ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ဘယ်လာရုစ်သမ္မတ နေပြည်တော်ကို နေ့ချင်းပြန်၀င်

ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို နေပြည်တော်ကို အလုပ်သဘောလာရောက်ပြီး နာရီပိုင်းအတွင်း ပြန်လည်ထွက်ခွာသွားတဲ့သတင်းအပါအဝင် ဇူလိုင် ၃ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • ဘယ်လာရုစ်သမ္မတ လူကာရှန်ကို ရုရှား၊ တရုတ်၊ အင်ဒိုနီးရှား ခရီးစဥ်တွေကတစ်ဆင့် ဇူလိုင် ၂ ရက်မှာ နေပြည်တော်ကိုဝင်
  • စစ်အစိုးရခေါင်းဆောင်တွေရဲ့ အခါတော်ပေး၊ ဗေဒင်နက္ခတ်ပညာရှင် ဒေါက်တာဖေဥာဏ် သူရဟန်းဝတ်နဲ့သီတင်းသုံးနေတဲ့ မှော်ဘီမြို့နယ်က စန္ဒကူးမြိုင် သာသနာ့ရိပ်သာမှာ မနေ့က ပျံလွန်တော်မူ
  • ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ က အမျိုးသမီးရဲဘော်တစ်ဦး အဓမ္မပြုကျင့်ခံရတဲ့အမှု အချိန် ၆ လကြာတဲ့အထိ တရားမျှတမှု ကင်းမဲ့နေ
  • ဦးမင်းအောင်လှိုင်ရဲ့လာအိုခရီးစဥ်မှာ Tourism MoUနဲ့ Sister City MoU တို့ကို အပြန်အလှန် လဲလှယ်ပြီး မြန်မာ-လာအို နှစ်နိုင်ငံအကြား အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ရေးထိုး
  • ဘူးသီးတောင်မြို့နယ်ထဲက ဝါးနက်ရုံရွာကို ဒီနေ့ မွန်းလွဲပိုင်းမှာ ဂျက်ဖိုက်တာ ၃ စင်းနဲ့ လေကြောင်းဗုံးကြဲ၊ ထိခိုက်သေဆုံး မသိရသေး
  • ထိုင်းမှာ ခြေလျင်ကြွချီနေတဲ့ သံဃာတန်းကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ခဲ့တဲ့ မနေ့က ယာဥ်တိုက်မှုဖြစ်စဥ်မှာ ပျံလွန်တဲ့ သံဃာ ၁၀ ပါးအထိရှိလာ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇူလိုင်လ ၃ ရက် နောက်ဆုံးရသတင်းတွေ တင်ဆက်လို့ပြီးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. တော်လှန်ရေးတပ်အချင်းချင်း စီးနင်းသတ်ဖြတ်မှုတွေ ဘာလို့ဖြစ်

    ဒီနှစ်ထဲ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကြား စခန်းစီးနင်း၊ ပစ်ခတ်၊ ဖမ်းဆီးချုပ်နှောင်တဲ့ ဖြစ်စဉ် ၁၀ ခုအထိဖြစ်ခဲ့ပြီး ၄ ခုက ဇွန်လထဲမှာတင် ဖြစ်ခဲ့တာပါ။ လူသေဆုံးမှုတွေရှိခဲ့တဲ ဒီစီးနင်းမှုတွေကို မေးခွန်းထုတ်မှုတွေ ရှိလာကြပြီး မူဝါဒလား၊ လုပ်ထုံးလုပ်နည်းအမှားလားဆိုတဲ့ စဉ်းစားချက်တွေပါ ရှိလာပါတယ်။ ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. ကားတိုက်မှုကြောင့် ပျံလွန်တဲ့ ထိုင်းသံဃာ ၁၀ ပါးအထိတိုးလာ

    အသက်မပြည့်သေးသူတစ်ဦးမောင်းနှင်လာတဲ့ ကားက ခြေလျင်ကြွချီနေတဲ့ သံဃာတန်းကို အရှိန်ပြင်းပြင်းနဲ့ ဝင်တိုက်ခဲ့တဲ့ မနေ့က ယာဥ်တိုက်မှုဖြစ်စဥ်မှာ ပျံလွန်တဲ့ သံဃာ ၁၀ ပါးအထိရှိလာတယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

