ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဒေါ်အောင်ဆန်းစုကြည် အတွက် အစာအငတ်ခံဆန္ဒဖော်ထုတ်ပွဲလန်ဒန်မှာပြုလုပ်မယ်

ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်းပြသဖို့ အစာအငတ်ခံဆန္ဒဖော်ထုတ်ပွဲလန်ဒန်မှာပြုလုပ်မယ်တဲ့သတင်းအပါအဝင် မေ ၂၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • ဘန်ကောက်က စားသောက်ဆိုင်တွေ၊ အရက်ဆိုင်တွေမှာ ကလေးတွေကို ပန်း၊ သကြားလုံးရောင်းခိုင်းတဲ့ မြန်မာ ၃ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး
  • ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဥ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေထဲက ကြံ့ခိုင်ရေးပါတီကလွဲလို့ တခြားနိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်လောင်း ၄၁ ဦးကို အရည်အချင်း ပျက်ယွင်းသူတွေအဖြစ် UEC က ကြေညာ
  • မြန်မာနိုင်ငံရဲ့ ကိုယ်စားပြု အစိုးရအနေနဲ့ အသိအမှတ်မပြုတဲ့အကြောင်း ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးကို အိန္ဒိယရောက်မြန်မာတွေက ကန့်ကွက်ဆန္ဒပြကြဖို့ ပြင်ဆင်
  • ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားကို ကိုးလအကြာ ပိတ်ထားပြီးနောက် မေ ၂၈ မှာပြန်ဖွင့်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မေလ ၂၈ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ တစ်နေ့တာ သတင်း‌တွေကို ဒီစာမျက်နှာမှာ တစ်စုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မကြာခင်ပေါက်ကွဲနိုင်တဲ့ရေအောက်မီးတောင်အချို့အန္တရာယ် စိုးရိမ်သင့်ပြီလား

    ရေအောက်မီးတောင်တွေဟာ မျက်ကွယ်အနေအထားမှာရှိတာကြောင့် ဒီမီးတောင်တွေအရေးကို လူအများစုက သတိမထားမိကြတာမျိုးဖြစ်နိုင်ပါတယ်။

    ဒါပေမဲ့ မကြာခင်အနာဂတ်မှာ ဒီလိုမီးတောင်တွေ ပေါက်ကွဲနိုင်ခြေကို သိပ္ပံပညာရှင်တွေက မကြာခင်က သတိပေးလာကြလို့ ဒီမီးတောင်တွေအရေး အာရုံစိုက်လာကြပါတယ်။

    ပညာရှင်တွေ သတိပေးထားတာတွေထဲက တစ်ခုကတော့ အမေရိကန်ပြည်ထောင်စု၊ အော်ရီကွန်ကမ်းရိုးတန်းရဲ့ မိုင် ၃၀၀ ဝန်းကျင်က အက်ဇ်ရီလ် ဆီးမောက် မီးတောင်အခြေအနေဖြစ်ပါတယ်။ ဒီမီးတောင်ဟာ ပေါက်ဖို့ တာစူ နေပြီဖြစ်ပြီး အခုနှစ်အတွင်း ပေါက်နိုင်ခြေရှိတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

    ဒါကြောင့် ရေအောက်မီးတောင်တွေ ပေါက်ကွဲမှုကို လူတွေ စိုးရိမ်သင့်ပါလား။

    ဆောင်းပါးမှာ အပြည့်အစုံကို ဒီလင့်ခ်မှာ ဆက်ပြီးဖတ်ရှုနိုင်ပါပြီ။

  3. ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ပြသဖို့ အစာအငတ်ခံဆန္ဒဖော်ထုတ်ပွဲ လန်ဒန်က မြန်မာသံရုံးရှေ့ပြုလုပ်မယ်

    ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ပြသဖို့ တောင်းဆိုတဲ့ အစာအငတ်ခံ ဆန္ဒဖော်ထုတ်ပွဲတစ်ခုကို လန်ဒန်မြို့က မြန်မာသံရုံးရှေ့မှာ ဗြိတိန်စံတော်ချိန် ဇွန်လ ၁၈ ရက် ညနေ ၃ နာရီကစလို့နောက် တစ်ရက်အထိ ၂၄ နာရီကြာ ပြုလုပ်ဖို့ရှိတယ်လို့ ဆန္ဒဖော်ထုတ်မှုကို ဦးဆောင်သူတွေက ပြောပါတယ်။

