ဇွန် ၃၀ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မုံရွာက တော်လှန်ရေးတပ်အချင်းချင်းစီးနင်းမှု ပလဖ ၃ ဦးအပါ ၆ ဦးသေဆုံး
မုံရွာက တော်လှန်ရေးတပ်အချင်းချင်းစီးနင်းမှု ပလဖ ၃ ဦးအပါ ၆ ဦးသေဆုံးတယ်လို့ဆိုတဲ့သတင်းအပါအဝင် ဇွန်လ ၃၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- ရန်ကုန်၊ ဒလမြို့က ကုန်စုံဆိုင်ပိုင်ရှင် ဇနီးမောင်နှံ အသတ်ခံရမှုမှာ သံသယတရားခံတွေကို အမှုဖွင့်ပြီး အင်းစိန်ထောင်ကိုပို့
- ဦးမင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဉ်အတွင်းမှာ မြစ်ဆုံစီမံကိန်းပြန်စဖို့ ဆွေးနွေးခဲ့တယ်လို့ နေပြည်တော်သတင်းထုတ်
- အမေရိကန်ကို တိုက်ရိုက်အကျိုးစီးပွားဖြစ်စေမယ့် မြန်မာက အဖွဲ့အားလုံးနဲ့ထိတွေ့မယ်လို့ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒယ်ဆွန်ဘရီပြော
- ဘယ်လာရုဇ် သမ္မတ လူကာရှန်ကို မြန်မာကို အလုပ်သဘောခရီး လာရောက်ဖို့ရှိတယ်လို့ နေပြည်တော်သတင်းထုတ်
- မင်းတပ်မြို့နယ်ထဲ စစ်တပ် လေကြောင်းကနေ ဗုံးကြဲလို့ ကလေးငယ် ၃ ဦး သေဆုံး
- နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ အိမ်နီးချင်း လာအိုနိုင်ငံကို လာမယ့်ရက်ပိုင်းအတွင်းသွားမယ်
- မုံရွာမြို့နယ်ထဲမှာရှိတဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)စခန်းနဲ့ တိုက်နယ် ၄ ပလဖစခန်းအပါအဝင် နေရာ ၃ နေရာ စီးနင်းခံရမှု ပလဖ ၃ ဦးနဲ့ အရပ်သား ၂ ဦးအပါ ၆ ဦး သေဆုံး
တိုက်ရိုက် ထုတ်လွှင့်ချက်
ထိုင်း-မြန်မာနယ်စပ်က အွန်လိုင်းငွေလိမ်ဂိုဏ်းတွေရဲ့ ဗဟိုချက်အပြောင်းအလဲ
ကရင်ပြည်နယ်ရဲ့ သင်္ကေတတစ်ခုဖြစ်တဲ့ ဒေါနတောင်တန်းကြီးဟာ ဒေသတွင်းကို ခြိမ်းခြောက်နေတဲ့ အွန်လိုင်းငွေလိမ်(ကျားဖြန့်)လုပ်ငန်းတွေရဲ့ ပုန်းခိုရာ နေရာသစ်တစ်ခု ဖြစ်လာပါတယ်။
ဒေါနတောင်ခြေမှာရှိတဲ့ သစ်ကတေကျေးရွာမှာ စိမ်းလန်းနေတဲ့ တောအုပ်တွေကြား မြေနီလမ်းတွေနဲ့အတူ ရောင်စုံတစ်ထပ်တိုက် အသစ်တွေက နေရာယူထားပါတယ်။
ဒီနှစ်ထဲမှာပဲ ဒီလိုမျိုး အဆောက်အအုံဝင်းတွေ တန်းစီဆောက်ထားတဲ့ ခြံဝင်းတွေ သစ်ကတေရွာအနီးမှာ ပိုတိုးပြီး တွေ့လာရတာလို့ မြဝတီဒေသခံတချို့က ထုတ်ပြောပါတယ်။
အဲဒီအဆောက်အအုံအသစ်တွေအွန်လိုင်းငွေလိမ်လုပ်ငန်းတွေအကြောင်း ဒီလင်ခ့် မှာ ဖတ်နိုင်ပါပြီ။
ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးကောင်းတယ်လို့ နေပြည်တော်ပြော
နေပြည်တော်မှာ နေအိမ်အကျယ်ချုပ် ချမှတ်ခံထားရတဲ့အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်တယ်လို့ဆိုပြီး နေပြည်တော်ဘက်က ထုတ်ပြောလာပါတယ်။
