ဟော်မုဇ်ရေလက်ကြားမှာ ဒုံးကျည်ထိသင်္ဘောနဲ့အတူနစ်မြုပ်သေဆုံးခဲ့သူနဲ့ ရှင်သန်သူ သင်္ဘောသားတွေ

ဓာတ်ပုံ ရင်းမြစ်, Wajid Khan
- ရေးသားသူ, မိုဟာမက် ဇူဘီယာ ခန်း
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
- ရေးသားသူ, ဂရေ့ ဆွိုင်
- ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား
- ဖတ်ရန်အချိန်: မိနစ် ၉
အမေရိကန်နဲ့ အစ္စရေးက အီရန်ကို ပထမဆုံးအကြိမ် စတင် ဗုံးကြဲတုန်းက ဟက်ဆန်ရဲ့ သင်္ဘောဟာ အီရန်တောင်ပိုင်းဆိပ်ကမ်းတစ်ခုမှာ ဘိလပ်မြေ တင်ဆောင်ပြီးစပဲ ရှိပါသေးတယ်။
နောက်ဆက်တွဲ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် မရပ်မနား ပေါက်ကွဲသံတွေ ထွက်ပေါ်လာပြီး ဆိပ်ကမ်းပေါ်ကို မီးလျှံတွေနဲ့ အပျက်အစီးတွေ မိုးရွာသလို ကျလာပါတယ်။
ပထမဆုံးအကြိမ် သင်္ဘောလိုက်ဖူးတဲ့ သူ့အတွက်တော့ ဒီအခြေအနေဟာ "ရုပ်ရှင်ဇာတ်ကားတစ်ကား လိုပါပဲ" လို့ ဟက်ဆန်က ဆိုပါတယ်။ သူက ပါကစ္စတန်နိုင်ငံသားပါ။ "ဗုံးကြဲမှုတွေ အားလုံးဟာ ကျွန်တော််တို့ အနားမှာပဲ လာကျနေတယ်"လို့ သူက ပြောပါတယ်။
ရက်အတော်ကြာလာတဲ့အခါမှာ သင်္ဘောသားတွေဟာ ဆိပ်ကမ်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ ဒုံးကျည် ထိမှန်ပြီး သူတို့ရဲ့သင်္ဘောဟာ မကြာခင် နစ်မြုပ်သွားတယ်။ သူတို့ဟာ ပင်လယ်ထဲမျောပါသွားပြီး ကယ်ဆယ်ရေး အသက်ကယ်အင်္ကျီနဲ့ ရေပေါ်မျောနေတဲ့ ပိုက်တွေကလွဲလို့ ကိုင်စရာဘာမှမရှိဘူးလို့ သူက ပြောပါတယ်။
"လှိုင်းအရမ်းကြမ်းပြီး ရေက အရမ်းအေးတယ်" လို့ အသက် ၂၂ နှစ်အရွယ် ဟက်ဆန် ဆိုပါတယ်။ အစပိုင်းမှာ ကယ်ဆယ်ရေးလာမယ်လို့ သူတို့မျှော်လင့်ခဲ့ပေမဲ့ တစ်မိနစ်ထက်တစ်မိနစ် စိတ်ပိုင်းဆိုင်ရာအခြေအနေ ပိုဆိုးလာပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ဖို့တောင် မရဲကြဘူးလို့ ဆိုပါတယ်။
"ကျွန်တော်တို့ ပင်လယ်ထဲ ရေနစ်သေသွားတယ်ဆိုရင်တောင် ဘယ်သူမှ သိလိုက်မှာမဟုတ်ဘူး" လို့ သူက ဆက်ပြောပါတယ်။ "အချိန်ဟာ ရပ်တန့်သွားသလိုခံစားရပြီး ဘယ်အချိန်မဆို သေနိုင်တယ်"လို့ သူက ဆိုပါတယ်။
