ချင်းပြည်နယ်တောင်ပိုင်းက
မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေကို ယောနဲ့ ဆောဒေသတွေကို ဖြတ်ပြီး အင်အားထောင်ချီနဲ့
စစ်တပ်က ထိုးစစ်ဆင်နေပေမဲ့ တစ်လကျော်ကြာတဲ့အထိ စစ်ရေးအသာစီးရနေဆဲလို့ ချင်းပြည်သူ့တပ်မတော်(CPA) က ဒီနေ့ မနက်ပိုင်းမှာ
ထုတ်ပြန်လာပါတယ်။
စစ်သုံ့ပန်းတွေကိုဖမ်းမိသလို
လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိကြောင်း CPA က ဓာတ်ပုံနဲ့ပါ ဖော်ပြလာတာပါ။
“နေ့တိုင်း တိုက်ပွဲပြင်းထန်ပါတယ်။
ကျောက်ထုဘက်ကနေ စစ်ကြောင်းထိုးလာတာရှိတယ်၊ ကန်ပက်လက်ဘက်ကို ဆောကနေ စစ်ကြောင်းထိုးလာတာရှိတယ်။
ကျွန်တော်တို့ အတတ်နိုင်ဆုံး ကာကွယ်နေပါတယ်။ မင်းတပ်လည်းမရောက်သေးပါဘူး” လို့ ချင်းတော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက
ပြောပါတယ်။
ပြီးခဲ့တဲ့
မေ ၁၆ ရက်ကစပြီး ကန်ပက်လက်၊ မင်းတပ်ဘက်ကို စစ်တပ်စစ်ကြောင်းတွေဖြန့်ကြက် ဝင်လာတာဖြစ်ပြီး
CPA အပြင် ယောကာကွယ်ရေးတပ်
(YDF) နဲ့ ယောတပ်တော်(YA) တို့လို မဟာမိတ်တပ်တွေနဲ့ပါ
ပူးပေါင်းတိုက်ခိုက်နေတာလို့ သိရပါတယ်။
စစ်တပ်ဘက်ကလည်း
မြေပြင်ထိုးစစ်အပြင် လေကြောင်းပစ်ကူတွေပါ ဆက်တိုက်ပေးနေပြီး ဇွန်လကုန်နဲ့ ဇူလိုင်လဆန်းမှာ
တစ်ရက်ကို ၈ ကြိမ်ထက်မနည်း လေကြောင်းဗုံးကြဲမှုတွေ လုပ်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေမှာပါ
ဖော်ပြထားပါတယ်။
တိုက်ပွဲကာလအတွင်း
လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်မှုတွေကြောင့် အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအဝင်
လူထိခိုက်သေဆုံးမှုရှိနေတယ်လို့ CPA ရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒါပေမဲ့ တစ်လကျော်ကာလအတွင်း
လူဘယ်လောက်ထိခိုက်သေဆုံးခဲ့လဲဆိုတာတော့ တိတိကျကျ မဖော်ပြထားပါဘူး။
တိုက်ပွဲပြင်းထန်နေတဲ့ မင်းတပ်မြို့နယ် အရှေ့ခြမ်းကို ဇွန် ၂၉ ရက်မှာ စစ်တပ်ဗုံးကြဲလို့ မိန်းကလေးငယ် ၃ ဦးသေဆုံးခဲ့ပါတယ်။
ဒါအပြင် နှစ်ဖက်တပ်ဖွဲ့ဝင်တွေ
ထိခိုက်သေဆုံးတာတွေလည်းရှိနေကြောင်း ချင်းတော်လှန်ရေး အဖွဲ့တွေရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်
ဖော်ပြချက်တွေအရလည်း သိရပါတယ်။
ရခိုင် - ချင်း - မကွေးကနေ မြန်မာပြည်အထက်ပိုင်း နဲ့
ချိတ်ဆက်ရေးအတွက် ချင်းတောင်ပိုင်း တိုက်ပွဲတွေဟာ နှစ်ဖက်စလုံးအတွက်အရေးပါနေပါတယ်။