၂၀၂၆ မိုးကာလ - ရန်ကုန်မှာ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောဘာကြောင့်ဖြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရန်ကုန်မြို့မှာ ရက်ပိုင်းအတွင်း ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားသူ အယောက် ၁၈၀ ကျော်ရှိလာပြီး ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါပိုး ရှိသူတွေလည်း တွေ့ရှိထားပါတယ်။
သြဂုတ် ၉ ရက်မှာ ဝမ်းပျက်ဝမ်းလျှောလူနာတွေကို စတွေ့လာရပြီး တစ်ရက်ကိုလူနာဆယ်နဲ့ချီ ရန်ကုန်ပြည်သူ့ဆေးရုံကြီးဆီ ရောက်လာခဲ့တာပါ။
"၁၁ ရက်နေ့ည ၁၂ နာရီထိုးအချိန်လူနာတင်ကားလွှတ်ပေးဖို့ ကျွန်တော့်ဆီဖုန်းဆက်သွယ်လာတယ်။ လသာ မြို့နယ် ၁၇ လမ်းက အသက် ၇၀ ကျော်အရွယ် ဝမ်းပျက်ဝမ်းလျှော လူနာကို ကျွန်တော်ကိုယ်တိုင် ဆေးရုံကြီးပို့ပေးခဲ့ရတယ်" လို့ အလုံမြို့နယ်ကြက်ခြေနီတာဝန်ရှိသူတစ်ဦးက သူ့အတွေ့အကြုံကို ပြောပြပါတယ်။
မြို့လယ်ခေါင်လို့သိကြတဲ့ လမ်းမတော်၊ လသာ၊ ပန်းပဲတန်း၊ ကျောက်တံတား မြို့နယ်တွေမှာ အဓိကဖြစ်ပွားနေတယ်လို့ လူမှုကူညီရေးနဲ့ကျန်းမာရေးအသိုင်းအဝိုင်းကနေသိရပြီး အစားအသောက်နဲ့ ရေကို စစ်ဆေးမှုတွေလုပ်နေကြောင်းလည်း ရန်ကုန်တိုင်း(ပြည်သူ့ကျန်းမာရေးဦးစီးဌာန) ဘက်ကထုတ်ပြောထားပါတယ်။
တရားဝင်မသိရသေးတဲ့ အဓိကဇစ်မြစ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
သြဂုတ် ၁၂ ရက်ညပိုင်းအထိ တရားဝင်ထုတ်ပြန်ထားတဲ့ကိန်းဂဏန်းတွေအရ ရန်ကုန်ပြည်သူ့ဆေးရုံကြီးကို ဝမ်းပျက်ဝမ်းလျှောပြီး ရောက်လာတဲ့ လူနာအရေအတွက်က ၁၈၂ ဦး ရှိပါတယ်။
- သြဂုတ် ၉ ရက်နဲ့ ၁၀ ရက်မှာ ၂၈ ဦး
- သြဂုတ် ၁၁ ရက်မှာ ၇၀ ဦး
- သြဂုတ် ၁၂ ရက်မှာ ၈၄ ဦး
လူနာတွေထဲ အသက် ၉၂ နှစ်အရွယ် သက်ကြီးတစ်ဦး သေဆုံးခဲ့ပါတယ်။ ဆေးရုံဆင်းလူနာ ၈ ဦးရှိတယ်လို့ သိရပါတယ်။ အဲဒီ ၁၂ ရက်ညပိုင်းစာရင်းအရ ဆေးရုံကြီးမှာ လူနာ ၁၇၃ ဦးတက်ရောက်ကုသနေရဆဲပါ။
ဘီဘီစီရဲ့ ရန်ကုန်ဆေးရုံကြီးသတင်းရင်းမြစ်အပြောအရ ဝမ်းပျက်ဝမ်းလျှောလူနာတွေထဲ ကာလဝမ်းရောဂါပိုးတွေ့ရှိရသူ ၉၃ ဦးရှိတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ရန်ကုန်တိုင်းကျန်းမာရဲ့ ၁၂ ရက်ညစာရင်းမှာတော့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါတွေ့သူက ၅၄ ဦးသာရှိပါတယ်။