ပင်လယ်ထဲမှာ နာရီ ၂၄ နာရီနီးပါးကြာပြီးနောက် ဟက်ဆန်နဲ့ သူ့ရဲ့သင်္ဘောက အဖွဲ့သား ၅ ဦး (ပါကစ္စတန် ၁ ဦးနဲ့ အီရန် ၄ ဦးအပါအဝင်)ကို ဘေးနားကနေ ဖြတ်သွားတဲ့ အီရန်သင်္ဘောတစ်စင်းက ကယ်ဆယ်ခဲ့ပါတယ်။ "ကျွန်တော်တို့ အသက်ရှင်မယ်လို့ မျှော်လင့်ချက် မရှိခဲ့ဘူး" လို့ ဟက်ဆန်က ပြောပါတယ်။ "ဒါပေမဲ့ သင်္ဘောက ကျွန်တော်တို့ကို ကယ်ဆယ်ပြီး စားစရာနဲ့ ရေ ပေးတဲ့အခါ ကံကြီးပေလို့သာပဲလို့ တွေးမှတ်မိတယ်" လို့ သူက ဆိုပါတယ်။
အမေရိကန်-အစ္စရေး တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က ကမ္ဘာ့ကုန်သွယ်ရေးအချက်အချာကျတဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့လိုက်တာကြောင့် ပါရှန်ပင်လယ်ကွေ့ထဲမှာ ပိတ်မိနေတဲ့သင်္ဘော အစင်း ၃,၀၀၀ ပေါ်က သင်္ဘောသားအယောက် ၄၀,၀၀၀ ထဲမှာ ဟက်ဆန် တစ်ယောက် အပါအဝင် ဖြစ်ပါတယ်။
ဒီခန့်မှန်းချက်ကို ဘင်္ဂလားဒေ့ရှ်ကုန်သည်ရေကြောင်းအရာရှိများအသင်းဥက္ကဋ္ဌ ကပ္ပတိန် အနမ် ချောင်ဒရီဆီက ရရှိတာ ဖြစ်ပါတယ်။ ပိတ်မိနေတဲ့သင်္ဘောအရေအတွက် တဖြည်းဖြည်း ရုပ်လုံးပေါ်လာတာကြောင့် အရေအတွက်လည်း သိသိသာသာ တိုးလာတယ်လို့ သူကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP / Royal Thai Navy
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဟက်ဆန်ဟာ အိမ်ကို ကံကောင်းထောက်မလို့ အိမ်ပြန်လာနိုင်တဲ့လူအနည်းငယ်ထဲက တစ်ဦးဖြစ်ပါတယ်။
အီရန်ကို ပြန်ရောက်တဲ့အခါ သင်္ဘောပိုင်ရှင်က ဟက်ဆန်နဲ့ သူ့ရဲ့ပါကစ္စတန်လုပ်ဖော်ကိုင်ဖက်ကို နိုင်ငံကူးလက်မှတ်တွေ ပြန်ပေးပြီး ခရီးစရိတ်အတွက် ပိုက်ဆံနည်းနည်းလည်း ထည့်ပေးလိုက်တယ်။ ဒါပေမဲ့ ငါးလစာ လုပ်ခလစာ (ပါကစ္စတန် ရူပီး ၂၅၀,၀၀၀ ခန့် - အမေရိကန်ဒေါ်လာ ၈၉၅) ကိုတော့ မပေးခဲ့ဘူး။
