မီးတောင်ပေါက်ကွဲမှုကြောင့် အင်တာနက် ကေဘယ် ပြတ်သွားတာကို တွန်ဂါမှာ ဘယ်လိုပြုပြင်ကြမှာလဲ

မီးတောင်ပေါက်ကွဲပြီးနောက် တွန်ဂါကို ကမ္ဘာနဲ့ ကွန်ရက်လုပ် အဆက်အသွယ်လုပ်ပေးထားတဲ့ ပင်လယ်ရေအောက်က ဖိုင်ဘာ အော့ပတစ် ကေဘယ်ကြိုး ပြတ်တောက်သွားခဲ့ပါတယ်။
တောင်ပစိဖိတ်ဒေသထဲက ၄၉၈၈၉ ကီလိုမီတာ (မိုင် သုံးသောင်းတစ်ထောင် ) အရှည်ရှိတဲ့ အဲ့ဒီ ကေဘယ်ကြိုးကို ပြုပြင်ဖို့ အချိန် တစ်လကျော်ယူရမယ်လို့ နယူးဇီလန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောထားပါတယ်။
ပင်လယ်ရေအောက် မီးတောင်ပေါက်ကွဲမှုရဲ့ နောက်ဆက်တွဲအနေနဲ့ ဆူနာမီ ဖြစ်လာပြီးနောက် တွန်ဂါက လူပေါင်း တစ်သိန်းတစ်သောင်းဟာလည်း အင်တာနက် ပြတ်တောက်ခဲ့ရပါတယ်။
တောင်ပစိဖိတ် တက္ကသိုလ်က ဂြိုဟ်တုစလောင်းကို အသုံးပြုပြီး ပင်မကျွန်းပေါ်မှာ 2G ကြိုးမဲ့ အင်တာနက် လိုင်း ချိတ်ဆက်မှုကို တည်ဆောက်ခဲ့ရပါတယ်။ ဒါပေမဲ့ အင်တာနက်လိုင်းက နှေးလွန်းတာကြောင့် အင်တာနက် ဝန်ဆောင်မှုကလည်း နှေးနေပါတယ်။
ကေဘယ်လိုင်း ပြတ်နေတာကို ဘယ်လိုပြင်ကြမှာလဲ
တွန်ဂါက အင်တာနက်လိုင်းကို လည်ပတ်နေတဲ့ ကမ်းလွန်ပင်လယ်ပြင်က ၃၇ ကီလိုမီတာ (၂၃ မိုင်) အရှည်ရှိတဲ့ ကေဘယ်ကြိုး ပြတ်သွားခဲ့တယ်လို့ ယူဆရပါတယ်။
မီးတောင်ပေါက်ကွဲပြီးနောက် အင်တာနက် ကုမ္ပဏီက ဘယ်နေရာမှာ ပြတ်နေသလဲဆိုတာ လိုက်ရှာခဲ့ကြပြီး ကေဘယ်ကြိုး ပြတ်နေတယ်ဆိုတာ တွေ့ရှိတယ်လို့ ရိုက်တာသတင်းကပြောပါတယ်။
ကေဘယ်ကြိုးပြုပြင်တဲ့ လုပ်ငန်းစဉ်က တကယ်ရိုးရှင်းပါတယ်လို့ ဥရောပ Subsea Cable Associationရဲ့ ဒုဥက္ကဋ္ဌ ဗားဂျင်းမီဒီယာရဲ့ အင်ဂျင်နီယာချုပ် ပီတာဂျမီဆင်က ပြောပါတယ်။
" ကျွန်းကနေ အလင်းပို့လွှတ်ပြီး အဲ့ဒီကို သွားဖို့ ဘယ်လောက်ကြာမလဲဆိုတာ စက်နဲ့တိုင်းတာ ပြီးရင် ဘယ်နေရမှာ ပြတ်နေလဲဆိုတာ သိမှာပါ" လို့ လုပ်ရမယ့်လုပ်ငန်းစဥ်ကို သူက ရှင်းပြပါတယ်။
ပြီးရင် ကေဘယ် ပြတ်တာကို ပြင်မယ့် သင်္ဘောကို ပထမဆုံးပြတ်တဲ့နေရာကို လွှတ်ပြီး ပြင်ခိုင်းရမှာပါ။
ROVလို့ခေါ်တဲ့ (အဝေးကထိန်းချုပ် လည်ပတ်နေတဲ့ ရေအောက်ယာဉ်) ဒါမှမဟုတ် grapnel လို့ ခေါ်တဲ့ သံကြိုးရှေ့မှာ ချိတ်တစ်ခုပါတဲ့ ကိရိယာကို အသုံးပြုပြီး ပျက်စီးနေတာကို ပြန်လည်ဆယ်ယူရမှာဖြစ်ပါတယ်။