    နောက်ထပ်သံဃာ ၁၀ ပါးလည်း ဆေးရုံတက်ရောက်ကုသခံနေရဆဲဖြစ်ပြီး ၂ ပါးက စိုးရိမ်ရတဲ့ အခြေအနေမှာရှိနေတယ်လို့ ဆိုပါတယ်။

    သံဃာတွေကို တိုက်ခဲ့တဲ့ အထူးစောင့်ရှောက်မှုလိုအပ်တဲ့ အသက် ၁၁ နှစ်အရွယ်ကလေးက အုပ်ထိန်းသူတွေ ခွင့်ပြုချက်မရဘဲ မောင်းနှင်လာတာလို့ ရဲတပ်ဖွဲ့ကဆိုထားတာပါ။

    ဒီကလေးကို စစ်ဆေးမေးမြန်းတာတွေလုပ်ဖို့ ကလေးသူငယ်စောင့်ရှောက်ရေးဆိုင်ရာ အာဏာပိုင်တွေဘက်ကို မိခင်နဲ့အတူ လွှဲပို့ထားတယ်လို့လည်း ရဲတပ်ဖွဲ့ဘက်က ပြောပါတယ်။

    ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ခဲ့ကြတဲ့ Walk For Peace အဖွဲ့က သံဃာတွေကတော့ ထိုင်းသံဃာတော်တွေရဲ့ မတော်တဆမှုအတွက် အထူးစိတ်မကောင်းဖြစ်ရတယ်လို့ ဆိုပါတယ်။

    ထိုင်းဘုရင်ကတော့ ယာဥ်တိုက်မှုအတွင်း ပျံလွန်တဲ့ သံဃာတော်တွေရဲ့ ဈာပနအခမ်းအနားနဲ့ ဆေးကုသမှုခံယူရတဲ့ သံဃာတွေအတွက် တော်ဝင်ထောက်ပံ့ကြေးပေးမယ်လို့ ကြေညာထားပါတယ်။

  4. ဘူးသီးတောင်ကို ဂျက်ဖိုက်တာ ၃ စီးနဲ့ ဗုံးကြဲ

    မြန်မာစစ်တပ်က ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ထဲက ဝါးနက်ရုံရွာကို ဒီနေ့ မွန်းလွဲပိုင်းမှာ လေကြောင်းဗုံးကြဲတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

    ဝါးနက်ရုံရွာနဲ့ ပတ်ဝန်းကျင်တဝိုက်ကို ဂျက်ဖိုက်တာ ၃ စီးနဲ့ လေကြောင်းဗုံးကြဲတာဖြစ်တယ်လို့ သူကဆိုပါတယ်။

    လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးတဲ့အခြေအနေကိုတော့ မသိရသေးပါဘူး။

    စစ်တပ်ဟာ ဇူလိုင် ၁ ရက်စပြီး မောင်တောခရိုင်ထဲက စစ်အခြေစိုက်စခန်းတွေနေရာကို ဦးတည်ပြီး လေကြောင်းကနေ ဖိအားပေးတိုက်ခိုက်လာတာဖြစ်ပါတယ်။

    ဇူလိုင် ၁ ရက်မှာ ဘူးသီးတောင်မြို့နယ်က အမှတ် ၁၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၁၅) အခြေစိုက်ခဲ့တဲ့နေရာကို လေကြောင်းဗုံးကြဲခဲ့ပါတယ်။

    မနေ့ကလည်း ဘင်္ဂလားဒေ့ရှ်နဲ့ နယ်စပ်ဖြစ်တဲ့ မြန်မာဘက်ခြမ်းက မောင်တောမြို့နယ်၊ ကြိမ်ချောင်း စစ်သုံ့ပန်းအကျဥ်းထောင်ကို ညနေပိုင်းမှာ လေကြောင်းဗုံးကြဲခဲ့ပါသေးတယ်။

    ဒီလေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်းထဲက အရာရှိ ၁ ဦးအပါအဝင် ၄ ဦး၊ အကျဥ်းထောင် ဝန်ထမ်း ၁ ဦးသေဆုံးတယ်လို့ ရခိုင်ဒေသတွင်းသတင်းတွေမှာ‌ ဖော်ပြပါတယ်။