"ကူးစက်လွယ်ပြီး ရောဂါပြင်းထန်နိုင်တဲ့ပိုးအမျိုးအစားဖြစ်လို့ အချိန်တိုအတွင်းမှာလူများများဖြစ်ပြီး သတိထားမိစရာဖြစ်တာပါ။ ဥပမာ- ကာလဝမ်းရောဂါဆိုရင် ရောဂါဖြစ်ပြီး ၂၄ နာရီအတွင်းမှာ လက္ခဏာပြပြီးတော့ ပိုးရှိနေတဲ့ အစားအစာနဲ့ ရေကို စားသောက်မိတဲ့သူတိုင်းက ရောဂါလက္ခဏာပြင်းထန်တဲ့အတွက် တပြိုင်နက်တည်းမှာ လူအများကြီး ဆေးရုံရောက်နိုင်တယ်" လို့ အထွေထွေရောဂါကုဆရာဝန်ကြီးတစ်ဦးက ရှင်းပြပါတယ်။
၂၀၂၄ ခုနှစ်၊ ဇွန်လတုန်းကလည်း ရန်ကုန်က မြို့နယ်တချို့မှာ ဝမ်းပျက်ဝမ်းလျှော တွေ ဖြစ်ပွားခဲ့ပါတယ်။ အခုအကြိမ်ကတော့ ရုတ်တရက်လူအများကြီးဝမ်းပျက်ဝမ်းလျှောဖြစ်ကြတာပါ။
"အရေအတွက်ကတော့ ၂၀၂၄ ကိုမမှီသေးပါဘူး။ အခုက ရုတ်တရက်ကြီး အများကြီး ဖြစ်တာမျိုးပါ" လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အရာရှိကြီးတစ်ဦးကလည်း ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဝမ်းပျက်ဝမ်းလျှော အစုလိုက်စတင်ဖြစ်ပွားမှုကို စိစစ်ချက်အရ ဒလီဗာရီကတဆင့်မှာယူစားသောက်တဲ့ အစားအစာတွေကြောင့် အများဆုံးဖြစ်ပွားတာကိုတွေ့ရပြီး လမ်းဘေးဆိုင်တွေမှာ စားသောက်ကြသူ တွေကိုလည်းတွေ့ရတယ်လို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က သြဂုတ် ၁၁ ရက်မှာ ဘီဘီစီကို ဖြေကြားပါတယ်။
- ရန်ကုန်မှာရေကြီးရေလျှံခဲ့ပြီးနောက် ရေပိုက်လိုင်းတွေအတွင်း ညစ်ညမ်းရေဝင်ရောက်မှု
- လမ်းဘေးအစားအသောက်တွေကို စားသောက်မှုနဲ့
- ဒလီဗာရီကတဆင့် မှာယူစားသောက်မှုတွေကနေ ဖြစ်ပွားတာဆိုပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့နဲ့ နီးစပ်သူတွေက ပြောကြပါတယ်။
ဒီလိုပြန့်ပွားမှုအများဆုံးဖြစ်နေတဲ့ လသာမြို့နယ်ရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြသဲဖြူကတော့ "ရေကနေဖြစ်တယ်လို့ ယူဆရတယ်ရှင့်။ အကြောင်းအရင်းကတော့ ရေပိုက်လိုင်း တွေအတွင်းမှာ ညစ်ညမ်းမှုလို့ ယာယီသုံးသပ်ထားပါတယ်" လို့ ပြောပြပါတယ်။
အသွင်ပြောင်းအစိုးရဘက်က သြဂုတ် ၁၃ ရက် ညနေ ၅ နာရီအထိရုတ်တရက်လူအစုလိုက်အပြုံလိုက် ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားရတဲ့ အဓိကအကြောင်းအရင်းကို တရားဝင်ထုတ်ပြောတာမရှိသေးပါဘူး။
