တရုတ်ပြောတဲ့ အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံဆိုတာဘာလဲ

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

"တိုင်းရင်းသားလူနည်းစုတွေအတွက် အဆင့်မြင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပုံစံတွေရှာဖွေဖို့" ဆိုတဲ့ တရုတ်ရဲ့သတင်းစကားက မြန်မာ့နိုင်ငံရေးအကဲခတ်တွေကြားမှာ ဆွေးနွေးငြင်းခုန်စရာကိစ္စ ဖြစ်လာပါတယ်။

ဒီသတင်းစကားက နေပြည်တော်နဲ့ တရုတ်နိုင်ငံကူမင်းမှာကျင်းပတဲ့ ဆွေးနွေးပွဲတွေမှာ တိုးတိုးတိတ်တိတ်ရှိနေခဲ့တာတော့ လအတန်ကြာပါပြီ။

ဒါပေမဲ့ တရုတ်အထူးကိုယ်စားလှယ် တိန့်ရှီကျွင်းက တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း ၁၁ နှစ်ပြည့် အခမ်းအနားလို နေရာမှာပါ လူသိရှင်ကြားပြောလာပါတယ်။

ဗိုလ်ချုပ်ကြီးတွေကြီးမှူးကျင်းပတဲ့ နေပြည်တော်က အခမ်းအနားကို ရုပ်သံဖိုင်နဲ့ ပေးပို့တဲ့ တိန့်ရှီကျွင်းရဲ့ အဲဒီပြောကြားချက်ကို ကြားရတဲ့အခါ အံ့သြခဲ့ကြရတယ် လို့ အခမ်းအနားတက်ရောက်ခဲ့သူတချို့က ဘီဘီစီကိုပြောပါတယ်။

တစ်နိုင်ငံ စနစ်နှစ်မျိုး

တိန့်ရှီကျွင်းရှေ့က တရုတ် အထူးသံတမန် ဆွန်းကော့ရှန်လက်ထက်ကတည်းက မြန်မာ့ငြိမ်းချမ်းရေးမှာ တရုတ်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံတွေနဲ့ တစ်နိုင်ငံစနစ် နှစ်မျိုး ကျင့်သုံးဖို့ NLD အစိုးရကို အကြံပြုခဲ့ဖူးပါတယ်။

တရုတ်နိုင်ငံရဲ့ အချုပ်အခြာအာဏာအောက်မှာရှိနေပေမဲ့ လွတ်လပ်တဲ့ဈေးကွက်စီးပွားရေးနဲ့ ဗြိတိသျှပုံစံတရားစီရင်ရေးစနစ်ကို ကျင့်သုံးနိုင်တဲ့ ဟောင်ကောင်နဲ့ မကာအို ပုံစံကို တစ်နိုင်ငံ စနစ်နှစ်မျိုးလို့ ခေါ်ကြပါတယ်။

တကယ်တော့ မြန်မာနိုင်ငံမှာလည်း တစ်နိုင်ငံစနစ်နှစ်မျိုးရှိပြီးသားလို့တောင် ပြောလို့ပါတယ်။

နေပြည်တော်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်က ပုံစံကတစ်မျိုး၊ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ ထိန်းချုပ်နယ်မြေတွေက ပုံစံတစ်မျိုးပါ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာဆိုရင်တော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း ဆိုတဲ့ အဆင့်တွေရှိပါတယ်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းလို ပုံစံမျိုးတွေပါ။

ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာမပါတဲ့ "အထူးဒေသ" ဆိုတဲ့ အသုံးအနှုန်းလည်း ရှိပါသေးတယ်။ အထူးဒေသဆိုတာ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ ၁၉၉၀ ငြိမ်းချမ်းရေးတစ်ခေတ်မှာ ပေးခဲ့တဲ့ ဒေသတွေဖြစ်ပါတယ်။

ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲချိန်မှာ ပေါ်ပေါက်လာတဲ့ ကိုးကန့်အဖွဲ့၊ ဝ အဖွဲ့နဲ့ မိုင်းလားအဖွဲ့တို့ကို စစ်အစိုးရက ငြိမ်းချမ်းရေးကမ်းလှမ်းခဲ့ပြီး ကိုးကန့်ဒေသကို အထူးဒေသ (၁)၊ ဝဒေသကို အထူးဒေသ(၂)နဲ့ မိုင်းလားကို အထူးဒေသ (၄) အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းပြီးချိန်မှာတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း အဆင့်တွေ သတ်မှတ်ပေးခဲ့ပြီး ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စသဖြင့် ပေါ်လာပါတယ်။

လက်တွေ့မှာတော့ နှစ်ပေါင်း ၃၀ ကျော်အတွင်း ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)ဟာ ကိုယ်ပိုင်တပ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးနဲ့ ကိုယ်ပိုင်တရားစီရင်ရေးအဆင့်ရှိလာလို့ ကွန်ဖက်ဒရိတ်အဆင့်တောင်ရှိလာပြီလို့ ပြည်တွင်းပြည်ပ နိုင်ငံရေးအကဲခတ်တွေက ပြောကြပါတယ်။

အာရက္ခတပ်တော် (အေအေ) ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဝ ဒေသရဲ့ အနေအထားကို အထူးအားကျမိတဲ့အကြောင်း ၂၀၁၉ ခုနှစ်တုန်းက ဝ ထိန်းချုပ်နယ်မြေပန်ဆန်းမှာ ပြောခဲ့ဖူးပါတယ်။

နေပြည်တော်ဟာ ဝ၊ မိုင်းလား၊ ကိုးကန့်တို့နဲ့ တွေ့ဆုံဆွေးနွေးမှုတွေလုပ်နေပေမဲ့ အထူးဒေသဆိုတဲ့ အသုံးအနှုန်းကိုတော့ လူသိရှင်ကြား အသိအမှတ်မပြုထားပါဘူး။

တရုတ်ဖြစ်စေချင်တဲ့ ပုံစံ

"တိုင်းရင်းသားလူနည်စုတွေအတွက် အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံတွေရှာဖွေဖို့" ဆိုတဲ့ တရုတ်ရဲ့သတင်းစကားက နေပြည်တော်ထက် တိုင်းရင်းသားတပ်တွေကိုရည်ညွှန်းတာလို့ တရုတ်အရေးကျွမ်းကျင်သူတွေက ပြောပါတယ်။

ဒီအကြောင်းနဲ့ပတ်သက်လို့ တရုတ်နိုင်ငံမှာလုပ်တဲ့ ဟိုင်ဂင်ဆွေးနွေးပွဲတွေမှာရော နေပြည်တော်မှာလုပ်တဲ့ ဆွေးနွေးပွဲတွေမှာပါ ပါဝင်ပတ်သက်ခဲ့တဲ့ သတင်းရင်းမြစ်တွေနဲ့ ဘီဘီစီက စကားပြောခဲ့ပါတယ်။

"ဒီနေရာမှာ အဆင့်မြင့်ဆိုတဲ့စကားကို သတိထားဖို့လိုတယ်။ တရုတ်က တိုင်းရင်းသားတပ်တွေကို စစ်အုပ်ချုပ်ရေးပုံစံကနေ အရပ်သားအုပ်ချုပ်ရေးပုံစံတစ်ခုဆီ အဆင့်မြှင့်ဖို့ တိုက်တွန်းနေတာ" လို့ သူကပြောပါတယ်။

စစ်ရေးအင်အားတောင့်တင်းပြီး နေပြည်တော်နဲ့ကင်းလွတ်တဲ့ ဝ အဆင့်အတန်းကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေက သဘောကျပေမဲ့ တရုတ်ကတော့ မိုင်းလားပုံစံကို ပိုသဘောကျတယ်လို့ ဒီလုပ်ငန်းစဥ်အကြောင်းကိုသိတဲ့ ဘီဘီစီသတင်းရင်းမြစ်တွေက ပြောပါတယ်။