    မောင်တောဘက်က လေကြောင်းတိုက်ခိုက်သံတွေကို နတ်မြစ်သာခြားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်က အရပ်သားတွေ ကြားရပြီး စိုးရိမ်မှုတွေမြင့်တက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ်သတင်းတွေ ကဖော်ပြပါတယ်။

  5. စပိန်နဲ့ ပေါ်တူဂီ ဘယ်သူနိုင်မလဲ

    သြစတြီးယားကို ဂိုးပြတ်နိုင်တဲ့ ဥရောပချန်ပီယံ စပိန်နဲ့ ခရိုအေးရှားကို ဖြတ်ကျော်လာတဲ့

    ပေါ်တူဂီ ၁၆ သင်းရှုံးထွက်အဆင့်မှာ ထိပ်တိုက်ဆုံကြပါပြီ။

    ၁၉နှစ်သားလေး လာမင်းယာမယ်နဲ့ ၄၁ နှစ်အရွယ်ခရစ္စတီယာနို ရော်နယ်ဒို တို့နှစ်ဦးထဲက တစ်ဦးကိုပဲ ကမ္ဘ့ာဖလားမှာတွေ့ရတော့မှာပါ။

    ပေါ်တူဂီနဲ့ ခရိုအေးရှားပွဲမှာ ဂျိုစကို ဂဗာဒီယောနဲ့ နောက်ကျချေပဂိုး VAR နဲ့ ပယ်ဖျက်ခံခဲ့ရတာကြောင့် အငြင်းပွားစရာတွေ ကျန်ခဲ့ပါတယ်။

    မှတ်မှတ်ထင်ထင် ပြောစရာတွေများတဲ့ ဒီပွဲမှာ ရော်နယ်ဒိုဂိုးရတာလည်းပါ၀င်ပြီး ပင်နယ်တီကတဆင့်သွင်းယူခဲ့တာပါ။ ကမ္ဘာ့ဖလား ၆ ကြိမ်ဆက်တိုက်ဂိုးသွင်းထားတဲ့ ပေါ်တူဂီအသင်းခေါင်းဆောင်ဟာ လက်ရှိကမ္ဘာ့ဖလားမှာ ၃ ဂိုးရရှိထားပါတယ်။ ဒုတိယပိုင်းမှာ လှပတဲ့ဂိုးတဂိုးသွင်းခဲ့ပေမဲ့ လူကျွံဘောသတ်မှတ်ခံခဲ့ရပါတယ်။

    မိနစ် ၉၀ ကျော်မှာ သွင်းယူတဲ့ ဂွန်ကာလို ရာမို့စ်ရဲ့ အနိုင်ဂိုးကြောင့် ပေါ်တူဂီနောက်တဆင့်တက်သွားပါတယ်။

    ဥရောပချန်ပီယံ စပိန်က ဩစတြီးယားကို ဂိုးပြတ်အနိုင်ယူတဲ့ပွဲမှာ ရီးရဲလ်ဆိုစီဒက် တိုက်စစ်မှူးက ၂ ဂိုး သွင်းယူပေးခဲ့ပါတယ်။

    စပိန်အသင်းမှာ နာမည်အကြီးဆုံး မဟုတ်ပေမယ့် အိုယာဇာဘယ်လ်ကတော့ လက်ရှိအချိန်အထိအတောက်ပဆုံး စွမ်းဆောင်ပြနေပါတယ်။

    အသက် ၂၉ နှစ်အရွယ်တိုက်စစ်မှူးဟာ ပွဲထွက်ကစားခွင့်ရခဲ့တဲ့နောက်ဆုံး ၁၆ ပွဲမှာ ၁၇ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ အထင်ကြီးစရာမှတ်တမ်းကောင်းကိုပိုင်ဆိုင်ထားပြီး ကမ္ဘာ့ဖလားမှာ ၄ ဂိုးအထိ သွင်းယူထားပါတယ်။

    နောက်ထပ်ရှုံးထွက်ပွဲစဥ်တစ်ခုမှာတော့ ဆွစ်ဇာလန်က အယ်ဂျီးရီးယား ကို နှစ်ဂိုး ဂိုးမရှိနဲ့နိုင်ပြီး နောက်တဆင့်တက်သွားပါတယ်။