"ဘာကြောင့်ဆိုပြီးပြောဖို့ကခက်တယ်။ ဖြစ်နိုင်ခြေအားလုံးကို စုံစမ်းစစ်ဆေးမှုလုပ်ပြီးတော့ အဓိက ဆက်မပြန့်အောင်လုပ်နေတယ်" လို့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ အရာရှိကြီးတစ်ဦးက ရှင်းပြပါတယ်။
ဒါပေမဲ့ အထွေထွေရောဂါကုဆရာဝန်ကြီးကတော့ မကူးစက်အောင်ကာကွယ်ရေးအပြင် လူအများကို ကူးစက်ရစေတဲ့ဇာစ်မြစ်နဲ့နေရာကို မြန်မြန်ဖော်ထုတ်ပြီး ထပ်မပြန့်အောင်လည်း လုပ်သင့်တယ်လို့ ထောက်ပြပါတယ်။
"ဖြန့်ဖြူးတဲ့ရေပိုက်လိုင်းကနေ ရောဂါပြန့်တယ်လို့ ဆရာကတော့မထင်ဘူး။ အစားအသောက်ပြင်ဆင်တဲ့ နေရာမှာ အားနည်းချက်ရှိလို့ပါ။ သာမန်အချိန်မှာတောင် မသန့်တဲ့အစားအသောက်ကနေ ရောဂါပိုးတွေ ကူးစက်နိုင်တယ်" လို့ အထွေထွေရောဂါကုဆရာဝန်ကြီးက ဆက်ပြောပါတယ်။
ရန်ကုန်ရဲ့ လမ်းဘေးစာဓလေ့နဲ့ ဝမ်းပျက်ဝမ်းလျှော

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရန်ကုန်မြို့လယ်ခေါင်ရဲ့ ညနေခင်းတွေဟာ လမ်းမဘေးဝဲယာမှာဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်တန်းတွေ၊ လမ်းဘေးအစားအစာဆိုင်တွေနဲ့စည်ကားလေ့ရှိပါတယ်။ နာမည်ကျော် တရုတ်တန်း၊ ၁၉ လမ်း တို့က လသာ၊ လမ်းမတော်မြို့နယ်တွေမှာ လူစည်ကားရတဲ့ အသက်သွေးကြောတွေဖြစ်ပါတယ်။
သြဂုတ် ၁၃ ရက်ကစပြီး "ဝမ်းပျက်ဝမ်းလျှောအဖြစ်များနေတာကြောင့်" ဒီလှုပ်ရှားသက်ဝင်မှုတွေ ခေတ္တရပ်တန့်တော့မှာပါ။
"မနေ့ (၁၂ ရက်) မနက်ပိုင်းမှာဆိုင်တွေကိုအစည်းအဝေးခေါ်တယ်၊ ပြီးတော့ ကျန်းမာရေးကဆိုင်တွေကို လာစစ်တယ် လက်အိတ်၊ ခေါင်းစွပ်တွေသုံးဖို့ပါ။ ညကတော့ဆိုင်တွေဖွင့်သေးတယ်၊ ဒီမနက်မှာ ၁၉ လမ်းက ဆိုင်တွေပိတ်ဖို့ ထွေအုပ်ကအကြောင်းကြားတာပါ" လို့ ၁၉ လမ်းထဲမှာဖွင့်လှစ်ထားတဲ့ ဆိုင်တစ်ဆိုင်ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဘယ်နေ့၊ ဘယ်ရက်အထိ ဆိုင်တွေပိတ်ရမလဲဆိုတာတော့ တိတိကျကျမသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။
၁၉ လမ်းကဆိုင်တွေမှာစားသောက်ပြီး ဝမ်းပျက်ဝမ်းလျှောဖြစ်သူတွေ ဒါမှမဟုတ် ဆိုင်ဝန်ထမ်းတွေမှာ လူနာရှိလားလို့ ဘီဘီစီက အဲဒီဆိုင်တာဝန်ရှိသူကို မေးကြည့်ခဲ့တာမှာတော့ "ကျွန်တော့်ဆိုင်ရော အနီးဝန်းကျင်မှာပါ ဝန်ထမ်းတွေထဲဖြစ်တာမရှိဘူး" လို့ တုံ့ပြန်ဖြေပါတယ်။