အီရန်ဟာ မပျံသန်းရဇုန် (no-fly zone) ဖြစ်သွားတဲ့အတွက် ဟက်ဆန်ဟာ ပါကစ္စတန်နယ်စပ်ဆီကို သာမန်ထက် အချိန်နှစ်ဆကြာတဲ့ ၂၄ နာရီ လောက်သွားရတဲ့ "ဘေးလွတ်ရာ ထွက်ပြေးရမယ့် " ကုန်းလမ်းခရီးစဉ် ကျော်ဖြတ်ခဲ့ပြီးနောက် နိုင်ငံကနေ ထွက်ပြေးခဲ့ရတယ်။ သူထွက်လာချိန်မှာ အီရန်မြို့တော် တီဟီရန်ကနေ လူတွေ ထွက်ခွာနေကြလို့ ယာဉ်ကြောအရမ်းကို ရှုပ်ထွေးနေပြီး နောက်ထပ် ဒုံးကျည်တွေများ ထပ်လာလေများဆိုတဲ့ စိတ်အစဉ် စိုးမိုးမှုက လူတိုင်းအပေါ် လွှမ်းမိုးထားပါတယ်။
"အငှားယာဉ်မောင်းတောင်မှ အရမ်းကြောက်နေတယ်။ သူလည်း ပိုက်ဆံရှာရမှာမို့လို့သာ မဟုတ်ရင် သူလည်း အိမ်ကနေ ထွက်မှာမဟုတ်ဘူးလို့ ပြောတဲ့အကြောင်း" ဟက်ဆန်က ပြောပါတယ်။
ရဲစစ်ဆေးရေးဂိတ်တွေ နေရာတိုင်းမှာရှိနေပြီး အရာရှိတွေက သေချာစစ်ဆေးပြီးမှသာ ခရီးသည်တွေကို ဖြတ်သန်းခွင့်ပြုတယ်လို့ သူက ပြောပါတယ်။ လမ်းတစ်လျှောက်မှာ စားစရာနဲ့ ရေ အရမ်းရှားပါးပြီး သူတို့နှစ်ယောက်မှာ ခရီးစဉ်တစ်လျှောက်လုံး အာလူးကြော် သုံးထုပ်နဲ့ ရေသန့်ဘူး နှစ်ဘူးပဲ ရှိခဲ့တယ်လို့ ဆိုပါတယ်။
မိသားစု ကြေကွဲမှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
လူတိုင်း အီရန်ကနေ အသက်ရှင်လျက် မထွက်နိုင်ခဲ့ကြဘူး။ နောက်ထပ် ပါကစ္စတန်သင်္ဘောသား ယာဆီ ခန်းကတော့ မတ်လ ၂၄ ရက်နေ့က အဲဒီဆိပ်ကမ်းကိုပဲ ဒုံးကျည်နဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့ပါတယ်။ ချောင်ဒရီရဲ့အပြောအရ စစ်ပွဲစတင်ကတည်းက ကုန်သင်္ဘောတွေပေါ် ဗုံးကြဲတိုက်ခိုက်မှုတွေမှာ သင်္ဘောသား တစ်ဒါဇင်ကျော် သေဆုံးခဲ့ရပြီးပြီလို့ သူက ပြောပါတယ်။
လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း ကရာချိမြို့၊ မာနိုရာကျွန်းမှာရှိတဲ့ ယာဆီရဲ့အိမ်ကို လူရာနဲ့ချီ ရောက်လာကြပြီး ဝမ်းနည်းကြောင်း ပြသကာ ဖေးမကူညီဖို့ အစားအသောက်တွေ ယူလာကြပါတယ်။ ပါကစ္စတန်မှာ ဝမ်းနည်းပူဆွေးနေတဲ့မိသားစုတွေက ထုံးတမ်းအရ ထမင်းမချက်ဘဲ နေလေ့ရှိကြပါတယ်။