နေပြည်တော်သမ္မတရုံးမှာ ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရသူ ဒေါ်ခိုင်ခိုင်စိုးက အခုလို ထုတ်ပြောတာဖြစ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ အလွန်ကောင်းမွန်နေပါတယ်။ ဘာမှ ပြဿနာမရှိပါဘူး။ အပြည့်အဝ ကောင်းမွန်နေပါတယ်။ ဆေးစစ်မှုတွေကိုလည်း ပုံမှန်ပြုလုပ်နေပါတယ်” လို့ ဒေါ်ခိုင်ခိုင်စိုးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အာဆီယံအထူးကိုယ်စားလှယ်နဲ့တွေ့ဆုံခွင့်ပြုမလားဆိုတဲ့ မေးခွန်းကို ပြန်လည်ဖြေကြားချိန်မှာ သူက အခုလိုထည့်ပြောသွားတာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ်တွေဘက်က တောင်းဆိုမှုတွေ ရှိခဲ့ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အကျဉ်းသားဖြစ်တာကြောင့် ပြည်ပဧည့်သည်နဲ့တွေ့ဆုံခွင့် မရှိဘူးဆိုတဲ့ရပ်တည်ချက်ကို နေပြည်တော်ဘက်က ဆက်ပြီး ကိုင်စွဲထားပါတယ်။
တဖက်မှာလည်း နေပြည်တော်ဟာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးနဲ့ပတ်သက်ပြီး လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် အခုလိုထုတ်ပြောလာတာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးနဲ့အခြေအနေ သတင်းမေးတဲ့ နိုင်ငံတကာသံတမန်တွေကို ကျန်းမာရေးကောင်းမွန်တယ်လို့ နေပြည်တော်က ထုတ်ပြောလေ့ရှိပေမဲ့ အခုလို လူသိရှင်ကြား ထုတ်ပြောတာလတော့ လပေါင်းများစွာအတွင်း ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဒါပေမဲ့ အသက် ၈၁ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိကြောင်း ပြသဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သားအငယ်ဖြစ်တဲ့ ကင်မ် အဲရစ်နဲ့ ကမ္ဘာတလွှားရောက် မြန်မာတွေက ဆက်လက်တောင်းဆိုနေပါတယ်။
နေပြည်တော်ဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒုတိယအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံကို ပြီးခဲ့တဲ့ဧပြီလ ၃၀ ရက်တုန်းက ထုတ်ပြန်ခဲ့ဖူးပါတယ်။ အဲဒီတုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့တယ်လို့ဆိုတဲ့သတင်းနဲ့အတူ ထုတ်ပြန်တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ သူ့အပေါ် စွပ်စွဲထားတဲ့စွပ်စွဲချက်တွေအတွက် ၂၀၂၂ ခုနှစ်၊ နှစ်ကုန်ပိုင်းမှာ ထောင်ဒဏ်တွေ ချမှတ်ခံရပြီးတဲ့နောက် သူ့ကို နေပြည်တော်က ပြင်ပကမ္ဘာနဲ့အဆက်ဖြတ်ထားပါတယ်။
ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့အသက်အရွယ်ကို ထောက်ရှုပြီး နေပြည်တော်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မိသားစု၊ ရှေ့နေတွေနဲ့တွေ့ဆုံခွင့်ပေးဖို့ အာဆီယံ၊ ဥရောပသမဂ္ဂတို့ကလည်း နေပြည်တော်ကို တိုက်တွန်းတောင်းဆိုနေပါတယ်။
ဒလမြို့က ကုန်စုံဆိုင်ပိုင်ရှင် ဇနီးမောင်နှံ အသတ်ခံရမှုမှာ သံသယတရားခံတွေကို အင်းစိန်ထောင်ကိုပို့
ရန်ကုန်မြို့တစ်ဖက်ကမ်း၊ ဒလမြို့၊ ရာဇသင်္ကြန်ရပ်ကွက်က ကုန်စုံဆိုင်ပိုင်ရှင်ဇနီးမောင်နှံ ၂ ဦး နေအိမ်မှာ သတ်ဖြတ်ခံရမှုမှာ သံသယ တရားခံ အမျိုးသား ၂ ဦးကို ဒလမြို့ရဲစခန်းမှာ အမှုဖွင့်ပြီး အင်းစိန်ထောင်ကို ပို့လိုက်ပြီလို့ ရဲစခန်းနဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။
