တိုက်ရိုက်ထုတ်လွှင့်မှု, မုံရွာက တော်လှန်ရေးတပ်အချင်းချင်းစီးနင်းမှု ပလဖ ၃ ဦးအပါ ၆ ဦးသေဆုံးတယ်လို့ဆို

မုံရွာက တော်လှန်ရေးတပ်အချင်းချင်းစီးနင်းမှု ပလဖ ၃ ဦးအပါ ၆ ဦးသေဆုံးတယ်လို့ဆိုတဲ့သတင်းအပါအဝင် ဇွန်လ ၃၀ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

မုံရွာမြို့နယ်ထဲမှာရှိတဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)စခန်းနဲ့ တိုက်နယ် ၄ ပလဖစခန်းအပါအဝင် နေရာ ၃ နေရာ စီးနင်းခံရမှု ပလဖ ၃ ဦးနဲ့ အရပ်သား ၂ ဦးအပါ ၆ ဦး သေဆုံး

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. မုံရွာက တော်လှန်ရေးတပ်အချင်းချင်းစီးနင်းမှု ပလဖ ၃ ဦးအပါ ၆ ဦးသေဆုံးတယ်လို့ဆို

    မုံရွာမြို့နယ် ပလဖအဖွဲ့ဝင်တချို့ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, မုံရွာမြို့နယ် ပလဖ

    ဓာတ်ပုံ ပုံစာ, မုံရွာမြို့နယ် ပလဖအဖွဲ့ဝင်တချို့ (ပုံဟောင်း)

    စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ထဲမှာရှိတဲ့ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့(ပလဖ)စခန်းနဲ့ တိုက်နယ် ၄ ပလဖစခန်းအပါအဝင် နေရာ ၃ နေရာမှာ မနေ့ ဇွန်လ ၂၉ ရက်က စီးနင်းခံရပြီး ပစ်ခတ်မှုတွေဖြစ်ခဲ့တာကြောင့် အရပ်သား ၂ ဦးနဲ့ ပလဖအဖွဲ့ဝင် ၃ ဦးအပါအဝင် ၆ ဦးသေဆုံးသွားတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

    မုံရွာမြို့နယ် ပလဖ အဖွဲ့ဝင်တစ်ဦးကတော့ ဒီစီနင်းမှုကို NUG ရဲ့ မုံရွာခရိုင်တပ်ရင်း ၅ ရင်းပေါင်းပြီး လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။

    “တပ်ရင်း ၂၂၊ ၂၃၊ ၂၄၊ ၂၅၊၂၈ ရင်းတွေ ဝင်ပြီးစီးနင်းတာ၊ ဘာကြောင့်စီးနင်းလဲဆိုတာတော့ မသိရသေးဘူး၊ ပလဖ မြို့နယ်တာဝန်ခံ ကိုအာကူးနဲ့ ဒီတပ်ရင်းတွေကြားမှာ မပြေလည်မှုတချို့ရှိနိုင်တယ်” လို့ သူက ဆက်ပြောပါတယ်။

    စီးနင်းမှုအတွင်း မြို့နယ်ပလဖစခန်းက ပလဖအဖွဲ့ဝင် ၃ ဦးသေဆုံးပြီး တိုက်နယ် ၄ ပလဖ အချုပ်ထောင်က အချုပ်သားတစ်ဦး သေဆုံးတယ်လို့ မြို့နယ်ပလဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    အရပ်သား ၂ ဦးသေဆုံးမှုနဲ့ပတ်သက်လို့ စီးနင်းတဲ့အဖွဲ့က စားသောက်ဆိုင်တစ်ဆိုင်မှာ ထိုင်နေတဲ့ ပလဖတပ်ဖွဲ့ဝင်တချို့ကို ပစ်ခတ်ရာကနေ ဘေးကပ်လျက်က တုတ်ထိုးဆိုင်မှာထိုင်နေတဲ့ အရပ်သား ၂ ဦးပါ ကျည်ထိမှန်ပြီး သေဆုံးသွားတာလို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

    “အသက် ၂၈ နှစ်အရွယ် အမျိုးသား ၂ ဦး” လို့ သူက ဖြည့်ပြောပါတယ်။ လက်ရှိမှာ စီးနင်းခံရတဲ့ မြို့နယ်ပလဖတာဝန်ခံ ကိုအာကူးကတော့ ပျောက်ဆုံးနေပြီး ဖမ်းဆီးခံရလား၊ သေဆုံးပြီလားဆိုတာကို အတည်မပြုနိုင်ဘူးလို့ မြို့နယ်ပလဖ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

    မုံရွာမြို့နယ်ထဲက တော်လှန်ရေးတပ်အချင်းချင်းစီးနင်းမှုနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ဝန်ကြီးချုပ်ရုံးနဲ့ မုံရွာမြို့နယ်ပလဖအဖွဲ့တာဝန်ရှိသူတို့ကို ဆက်သွယ်မေးမြန်းထားပေမယ့် ဇွန်လ ၃၀ ရက်မနက်ပိုင်းအထိ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

  2. မင်္ဂလာပါ။ ဇွန်လ ၃၀ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။