ယာဆီကို မိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေက စိတ်ထား ပြည့်ဝ တက်ကြွပြီး ရယ်ရွှင် ဖော်ရွေသူတစ်ယောက်အဖြစ် သတ်မှတ်ထားကြပါတယ်။ "အဖေကတော့ စိတ်ရှည်သည်းခံမှုနဲ့ သတ္တိရဲစွမ်းပြနေပေမဲ့ အမေနဲ့ အစ်မရယ်တို့ကတော့ ဖြေမဆည်နိုင်ဖြစ်နေကြတယ်"လို့ ယာဆီရဲ့အစ်ကို ဝါဂျစ်က ပြောပါတယ်။ "သူတို့က 'ယာဆီရဲ့အလောင်း ဘယ်တော့ရောက်မလဲ၊ ဘာလို့ ဒီလောက်ရက်တွေကြာရတာလဲ'' လို့ ထပ်ခါထပ်ခါ မေးနေကြတယ်။ မစားမသောက်နိုင်ဖြစ်နေတဲ့အမေ့ကို တစ်နည်းနည်းနဲ့ တစ်ခုခု အစာဝင်သွားအောင် ကျွန်တော်ကြိုးပမ်းရတယ်။ ဒါပေမဲ့ ယာဆီရဲ့ဇနီးကတော့ ဘာမှ မစားနိုင်ဘူးဖြစ်နေတယ်"လို့ သူက ပြောပါတယ်။
သင်္ဘောသားအသစ်တစ်ယောက်အနေနဲ့ အသက် ၂၄ နှစ်အရွယ် ယာဆီဟာ ဆွဲသင်္ဘောတစ်စင်းမှာ အလုပ်ရပြီး ပြီးခဲ့တဲ့စက်တင်ဘာလမှ အီရန်ကို ပထမဆုံးအကြိမ် ခရီးထွက်ခဲ့တာပါ။ "သူ့မှာ အိပ်မက်ကြီးကြီးတွေ ရှိတယ်"လို့ ဝါဂျစ်က ပြောပါတယ်။ "သူအောင်မြင်ချင်တယ်၊ သူ့ဇနီးနဲ့ ကလေးကို ထောက်ပံ့ပေးချင်တယ်၊ သူတို့ကို ပိုကောင်းတဲ့ဘဝ ပေးချင်တယ်။ ဒါကြောင့်မို့လို့ သူသွားခဲ့တာ။"
မတ်လ ၂၁ ရက်နေ့ (အစ္စလာမ္မစ် ရမ်ဇာန်လအဆုံးသတ် အိဒ်ပွဲတော်ရဲ့ပထမနေ့) မှာ ယာဆီဟာ ပုံမှန်အတိုင်း သူ့မိသားစုကို ဖုန်းဆက်ပေမယ့် စစ်ပွဲအကြောင်း မပြောခဲ့ဘူး။ ဒါပေမယ့် သူက ဝါဂျစ်ကို သီးသန့်စကားပြောဖို့ နောက်ပိုင်းမှာ တောင်းဆိုခဲ့တယ်။ "သူက ကျွန်တော့်ကို ဒီကနေ သူ့ကို လွတ်မြောက်အောင် နည်းလမ်းရှာပေးဖို့ ပြောတယ်"လို့ ဝါဂျစ်က ပြောပါတယ်။
နောက်ရက်တွေမှာ ယာဆီဆီကနေ လုံးဝအဆက်အသွယ်မရတော့တဲ့အတွက် မူမမှန်တော့ဘူးဆိုတာ ဝါဂျစ် သိသွားတယ်။ "ကျွန်တော်တို့ နေရာတိုင်းကနေ သတင်းရဖို့ ကြိုးစားနေခဲ့တယ်"လို့ သူက ပြောပါတယ်။ "အစပိုင်းမှာ သူ အသက်ရှင်ကျန်နေခဲ့မှာလို့ ကျွန်တော်မျှော်လင့်ခဲ့ကြတယ်။ သူ ကမ်းစပ်ကို သွားတာ များလား၊ ဒါမှမဟုတ် တစ်ခြားသင်္ဘောတစ်စင်းပေါ် ရောက်သွားတာများလား၊ ဒါမှမဟုတ် တစ်နေရာရာမှာ ဒဏ်ရာရနေတာ များလားပေါ့။"