အဲဒီအမျိုးသား ၂ ဦးဟာ ကုန်စုံဆိုင်ပိုင်ရှင်ဇနီးမောင်နှံဆီကနေ ငွေချေးရာကနေ မရတာကြောင့် ၂ ယောက်ပေါင်းပြီး လုပ်ကြံသတ်ဖြတ်ဖို့ ပူးပေါင်းကြံစည်ခဲ့တာလို့ ထွက်ဆိုခဲ့တဲ့အကြောင်း ရဲစခန်းနဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပါတယ်။
ကြိုတင်ကြံစည်လူသတ်မှုကျူးလွန်တဲ့ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁) (က) နဲ့ သံသယတရားခံ အမျိုးသား ၂ ဦးကို စွဲချက်တင်ထားတာလို့လည်း သူက ပြောပါတယ်။
“သူတို့က ကုန်စုံဆိုင်က ဝန်ထမ်းဟောင်းတွေ” လို့လည်း သူက ဖြည့်ပြောပါတယ်။အဲဒီအမျိုးသား ၂ ဦးဟာ ဇွန် ၂၅ ရက် ညနက်ပိုင်းမှာ ကုန်စုံဆိုင်ပိုင်ရှင် ဇနီးမောင်နှံအိမ်ကို ရောက်လာခဲ့ပြီး သတ်ဖြတ်မှုကျူးလွန်ခဲ့တာလို့ သတင်းရင်းမြစ်က ပြောပါတယ်။
သတ်ဖြတ်ခံရတဲ့ ဇနီးမောင်နှံ ၂ ဦးကို ဇွန်လ ၂၇ ရက်မနက်အစောပိုင်းမှာ ဆိုင်ဝန်ထမ်းအမျိုးသမီး အလုပ်ဆင်းဖို့ရောက်လာချိန် ဆိုင်တံခါးဖွင့်ထားပေမယ့် ဆိုင်ရှင်တွေကို မတွေ့တာကြောင့် နေအိမ်ပေါ်တက်ကြည့်ရာကနေ ဆိုင်ရှင် ၂ ဦးသေဆုံးနေတာကို တွေ့ခဲ့ရတာလို့ မြို့ခံတစ်ဦးက ဆိုပါတယ်။
ရဲတပ်ဖွဲ့ရဲ့စစ်ဆေးချက်အရ ဇနီးမောင်နှံ ၂ ဦးဟာ ဆိုင်အပေါ်ထပ်က ဒုတိယထပ်မှာ ထိုးသွင်းဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတာဖြစ်ပြီး သူတို့သေဆုံးမှုကို ဆိုင်ကိုလာတဲ့ဈေးဝယ်သူတစ်ဦးက ဇွန်လ ၂၆ ရက်မှာ တွေ့ရှိခဲ့တာလို့ သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။
လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့အမျိုးသား ၂ ဦးကိုလည်း ဇွန်လ ၂၆ ရက်မှာပဲ ဒလတစ်ဖက်ကမ်း ရန်ကုန်တိုင်း၊ အလုံမြို့နယ်ထဲက သခင်မြပန်းခြံအနီးမှာ ဖမ်းမိတာလို့ သတင်းရင်းမြစ်က ဆိုပါတယ်။
မြစ်ဆုံစီမံကိန်းပြန်စဖို့ တရုတ်ခရီးစဉ်မှာ ဆွေးနွေးခဲ့တယ်လို့ နေပြည်တော်ပြော
နေပြည်တော်ခေါင်းဆောင် ဦးမင်းအောင်လှိုင်ရဲ့တရုတ်ခရီးစဉ်အတွင်းမှာ မြစ်ဆုံစီမံကိန်းပြန်စဖို့ ဆွေးနွေးခဲ့တယ်လို့ နေပြည်တော်သမ္မတရုံးဘက်က ထုတ်ပြောလာပါတယ်။
နေပြည်တော်မှာ ဒီနေ့ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဦးမင်းအောင်လှိုင်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ခိုင်ခိုင်စိုးက အခုလိုပြောလာတာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အထက်ပိုင်းက မေခ မလိခ မြစ်ဆုံမှာတည်ဆောက်မယ့် မြစ်ဆုံစီမံကိန်းအရေးကို ပြန်စဖို့ ဦးမင်းအောင်လှိုင်က တရုတ်ပြည်ခရီးစဉ်မတိုင်ခင်ကတည်းက အကြိမ်ကြိမ်ပြောခဲ့သလို တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံတဲ့ခရီးစဉ်မှာလည်း ဒီအကြောင်း ဆွေးနွေးခဲ့တာလို့ နေပြည်တော်ဘက်က ပြောပါတယ်။
