ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ က မုဒိမ်းမှု ၆ လကြာတဲ့အထိ တရားမျှတမှုမရ

ဓာတ်ပုံ ရင်းမြစ်, BWU
ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ က အမျိုးသမီးရဲဘော်တစ်ဦး အဓမ္မပြုကျင့်ခံရတဲ့အမှုအတွက် တရားမျှတမှု ကင်းမဲ့နေတယ်လို့ အမျိုးသမီးအဖွဲ့အစည်းတွေ အပါအဝင် အင်အားစု ၁၇၂ စုက စုပေါင်းထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းဖြစ်ခဲ့တဲ့ ဒီအမှုအတွက် အချိန် ၆ လကြာတဲ့အထိ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကနေ တရားမျှတတဲ့ စီရင်ချက်ချမှတ်တာ မရှိသေးဘူး လို့ ထုတ်ပြန်ပါတယ်။
ဒီနှစ် မတ် ၁၁ ရက်မှာ တပ်ရင်းမှူးအပါအဝင် သံသယရှိသူတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကြေညာခဲ့ပေမဲ့ နောက်ဆက်တွဲအခြေအနေတွေကို ထပ်ထုတ်ပြန်လာတာမရှိပါဘူး။
NUG ဟာ အစိုးရတရပ်အနေနဲ့ မကိုင်တွယ်နိုင်ဘဲ အားနည်းနေတာဟာ ပြည်သူတွေကို မလေးစားရာကြတာကြောင့် တာဝန်ယူဖို့လိုတယ်လို့ မနေ့က ထုတ်ပြန်ချက်မှာ အင်အားစုတွေဘက်က ဆိုထားပါတယ်။
ကျူးလွန်ခံရသူအမျိုးသမီး၊ သူ့အမျိုးသားနဲ့ ကလေးငယ်တို့ကို တပ်ရင်းရဲ့ ဖိအားကနေ ကင်းလွတ်ရာကို အမြန်ဆုံးရွှေ့ပြောင်းဖို့အပါအဝင် အချက် ၃ ချက်ကိုလည်း အင်အားစုတွေဘက်က NUG ကို မတ်လထဲမှာ ကနဦးတောင်းဆိုခဲ့ပါသေးတယ်။
ရွှေ့ပြောင်းပေးဖို့ တောင်းဆိုချက်ကိုလည်း အမျိုးသမီးအဖွဲ့အစည်း၊ တော်လှန်ရေးအင်အားစုနဲ့ တသီးပုဂ္ဂလကူညီသူတွေကသာ စုပေါင်းဖြေရှင်းခဲ့ရတယ်လို့ဆိုပါတယ်။
ကနဦးတောင်းဆိုချက်ထဲက ကျန်ရှိတဲ့ အချက် ၂ ချက်အပါအဝင် အချက် ၃ ချက်ကို အင်အားစုတွေက ဇူလိုင် ၂ ရက်မှာ ထပ်မံထုတ်ပြန်တောင်းဆိုထားပါတယ်။
တပ်ရင်းမှူး ရန်ရှင်းအောင်၊ မုဒိမ်းမှူးကျူးလွန်သူနဲ့ ပါဝင်ပတ်သက်သူအားလုံးကို အမြန်ဆုံး စစ်ဆေးအရေးယူဖို့၊ တော်လှန်ရေး ၅ နှစ်အတွင်း ကျူးလွန်ခံရတဲ့အမျိုးသမီးနဲ့ကလေးတွေ အတွက် တရားမျှတမှုဖော်ဆောင်ဖို့နဲ့ တော်လှန်ရေးမှာ လူမျိုးရေး၊ ဘာသာရေးအခြေခံခွဲခြားမှုဖြစ်စဥ်တွေကို ထည့်သွင်းဖော်ပြဖို့အချက်တွေဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာမှာဖြစ်ခဲ့တဲ့ အမှုမှာ အမျိုးသမီးရဲဘော်ဟာ ၃ ကြိမ်အဓမ္မပြုကျင့်ခံရပြီး ဒီဖြစ်စဥ်တွေအတွင်း ကလေးရဲ့အသက်ကိုခြိမ်းခြောက်ခံရတာ၊ ပေါင်မှာဓားနဲ့ခြစ်ပြီး စာသားရေးခြစ်ခံရတာနဲ့ ရိုက်နှက်ခံရတာကို ရဲဘော်ကိုယ်တိုင်က ဘီဘီစီကို မတ်လထဲမှာပြောထားပါတယ်။
အမှုအခြေအနေနဲ့ပတ်သက်လို့ ဘီဘီစီက NUG ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကို ဆက်သွယ်မေးမြန်းထားရာမှာတော့ “ဒီအမှုကိစ္စကို စုံခုံဖွဲ့ပြီးစစ်နေပါတယ်” လို့ ပြောပါတယ်။
“တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးနဲ့ ကျုးလွန်သူလို့ သံသယရှိတဲ့လူကို သတင်းစတက်ကတည်းက လက်နက်ဖြုတ်သိမ်းပြီး စစ်အချုပ်ထောင်မှာ ထိန်းသိမ်းထားပါတယ်” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။
နစ်နာသူ လုံခြုံတဲ့နေရာရောက်ရှိဖို့ရွှေ့ပြောင်းစဉ်ကာလအတွင်း အဆက်အသွယ်ပြတ်တောက်မှုရှိခဲ့ပေမဲ့ အခုတော့ အဆက်အသွယ်ပြန်ရပြီး စုံစမ်းမေးမြန်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေပြီလို့လည်း သူက ပြောပါတယ်။