ယာဆီအိပ်ပျော်နေတုန်း သင်္ဘောကို ဒုံးကျည်တစ်စင်း ထိမှန်တာကြောင့် ယာဆီသေဆုံးသွားတယ်ဆိုတာ နောက်ဆုံးမှာ သူ သိလိုက်ရတယ်။ ဒုံးကျည်ထိမှန်ပြီး မိနစ်ပိုင်းအတွင်းမှာ နစ်မြုပ်တဲ့သင်္ဘောဟာ လိုက်ပါလာတဲ့သင်္ဘောသားတွေကိုလည်း ရေထဲကို ဆွဲချသွားပါတယ်။ ပါကစ္စတန်နိုင်ငံသား သင်္ဘောသားတစ်ဦးတည်းသာ အသက်ရှင်ကျန်ခဲ့ပါတယ်။
မွေးဖွားခြင်းနဲ့ သေဆုံးမှု

ဓာတ်ပုံ ရင်းမြစ်, Wajid Khan
ဟက်ဆန်အတွက်ကတော့ သူ့သင်္ဘောနစ်မြုပ်သွားတာဟာ အခုနောက်ပိုင်းမှာ ကံကောင်းခြင်းတစ်ခုလို ဖြစ်ပါတယ်။ ဒါမဟုတ်ရင် သူ အီရန်မှာ ပိတ်မိနေမှာလို့ သူက ပြောပါတယ်။ နယ်စပ်ကနေ သူ့အိမ်ကို ရောက်ဖို့ ငါးရက်ထပ်ကြာပါတယ်။ အိမ်အရောက် သူ့အမေ၊ အစ်မတွေနဲ့ အဒေါ်တို့က တံခါးဝမှာ စောင့်ကြိုနေတာတွေ့ရတော့ ပျော်လွန်းလို့ သူ မျက်ရည်တွေ ဝဲနေပါတယ်။
"အမေ့ကို ဘယ်လောက်ကြာကြာ ဖက်ထားခဲ့မှန်း မသိဘူး" လို့ သူက ပြောပါတယ်။ "ငါ့ကို ဘာကမှ အန္တရာယ်ကျအောင် လုပ်နိုင်မှာ မဟုတ်တော့ဘူးလို့လည်း ခံစားလိုက်ရတယ်'' လို့ သူက ပြောပါတယ်။
ပြီးတော့ ဒူဘိုင်းမှာ အလုပ်လုပ်တဲ့ သူ့အဖေ ဆီကနေ ဖုန်းလာတယ်။ "သူလည်း ဖုန်းထဲမှာ ငိုနေတယ်။ သူက ကျွန်တော့်ကို နှစ်သိမ့်ပြီး သူ့ကို စိတ်မပူဖို့၊ သူ လုံခြုံတယ်လို့ ပြောတယ်။ ကျွန်တော်ကတော့ သူ့ကို ပါကစ္စတန်ကို ပြန်လာဖို့ ပြောလိုက်တယ်" လို့ ဟက်ဆန်က ပြောပါတယ်။ "ဒါပေမဲ့ သူက ပြန်လာရင် ဒူဘိုင်းကို ပြန်သွားနိုင်တော့မှာမဟုတ်ဘူး။ ဒီလိုဆိုရင် ငွေရေးကြေးရေး ကျပ်တည်းသွားမှာလို့ သူက ပြောတယ်။"
သင်္ဘောသားဖြစ်လာတဲ့အတွက် ဟက်ဆန် နောင်တမရပေမဲ့ အီရန်ကိုသွားပြီး ဘယ်တော့မှ အလုပ်လုပ်တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။
ဝါဂျစ်ရဲ့မိသားစုက ယာဆီရဲ့အလောင်းကို မြှုပ်နှံလိုက်ရပေမဲ့ သူ့သေဆုံးမှုကို လက်ခံနိုင်ဖို့ကတော့ အချိန်အတော်ကြာဦးမှာပါ။
ယာဆီရဲ့သားလေးက သုံးနှစ်ပဲ ရှိသေးတယ်။ ''ကျွန်တော့်တူလေးကို အချိန်တိုင်း ကြည့်နေမိတယ်။ ကလေးက သူ့ဘဝ ဘာဖြစ်လို့ ဖြစ်သွားမှန်းတောင် နားမလည်တတ်သေးတဲ့အရွယ်လေ" လို့ ဝါဂျစ်က ပြောပါတယ်။