ပြတ်နေတဲ့ အဲ့ဒီအပိုင်းကို သင်္ဘောပေါ်ပါလာတဲ့ ကေဘယ်ကြိုးအသစ်နဲ့လဲပြီး ပြန်လည်ချိတ်ဆက်ပေးရမှာဖြစ်ပြီး အဲ့ဒီကျမှ ပြတ်နေတဲ့ အပိုင်းက ပုံမှန်ပြန်အလုပ်လုပ်လာမှာပါ ။ အားလုံးအဆင်ပြေကောင်းမွန်သွားဖို့ လုပ်ငန်းစဉ်တစ်ခုလုံးရဲ့ ကြာချိန်က ငါးရက်ကနေ ခုနစ်ရက်ကြား ဖြစ်ပါတယ်။
တွန်ဂါ ကျွန်းစုကို ကေဘယ်ပြင်မယ့် သင်္ဘောတစ်စင်း ရောက်လာဖို့တော့ စောင့်ရဦးမှာဖြစ်ပြီး အနီးစပ်ဆုံး သင်္ဘောကို ကီလိုမီတာ ၄၇၀၀ (မိုင် ၂၉၀၀ )ခန့်ဝေးတဲ့ ပါပူဝါနယူးဂီနီနိုင်ငံက မိုရက်စ်ဘီ ဆိပ်ကမ်းကနေ သွားခေါ်ရမှာပါ။
ကေဘယ်တွေပြင်ဖို့ အထူးစီစဥ်ထားတဲ့ The Reliance သင်္ဘောက တောင်ပစိဖိတ်ဒေသတွင်း ကီလိုမီတာငါးထောင် (မိုင် သုံးသောင်းတစ်ထောင် ) ကျော်အကွာအဝေးအထိ ဝန်ဆောင်မှုတွေ လုပ်ပေးပါတယ်။
ပြီးတော့ ကေဘယ်ကြိုးပြင်ရမယ့် နေရာမှာ သင်္ဘောနဲ့ သင်္ဘောသားတွေအတွက် အန္တရာယ်ကင်းမကင်း၊ မီးတောင်တွေ ထပ်ပေါက်ကွဲနိုင်ဖို့ရှိ မရှိဆိုတာတွေကိုပါ ကျွမ်းကျင်သူတွေက အဆုံးအဖြတ်ပေးရဦးမှာပါ။
ဒီကေဘယ်ကြိုးတွေက မကြာခဏ ပျက်စီးတတ်လား
ကေဘယ်ကြိုးတွေကို ကမ္ဘာတစ်ဝန်းလုံးမှာ နှစ်စဉ် ပြုပြင်နေရတဲ့ အကြိမ်ရေက နှစ်ရာ နီးပါး ရှိတယ်လို့ ခန့်မှန်းထားပေမယ့် အခုလိုမျိုး သဘာဝဘေးအန္တရာယ်ကြောင့် ပြတ်တာကတော့ သိပ်မရှိပါဘူး။ ကေဘယ်ကြိုးတွေ ပြတ်ရတဲ့ ကိုးဆယ်ရာခိုင်နှုန်းက ငါးဖမ်းလှေက ပိုက်ကွန်တွေကြောင့် သို့မဟုတ် ကျောက်ဆူးတွေကြောင့်ဖြစ်ပါတယ်။ ကေဘယ်ကြိုးတွေအတွက် အန္တရာယ်ဖြစ်နိုင်တဲ့ နေရာကို ဘယ် သင်္ဘောဖြစ်ဖြစ်ဝင်လာမယ်ဆိုရင် ခြေရာခံနည်းပညာကို အော်ပရေတာတွေက အသုံးပြုနေတာကြောင့် သင်္ဘောကလူတွေကို အော်ပရေတာတွေက တိုက်ရိုက်ဆက်သွယ် သတိပေးနိုင်ပါတယ်။
ဒေတာကေဘယ်ကြိုးတွေကို ဖန်မျှင်ကြိုးတွေနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ကေဘယ်ကြိုးရဲ့ အထူပမာဏာကလည်း ဖန်မျှင်ကြိုးတွေအတွက် အကာအကွယ်ဘောင်တစ်ခု သဘောသာ ဖြစ်နေပါတယ်။
ကမ္ဘာ့ တိုက်ကြီးတွေကို ဖြတ်သွယ်ထားတဲ့ ကမ်းလွန်ရေတိမ်ပိုင်းက ကေဘယ်ကြိုးတွေကို ပင်လယ်ကြမ်းပြင်အောက် အနက်တစ်မီတာကနေ နှစ်မီတာကြား မြှုပ်ထားရပါတယ်။
ဒါပေမဲ့ ပင်လယ်ကြမ်းပြင်အောက်ရောက်လွန်းရင်လည်း ကေဘယ်ကြိုးတွေ ပိုပျက်စီး တတ်တာကြောင့် အများစုကို သမုဒ္ဒရာကြမ်းပြင်တွေမှာသာ ချထားတတ်ကြပါတယ်။