    နေပြည်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်မှာထားတယ်ဆိုတာမျိုး တိတိကျကျ သက်သေမပြတာနဲ့ အသက် ၈၁ နှစ်ပြည့်တော့မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးကို စိုးရိမ်ကြောင်း ပြသဖို့ ကမ္ဘာတလွှား ဆန္ဒဖော်ထုတ်မှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် လန်ဒန်မြို့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

    ပွင့်လင်းမြင်သာမှုနဲ့ တရားမျှတမှုကို တောင်းဆိုတဲ့အနေနဲ့ အကြမ်းမဖက်ဆန္ဒဖော်ထုတ်မှုကို ပါဝင်ကြဖို့ကိုလည်း ဒီပွဲကို ဦးဆောင်တဲ့ ဗြိတိန်ရောက် မြန်မာနွယ်ဖွားတွေက တိုက်တွန်းပါတယ်။

    နေပြည်တော်ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည် ဧပြီလ ၃၀ ရက်(ကဆုန်လပြည့်နေ့) လွတ်ငြိမ်းချမ်းသာပေးသူတွေနဲ့အတူ နေအိမ်အကျယ်ချုပ်ကို ရွှေ့ပြောင်းတယ်လို့ ဓာတ်ပုံတစ်ပုံနဲ့အတူ ထုတ်ပြန်ထားပါတယ်။

    ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုဖြစ်အပြီး စွပ်စွဲခံရတဲ့အမှုတွေအတွက် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရတဲ့ ၂၀၂၂ ခုနှစ်ကုန်ပိုင်းကစလို့ သူ့ရဲ့ရှေ့နေ၊ မိသားစုတွေနဲ့အတူ တွေ့ဆုံခွင့်မရရှိပါဘူး။

    ဒါကြောင့် နေပြည်တော်မှာ ဖမ်းဆီး ထောင်ဒဏ်ချမှတ်ခံရတဲ့ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ ရှေ့နေတွေက တောင်းဆိုနေသလို သားအငယ်ဖြစ်တဲ့ ကင်မ်အဲရစ်ကလည်း သူ့မိခင်ကို မိသားစုနဲ့အဆက်အသွယ် ပြုလုပ်ခွင့်ပေးဖို့၊ မိခင် သက်ရှိထင်ရှားရှိနေသေးတယ်ဆိုတာကို နေပြည်တော်ဘက်က သက်သေပြဖို့ တောင်းဆိုနေပါတယ်။

    မြန်မာ့နိုင်ငံရေးဖြစ်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အရေးပါတဲ့အခန်းကဏ္ဍမှာရှိနေသေးတယ်လို့ မှတ်ယူထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ ခေတ္တဖြစ်ဖြစ်တွေ့ဆုံခွင့်ပေးဖို့ မြန်မာပါဝင်တဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ)ရဲ့ အခုနှစ် အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်ကလည်း တောင်းဆိုနေပါတယ်။

    နေပြည်တော်ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီး အခုသီတင်းပတ်တွေအတွင်း တစုံတရာ သတင်းမထုတ်ပေမဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက မကြာသေးခင်က သူ့ရဲ့နေပြည်တော်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်သတင်းကို မေးခဲ့ပါတယ်။

    အဲဒီမေးခွန်းကိုတော့ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည် နေကောင်းတယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးကို ပြန်ဖြေခဲ့တဲ့အကြောင်း သံတမန်သတင်းရင်းမြစ်တွေက အစောပိုင်းမှာ ဘီဘီစီကို ပြောထားပါတယ်။

    ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့ကလည်း ပြီးခဲ့တဲ့တစ်ပတ်မှာ သွားခဲ့တဲ့ သူ့ရဲ့နေပြည်တော်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အကြောင်းကို နေပြည်တော်ကို မေးမြန်းခဲ့တယ်လို့လည်း သိရပါတယ်။

