အိန္ဒိယဝန်ကြီးချုပ်က ဦးမင်းအောင်လှိုင်ကို တွေ့ဆုံခဲ့မှုအပေါ် Quad အဖွဲ့ဝင်ချင်း ဆွေးနွေးဖို့ သြစတြေးလျကို SAC-M တိုက်တွန်း
အိန္ဒိယဝန်ကြီးချုပ် နရန်ဒြာ မိုဒီက ဦးမင်းအောင်လှိုင်ကို လက်ခံတွေ့ဆုံတာနဲ့ပတ်သက်လို့ မဟာဗျူဟာမြောက်မဟာမိတ်(Quad)အဖွဲ့ဝင် ဖြစ်တဲ့ အိန္ဒိယနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ မြန်မာ့အရေးအကြံပေးအဖွဲ့ (SAC-M)က Quad အဖွဲ့ဝင် သြစတြေးလျကို တိုက်တွန်းလိုက်ပါတယ်။
Quad အဖွဲ့ဟာ အမေရိကန်၊ သြစတေးလျ၊ ဂျပန်၊ အိန္ဒိယတို့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။
SAC- M အပြောအရ စစ်ရာဇဝတ်မှုကျူးလွန်သူအဖြစ် စွပ်စွဲခံထားရတဲ့ မြန်မာအာဏာသိမ်းခေါင်းဆောင် ဦးမင်းအောင်လှိုင်ကို အိန္ဒိယဝန်ကြီးချုပ် မိုဒီက တွေ့ဆုံခဲ့တာအတွက် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီ ဝေါင်းကို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။
ဇွန် ၁၅ ရက် ရက်စွဲနဲ့ထုတ်ပြန်တဲ့ SAC-M တိုက်တွန်းချက်မှာ ဝန်ကြီးချုပ်မိုဒီက ဦးမင်းအောင်လှိုင်ကို အသိအမှတ်ပြုတွေ့ဆုံမှုဟာ Quad ရဲ့ မြန်မာနိုင်ငံဆိုင်ရာရပ်တည်ချက်နဲ့ အလွန်ဆန့်ကျင်နေတယ်လို့ဆိုပြီး ထောက်ပြပါတယ်။
မေလအတွင်းက ပြုလုပ်ခဲ့တဲ့ Quad နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးရဲ့ပူးတွဲကြေညာချက်မှာ မြန်မာမှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ပဋိပက္ခနဲ့ ဒေသတွင်းအပေါ် သက်ရောက်မှုကို စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။
အကြမ်းဖက်တာတွေ ချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးခံထားရသူတွေကို လွှတ်ပေးဖို့၊ လူသားစာနာအကူအညီရရှိနိုင်မယ့်အခြေအန ဖန်တီးရေးအတွက် သက်ဆိုင်သူတွေ အားလုံးပါဝင်တဲ့တွေ့ဆုံဆွေးနွေးရေးဖြစ်လာဖို့လည်း အိန္ဒိယပါဝင်တဲ့ Quad အဖွဲ့က မကြာသေးခင်တုန်းကပဲ ပူးတွဲကြေညာထားတာဖြစ်ပါတယ်။
Quad အဖွဲ့ဝင် အိန္ဒိယနိုင်ငံရဲ့ဝန်ကြီးချုပ်က ဦးမင်းအောင်လှိုင်ကို ဒီလအစောပိုင်းမှာ နယူးဒေလီမှာ တွေ့ဆုံပြီး ကာကွယ်ရေး၊ လုံခြုံရေး၊ အခြေခံဆောက်အအုံနဲ့ ကုန်သွယ်ရေးကိစ္စတွေ ဆွေးနွေးခဲ့တာကိုတွေ့ရပြီး တဖက်မှာလည်း ဒီဆွေးနွေးချက်တွေဟာ Quad ရဲ့အဓိကစိုးရိမ်ချက်တွေဖြစ်နေတယ်လို့ SAC-M က ဆိုပါတယ်။
ဒါကြောင့် မြန်မာစစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရှုတ်ချတယ်လို့ ထုတ်ပြောထားသလို Quad အဖွဲ့ဝင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး ပန်နီဝေါင်းအနေနဲ့ အိန္ဒိယကို တိုက်ရိုက်ပြောဖို့ တိုက်တွန်းလာတာပါ။
အိန္ဒိယဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီးတို့ကို နှစ်နိုင်ငံ တွေ့ဆုံတာအပြင် Quad ကနေတဆင့်လည်း စိုးရိမ်ချက်ကိုပြောဖို့၊ အိန္ဒိယဝန်ကြီးချုပ်နဲ့ နေပြည်တော်အုပ်စိုးသူအစုအဖွဲ့တို့ တွေ့ဆုံမှုကို သြစတြေးလျ၊ ဂျပန်နဲ့ အမေရိကန်တို့ကလည်း ကန့်ကွက်ဖို့ SAC-M က သူတို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။