တရုတ် အဓိကသတင်းစကားပေးချင်တဲ့အဖွဲ့က ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA လို့ ဘီဘီစီရဲ့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု (ISP-Myanmar) ရဲ့ တရုတ်လေ့လာရေးဌာနရဲ့ သုတေသနစစ်တမ်းတွေမှာလည်း တရုတ်က သူနဲ့ ထိစပ်နေတဲ့ မြန်မာနယ်စပ် ငြိမ်းချမ်းရေးအတွက် တိုက်ရိုက်စစ်အုပ်ချုပ်ရေးကို အဆုံးသတ်စေချင်တယ်လို့ ဖော်ပြဖူးပါတယ်။

ဘာကြောင့် မိုင်းလားလဲ

အထူးဒေသ (၄) လို့ ခေါ်ကြတဲ့ မိုင်းလားဟာ စစ်ရေးအင်အားသေးပေမဲ့ ဒေသဖွံ့ဖြိုးရေး၊ တည်ငြိမ်ရေးနဲ့ စီးပွားရေးကို တိုးတက်အောင်အလုပ်နိုင်ဆုံး အဖွဲ့ဖြစ်ပါတယ်။

မြန်မာနိုင်ငံအရှေ့ပိုင်းမှာရှိပြီး တရုတ်၊ ထိုင်း၊ လာအိုတို့နဲ့ ထိစပ်နေပြီး နာမည်ကျော်မဲခေါင်မြစ်က မိုင်းလားနယ်မြေကို ဖြတ်သန်းစီးဆင်းပါတယ်။

အင်အားကြီး ဝ တပ်ဖွဲ့နဲ့ နယ်မြေထိစပ်နေသလို တြိဂံတိုင်းစစ်ဌာနချုပ်နဲ့လည်း ထိစပ်နေပြန်ပါတယ်။

ဒါပေမဲ့ မိုင်းလားမှာ စစ်တပ်မမြင်ရဘဲ ရဲတပ်ဖွဲ့နဲ့ပဲ မြို့လုံခြုံရေးကို အဓိကလည်ပတ်နေပါတယ်။

မိုင်းလားမှာ ကြီးမားတဲ့ ကာစီနိုလုပ်ငန်းတွေ၊ ပြည့်တန်ဆာနဲ့ တခြားမှောင်ခိုစျေးကွက်တွေ လည်ပတ်နေပေမဲ့ ပြဿနာအနည်းဆုံးဖြစ်အောင် ထိန်းထားနိုင်ပါတယ်။

မိုင်းလားခေါင်းဆောင် ဦးစိုင်းလင်းကွယ်လွန်ခဲ့ပေမဲ့ သားဖြစ်သူ ဦးထိန်လင်းက တည်ငြိမ်အောင် ဆက်ထိန်းထားပါတယ်။ ဦးထိန်လင်းက ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင်ရဲ့ မြေးဖြစ်ပြီး သူ့မိခင်က ဦးဖုန်ကြားရှင်ရဲ့ သမီးဖြစ်ပါတယ်။

မိုင်းလားက နေပြည်တော်နဲ့လည်း ဆက်ဆံရေးကောင်းပါတယ်။

တိုင်းရင်းသားပေါင်းစုံနေကြပေမဲ့ ဒေသ နာမည်ကို အစွဲပြုပြီး မိုင်းလားလို့ အမည်ပေးပုံကို နေပြည်တော်ကလည်း သဘောကျပုံပေါ်ပါတယ်။