‘‘မြစ်ဆုံ စီမံကိန်း နေရာ ၇ ခုပါ။ အဲဒီ ၇ ခုမှာမှ မြစ်ဆုံမှာက ဧရာဝတီ မြစ်ဆုံ၊ မြစ်ညာ မြစ်ဝှမ်း စီမံကိန်း အဲဒီနားလေး တစ်ခုတည်းတင်ကို မဂ္ဂါဝပ် ၅,၆၀၀ ထွက်ဖို့ ရှိပါတယ်။ တစ်နိုင်ငံလုံးအတွက် ၁၀,၀၀၀ ကျော် လိုပါတယ်။ အဲဒီနေရာလေး တစ်ခုတည်းနဲ့တင် ၅၆၀၀ ထွက်ပါမယ်။ ဒါဆိုရင် ကျိန်းသေတယ်။ ကျန်တဲ့ ၆ ခုပါ ပေါင်းရင် ဒါပေးရမယ့် အပိုင်းလည်း ပေးပြီးရင် ကျွန်မတို့ နိုင်ငံအတွက်လည်း အလုံအလောက်ကျန်မယ်။’’ လို့ ဒေါ် ခိုင်ခိုင်စိုးက ပြောပါတယ်။
မြန်မာပြည်မြောက်ကနေ တောင်ကို စီးဆင်းတဲ့ ဧရာဝတီမြစ် စတင်ရာ မြစ်ဆုံအရပ်မှာ ဆည်ပိတ်ဆောက်မှာဖြစ်လို့ ဒီစီမံကိန်းကြောင့်ဖြစ်လာမယ့် သဘာဝပတ်ဝန်းကျင်အပေါ် ရိုက်ခတ်မှုဆိုးကျိုးကို လူထုက စိုးရိမ်နေတာကို နေပြည်တော်က သိရှိထားပြီး ဦးမင်းအောင်လှိုင်ကလည်း အဲဒီအပိုင်းကိုလည်း ထည့်သွင်းစဉ်းစားချက်ရှိတယ်လို့ သူက ပြောပါတယ်။
ဒါကြောင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ပါဝင်တဲ့ လူပေါင်း ၂၄ ဦးနဲ့ ဖွဲ့စည်းပြီးတော့ မြေပြင်လူထုနဲ့တွေ့ဆုံ ဆွေးနွေးပြီး သဘောထားမှတ်ချက် ရယူတာတွေ ရှိတယ်လို့လည်း သူက တုံ့ပြန်ပါတယ်။
လူထုဆန့်ကျင်မှုတွေကြောင့် ဆယ်စုနှစ် တစ်ခုကျော်ကြာ ရပ်ဆိုင်းထားခဲ့တဲ့ ဧရာဝတီမြစ်ဆုံ မြစ်ညှာ မြစ်ဝှမ်း ရေအားလျှပ်စစ်စီမံကိန်းကို ဒီနှစ်မှာ ပြန်အသက်သွင်းဖို့ နေပြည်တော်က ခြေလှမ်းနေတာ ၂၀၂၅ ခုနှစ်ကုန်ပိုင်းကတည်းက ဖြစ်ပါတယ်။
ဧရာဝတီမြစ်ဖျားဒေသရှိ မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းဟာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နဲ့ ၂၃ မိုင်ခန့် (၃၇ ကီလိုမီတာ) အကွာမှာရှိပါတယ်။ ကချင်ပြည်နယ်ရဲ့ မြောက်ပိုင်းမှာရှိပြီး မလိခနဲ့ မေခမြစ်ပေါင်းဆုံတဲ့ နေရာမှာတည်ဆောက်ဖို့ ၂၀၀၆ ခုနှစ်မှာစတင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၁ ခုနှစ်၊ ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ လူထုရဲ့ကန့်ကွက်မှုကြောင့် ရပ်ဆိုင်းခဲ့ပါတယ်။ ၂၀၁၆ ခုနှစ် နောက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီက အစိုးရတာ၀န်ကို လွှဲပြောင်းရယူချိန်မှာ စီမံကိန်းပြန်စနိုင်ရေး တရုတ်က လှုပ်ရှားစည်းရုံးခဲ့ပါတယ်။
ဒါပေမဲ့ NLD အစိုးရကာလ ၅ နှစ်နီးပါးအတွင်းမှာ စီမံကိန်းပြန်စနိုင်ခဲ့တာ မရှိပါဘူး။
အခုတော့ မြန်မာက တရုတ်စီမံကိန်းကြီးတွေကို ပြန်စဖို့ တရုတ်ဘက်က ပြောနေချိန်မှာပဲ နေပြည်တော်ဘက်ကလည်း မြစ်ဆုံစီမံကိန်းကို ပြန်စဖို့ ဘေကျင်းမှာ ဆွေးနွေးခဲ့တယ်လို့ ပြောလာတာဖြစ်ပါတယ်။