    မြန်မာမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးတဲ့နောက် မြန်မာ့အရေးအတွက်ဆိုပြီး ထွက်ပေါ်လာခဲ့တဲ့ အာဆီယံအထူးကိုယ်စားလှယ်တွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရရေးအတွက် နေပြည်တော်ကို အကြိမ်ကြိမ် ကြိုးပမ်းတောင်းဆိုခဲ့ပါတယ်။

    နေပြည်တော်ဘက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြစ်မှုတွေနဲ့အကျဉ်းကျခံရသူဖြစ်တာကြောင့် ပြည်ပဧည့်သည်နဲ့တွေ့ဆုံပိုင်ခွင့် မရှိဘူးဆိုတဲ့သဘောသက်ရောက်တဲ့ ထုတ်ပြန်ပြောဆိုချက်တွေကို ပြီးခဲ့တဲ့နှစ်တွေအတွင်း ထုတ်ပြောခဲ့ပါတယ်။

  4. SRF ရဲ့ ဥက္ကဋ္ဌ ဖမ်းဆီးခံရပြီးနောက် ပသုံးလုံးနဲ့ SFR နှစ်ဖက်ဆွေးနွေးမှုလုပ်

    ကျောင်းသားတော်လှန်ရေးတပ်တော်- SRF ရဲ့ ဥက္ကဋ္ဌ ကိုစံတင်ထွန်း ကို အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) လက်အောက်ခံ မင်းကင်းမြို့နယ် ပ သုံးလုံးအဖွဲ့ က ဖမ်းဆီးခဲ့တဲ့နောက် ဒီကနေ့ မေ ၂၈ ရက်မှာ နှစ်ဖက်ဆွေးနွေးမှုလုပ်နေတယ်လို့ မင်းကင်းအုပ်ချုပ်ရေးနဲ့ SRF ဘက်ကသိရပါတယ်။

    မေ ၂၇ ရက်က မင်းကင်း (ပအဖ) ရဲ့ ထုတ်ပြန်ချက်မှာတော့ SRF တပ်ဟာ စစ်ကိုင်းဖက်ဒရယ်ယူနစ် မင်းကင်းမြို့နယ်ထဲမှာ ပြည်သူတွေကို ဖမ်းဆီးတာ၊ ကိုယ်ပိုင်တရားစီရင်ရေးတွေနဲ့ တရားစီရင်တာ၊ အသက် ၁၈ နှစ်မပြည့်သေးသူတွေကို စစ်မှုထမ်းခိုင်းတာ၊ ဥပဒေမဲ့ လုပ်ဆောင်တာတွေကြောင့် တိုင်ကြားမှုပေါင်း ၈ ခုကျော် ရှိထားတယ်လို့ ပြောထားပါတယ်။

    မေ ၂၈ ရက်ဆွေးနွေးပွဲမှာတော့ SRF တပ်ထဲက ပြစ်မှုကျူးလွန်ထားသူတွေကို အပ်နှံဖို့အပါအဝင်အချက်တချို့ကို ခရိုင်ပေါင်းစပ်ညှိနှိုင်းရေး၊ ခရိုင်တပ်ရင်းတာဝန်ခံ၊ မင်းကင်း ပြည်သူ့အုပ်ချုပ်ရေး(ပအဖ) ၊ ပြည်သူ့ကာကွယ်ရေး(ပကဖ) ၊ ပြည်သူ့လုံခြုံရေး (ပလဖ) စတဲ့ ပသုံးလုံးအဖွဲ့တွေနဲ့ SRF ခေါင်းဆောင်တချို့ က ဆွေးနွေးကြတယ်လို့ မင်းကင်း ပြည်သူ့အုပ်ချုပ်ရေးဘက်က ပြောပါတယ်။

    အဲဒီအမှုတွေမှာ ကျူးလွန်သူ ဘယ်နှစ်ယောက်ရှိတယ်၊ လက်ရှိ ဘယ်နှစ်ယောက်ကို ဖမ်းဆီးထားတယ် ဆိုတာကိုတော့ ထုတ်ဖော်ပြောတာ မရှိပါဘူး။