  6. ဦးမင်းအောင်လှိုင် လာအိုမှာ သုံးရက်နေမယ်

    နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်ဟာ လာအိုသမ္မတ မစ္စတာ ထောင်လွန်း ဆီဆုလစ်ရဲ့ ဖိတ်ကြားချက်နဲ့ ဗီယင်ကျန်းမြို့ကို ဒီနေ့မှာ ချစ်ကြည်ရေးခရီးစဥ်ရောက်ရှိနေပါတယ်။

    ဒီခရီးဟာ နေပြည်တော်သမ္မတရာထူးယူပြီးနောက်ပိုင်း ပထမဆုံးအာဆီယံခရီးစဥ်ဖြစ်လာတာပါ။

    လာအိုသမ္မတနဲ့ ဦးမင်းအောင်လှိုင်တို့ဟာ ဗီယင်ကျန်းမြို့မှာရှိတဲ့ သမ္မတအိမ်တော်ခန်းမမှာ တွေ့ဆုံပါတယ်။

    ခရီးစဥ်ရဲ့အဓိကအစီအစဥ်အဖြစ်တဲ့ နှစ်နိုင်ငံဆက်ဆံရေး ပိုခိုင်မာဖို့နဲ့ မဟာဗျူဟာမြောက် ပူးပေါင်းရေးတိုးမြှင့်ဖို့ ဆွေးနွေးကြတယ်လို့ မြန်မာဘက်က ထုတ်ပြန်ချက်မှာ တွေ့ရပါတယ်။

    ဒီတွေ့ဆုံပွဲမှာ ခရီးသွားလုပ်ငန်းဆိုင်ရာ နားလည်မှု စာချွန်လွှာ (Tourism MoU)နဲ့ Sister City MoU တို့ကို အပြန်အလှန် လဲလှယ်ပြီး မြန်မာ-လာအို နှစ်နိုင်ငံအကြား အာကာသနည်းပညာ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU) ကိုလည်း သဘောတူ လက်မှတ်ရေးထိုးခဲ့တယ်လို့ ‌‌ထုတ်ပြန်ပါတယ်။

    ဦးမင်းအောင်လှိုင်ရဲ့ လာအိုခရီးစဥ်ဟာ ဒီနေ့ကနေ ဇူလိုင် ၅ ရက်အထိ ၃ ရက်တာကြာမြင့်မှာ ဖြစ်တယ်လို့ လာအိုဘက်က သတင်းတွေမှာ ‌ဖော်ပြပါတယ်။

    မြန်မာမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးကတည်းက အာဆီယံ ထိပ်သီးအစည်းအဝေးနဲ့ နောက်ဆက်တွဲအစည်းအဝေးတွေကို မြန်မာက တက်ရောက်ခွင့်မရဘဲ နိုင်ငံရေးမပါတဲ့ ကိုယ်စားလှယ်တွေကိုသာ တက်ရောက်ခွင့် ပြုထားတာပါ။

    ဒီနှစ်မှာ မြန်မာက အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူရမှာဖြစ်ပေမဲ့ လက်ရှိအခြေအနေတွေကြောင့် ဖိလစ်ပိုင်က တာဝန်ယူထားပါတယ်။

    စစ်တပ်ဦးဆောင်တဲ့ ရွေးကောက်ပွဲကနေ နေပြည်တော်အစိုးရတက်လာအပြီးမှာ ဒီလိုကန့်သတ်ပိတ်ပင်ခံထားရတဲ့ အာဆီယံအစည်းအဝေးကို ဦးမင်းအောင်လှိုင်တက်ခွင့်ရဖို့ နေပြည်တော်ဘက်က တိုက်တိုက်တွန်းတွန်းလုပ်လာပါတယ်။

    အာဆီယံအရေးနဲ့ပတ်သက်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး USDP ပါတီက အဆိုတင်သွင်းတာတွေရှိနေတာဖြစ်ပါတယ်။

    လက်ရှိမြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်တွေကြားသဘောထားနှစ်ခြမ်းကွဲနေပြီလို့ နိုင်ငံတကာသတင်းတွေက ထောက်ပြနေပါတယ်။

    စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား နဲ့ တီမောတို့က အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို ဆက်ကိုင်စွဲလိုပြီး ထိုင်း၊ လာအို၊ ဗီယက်နမ်နဲ့ ကမ္ဘောဒီးယားတို့က ပြန်လည်ထိတွေ့ဆက်ဆံဖို့ လိုလားနေတာဆိုလို့ စင်ကာပူအခြေစိုက် The Straits Times သတင်းက ဒီနှစ်မေလမှာ ဖော်ပြပါတယ်။