ဘေကျင်းဘက်ကတော့ မြစ်ဆုံနဲ့ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုတာ မရှိပေမဲ့ ခေတ်သစ် ပိုးလမ်းမ စီမံကိန်းအောက်မှာလုပ်မယ့် တရုတ်- မြန်မာစီးပွားရေးစင်္ကြံအောက်က စီမံကိန်းတွေကို အကောင်အထည်ဖော်ဖို့ နေပြည်တော်ကို လူသိရှင်ကြား တိုက်တွန်းနေပါတယ်။
အမေရိကန်ကိုအကျိုးစီးပွားဖြစ်စေမယ့် မြန်မာက အဖွဲ့အားလုံးနဲ့ထိတွေ့မယ်လို့ အမေရိကန်ပြော
အမေရိကန်ရဲ့အကျိုးစီးပွားကို တိုက်ရိုက်အကျိုးပြုမယ့် မြန်မာက အဖွဲ့အစည်းတွေအားလုံးနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်မယ်လို့ အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒယ်ဆွန်ဘရီက ပြောလိုက်ပါတယ်။
အမေရိကန် နိုင်ငံသားတွေကို ထိခိုက်နစ်နာစေတဲ့ နိုင်ငံဖြတ်ကျော် လိမ်လည်မှုစင်တာတွေကို နှိမ်နင်းတာ၊ ကုန်သွယ်ရေးတွေ မြှင့်တင်မယ့်မှုဆိုင်ရာကိစ္စတွေပေါ် အခြေခံတဲ့ မြန်မာ့အရေး အကဲခတ်စောင့်ကြည့်၊ ဖြေရှင်းတာတွေ လုပ်နေပြီး ဒီအရေးဖြေရှင်းနိုင်ရေးအတွက် အမေရိကန်ကို အကျိုးပြုမယ့်အဖွဲ့တွေနဲ့ ထိတွေ့မှုတွေ လုပ်မယ်လို့ သူက ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက အမေရိကန်အောက်လွှတ်တော်ကော်မတီမှာ ကျင်းပခဲ့တဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ အစည်းအဝေးမှာ မစ္စတာ ဒမ်ဘရီက အခုလိုပြောလိုက်တာဖြစ်ပါတယ်။
အမေရိကန် Los Angeles Myanmar Movement (LA2M) အဖွဲ့ ရဲ့ စည်းရုံးလှုံ့ဆော်ရေးတာဝန်ခံ ဦးဂျိမ်းရွှေ ကတော့ အဖွဲ့အစည်းအားလုံးဆိုတာမှာ “စစ်တပ်လည်းပါနိုင်သလို တော်လှန်ရေးအဖွဲ့တွေလည်း ပါနိုင်တယ်” လို့ ဆိုပါတယ်။
မြန်မာမှာ ပြည်တွင်းစစ်က ဆက်ပြီးဖြစ်ပွားနေသလို စစ်အတွင်း သတ်ဖြတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း အမေရိကန်အနေနဲ့ ရပ်တန့်အောင် လုပ်ဆောင်နိုင်ခဲ့တာမရှိဘူးလို့လည်း လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဒမ်ဘရီက ထုတ်ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေအရေးအပါအဝင် မြန်မာကို ချမှတ်ထားတဲ့ပိတ်ဆို့မှုတွေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို အဲဒီဆွေးနွေးပွဲမှာ ထည့်သွင်းဆွေးနွေးခဲ့တာ မရှိဘူးလို့ ဆွေးနွေးပွဲဆိုင်ရာ အချက်အလက်တွေကို ဦးဂျိမ်းရွှေက ထောက်ပြပြောပါတယ်။
ဒါကြောင့် အမေရိကန်အစိုးရရဲ့ မူဝါဒအနေနဲ့ “ဒီမိုကရေစီအရေးထက် အမေရိကန်ရဲ့ အကျိုးစီးပွားကိုသာကြည့်ပြီး ဘယ်အဖွဲ့မဆို ဆက်ဆံမယ့်သဘောဖြစ်နေတယ်” လို့ သူက ဆိုပါတယ်။
၂၀၂၆ ဖေဖော်ဝါရီတုန်းကတော့ မြန်မာဟာ အမေရိကန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်မှုအဖြစ် ဆက်ရှိနေတယ်ဆိုပြီး မြန်မာအပေါ် အမျိုးသားအရေးပေါ်အခြေအနေအဖြစ် အမေရိကန်က သက်တမ်းတစ်နှစ် ထပ်တိုးထားပါတယ်။
ဘယ်လာရုဇ်သမ္မတ နေပြည်တော်ကို ၈ လအတွင်း ဒုတိယအကြိမ်လာဖို့ရှိ