    SRF တပ် ဥက္ကဋ္ဌ ကိုစံတင်ထွန်းကို မင်းကင်း ပြည်သူ့အုပ်ချုပ်ရေး(ပအဖ) ၊ ပြည်သူ့ကာကွယ်ရေး(ပကဖ) ၊ ပြည်သူ့လုံခြုံရေး (ပလဖ) စတဲ့ ပသုံးလုံးအဖွဲ့တွေက မေ ၂၆ ရက်မှာ ဖမ်းဆီးခဲ့တာပါ။

    တဖက် ကျောင်းသားတော်လှန်ရေးတပ် - SRF ကလည်း တပ်ဖွဲ့ ဥက္ကဋ္ဌ အပါအဝင် ဖမ်းဆီးခံရသူ ၁၆ ယောက်ရှိနေပြီး တပ်ရဲ့ စစ်ရေးနယ်မြေ ဒေသ ၄ ကိုလည်း မင်းကင်း(ပသုံးလုံး) အဖွဲ့က အင်အားသုံး ပစ်ခတ်စီးနင်းတာတွေ လုပ်ခဲ့တယ်လို့ မေ ၂၇ ရက်မှာပဲ ထုတ်ပြန်ထားပါတယ်။

    SRF ဘက်က သတင်းရင်းမြစ်တစ်ဦးရဲ့ အပြောအရ မေ ၂၈ ရက်မှာ နှစ်ဖက်တပ်တွေကြားဆွေးနွေးနေတာဟုတ်မှန်ပြီး အဓိကအချက်တွေထဲမှာ SRF တပ်​တွေ MOD လက်အောက် ဒါမှမဟုတ် ပကဖ လက်အောက်ထဲ ဝင်ရောက်ရေးပါဝင်တယ်လို့ ဆိုပါတယ်။

  5. ထိုင်း-မြန်မာနယ်စပ်က မြဝတီအမှတ် ၂ တံတားပြန်ဖွင့်

    ကိုးလကြာပိတ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ မြဝတီ-မဲဆောက် အမှတ် ၂ ချစ်ကြည်ရေးတံတားကို ဒီကနေ့ မေ ၂၈ ရက်မှာ ပြန်ဖွင့်လိုက်ပြီလို့ မြဝတီမြို့ခံတချို့ဆီက သိရှိရပါတယ်။

    Thai PBS North အပါအဝင် ထိုင်းသတင်းတချို့မှာတော့ နှစ်နိုင်ငံ အကောက်ခွန်ဌာနချင်း ဆက်သွယ်ညှိနှိုင်းပြီးနောက် ဖွင့်လှစ်လိုက်တာလို့ ဖော်ပြပါတယ်။ ဒါပေမဲ့ ၁၀၀ ရာခိုင်နှုန်းပြည့် လည်ပတ်နိုင်တာမျိုးမဟုတ်သေးဘူးလို့ ဆိုပါတယ်။

    ဒီကနေ့ ပြန်စတဲ့နေ့မှာတော့ ထိုင်းနိုင်ငံဘက်က ကုန်ကားတချို့မြန်မာဘက်ကို စတင်သွားလာတာမျိုးရှိပေမဲ့ မြန်မာဘက်ကနေ ထိုင်းဘက်ခြမ်းကို သွားလာတဲ့ကုန်ကားတွေတော့ အတွေ့ရနည်းတယ်လို့ မြဝတီမြို့ခံ တစ်ဦးက ပြောပါတယ်။

    “အခုက ကုန်စည်စီးဆင်းတာ၊ ကုန်စည်ထိန်းသိမ်းတာ၊ လုံခြုံရေး စတဲ့ ဘက်ပေါင်းစုံမှာ မြန်မာနဲ့ ထိုင်း ဘယ်လိုပူးပေါင်းဆောင်ရွက်မလဲဆိုတာ နှစ်ဖက်စလုံး စမ်းသပ်တဲ့အနေနဲ့ ဖွင့်တဲ့သဘောဆိုတော့ ၁၀၀ ရာခိုင်နှုန်း ဖွင့်တယ်လို့ ပြောလို့မရသေးဘူးပေါ့”လို့ မဲဆောက်မြို့မှာ နှစ် ၂၀ ကျော် နေထိုင်သူ မြန်မာတစ်ယောက်က ပြောပါတယ်။

