ်။

    ဦးမင်းအောင်လှိုင်ပြောတဲ့ ၄၃ ချက် သဘောတူညီချက်ဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာ ပြင်ဆင်ဖို့ သဘောတူညီချက်တွေကိုဆိုလိုတယ်လို့ နားလည်ရပါတယ်။ NUG၊ NUCC အပါအဝင် EROs တွေနဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကိုဖျက်သိမ်းကြောင်း ကြေညာထားကြပါတယ်။

    ဒါအပြင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှပေါ်ပေါက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တွေကိုလည်း ဒီရက် ၁၀၀ အတွင်း ငြိမ်းချမ်းရေးအတွက်လာဖို့ ဆိုပြီး သူက ထည့်ပြောပါတယ်။

    ဦးမင်းအောင်လှိုင်က သူ့ရဲ့ အစည်းအဝေးမှာ မြန်မာစစ်တပ်ရဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ) နဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် (တပခ) ကို PDF ရာနဲ့ချီပြီး ခိုလှုံလာတယ်လို့လည်း ဆိုပါတယ်။ အခုလို PDF တွေပေါ်ပေါက်လာရတာဟာ ပညာရေးအားနည်းချက်ကို အသုံးချပြီး နိုင်ငံရေး သွေးထိုးတာကြောင့်လို့ ဦးမင်းအောင်လှိုင်က ပြောပြီး သူ့အစိုးရ ၅ နှစ်အတွင်း ပညာရေးကဏ္ဍအတွက် ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သုံးမယ်လို့ ပြောပါတယ်။

    ဒီလို ပညာရေးအသုံးစရိတ်မြှင့်ရာမှာ လူငယ်လူရွယ်တွေရဲ့ စိတ်ဓာတ်၊ စည်းကမ်းတွေ ကောင်းမွန်လာစေဖို့နဲ့ ခံယူချက်တွေကောင်းမွန်လာစေဖို့ဆိုပြီးပါ သူကထည့်ပြောပါတယ်။

    ဦးမင်းအောင်လှိုင်ရဲ့အစိုးရအဖွဲ့မှာ လူငယ်ရေးရာဝန်ကြီးဌာနအသစ်လည်းရှိလာတာကြောင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ရာမှာ လူငယ်အများအပြားပါဝင်ခဲ့တဲ့အပေါ် စစ်တပ်က သတိပြု ကိုင်တွယ်လာဖို့ပြင်လာတဲ့ခြေလှမ်းလို့ တော်လှန်ရေးအင်အားစုတွေက လူမှုကွန်ရက်စာမျက်နှာက တဆင့်ရေးသားဖော်ပြနေကြပါတယ်။

    တဖက်မှာလည်း မြန်မာစစ်တပ်ဟာ လာမယ့် ပညာသင်နှစ်ကစပြီး ''တပ်မတော်လူငယ်ပညာရေးသင်တန်းကျောင်း'' ဆိုတဲ့ နာမည်နဲ့ အထက်တန်းအထိ သင်ကြားပေးနိုင်ရေးအတွက် ရန်ကုန်နဲ့ နေပြည်တော်မှာ စတင် အကောင်အထည်ဖော်ဖို့ စီစဉ်နေပါတယ်။

  3. မင်္ဂလာပါ။ ဧပြီ ၂၁ ရက်ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။