  7. ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ က မုဒိမ်းမှု ၆ လကြာတဲ့အထိ တရားမျှတမှုမရ

    ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ က အမျိုးသမီးရဲဘော်တစ်ဦး အဓမ္မပြုကျင့်ခံရတဲ့အမှုအတွက် တရားမျှတမှု ကင်းမဲ့နေတယ်လို့ အမျိုးသမီးအဖွဲ့အစည်းတွေ အပါအဝင် အင်အားစု ၁၇၂ စုက စုပေါင်းထုတ်ပြန်ပါတယ်။

    ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းဖြစ်ခဲ့တဲ့ ဒီအမှုအတွက် အချိန် ၆ လကြာတဲ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ တရားမျှတတဲ့ စီရင်ချက်ချမှတ်တာ မရှိသေးဘူး လို့ ထုတ်ပြန်ပါတယ်။

    ဒီနှစ် မတ် ၁၁ ရက်မှာ တပ်ရင်းမှူးအပါအဝင် သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကြေညာခဲ့ပေမဲ့ နောက်ဆက်တွဲအခြေအနေတွေကို ထပ်ထုတ်ပြန်လာတာမရှိပါဘူး။

    NUG ဟာ အစိုးရတရပ်အနေနဲ့ မကိုင်တွယ်နိုင်ဘဲ အားနည်းနေတာဟာ ပြည်သူတွေကို မလေးစားရာကြတာကြောင့် တာဝန်ယူဖို့လိုတယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ အင်အားစုတွေဘက်က ဆိုထားပါတယ်။

    ကျူးလွန်ခံရသူအမျိုးသမီး၊ သူ့အမျိုးသားနဲ့ ကလေးငယ်တို့ကို တပ်ရင်းရဲ့ ဖိအားကနေ ကင်းလွတ်ရာကို အမြန်ဆုံး‌ရွှေ့ပြောင်းဖို့အပါအဝင် အချက် ၃ ချက်ကိုလည်း အင်အားစုတွေဘက်က NUG ကို မတ်လထဲမှာ ကနဦးတောင်းဆိုခဲ့ပါသေးတယ်။

    ရွှေ့ပြောင်းပေးဖို့ တောင်းဆိုချက်ကိုလည်း အမျိုးသမီးအဖွဲ့အစည်း၊ တော်လှန်ရေးအင်အားစုနဲ့ တသီးပုဂ္ဂလကူညီသူတွေကသာ စုပေါင်းဖြေရှင်းခဲ့ရတယ်လို့ဆိုပါတယ်။

    ကနဦးတောင်းဆိုချက်ထဲက ကျန်ရှိတဲ့ အချက် ၂ ချက်အပါအဝင် အချက် ၃ ချက်ကို အင်အားစုတွေက ဇူလိုင် ၂ ရက်မှာ ထပ်မံထုတ်ပြန်တောင်းဆိုထားပါတယ်။

    တပ်ရင်းမှူး ရန်ရှင်းအောင်၊ မုဒိမ်းမှူးကျူးလွန်သူနဲ့ ပါဝင်ပတ်သက်သူအားလုံးကို အမြန်ဆုံး စစ်ဆေးအ‌ရေးယူဖို့၊ တော်လှန်ရေး ၅ နှစ်အတွင်း ကျူးလွန်ခံရတဲ့အမျိုးသမီးနဲ့ကလေးတွေ အတွက် တရားမျှတမှုဖော်ဆောင်ဖို့နဲ့ တော်လှန်ရေးမှာ လူမျိုးရေး၊ ဘာသာရေးအခြေခံခွဲခြားမှုဖြစ်စဥ်တွေကို ထည့်သွင်းဖော်ပြဖို့အချက်တွေဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ဒီဇင်ဘာမှာဖြစ်ခဲ့တဲ့ အမှုမှာ အမျိုးသမီးရဲဘော်ဟာ ၃ ကြိမ်အဓမ္မပြုကျင့်ခံရပြီး ဒီဖြစ်စဥ်တွေအတွင်း ကလေးရဲ့အသက်ကိုခြိမ်းခြောက်ခံရတာ၊ ပေါင်မှာဓားနဲ့ခြစ်ပြီး စာသားရေးခြစ်ခံရတာနဲ့ ရိုက်နှက်ခံရတာကို ရဲဘော်ကိုယ်တိုင်က ဘီဘီစီကို မတ်လထဲမှာပြောထားပါတယ်။

