တိုက်ရိုက်ထုတ်လွှင့်မှု, ဘန်ကောက်မှာ ကလေးငယ်တွေကို ညှဉ်းပန်းပြီး ပန်းရောင်းခိုင်းတဲ့မြန်မာ ၃ ဦးကို ရဲဖမ်း

မြန်မာကလေး ၆ ယောက်ကို ဈေးရောင်းပြီး ငွေရှာခိုင်းတဲ့ မြန်မာ ၃ ယောက်ဘန်‌ကောက်မှာ ဖမ်းဆီးခံရတဲ့ သတင်းအပါအဝင် မေ ၂၈ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာ့ထူးခြားသတင်းများ တိုက်ရိုက်ထုတ်လွှင့်မှုကို တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

ဘန်ကောက်က စားသောက်ဆိုင်တွေ၊ အရက်ဆိုင်တွေမှာ ကလေးတွေကို ပန်း၊ သကြားလုံးရောင်းခိုင်းတဲ့ မြန်မာ ၃ ယောက်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဘန်ကောက်မှာ ကလေးငယ်တွေကို ညှဉ်းပန်းပြီး ပန်းရောင်းခိုင်းတဲ့မြန်မာ ၃ ဦးကို ရဲဖမ်း

    ဘန်ကောက်မှာ ကလေးငယ်တွေကို ညှဉ်းပန်းပြီး ပန်းရောင်းခိုင်းတဲ့မြန်မာ ၃ ဦးကို ရဲဖမ်း

    ဓာတ်ပုံ ရင်းမြစ်, Police TV

    ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ပတ်ဝန်းကျင်က စားသောက်ဆိုင်၊ အရက်ဆိုင်တွေမှာ ကလေးတွေကို ပန်းနဲ့ သကြားလုံးရောင်းခိုင်းပြီး ဂိုဏ်းအသွင်လုပ်နေတဲ့မြန်မာနိုင်ငံသား ၃ ဦးကို ထိုင်းရဲတပ်ဖွဲ့က မေ ၂၇ ရက်မှာ ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်းဌာနတွေကနေ ရေးသားဖော်ပြပါတယ်။

    အသက် ၆ နှစ်အရွယ် ယောက်ျားလေးတစ်ယောက်ကို လက်ကျိုးတဲ့အထိ ရိုက်နှက်ခံရတဲ့သတင်းကို ထိုင်းရဲဌာနတွေက သိရှိပြီး ကလေးငယ်ကို ဝင်ရောက် ကယ်ဆယ်ရာကနေ ကလေးငယ်တွေကို အခုလိုစေခိုင်းနေတဲ့မြန်မာ ၃ ဦးကို ဖမ်းမိတာလို့ သတင်းတွေက ဆိုပါတယ်။

    ဖမ်းဆီးခံရသူဟာ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၂ ဦး ဖြစ်ပြီး ဆွန်လွမ်နယ်မြေထဲက တိုက်ခန်းတစ်ခုကနေ ဖမ်းမိခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းဌာနက ရေးပါတယ်။

    ထိုင်းရဲတပ်ဖွဲ့ရဲ့ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဌာနက အာဏာပိုင်တွေ ပူးပေါင်းပြုလုပ်တဲ့ အခု ဖမ်းဆီး ရှာဖွေမှုအတွင်း တိုက်ခန်းထဲမှာ ပိတ်မိနေတဲ့ နောက်ထပ်အရွယ်မ‌ရောက်သေးတဲ့ မိန်းကလေး ၅ ဦးကိုပါ ကယ်ဆယ်ခဲ့တယ်လို့လည်း သိရပါတယ်။

    ဖမ်းဆီးခံရသူတွေဟာ ကလေးတွေကို မနက် ၃ နာရီကနေ ညနေ ၃ နာရီအထိ ခိုင်းစေပြီး သတ်မှတ်ထားတဲ့ ငွေပမာဏ မရရင် အစားအစာမကျွေးဘဲ ထားတာ၊ ရိုက်နှက်တာတွေလုပ်ပြီး ကလေးတွေဆီကနေ အမြတ်ထုတ်တာကို ကနဦး သိရှိရတဲ့အကြောင်းကိုလည်း ရဲတပ်ဖွဲ့ကို ကိုးကားကာ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

    ဘန်ကောက်မြို့မှာ လူစည်ကားတဲ့နေရာတွေနဲ့ ဘတ်စ်ကားမှတ်တိုင်တွေမှာ တောင်းရမ်းစားသောက်သူတွေရှိနေတာကို မြို့တော်ရဲတပ်ဖွဲ့က ဖမ်းဆီးတာတွေ၊ ပညာပေးတာတွေ လုပ်နေချိန်မှာပဲ အခုဖြစ်ရပ်ထွက်ပေါ်လာတာဖြစ်ပါတယ်။

    ထိုင်းသတင်းတွေမှာတော့ ကျူးလွန်ခံရတဲ့ကလေးတွေဟာ တိုင်းရင်းသားနယ်မြေတွေကနေ ခေါ်ဆောင်ခံခဲ့ရတာလို့ဖော်ပြပါတယ်။

    “ဒီကလေးတွေကို ပထုံဌာနီက ကလေးသူငယ် ကယ်ဆယ်ရေးစခန်းတစ်ခုမှာ စောင့်ရှောက်ထားတယ်လို့ သိရတယ်။ သူတို့ကိုကူညီဖို့အတွက်က မိဘတွေကိုယ်တိုင် ကျွန်တော်တို့ဆီအကူအညီတောင်းမှ ဖြစ်မှာ၊ မဟုတ်ရင် ကလေးတွေရှိတဲ့နေရာကို ကပ်လို့တောင် မရဘူး”လို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ AAC မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ကြီးက ပြောပါတယ်။

    ကျူးလွန်သူလို့ဆိုတဲ့ မြန်မာနိုင်ငံသား ၃ ယောက်ကို လူကုန်ကူးမှု တားဆီးရေးဥပဒေ၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးဥပဒေ၊ တောင်းရမ်းမှု ထိန်းချုပ်ရေး ဥပဒေတွေနဲ့ အမှုဖွင့် အရေးယူထားတယ်လို့လည်း သိရပါတယ်။

    ဒီအမှုတွေဟာ ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၅ နှစ်ကနေ ၈ နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့လည်း သိရပါတယ်။

    ထိုင်းမှာ လုပ်ထုံးလုပ်နည်းတွေအရ ကျူးလွန်တယ်လို့ ပြစ်မှုထင်ရှားသူတွေကို အမိန့်မချမခြင်း ကလေးတွေကို သက်သေအဖြစ် ထိန်းသိမ်းထားလေ့ရှိတယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။

  2. မင်္ဂလာပါ။ မေ ၂၈ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။