ဘယ်လာရုဇ် သမ္မတ လူကာရှန်ကိုဟာ နေပြည်တော်မှာ သမ္မတရာထူးယူထားတဲ့ ဦးမင်းအောင်လှိုင်နဲ့ ဖိတ်ကြားချက်အရ မကြာခင်မှာ မြန်မာကို အလုပ်သဘောခရီး လာရောက်ဖို့ရှိတယ်လို့ နေပြည်တော်ဘက်က သတင်းထုတ်ပါတယ်။
ဒါဟာ ၈ လနီးပါးအတွင်း ဘယ်လာရုဇ်သမ္မတရဲ့မြန်မာကို ဒုတိယအကြိမ်လာတဲ့ခရီးဖြစ်ပါတယ်။
ဘယ်လာရုဇ်သမ္မတရဲ့ ခရီးစဉ် မကြာခင်ထွက်ပေါ်မယ်လို့ဆိုပေမဲ့ အချိန်ကာလ အတိအကျကိုတော့ နေပြည်တော်ဘက်က တိတိကျကျ မထုတ်ပြန်ပါဘူး။
ဘယ်လာရုဇ်သမ္မတဟာ နေပြည်တော်မှာ ဦးမင်းအောင်လှိုင်က စစ်ကော်မရှင်ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလတုန်းကလည်း မြန်မာကို ပထမဆုံးအကြိမ် လာရောက်ခဲ့ပြီးဖြစ်ပါတယ်။
အဲဒီတွေ့ဆုံမှုတုန်းကတော့ မြန်မာနဲ့ ဘယ်လာရုဇ်ကြား နှစ်နိုင်ငံ ရက် ၃၀ ဗီဇာကင်းလွတ်ခွင့်အပါအဝင် ကုန်သွယ်ရေးနဲ့ စီးပွားရေးပူးပေါင်းဖို့ သဘောတူခဲ့ကြပါတယ်။
ဘယ်လာရုဇ်သမ္မတရဲ့မြန်မာကို ပထမဆုံးတစ်ခေါက် ခရီးစဉ်တုန်းကတော့ ဘယ်လာရုဇ်- မြန်မာ စီးပွားရေးဖိုရမ်ကို ရန်ကုန်မှာကျင်းပခဲ့ပြီး မြန်မာမှာ လယ်ထွန်စက် တပ်ဆင်ရေးပါဝင်တဲ့ဒေါ်လာ ၉ သန်းတန် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ဖို့ နှစ်နိုင်ငံ လုပ်ငန်းရှင်တွေ သဘောတူခဲ့ကြပါတယ်။
မြန်မာနဲ့ ဘယ်လာရုဇ်ကြား သံတမန် ဆက်ဆံရေး ထူထောင်ခဲ့တာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့နအဖ အစိုးရလက်ထက် ၁၉၉၉ ခုနှစ်ကတည်းက ဖြစ်ပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့ဆယ်စုနှစ် အရပ်သားအစိုးရတွေလက်ထက်မှာ နှစ်နိုင်ငံဆက်ဆံရေး အေးခဲ့ပေမဲ့ ၂၀၂၁ စစ်အာဏာသိမ်းမှုနောက်ပိုင်း နေပြည်တော်မှာ စစ်ခေါင်းဆောင် အာဏာယူတဲ့အခါ နှစ်နိုင်ငံဆက်ဆံရေး ပြန်လည် နီးကပ်လာတာဖြစ်ပါတယ်။
ဦးမင်းအောင်လှိုင် ကိုယ်တိုင်လည်း စစ်ခေါင်းဆောင်တာဝန်ယူထားချိန် ၂၀၂၅ ခုနှစ်တုန်းကလည်း ဘယ်လာရုဇ်နိုင်ငံကို နှစ်ကြိမ်တိုင်တိုင် သွားရောက်ခဲ့ပြီး မြန်မာစစ်တပ်ရဲ့ပညာတော်သင်တွေလည်း ဘယ်လာရုဇ်မှာ ပညာသင်နေကြပါတယ်။
ပြည်တွင်းမှာ စစ်တပ်က အရပ်သားတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ထောက်ပြပြောဆိုနေချိန်မှာပဲ ဘယ်လာရုဇ်နိုင်ငံဟာ မြန်မာစစ်တပ်အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်၊ လက်နက် နည်းပညာနဲ့ စစ်ဘက်ဆိုင်ရာ သင်တန်းတွေကို အဓိကပံ့ပိုးနေတဲ့နိုင်ငံလို့ဆိုပြီး လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြထားကြပါတယ်။
တိုက်ပွဲဖြစ်နေတဲ့မင်းတပ်မြို့နယ်ထဲ စစ်တပ်ဗုံးကြဲလို့ ကလေးငယ် ၃ ဦး သေဆုံး
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ထဲ ချင်းကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေချိန် မြို့နယ်အရှေ့ခြမ်းက ရှိမ်းကျေးရွာထဲကို စစ်တပ်က မနေ့တုန်းက လေကြောင်းကနေ ဗုံးကြဲလို့ မိန်းကလေးငယ် ၃ ဦး သေဆုံးခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က အတည်ပြုပါတယ်။