    အမှုအခြေအနေနဲ့ပတ်သက်လို့ ဘီဘီစီက NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းထားရာမှာတော့ “ဒီအမှုကိစ္စကို စုံခုံဖွဲ့ပြီးစစ်နေပါတယ်” လို့ ပြောပါတယ်။

    “တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ ကျုးလွန်သူလို့ သံသယရှိတဲ့လူကို သတင်းစတက်ကတည်းက လက်နက်ဖြုတ်သိမ်းပြီး စစ်အချုပ်ထောင်မှာ ထိန်းသိမ်းထားပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

    နစ်နာသူ လုံခြုံတဲ့နေရာရောက်ရှိဖို့ရွှေ့ပြောင်းစဉ်ကာလအတွင်း အဆက်အသွယ်ပြတ်တောက်မှုရှိခဲ့ပေမဲ့ အခုတော့ အဆက်အသွယ်ပြန်ရပြီး စုံစမ်းမေးမြန်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပြီလို့လည်း သူက ပြောပါတယ်။

  8. ဦးသန်းရွှေ၊ ဦးသိန်းစိန်တို့ရဲ့ အခါတော်ပေး ဒေါက်တာဖေဉာဏ် ပျံလွန်၊ ရဲတပ်ဖွဲ့စုံစမ်းနေ

    စစ်အစိုးရခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ သမ္မတဦးသိန်းစိန်တို့ရဲ့အခါတော်ပေး၊ ဗေဒင်နက္ခတ်ပညာရှင် ဒေါက်တာဖေဥာဏ်ဟာ သူရဟန်းဝတ်နဲ့သီတင်းသုံးနေတဲ့ ရန်ကုန်၊ မှော်ဘီမြို့နယ်က စန္ဒကူးမြိုင် သာသနာ့ရိပ်သာမှာ မနေ့က ပျံလွန်တော်မူတယ်လို့ ရဲသတင်းအရင်းအမြစ်တွေအရ သိရပါတယ်။

    အရှင်ပညာဝံသဘွဲ့နဲ့ ရဟန်းဝတ်ထားတဲ့ ဒေါက်တာဖေဥာဏ်ကို တရားရိပ်သာထဲက သူသီတင်း သုံးတဲ့ကျောင်းဆောင်မှာ ပျံလွန်တော်မူခဲ့တာကို လူသတ်မှုအဖြစ် ရဲက စုံစမ်းနေတာဖြစ်ပါတယ်။

    အရှင်ပညာဝံသသီတင်းသုံးတဲ့ ကျောင်းဆောင်ကို နီးစပ်သူတစ်ဦးက သွားရောက်ချိန်မှာ အပြင်ကနေ ခေါ်တာကို အကြောင်းမပြန်တာကြောင့် သက်ဆိုင်ရာကိုခေါ်ပြီး တံခါးကို ဖြတ်ဝင်ခဲ့ တာလို့လည်း ပြောထားပါတယ်။

    ဒေါက်တာဖေဥာဏ်သေဆုံးမှုကို ရဲတပ်ဖွဲ့က ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

  9. ဘယ်လာရုစ်သမ္မတ နေပြည်တော်ကို နေ့ချင်းပြန်၀င်

    ဘယ်လာရုစ်သမ္မတ မစ္စတာ အလက်ဇန္ဒား လူကာရှန်ကို နေပြည်တော်ကို မနေ့ကညနေပိုင်းမှာ အလုပ်သဘောလာရောက်ခဲ့ပြီး နာရီပိုင်းအတွင်း ပြန်လည်ထွက်ခွာသွားပါတယ်။ လူကာရှန်ကိုဟာ ရုရှား၊ တရုတ်၊ အင်ဒိုနီးရှား ခရီးစဥ်တွေကတစ်ဆင့် နေပြည်တော်ကိုဝင်တာဖြစ်ပါတယ်။