ဒါပေမဲ့ ရန်ကုန်မြို့လယ်ခေါင်မှာ စားသောက်ဆိုင်တံခါးတွေပိတ်၊ လမ်းဘေးဆိုင်တွေမရှိတော့မယ့် ခြောက်ကပ်နေမှုက ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါရဲ့ အန္တရာယ်အတွက် အသိပေးခေါင်းလောင်းထိုး နေသလိုပါပဲ။

ဓာတ်ပုံ ရင်းမြစ်, YCDC
အခုလူနာအတွေ့များနေတဲ့ လသာမြို့နယ်အတွင်းကို ၁၉ လမ်းနဲ့ အနော်ရထာလမ်းထောင့် ထပ်ဆင့် ရေတွန်းစက်ရုံ၊ လမ်းမတော်မြို့နယ်အတွင်းကို ကမ်းနားလမ်းနဲ့ ရွှေတောင်တန်းလမ်းထောင့် ထပ်ဆင့် ရေတွန်းစက်ရုံတို့ကနေ ရေပေးဝေပါတယ်။
လမ်းမတော်မြို့နယ်ထဲကိုဆိုရင် သခင်မြပန်းခြံ မြေအောက်ရေလှောင်ကန်နဲ့ ရေတွန်းစက်ရုံတို့ကနေ ရေဝေနေပြီး အဲဒီနေရာတွေကိုစစ်ဆေးထားကြောင်း YCDC ရဲ့ သြဂုတ် ၁၂ ရက် ထုတ်ပြန်ချက်အရ သိရပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ သတ်မှတ်ချက်အရ ရေထဲမှာရှိတဲ့ ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်နဲ့ ပိုးမွှားတွေကို သတ်နိုင်ဖို့အတွက် ကလိုရင်းထည့်တဲ့ပမာဏ (Chlorine Dosing ပါဝင်မှု) အများဆုံး ၅ mg/L ရှိရပါမယ်။ အဲဒီလိုဆေးခပ်ပြီးရင် သောက်သုံးရေထဲမှာ ကလိုရင်းပမာဏ (Residual Chlorine ပါဝင်မှု) အနည်းဆုံး ၀.၂ mg/L ကျန်ရှိရပါမယ်။
YCDC က သြဂုတ် ၁၂ ရက် ညနေ ၄ နာရီခွဲအချိန် တိုင်းတာချက်အရ ပြည်သူတွေအဓိကရေသုံးစွဲတဲ့နေရာ အမှတ် ၂၄ ၊ ရွှေတောင်တန်းလမ်း အောက်၊ လမ်းမတော်မြို့နယ်နဲ့ အမှတ် ၁၄၆၊ ၁၉ လမ်း အထက် ၊ လသာ မြို့နယ်တွေက သုံးစွဲရေတွေမှာပါဝင်နေတဲ့ Residual Chlorine ပမာဏက ၃.၉၆ mg/ L နဲ့ ၀.၃၁ mg/L တွေ့ရတယ်လို့ ထုတ်ပြန်ပါတယ်။
"Residual Chlorine ပါဝင်မှု ပမာဏ ၁ mg/L ထက်ကျော်လွန်နေတဲ့ ရေကို သောက်သုံးမိရင် ကျန်းမာရေး ထိခိုက်နိုင်ကြောင်း၊ Chlorine အနံ့ပြင်းထန်နေရင် လေသလပ်ခံပြီး Chlorine အနံ့ပျော့ ဒါမှမဟုတ် ပျောက်သွားချိန်မှာ သုံးစွဲနိုင်ပါကြောင်း" ပါ YCDC က ဖော်ပြပါတယ်။
ဒါကြောင့် လသာနဲ့ လမ်းမတော်က သောက်သုံးရေတွေမှာ အန္တရာယ်ရှိနေတာလားလို့ YCDC အင်ဂျင်နီယာဌာန (ရေနဲ့သန့်ရှင်းမှု) ရဲ့ လသာမြို့နယ်ရေပေးဝေရေးတာဝန်ခံကို ဘီဘီစီက ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