"ဒေသအတွင်း နေထိုင်သူအားလုံးကို ကိုယ်စားပြုနိုင်မယ့် ပြည်နယ်အမည် သတ်မှတ်ရေးနဲ့ပတ်သက်ပြီးလည်း အမျိုးသားစည်းလုံးညီညွတ်ရေးကိုရှေးရှုပြီး အားလုံးဝိုင်းဝန်းစဉ်းစား အဖြေရှာကြဖို့" သမ္မတဦးမင်းအောင်လှိုင်က NCA ၁၁ နှစ်ပြည့်မိန့်ခွန်းမှာ တိုက်တွန်းခဲ့ပါတယ်။

ရှမ်းပြည်နယ်လို့ အမည်ပေးထားပေမဲ့ ရှမ်းလူမျိုး ၃၅ ရာခိုင်နှုန်းကျော်သာရှိပြီး ကချင်ပြည်နယ်မှာလည်း ကချင်လူမျိုး ၃၉ ရာခိုင်နှုန်းသာရှိတယ်လို့ သူကကိုးကားပါတယ်။

ပြည်နယ်တစ်ခုဟာ လူမျိုးတစ်မျိုးတည်းရဲ့ ပိုင်ဆိုင်မှုမဟုတ်ဘဲ အဲဒီဒေသမှာနေထိုင်ကြတဲ့ လူမျိုးအားလုံးရဲ့ ပိုင်ဆိုင်မှုဖြစ်တယ်ဆိုတာကို အလေးထားဖို့ သူကပြောခဲ့ပါတယ်။

နေပြည်တော် ဘယ်လိုစဥ်းစားမလဲ

နေပြည်တော်ကတော့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နဲ့ NCA စာချုပ်ကိုပဲ ဆက်ပြီးအထိုင်ထားပါတယ်။

ဖက်ဒရယ်စနစ်ဆိုတာ မတူကွဲပြားတဲ့ တိုင်းဒေသကြီးတွေ၊ ပြည်နယ်တွေနဲ့ လူမျိုးစုတွေစုစည်းနေထိုင်ကြတဲ့ ပြည်ထောင်စုအတွင်း အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနဲ့ တရားစီရင်ရေးအာဏာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ခွဲဝေကျင့်သုံးခြင်းဖြစ်တယ် လို့ ဦးမင်းအောင်လှိုင်က NCA မိန့်ခွန်းမှာထည့်ပြောပါတယ်။

"ဒီလိုအာဏာခွဲဝေမှုကတစ်ဆင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ ကိုယ်ပိုင်ဥပဒေပြုခွင့်နဲ့ ကိုယ်ပိုင်တရားစီရင်ခွင့်တို့ကို အကောင်အထည်ဖော်နိုင်မှာဖြစ်တယ်" လို့ သူက ပြောပါတယ်။

နေပြည်တော်ကို လာဆွေးနွေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကို ပါတီထောင်ပြီးရွေးကောက်ပွဲဝင်ဖို့ နေပြည်တော်က တိုက်တွန်းနေတာပါ။

ဝတပ်ဖွဲ့ UWSA နဲ့ မိုင်းလားနယ်မြေတွေမှာ ဒီနေ့အချိန်အထိ ရွေးကောက်ပွဲ တစ်ခါမှ မကျင်းပနိုင်ခဲ့ပါဘူး။

ဝ ကို ပြည်နယ်အဆင့်ပေးဖို့ မူအားဖြင့်စဥ်းစားချက်ရှိနေပေမဲ့ ပြည်နယ်မဟုတ်တဲ့ တခြားကမ်းလှမ်းမှုလည်း ရှိနေတယ်လို့ တရုတ်နဲ့နီးစပ်သူတွေဆီက သိရပြီး အသေးစိတ်ကိုတော့ နေပြည်တော်ကရော ပန်ဆန်းဘက်ကပါ ထုတ်မပြောကြပါဘူး။

