တရုတ်ဖမ်းထားတဲ့ အမှုဆောင်ဒါရိုက်တာဦးမင်းဇင်ကို ခြွင်းချက်မရှိ လွှတ်ဖို့ ISP တောင်းဆို

ဓာတ်ပုံ ရင်းမြစ်, Min Zin's FB
တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ ပြုလုပ်မယ့် ပညာရပ်ဆိုင်ရာဆွေးနွေးပွဲတက်ဖို့သွားရင်း ဖမ်းဆီးခံရတဲ့ ISP-Myanmar ရဲ့အမှုဆောင်ဒါရိုက်တာဦးမင်းဇင်ကို ခြွင်းချက်မရှိ အမြန်ဆုံးပြန်လွှတ်ပေးဖို့ အဖွဲ့ဘက်က စာထုတ် တောင်းဆိုလာပါတယ်။
ဦးမင်းဇင်ကို မှားယွင်းစွာ ဖမ်းဆီးထားတဲ့အပေါ် အလွန်အမင်းစိုးရိမ်ပူပန်တယ်လို့လည်း ISP-Myanmar ရဲ့ထုတ်ပြန်ချက်မှာပြောပါတယ်။
မြန်မာပြည်ဖွား၊ အမေရိကန်နိုင်ငံသား တစ်ယောက်လည်းဖြစ်၊ သုတေသနအဖွဲ့ဦးဆောင်သူလည်းဖြစ်တဲ့ ဦးမင်းဇင်ဖမ်းဆီးခံရတာနဲ့ ပတ်သက်လို့ တရုတ်ဘက်ကတော့ နိုင်ငံတော်လုံခြုံရေးကို ထိခိုက်စေတဲ့ လှုပ်ရှားမှုတွေ လုပ်တာကြောင့် မသင်္ကာလို့ဆိုပြီး စွပ်စွဲထားပါတယ်။
ဒီလိုစွပ်စွဲချက်နဲ့ပတ်သက်လို့ အထောက်အထားမဲ့ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်မှန်သမျှကို ISP-Myanmar က အပြင်းအထန်ကန့်ကွက်ပြီး ငြင်းပယ်ရှုတ်ချတယ်လို့ တုံ့ပြန်ပါတယ်။
ISP-Myanmar ဟာ လွတ်လပ်ပြီး ပါတီစွဲကင်းတဲ့ အစိုးရမဟုတ်တဲ့သုတေသနအဖွဲ့အစည်းတစ်ခုသာ ဖြစ်တယ်လို့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လွတ်လပ်တဲ့သုတေသနအဖွဲ့အစည်းအဖြစ် ဆက်လက်ရပ်တည်မှာဖြစ်ပြီး သုံးသပ်ချက်နဲ့ ဆန်းစစ်ချက်တွေကို ဆက်လက်ထုတ်ဝေသွားမယ်လို့ ဆိုပါတယ်။