"ရေတွေက အန္တရာယ်ရှိတာမျိုးတော့မဟုတ်ဘူး။ ကျွန်မတို့ ကျန်းမာရေးနဲ့လက်တွဲပြီး ကလိုရင်းခပ်တာတွေ လိုက်လုပ်နေပါတယ်" လို့ သူကခပ်တိုတိုတုံ့ပြန်ပါတယ်။
ဒီရေတွေဟာ သောက်သုံးဖို့စိုးရိမ်ရတဲ့အခြေအနေဖြစ်နေလား၊ YCDC တွေ့ရှိချက်နဲ့ပတ်သက်လို့ အသေးစိတ်ထပ်မံသိရှိနိုင်ဖို့အတွက် မြို့နယ်ရေပေးဝေရေးတာဝန်ခံကတဆင့် ဘီဘီစီက မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ဘီဘီစီစကားပြောခွင့်ရတဲ့ ၁၉ လမ်းက စားသောက်ဆိုင်ပိုင်ရှင်ကတော့ ဒီရက်ပိုင်းအတွင်း သောက်သုံးရေတွေမှာ အနံ့ဆိုးထွက်တာ၊ ရေညစ်ညမ်းတာနဲ့ပတ်သက်လို့ သတိမထားမိဘူးလို့ ဖြေပါတယ်။
တခြားမြို့နယ်တွေပါ ကာကွယ်ရေးစသင့်ပြီလား

ဓာတ်ပုံ ရင်းမြစ်, အလုံကြက်ခြေနီ
ရန်ကုန်ကမြို့နယ်တွေမှာသန့်ရှင်းရေးလုပ်တဲ့ စည်ပင်ဝန်ထမ်းတွေနေထိုင်တဲ့ အလုပ်သမားဝန်းရှိရာ အလုံမြို့နယ်မှာတော့ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမှုကြိုတင်ကာကွယ်ရေးတွေလုပ်နေပြီလို့ ကြက်ခြေနီအဖွဲ့ ကနေ သိရပါတယ်။
"လသာ၊ ပန်းပဲတန်း၊ လမ်းမတော်၊ အလုံ၊ ကြည့်မြင်တိုင်၊ စမ်းချောင်းတို့မှာ သန့်ရှင်းရေးလုပ်တဲ့ စည်ပင်ဝန်ထမ်းတွေနေတဲ့ ဝန်းကြီးပါ။ စည်ပင်သန့်ရှင်းရေးဝန်ထမ်း ၇၀၀ လောက်ရှိတော့ သူတို့ဖြစ်မှာစိုးလို့ သောက်သုံးရေတွေမှာ ကလိုရင်းတွေသတ်မှတ်စံချိန်အတိုင်းဖြစ်အောင်လုပ်ပေးခဲ့တယ်" လို့ အလုံမြို့နယ် ကြက်ခြေနီအဖွဲ့တာဝန်ခံက ပြောပါတယ်။
အလုံမြို့နယ်မှာတော့ စောရန်ပိုင်တောင်ရပ်ကွက်၊ ငုဝါလမ်းမှာ အမျိုးသမီးတစ်ဦး၊ ဆင်မင်းရပ်ကွက်က သိပ္ပံလမ်း၊ ဆင်ရေကန်လမ်းနဲ့ CNG ကားဂတ်စ်ဆိုင်တို့က အမျိုးသားသုံးဦး ဝမ်းပျက်ဝမ်းလျှောဖြစ်လို့ ဆေးရုံပို့ဆောင်ထားရပါတယ်။
သြဂုတ် ၁၃ ရက် ညနေပိုင်းမှာတော့ ရန်ကုန်ကမြို့နယ်တွေမှာ သောက်သုံးရေ၊ အစားအသောက်သန့်ရှင်းရေ အတွက် အာဏာပိုင်တွေဘက်က လိုက်လံသတိပေးတာတွေလုပ်နေကြောင်း ဆိုရှယ်မီဒီယာပေါ်မှာ ဖော်ပြလာနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, WHO/ Myanmar
ဝမ်းပျက်ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ဖို့၊ ထိခိုက်မှုအန္တရာယ်ကို လျှော့ချနိုင်ဖို့နဲ့ အသက်ကယ်တင်နိုင်ဖို့အတွက် သတိထားရမယ့်အချက်တွေကိုလည်း မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေလည်း ထုတ်ပြန်လာပါတယ်။