အကျိုးစီးပွား ပထမ

"တိုင်းရင်းသားလူနည်စုတွေအတွက် အဆင့်မြင့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ပုံစံတွေရှာဖွေဖို့" ဆိုတဲ့ တရုတ်ရဲ့သတင်းစကားရဲ့ နောက်ကွယ်ကရည်ရွယ်ချက်က ရပ်နားထားရတာနှစ်ချီကြာလာပြီဖြစ်တဲ့ တရုတ်စီမံကိန်းတွေကို ပြန်စချင်လို့ပဲဖြစ်ပါတယ်။

ဒီကိစ္စအတွက် တရုတ်နိုင်ငံအနေနဲ့ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်ဖို့ အသင့်ရှိတယ်လို့ ဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေးပြီးတဲ့နောက် သိန္နီကနေ ချင်းရွှေဟော်အထိပေါက်တဲ့ ကုန်သွယ်ရေးလမ်းကြောင်းတလျှောက်လုံးကို ကိုးကန့်တပ်က ထိန်းချုပ်ထားပြီး သိန္နီ-ကွတ်ခိုင်-မူဆယ် လမ်းကြောင်းကိုတော့ ကိုးကန့်တပ်နဲ့ တအာင်းတပ် TNLA တို့က ထိန်းချုပ်ထားပါတယ်။

ဒီလမ်းကြောင်းနှစ်ခုလုံးပေါ်မှာ တရုတ်ရဲ့ ခါးပတ်တစ်ကွင်း လမ်းတစ်စင်း ပိုးလမ်းမစီမံကိန်း (BRI)နဲ့ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ (CMEC) စီမံကိန်း တွေ အကောင်အထည်ဖော်ဖို့ရှိနေပါတယ်။

ဒါကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းပေါ်မှာရှိနေတဲ့ ကိုးကန့်တပ်နဲ့ တအာင်းတပ် TNLA တို့လိုအဖွဲ့တွေကို အဆင့်မြင့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပုံစံတွေရှာဖွေဖို့ မျှော်လင့်တယ်လို့ ရည်ညွှန်းခဲ့တာဖြစ်ပါတယ်။

"လက်ရှိဖြစ်နေတဲ့ စစ်အုပ်ချုပ်ရေးပုံစံတွေနဲ့တော့ တရုတ်ကအလုပ်မလုပ်ချင်ဘူး။ သူက တည်ငြိမ်မှုရစေချင်တယ်။ ဒါမှသူ့လုပ်ငန်းတွေစလို့ရမယ်" လို့ တရုတ်အရေးကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

ဒါက တရုတ်ရဲ့စိတ်ကူးက အသစ်တော့မဟုတ်ပါဘူး။ ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်းမှာ တရုတ်က နေပြည်တော်ဘက်ကို ပုံအောခဲ့တာကလည်း ဒီစိတ်ကူးစိတ်သန်းပဲဖြစ်ပါတယ်။

"တည်ငြိမ်မှုရှိရမယ်။ ဒါမှ သူ့စီမံကိန်းတွေရှေ့ဆက်ဖို့ ကြိုတင်တွက်ချက်စီမံနိုင်မယ်။ စစ်ဖြစ်နေလို့ တည်ငြိမ်မှုမရှိရင်တော့ စီမံကိန်းတွေကလည်း တန့်နေမယ်" လို့ တရုတ်အရေးကျွမ်းကျင်သူတစ်ဦးက ပြောပါတယ်။

ဒါပေမဲ့ တရုတ်ရဲ့စဥ်းစားချက်တွေထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ဆိုတဲ့ ရှည်လျားခက်ခဲတဲ့ ချဥ်းကပ်မှုမျိုးတွေမပါဝင်ဘဲ "အလုပ်ဖြစ်ရေး" ကိုပဲ အာရုံစိုက်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။

"စီမံကိန်းတွေပြန်စလို့ ငွေတွေစီးဝင်လာတဲ့အခါ ပြဿနာတော်တော်များများ ပြေလည်သွားလိမ့်မယ် လို့ တရုတ်ကစဥ်းစားချက်ရှိတယ်" လို့ သူက ပြောပါတယ်။