    ဒီခရီးစဥ်မှာ ဘယ်လာရုစ်သမ္မတက ၂၀၂၆-၂၀၂၈ ခုနှစ်ကာလအတွက် နှစ်နိုင်ငံပူးတွဲဆောင်ရွက်မယ့် လုပ်ငန်းစီမံချက် (Joint Action Plan) ကို လက်တွေ့ အကောင်အထည်ဖော်မယ့်အစီအမံတွေကို ဆွေးနွေးတယ်လို့ နေပြည်တော်က ထုတ်ပြန်ပါတယ်။ဒီလုပ်ငန်းစီမံချက်အပြင် စက်မှု၊ စိုက်ပျိုးရေး၊ ဆေးဝါး၊ လူသားချင်းစာနာထောက်ထားမှုကိစ္စရပ်တွေကို ဆွေးနွေးတယ်လို့ နှစ်နိုင်ငံလုံးက ထုတ်ပြန်ကြေညာထားပါတယ်။

    နေပြည်တော်သမ္မတဦးမင်းအောင်လှိုင်ကလည်း နှစ်နိုင်ငံကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်တာတွေကို ဆက်မြှင့်တင်ဆောင်ရွက်လိုတယ်လို့ ဘယ်လာရုစ်သမ္မတနဲ့ တွေ့ဆုံချိန်မှာပြောထားပါတယ်။ မြန်မာဘက်က ထုတ်ပြန်ချက်မှာ မမြင်ရတဲ့ နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုအချက်အလက် တချို့ကိုတော့ ဘယ်လာရုစ်ဘက်က သတင်းမှာ တွေ့ရပါတယ်။

    ဘယ်လာရုစ် MTZ ထွန်စက်နဲ့ MAZ မော်တော်ကားတွေ မြန်မာမှာ တပ်ဆင်ဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြပါတယ်။ ဆေးဝါးထုတ်လုပ်ရေးနယ်ပယ်မှာလည်း အပြန်အလှန် တိုးချဲ့ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဘယ်လာရုစ်သတင်းမှာဆိုပါတယ်။

    ၂၀၂၄ ခုနှစ်မှာ ဘယ်လာရုစ်နဲ့ မြန်မာ ကုန်သွယ်ရေးဟာ အရင်နှစ်ကထက် ၃ ဆ နီးပါး တိုးတက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၆ သန်းအထိရှိခဲ့ရာကနေ ၂၀၂၅ မှာတော့ အမေရိကန်ဒေါ်လာ ၁၅ သန်းကို ကျဆင်းခဲ့ပေမဲ့ ဒီနှစ်မှာတော့ ဘယ်လာရုစ်ကနေ ပို့ကုန်မှာ ပြန်မြင့်တက်လာတယ်လို့ ဆိုပါတယ်။

    တဖက်မှာတော့ မြန်မာစစ်အုပ်စုကို တခြားနိုင်ငံတွေက စစ်လက်နက်ပစ္စည်းများ လွှဲပြောင်း ရောင်းချမှုမှာ ဘယ်လာရုစ်ရဲ့ ပါဝင်ပတ်သက်နေမှုတွေကို လူ့အခွင့်အရေးအဖွဲ့တစ်ခုဖြစ်တဲ့ Justice For Myanmar ကလည်း ဖော်ထုတ်ထားပါတယ်။ စစ်ဘက်ရေးရာကျွမ်းကျင်သူတစ်ဦးကလည်း မြန်မာစစ်တပ်ဟာ ရုရှားထုတ်လက်နက်တွေကို ဘယ်လာရုစ်နေတဆင့်ခံဝယ်ယူလို့ရနေတာက နှစ်နိုင်ငံဆက်ဆံရေးသင့်မြတ်နေခြင်းရဲ့အဓိကအကြောင်းလို့ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာမှာ ဘီဘီစီကို ပြောပါတယ်။

    လူကာရှန်ကိုဟာ ၁၉၉၄ ရွေးကောက်ပွဲအနိုင်ရပြီးကတည်းက ဘယ်လာရုစ်သမ္မတနေရာက မဆင်းတော့တဲ့ အာဏာကို ဆယ်စုနှစ်သုံးခုတိုင် ချုပ်ကိုင်ထားနိုင်သူလည်း ဖြစ်ပါတယ်။

  10. မင်္ဂလာပါ။ ဇူလိုင် ၃ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။