    အမှတ် ၂ တံတားကို ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်လအတွင်းမှာ ပိတ်ခဲ့တာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး ဝင်ငွေ ၅၀ ရာခိုင်နှုန်းလောက် လျော့နည်းခဲ့တယ်လို့ Thai PBS North သတင်းမှာ ရေးထားပါတယ်။

    အမှတ် ၂ တံတားပေါ်မှာ တာဝန်ကျတဲ့ မြန်မာဘက်ခြမ်းက အကောက်ခွန်ဝန်ထမ်းတချို့မှာ အဂတိလိုက်စားမှုတွေရှိတယ်ဆိုတဲ့ တိုင်ကြားချက်ကြောင့် စစ်ဆေးမှုတွေလုပ်နေတယ်ဆိုတဲ့နောက်မှာ ဒီတံတားနဲ့အတူ ကုန်စည်စီးဆင်းမှုကို မြန်မာအာဏာပိုင်တွေဘက်က စပိတ်ခဲ့တာဖြစ်ပါတယ်။

  6. ဦးမင်းအောင်လှိုင် အိန္ဒိယခရီးကို အိန္ဒိယရောက်မြန်မာတွေဆန္ဒပြမယ်

    သမ္မတရာထူးယူအပြီး ပထမဆုံးပြည်ပခရီးစဉ်ဖြစ်လာတဲ့ ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယခရီးကို အိန္ဒိယရောက်မြန်မာတွေက ကန့်ကွက်ဆန္ဒပြဖို့ ပြင်နေကြတယ်လို့ အိန္ဒိယသတင်းတွေကဖော်ပြပါတယ်။

    ဦးမင်းအောင်လှိုင်က အိန္ဒိယကို လာမယ့် မေ ၃၁ ရက်မှာ သွားရောက်မယ်လို့ The Economic Times သတင်းမှာ ဖော်ပြထားပါတယ်။

    ဆန္ဒပြပွဲတွေကိုတော့ မေ ၂၈ ရက် ဒီနေ့မှာ နယူးဒေလီမြို့မှာရှိတဲ့ သမိုင်းဝင်နက္ခတ္တဗေဒစခန်းအနီးမှာ ဒီကနေ့ ညနေ ၃ နာရီကနေ ၅ နာရီအထိဆန္ဒပြမယ်လို့ အဲဒီ ဆန္ဒပြပွဲ အစီအစဉ်အရ သိရပါတယ်။

    ဒုတိယအကြိမ်ကို နယူးဒေလီမြို့ရှိ အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံရုံးရှေ့မှာ မေ ၃၀ ရက် မှာဆက်လုပ်မယ်လို့လည်း သိရပါတယ်။

    ဆန္ဒထုတ်ဖော်မှုတွေအတွက်ခွင့်ပြုချက်တင်ရတဲ့ အိန္ဒိယနိုင်ငံမှာ အခု ဆန္ဒပြပွဲတွေအတွက် ဒေသအာဏာပိုင်တွေကို ခွင့်ပြုချက်တင်ထားပြီးပြီလို့ ဆန္ဒပြပွဲကို စီစဉ်သူက ပြောပါတယ်။

    စစ်တပ်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ၊ အဲဒီရွေးကောက်ပွဲကနေ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်ကို မြန်မာအစိုးရအဖြစ် အသိအမှတ်မပြုတဲ့အနေနဲ့ ဆန္ဒပြမှာဖြစ်တယ်လို့ ဆိုပါတယ်။

    ဦးမင်းအောင်လှိုင်ရဲ့ အိန္ဒိယ ခရီးစဉ်အတွင်းမှာ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမကြီး စီမံကိန်းအပါအဝင် မြန်မာနိုင်ငံဖွံ့ဖြိုးရေး၊ စီးပွားရေးနဲ့ ဒေသတွင်းလုံခြုံရေးတွေ၊ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် လုံခြုံရေးတွေကို ဆွေးနွေးနိုင်ခြေရှိတယ်လို့ အိန္ဒိယအခြေစိုက် သတင်းဌာနဖြစ်တဲ့ WION က မေ ၂၃ ရက် က ရေးသားထားပါတယ်။