“အသက် ၇ နှစ်နဲ့ ၁၀ နှစ်ဝန်းကျင် ကလေးငယ် ၃ ဦး ထိသွားတာ၊ ဒဏ်ရာရတဲ့သူလည်းရှိတယ်” လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
ဇွန်လ ၂၉ ရက် တစ်ရက်တည်းမှာပဲ စစ်တပ်က မင်းတပ်မြို့နယ်အရှေ့ဘက်ခြမ်းကို တိုက်လေယာဉ်အပြင် Y12 လေယာဉ်တွေ သုံးပြီး ဗုံးအလုံးရေ ၃၀ ထက်မနည်း ကြဲချခဲ့တာလို့လည်း သူက ဆက်ပြောပါတယ်။
မင်းတပ်မြို့နယ်အရှေ့ခြမ်း ကျေးရွာတွေမှာ မကွေး၊ ကျောက်ထုလမ်းပိုင်းက တက်လာတဲ့ စစ်တပ်စစ်ကြောင်းတွေနဲ့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်တွေကြား တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး နှစ်ဖက်တပ် ထိခိုက်သေဆုံးမှု ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
လက်ရှိမှာ စစ်တပ်က မကွေးကနေ ချင်းအထိ လမ်းပေါက်တဲ့ ကျောက်ထု-ဂန့်ဂေါလမ်းပိုင်းကို အားပြုပြီး မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ပြန်ထိန်းချုပ်ဖို့ အင်အားရာချီနဲ့ စစ်ကြောင်း ထိုးနေတာလို့ သူက ရှင်းပြပါတယ်။
ရခိုင်နဲ့ ချင်းပြည်နယ်အစပ်မှာ ချင်းညီနောင်(CB)အပါအဝင် ချင်းတော်လှန်ရေးတပ်တွေနဲ့ စစ်ရေးပူးပေါင်းနေတဲ့အာရက္ခတပ်တော်(အေအေ)ကလည်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ စစ်တပ်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ သတင်းထုတ်ထားပါတယ်။
မြန်မာစစ်တပ်ကတော့ မင်းတပ်မြို့က စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ဒီနေ့ ဇွန်လ ၃၀ ရက် မနက်ပိုင်းအထိ သတင်းမထုတ်ပြန်သေးပါဘူး။
ဦးမင်းအောင်လှိုင် လာအိုသွားမယ်
နေပြည်တော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ အိမ်နီးချင်း လာအိုနိုင်ငံကို လာမယ့်ရက်ပိုင်းအတွင်း သွားဖို့ရှိတယ်လို့ လာအိုဘက်က လာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။
ဦးမင်းအောင်လှိုင်နဲ့ ဇနီး ဒေါ်ကြူကြူလှတို့ဟာ ဗီယန်ကျင်းကို ဇွန်လ ၃ ရက်ကနေ ၅ ရက်အထိ ချစ်ကြည်ရေးခရီးလာမယ်လို့ လာအိုနိုင်ငံခြားရေးဝန်ကြီးဌာနကို ကိုးကားပြီး လာအိုသတင်းတွေမှာ ဖော်ပြပါတယ်။
တဖက်မှာလည်း ဒီခရီးစဉ်ဟာ နေပြည်တော်မှာ သမ္မတ ရာထူးယူပြီးနောက်ပိုင်း ဦးမင်းအောင်လှိုင်ရဲ့တတိယမြောက် ပြည်ပနိုင်ငံခရီးစဉ်ဖြစ်ပါတယ်။
လာအိုဘက်ကတော့ လာအို - မြန်မာ သံတမန် ဆက်ဆံရေး နှစ် ၇၀ ပြည့်အဖြစ် ဗီယန်ကျင်းကို သွားမှာလို့ ဆိုပါတယ်။
လာအိုနိုင်ငံခြားရေးဝန်ကြီးက ဇွန်လတုန်းက နေပြည်တော်ကို သွားတဲ့သူ့ခရီးစဉ်မှာ ဗီယန်ကျင်းကိုလာဖို့ ဦးမင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။