• ဝမ်းပျက်ဝမ်းလျှောရောဂါဆိုတာဘာလဲ၊ ဘယ်လိုကူးစက်လဲ
• မိမိဒေသမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ပျံ့နှံ့နေရင် ကိုယ်တိုင်နဲ့ ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ဘယ်လိုကာကွယ်မလဲ
• မိမိဒေသမှာ ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနေပြီး မိမိမှာလည်း ရောဂါလက္ခဏာတွေ ခံစားနေရရင် ဘယ်လိုလုပ်ဆောင်မလဲ
• သောက်သုံးရေ ဘေးကင်း စိတ်ချမှုရှိစေဖို့ ဘယ်လိုပြုလုပ်မလဲ
• ဝမ်းပျက်ဝမ်းလျှောရောဂါနဲ့ပတ်သက်ပြီး ရောဂါအဖြစ်များချိန်မှာ ထိခိုက်မှုအန္တရာယ်ကို ဘယ်လိုလျှော့ချမလဲဆိုတဲ့ အချက်တွေကို ပြည်သူတွေသိထားသင့်ပြီး ဆောင်းပါးမှာ ပူးတွဲဖော်ပြထားတဲ့ WHO ရဲ့ အသိပေးချက်တွေကိုလည်း လေ့လာထားနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, WHO/ Myanmar

ဓာတ်ပုံ ရင်းမြစ်, WHO / Myanamr

ဓာတ်ပုံ ရင်းမြစ်, WHO/ Myanmar
မြန်မာနိုင်ငံရဲ့ အခြေအနေကိုကြည့်ရင် ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေးအပါအဝင် ပြည်နယ်နဲ့ တိုင်းတို့က မြို့နယ်တချို့မှာ ပြည်သူသိန်းနဲ့ချီရေဘေးသင့်နေပါတယ်။ ကျန်းမာရေးဝန်ကြီးဌာန အသီးသီးက သတိပေးချက်အရလည်း ရေကြီးရေလျှံဖြစ်ပြီးရင် ဝမ်းပျက်ဝမ်းလျှောဖြစ်နိုင်ခြေက အမြင့်ဆုံးဖြစ်ပါတယ်။
"ထမင်းဟင်းချက်တာပဲဖြစ်ဖြစ်၊ သောက်သုံးတာပဲဖြစ်ဖြစ် ရေကိုကြိုချက်ပြီးမှ သုံးစွဲပါ။ ရေကို ကြိုချက်ဖို့က အရေးကြီးဆုံးပဲ" လို့ အထွေထွေရောဂါကုဆရာဝန်ကြီးကလည်း ပြောပါတယ်။
အခုလိုရေဘေးသင့်နေချိန် လာမယ့် သြဂုတ် ၁၅ ရက်နေ့အထိ နိုင်ငံတဝန်း နေရာအနှံ့အပြား မိုးထစ်ချုန်း ရွာနိုင်ပြီး ရန်ကုန်၊ ပဲခူး၊ ဧရာဝတီ၊ တနင်္သာရီ၊ ကချင်၊ ကရင်၊ မွန်နဲ့ ရခိုင်တို့မှာ နေရာကွက်ပြီး မိုးကြီးနိုင်ကြောင်းလည်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။
ဒါကြောင့် ရေဘေးအလွန် ပြန်လည်ထူထောင်ရေးအပါအဝင် နောက်ဆက်တွဲ ဝမ်းပျက်ဝမ်းလျှောလို ကူးစက်ရောဂါတွေကိုပါ ပြည်သူတွေသတိထားကြဖို့ ကျန်းမာရေးအဖွဲ့အစည်းအသီးသီးက သတိပေးချက် ထုတ်ပြန်နေကြပါတယ်။
