ခြွင်းချက်အနေနဲ့ကတော့ တွန်ဂါက ကေဘယ်ကြိုးပျက်စီးမှုက သဘာဝဘေးအန္တရာယ်ကြောင့်ဖြစ်ပါတယ်။
၂၀၀၆ ခုနှစ်တုန်းကလည်း ထိုင်ဝမ်ကမ်းလွန်မှာ ငလျင်တစ်ခုလှုပ်ခတ်ခဲ့လို့ ဒေသတွင်းမှာ အင်တာနက်နဲ့ နိုင်ငံတကာ ဖုန်းဝန်ဆောင်မှုတွေ ပြတ်တောက်တာတွေ ဖြစ်ခဲ့ပါတယ်။
ဒီကေဘယ်ကြိုးတွေက ဘယ်လောက်အရေးကြီးတာလဲ
အင်တာနက်ဆက်သုံးလို့ရမယ့် အခြားကေဘယ်တွေအများကြီးရှိနေတဲ့ အတွက် အနောက်နိုင်ငံတွေမှာဆိုရင် ကေဘယ်ကြိုးတစ်ခု ပျက်စီးသွားတဲ့ကိစ္စက ပြဿနာ သိပ်မဖြစ်ပါဘူး။
ဥပမာအားဖြင့် ယူကေမှာဆိုရင် နိုင်ငံအတွင်းကို ဒေတာတွေပေးပို့နေတဲ့ ကေဘယ် ၅၀ ခန့်ရှိပါတယ်။
တွန်ဂါမှာတော့ တစ်ခုပဲရှိပါတယ်။ "အကောင်းဆုံးကတော့ ကေဘယ်ကြိုး အနည်းဆုံး နှစ်ခု လောက်တော့ ရှိသင့်တယ်" လို့ မစ္စတာ ဂျေမီဆင်ကကပြောပါတယ်။ "ဒါပေမဲ့ ကေဘယ်ကြိုးတွေက စျေးကြီးလွန်းတဲ့အတွက် အဲ့ဒီနေရာ မှာဖေ့စ်ခ်၊ဂူဂယ်နဲ့ ဘယ်သူကမှ ရင်းနှီးမြုပ်နှံဖို့ အစီအစဥ်မရှိကြပါဘူး "
တကမ္ဘာလုံးမှာ ကေဘယ်ကြိုးပေါင်း ၄၃၀ ကျော်ရှိနေပြီး အကွာအဝေးအားဖြင့် ကီလိုမီတာ ၁.၃သန်း (မိုင် ရှစ်သိန်း) လောက်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
၂၀၁၉ ခုနှစ် အစောပိုင်းတုန်းက ပင်လယ်ကူးသင်္ဘောတစ်စင်းရဲ့ ကျောက်ဆူးကြောင့် တွန်ဂါမှာ ကေဘယ်ကြိုးပြတ်တောက်သွားပြီးနောက်ပိုင်း ဂြိုဟ်တုက တစ်ဆင့် အင်တာနက် ချိတ်ဆက်မှုတွေရရှိဖို့အတွက် ၁၅ နှစ်စာချုပ်ချုပ်ဆို လက်မှတ်ရေးထိုးခဲ့ပါတယ်။
ဒါပေမဲ့ မီးတောင်ပြာတွေ ဖုံးလွှမ်းပြီး ဂြိုဟ်တုဖုန်းတွေ အသုံးပြုမှုကို ထိခိုက်စေခဲ့ပါတယ်။ ဂြိုဟ်တုဖုန်း အသုံးပြုသူအချို့က သူတို့ဖုန်းကနေ အပြင်ကိုပဲ ခေါ်လို့ရပြီး အပြင်ကနေ သူတို့ဆီကို အဝင်မရဘူးလို့ သတင်းပို့ထားကြပါတယ်။
ကုန်ကျစရိတ်ကြီးတာကြောင့်လည်း အစိုးရအရာရှိတွေနဲ့ အချို့ လုပ်ငန်းတွေမှာ ဂြိုဟ်တုဖုန်း အသုံးပြုမှုကို ကန့်သတ်ထားရပါတယ်။
မိုဘိုင်းကွန်ရက်ဝန်ဆောင်မှုလုပ်နေတဲ့ Digicel ကုမ္ပဏီက တောင်ပစိဖိတ် တက္ကသိုလ်ရဲ့ ဂြိုဟ်တုစလောင်းကို အသုံးပြုပြီး 2G အင်တာနက်ကို အကန့်အသတ်နဲ့ အသုံးပြုနိုင်တဲ့ ယာယီအင်တာနက် နက်ဝက်တစ်ခုကို တွန်ဂါရဲ့ အဓိကကျွန်းစု တွန်ဂါတာပူကျွန်းမှာ ထူထောင်ထားပါတယ်။