  7. ဓာတ်ပုံ စုစည်းချက် - ရန်ကုန်မြို့က အီးဒ်နေ့ ဝတ်ပြုမြင်ကွင်းအချို့

    မြန်မာမှာ အီးဒ်ကြီးလို့ သိကြတဲ့ ကုရ်ဘာနီအီးဒ်နေ့မှာ ရန်ကုန်မြို့မှာ ဗလီတက်ပြီး ဝတ်ပြုကြသူတွေရဲ့မြင်ကွင်းအချို့ ဖြစ်ပါတယ်၊

    အစ္စလာမ်ဘာသာဝင်တွေရဲ့ အီးဒ်နေ့ဟာ မြန်မာမှာတော့ မေလ ၂၈ ရက်မှာ ကျရောက်ပြီး အများပြည်သူ ရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပါတယ်။

    အစ္စလာမ့်ပြက္ခဒိန်ရဲ့နောက်ဆုံးလ ဇူလ်ဟစ်ဂျ်ဂျဟ်လ ၁၀ ရက်နေ့မှာ ကျရောက်တဲ့ ဒီပွဲဟာ အလ္လာဟ်အပေါ် ထားရှိတဲ့ တမန်တော် အီဗရာဟင်မ်ရဲ့ စစ်မှန်တဲ့သက်ဝင်ယုံကြည်မှုနဲ့ နာခံမှုကို ဂုဏ်ပြုသတိရတဲ့ပွဲတော်အဖြစ် အစ္စလာဘာသာဝင်တွေ ဆင်နွှဲကြတာ ဖြစ်ပါတယ်။

    ကိုယ်ပိုင် ပစ္စည်းဥစ္စာအချို့ကို အဖို့ဖို့ပြီး လှူဒါန်းမျှဝေ စွန့်ကြဲတာနဲ့လည်း ပွဲတော်ကို ဆင်နွှဲကြပါတယ်။

  8. စစ်တပ်ဦးဆောင်ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သူတွေထဲက ၄၁ ဦးကို အရည်အချင်းပျက်ယွင်းသူအဖြစ် UEC ကြေညာ

    ပြီးခဲ့တဲ့ ၂၀၂၅-၂၆ စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဥ်ပြိုင်ခဲ့တဲ့ နိုင်ငံရေးပါတီတွေထဲက ကိုယ်စားလှယ်လောင်း ၄၁ ဦးကို အရည်အချင်း ပျက်ယွင်းသူတွေအဖြစ်ကြေညာကြောင်း မြန်မာနိုင်ငံပြန်တမ်းမှာ ထုတ်ပြန်ထားပါတယ်။

    ဒီကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ ကိုယ်စားလှယ်နာမည်တွေကို ရွေးကောက်ပွဲကော်မရှင်က ကြေညာတဲ့နေ့ကစပြီး ရက်ပေါင်း ၃၀ အတွင်းမှာ ရွေးကောက်ပွဲကုန်ကျစရိတ်ကို တင်သွင်းရမယ်ဆိုတဲ့ အချက်ကို ပျက်ကွက်ခဲ့တာကြောင့်လို့ ဆိုပါတယ်။

    ကြေညာခံရတဲ့ ကိုယ်စားလှယ်လောင်းတွေထဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီက ၁၂ ဦး၊ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်(ကျားဖြူ)ပါတီက ၁၂ ဦး၊ ပြည်သူ့ပါတီက ၄ ဦးစီပါဝင်ပြီး အခြားပါတီတချို့လည်း ပါဝင်ပါတယ်။

    ဒီကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲမှာ အနိုင်မရခဲ့တဲ့သူတွေဖြစ်ပြီး UEC က အသိ‌ပေးတဲ့စာကို ပါတီတက တဆင့် သူတို့ဆီကို အကြောင်းကြားပေးခဲ့ပေမယ့် မတင်ကြတာဖြစ်တယ်လို့ ပြည်သူ့ပါတီက အတွင်းရေးမှူး ဦးကျော်ကျော်ထွေးက ပြောပါတယ်။