လာအိုဟာ သူ အာဆီယံဥက္ကဋ္ဌ တာဝန်ယူတဲ့ ၂၀၂၄ ခုနှစ်မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို မြန်မာကိုယ်စားလှယ်တစ်ဦးကို တက်ရောက်အောင် နေပြည်တော်ကို တိုက်တွန်းခဲ့ပြီး နေပြည်တော်ကလည်း နိုင်ငံခြားရေးအတွင်းဝန်ကို ၂၀၂၁ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် စေလွှတ်ခဲ့ပါတယ်။
မြန်မာ့အရေး အာဆီယံရဲ့ကြားဝင်မှုအနေနဲ့ ဘုံသဘောတူညီချက် ၅ ရပ်အရ ခန့်အပ်ခဲ့တဲ့ အာဆီယံအထူးသံဟာ လာအို အာဆီယံ လက်ထက်မှာ နေပြည်တော်ကို အကြိမ်ကြိမ်သွားခဲ့ပြီး အထူးသံဟာ နေပြည်တော်နဲ့ဆက်ဆံရေး နီးကပ်တယ်လို့ဆိုတဲ့ဝေဖန်မှုအချို့လည်းရှိခဲ့ပါတယ်။
မုံရွာက တော်လှန်ရေးတပ်အချင်းချင်းစီးနင်းမှု ပလဖ ၃ ဦးအပါ ၆ ဦးသေဆုံးတယ်လို့ဆို
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲမှာရှိတဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)စခန်းနဲ့ တိုက်နယ် ၄ ပလဖစခန်းအပါအဝင် နေရာ ၃ နေရာမှာ မနေ့ ဇွန်လ ၂၉ ရက်က စီးနင်းခံရပြီး ပစ်ခတ်မှုတွေဖြစ်ခဲ့တာကြောင့် အရပ်သား ၂ ဦးနဲ့ ပလဖအဖွဲ့ဝင် ၃ ဦးအပါအဝင် ၆ ဦးသေဆုံးသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်တစ်ဦးကတော့ ဒီစီနင်းမှုကို NUG ရဲ့ မုံရွာခရိုင်တပ်ရင်း ၅ ရင်းပေါင်းပြီး လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။
“တပ်ရင်း ၂၂၊ ၂၃၊ ၂၄၊ ၂၅၊၂၈ ရင်းတွေ ဝင်ပြီးစီးနင်းတာ၊ ဘာကြောင့်စီးနင်းလဲဆိုတာတော့ မသိရသေးဘူး၊ ပလဖ မြို့နယ်တာဝန်ခံ ကိုအာကူးနဲ့ ဒီတပ်ရင်းတွေကြားမှာ မပြေလည်မှုတချို့ရှိနိုင်တယ်” လို့ သူက ဆက်ပြောပါတယ်။
စီးနင်းမှုအတွင်း မြို့နယ်ပလဖစခန်းက ပလဖအဖွဲ့ဝင် ၃ ဦးသေဆုံးပြီး တိုက်နယ် ၄ ပလဖ အချုပ်ထောင်က အချုပ်သားတစ်ဦး သေဆုံးတယ်လို့ မြို့နယ်ပလဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အရပ်သား ၂ ဦးသေဆုံးမှုနဲ့ပတ်သက်လို့ စီးနင်းတဲ့အဖွဲ့က စားသောက်ဆိုင်တစ်ဆိုင်မှာ ထိုင်နေတဲ့ ပလဖတပ်ဖွဲ့ဝင်တချို့ကို ပစ်ခတ်ရာကနေ ဘေးကပ်လျက်က တုတ်ထိုးဆိုင်မှာထိုင်နေတဲ့ အရပ်သား ၂ ဦးပါ ကျည်ထိမှန်ပြီး သေဆုံးသွားတာလို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။
“အသက် ၂၈ နှစ်အရွယ် အမျိုးသား ၂ ဦး” လို့ သူက ဖြည့်ပြောပါတယ်။ လက်ရှိမှာ စီးနင်းခံရတဲ့ မြို့နယ်ပလဖတာဝန်ခံ ကိုအာကူးကတော့ ပျောက်ဆုံးနေပြီး ဖမ်းဆီးခံရလား၊ သေဆုံးပြီလားဆိုတာကို အတည်မပြုနိုင်ဘူးလို့ မြို့နယ်ပလဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
မုံရွာမြို့နယ်ထဲက တော်လှန်ရေးတပ်အချင်းချင်းစီးနင်းမှုနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ဝန်ကြီးချုပ်ရုံးနဲ့ မုံရွာမြို့နယ်ပလဖအဖွဲ့တာဝန်ရှိသူတို့ကို ဆက်သွယ်မေးမြန်းထားပေမယ့် ဇွန်လ ၃၀ ရက်မနက်ပိုင်းအထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။
မင်္ဂလာပါ။ ဇွန်လ ၃၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။