    တဖက်မှာလည်း ကြံ့ခိုင်ရေးပါတီ( USDP ) ကလွဲလို့ တခြားပါတီအများစုကနေ ပါဝင်ယှဥ်ပြိုင်ခဲ့တဲ့ ကိုယ်စားလှယ်လောင်းတွေပါဝင်နေတယ်ဆိုပြီး ဝေဖန်ချက်တချို့လည်းရှိပါတယ်။

    ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းနဲ့ ပြည်သူ့ပါတီ အတွင်းရေးမှူး ဦးကျော်ကျော်ထွေးတို့ကတော့ ကိုယ်စားလှယ်လောင်းတွေဟာ ရွေးကောက်ပွဲမှာ ရှုံးနိမ့်တာကြောင့် စိတ်ဓာတ်ကျလို့ မတင်ကြတာဖြစ်နိုင်တယ်လို့ သူတို့အမြင်ကိုပြောကြပါတယ်။

    အခုလို အရည်အချင်းပျက်ယွင်းသူအဖြစ်ကြေညာခံရသူတွေဟာ နောက်ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်မရှိတော့ဘူးလို့နားလည်ရပါတယ်။

  9. ကိုးကန့်ထိန်းချုပ် ကွတ်ခိုင်မှာ အုပ်ချုပ်ရေးနဲ့ ဘဏ်လုပ်ငန်းပြန်စရေး နေပြည်တော်ကြိုးပမ်း

    တအာင်းတပ် (TNLA) ဆီကနေ ကိုးကန့်တပ် (MNDAA) ရယူထိန်းချုပ်လိုက်တဲ့ ရှမ်း(မြောက်) ကွတ်ခိုင်မြို့မှာ နေပြည်တော်ဘက်က ဌာနဆိုင်ရာနဲ့ ဘဏ်လုပ်ငန်းတွေပြန်လည်ပတ်ဖို့ စိုင်းပြင်းနေပါတယ်။

    မေလနောက်ဆုံးပတ်အတွင်း နေပြည်တော်ရဲ့ဝန်ထမ်းတချို့ မြို့ကို ပြန်ဝင်လာပြီလို့ ကွတ်ခိုင်ဒေသခံတွေနဲ့ ဘီဘီစီရဲ့သတင်းရင်းမြစ်တချို့က ပြောပါတယ်။

    အထူးသဖြင့် ဗဟိုဘဏ်ထိန်းချုပ်မှုအောက်က မြန်မာ့စီးပွားရေးဘဏ်နဲ့ ပုဂ္ဂလိကဘဏ်တချို့ ပြန်လည်ဝင်ရောက်လာဖို့ရှိတယ်လို့ ကိုးကန့်တပ်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

    ကိုးကန့်တပ်ထိန်းချုပ်နယ်မြေထဲကို နေပြည်တော်ဘက်က ဌာနဆိုင်ရာဝန်ထမ်းတွေဝင်ရောက်လာတာက ဘာသဘောဆောင်လဲ။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ၀င်ဖတ်နိုင်ပါတယ်။

  10. ဘန်ကောက်မှာ ကလေးငယ်တွေကို ညှဉ်းပန်းပြီး ပန်းရောင်းခိုင်းတဲ့မြန်မာ ၃ ဦးကို ရဲဖမ်း

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပတ်ဝန်းကျင်က စားသောက်ဆိုင်၊ အရက်ဆိုင်တွေမှာ ကလေးတွေကို ပန်းနဲ့ သကြားလုံးရောင်းခိုင်းပြီး ဂိုဏ်းအသွင်လုပ်နေတဲ့မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က မေ ၂၇ ရက်မှာ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေကနေ ရေးသားဖော်ပြပါတယ်။

    အသက် ၆ နှစ်အရွယ် ယောက်ျားလေးတစ်ယောက်ကို လက်ကျိုးတဲ့အထိ ရိုက်နှက်ခံရတဲ့သတင်းကို ထိုင်းရဲဌာနတွေက သိရှိပြီး ကလေးငယ်ကို ဝင်ရောက် ကယ်ဆယ်ရာကနေ ကလေးငယ်တွေကို အခုလိုစေခိုင်းနေတဲ့မြန်မာ ၃ ဦးကို ဖမ်းမိတာလို့ သတင်းတွေက ဆိုပါတယ်။

    ဖမ်းဆီးခံရသူဟာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ဖြစ်ပြီး ဆွန်လွမ်နယ်မြေထဲက တိုက်ခန်းတစ်ခုကနေ ဖမ်းမိခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းဌာနက ရေးပါတယ်။

    ထိုင်းရဲတပ်ဖွဲ့ရဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဌာနက အာဏာပိုင်တွေ ပူးပေါင်းပြုလုပ်တဲ့ အခု ဖမ်းဆီး ရှာဖွေမှုအတွင်း တိုက်ခန်းထဲမှာ ပိတ်မိနေတဲ့ နောက်ထပ်အရွယ်မ‌ရောက်သေးတဲ့ မိန်းကလေး ၅ ဦးကိုပါ ကယ်ဆယ်ခဲ့တယ်လို့လည်း သိရပါတယ်။

    ဖမ်းဆီးခံရသူတွေဟာ ကလေးတွေကို မနက် ၃ နာရီကနေ ညနေ ၃ နာရီအထိ ခိုင်းစေပြီး သတ်မှတ်ထားတဲ့ ငွေပမာဏ မရရင် အစားအစာမကျွေးဘဲ ထားတာ၊ ရိုက်နှက်တာတွေလုပ်ပြီး ကလေးတွေဆီကနေ အမြတ်ထုတ်တာကို ကနဦး သိရှိရတဲ့အကြောင်းကိုလည်း ရဲတပ်ဖွဲ့ကို ကိုးကားကာ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

    ဘန်ကောက်မြို့မှာ လူစည်ကားတဲ့နေရာတွေနဲ့ ဘတ်စ်ကားမှတ်တိုင်တွေမှာ တောင်းရမ်းစားသောက်သူတွေရှိနေတာကို မြို့တော်ရဲတပ်ဖွဲ့က ဖမ်းဆီးတာတွေ၊ ပညာပေးတာတွေ လုပ်နေချိန်မှာပဲ အခုဖြစ်ရပ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

    ထိုင်းသတင်းတွေမှာတော့ ကျူးလွန်ခံရတဲ့ကလေးတွေဟာ တိုင်းရင်းသားနယ်မြေတွေကနေ ခေါ်ဆောင်ခံခဲ့ရတာလို့ဖော်ပြပါတယ်။

    “ဒီကလေးတွေကို ပထုံဌာနီက ကလေးသူငယ် ကယ်ဆယ်ရေးစခန်းတစ်ခုမှာ စောင့်ရှောက်ထားတယ်လို့ သိရတယ်။ သူတို့ကိုကူညီဖို့အတွက်က မိဘတွေကိုယ်တိုင် ကျွန်တော်တို့ဆီအကူအညီတောင်းမှ ဖြစ်မှာ၊ မဟုတ်ရင် ကလေးတွေရှိတဲ့နေရာကို ကပ်လို့တောင် မရဘူး”လို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ကြီးက ပြောပါတယ်။

    ကျူးလွန်သူလို့ဆိုတဲ့ မြန်မာနိုင်ငံသား ၃ ယောက်ကို လူကုန်ကူးမှု တားဆီးရေးဥပဒေ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ တောင်းရမ်းမှု ထိန်းချုပ်ရေး ဥပဒေတွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့လည်း သိရပါတယ်။

    ဒီအမှုတွေဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၅ နှစ်ကနေ ၈ နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့လည်း သိရပါတယ်။

    ထိုင်းမှာ လုပ်ထုံးလုပ်နည်းတွေအရ ကျူးလွန်တယ်လို့ ပြစ်မှုထင်ရှားသူတွေကို အမိန့်မချမခြင်း ကလေးတွေကို သက်သေအဖြစ် ထိန်းသိမ်းထားလေ့ရှိတယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။

  11. မင်္ဂလာပါ။ မေ ၂၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။