မိုင် ၆၀ ကျော်ရှည်တဲ့လောင်းလုံးတောင်တန်းမှာ လူသေတဲ့မြေပြိုမှုတွေဘာကြောင့်ဖြစ်

ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၅

တနင်္သာရီတိုင်းထဲက မိုင်ပေါင်း ၆၀ ကျော်ရှည်လျားတဲ့လောင်းလုံးတောင်တန်းကြီးဟာ ကပ္ပလီပင်လယ်နဲ့ ထားဝယ်ဒေသကို အလယ်ကနေ ကာဆီးထားပါတယ်။

ပင်လယ်ကနေ ၀င်လာမယ့် မိုးလေနဲ့ ဘဘာ၀ဘေးဒဏ်ကို ထား၀ယ်သူ ထား၀ယ်သားတွေ စိတ်သက်သာရာရခဲ့တာကလည်း ဒီတောင်တန်းကြီးကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတောင်တန်းကြီးဟာ နှစ် ၈၀ အတွင်း အမြင့်ဆုံးရွာခဲ့တဲ့မိုးရေချိန်ရဲ့ဒဏ်ကိုတော့ တောင့်မခံနိုင်ခဲ့ပါဘူး။

နောက်ဆက်တွဲကတော့ တောင်မြေတွေ ရုတ်တရက်ပြိုကျပြီး တောင်ခြေကျေးရွာတွေက နေအိမ်တွေကို ဖုံးလွှမ်းခဲ့ပါတယ်။

ထား၀ယ်ဒေသမှာ တောင်ကျရေနဲ့ တောင်မြေတွေ ရုတ်တရက် စီးဆင်း ပြိုကျမှုအတွင်း သေဆုံးသူလည်း ၃၀ ကျော်အထိ ရှိနေပါတယ်။

လောင်းလုံးတောင်တန်းကြီးတလျှောက်မှာ လူဆယ်ချီသေဆုံးတဲ့ အခုလိုမြေပြိုမှုတွေ ဘာကြောင့် ဖြစ်ခဲ့တာလဲ။

ရေဝနေတဲ့ တောင်

စက်တင်ဘာ ၂၆ ရက်က ထိုင်းဘက်ကလာတဲ့ လေဖိအားနည်းရပ်ဝန်းကြောင့် ထားဝယ်ဒေသမှာ နှစ်ပေါင်း ၈၀ ကျော်အတွင်း မိုးရေချိန် စံချိန်သစ်တင်ခဲ့ပါတယ်။

မိုးဇလရဲ့ကြေညာချက်အရ ထားဝယ်မှာ မိုးရေချိန်လက်မ ၁၃ လက်မခွဲကျော်အထိ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ လွန်ခဲ့တဲ့ နှစ် ၈၀ အတွင်း ထား၀ယ်ဒေသမှာ ရွာခဲ့တဲ့မိုးရွာသွန်းမှုထက် ၂ လက်မနီးပါး ပိုများခဲ့ပါတယ်။

မိုးကြီးလို့ ထားဝယ်မြို့၊ သရက်ချောင်းနဲ့ လောင်းလုံးမြို့နယ်တွေက ဒေသခံတွေဟာ ရေကြီးမှုနဲ့ မြေပြိုမှုဒဏ်ကို အလူးအလဲခံခဲ့ရပါတယ်။

အဆိုးရွားဆုံးကတော့ လောင်းလုံးတောင်တန်း တောင်ခြေတလျှောက်က ကျေးရွာတွေဖြစ်တယ်လို့ လောင်းလုံးဒေသခံတွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

တောင်တန်းတလျှောက်နေရာတွေမှာ ရာနဲ့ချီတဲ့မြေပြိုမှုတွေဖြစ်ခဲ့တာလို့ အဲဒီမှာ မြေပြင်ကွင်းဆင်းလေ့လာမှုတွေ လုပ်နေတဲ့မြန်မာနိုင်ငံပထဝီပညာရှင်များအသင်း (GSM) က ပြောပါတယ်။

ထားဝယ်ဘက်ခြမ်းက ရိုက်ကူးထားတဲ့ရုပ်သံနဲ့ ဓာတ်ပုံတွေဆိုရင် ဒီတောင်ကြီး ပြိုကျထားတဲ့ မြေလွှာတွေကို အထင်းသားမြင်ရပါတယ်။

အခုလိုတောင်ပြိုကျမှုတွေရဲ့အဓိက ဇစ်မြစ်ကတော့ မိုးများတာကြောင့်ဖြစ်တယ်လို့ GSM နဲ့ လောင်းလုံးဒေသခံတွေက ပြောပါတယ်။

"ဓာတ်ပုံထဲက ကြည့်လိုက်ရင်ကို တောင်ကြီးက ရေ ဝနေသလို ဖြစ်နေတာ။ အဲဒါကြောင့်လည်း ပြိုကျတာ ဖြစ်နိုင်တယ်။ အခုက ဆက်ပြီး ကွင်းဆင်းနေတုန်းပါ " လို့ TSBM - The Spirit of Brotherhood Mission အဖွဲ့ တာဝန်ခံက ပြောပါတယ်။

ဒီတောင်ပြိုမှုတွေဟာ မိုးရွာသွန်းမှု တစ်ခုတည်းမဟုတ်ဘဲ နောက်ထပ်အကြောင်းအရင်းခံတွေ လည်း ရှိနေတယ်လို့ GSM အဖွဲ့က သုံးသပ်ပါတယ်။

- တောင်က မတ်စောက်ပြီး ‌အောက်ဘက်ကို ဆွဲငင်အားများနေတာကြောင့် ရေပြည့်ဝလာတဲ့အခါ မြေပြိုကျမှု ဖြစ်တာ

- မိုးများလာတာကြောင့် မြေသားထဲ ရေပြည့်ဝလာပြီး မြေသားရဲ့ကြံ့ခိုင်မှုလျော့ကျလာတာ

- ၁၉၉၇ ခုနှစ် ဝန်းကျင်က မြေပြိုမှုတွေကြောင့် ဖြစ်ပေါ်ခဲ့တဲ့ရေစီးကြောင်းတွေက အောက်ဘက်ကို ဆင်းလာမှု

- အပင်အမြစ်တွေဟာ ပုံမှန်အားဖြင့် မြေကို ထိန်းပေးနိုင်ပေမဲ့ အပေါ်ယံမြေလွှာတစ်ခုလုံး ရေပြည့်ဝပြီး ပျော့လာတဲ့အချိန် သစ်ပင်အလေးချိန်တွေနဲ့ မြေလွှာတစ်ခုလုံး မတည်ငြိမ်မှုဖြစ်လာတာလို့ GSM အဖွဲ့က ဆိုပါတယ်။

ဒါကြောင့် မြေလွှာတွေဟာ အပြားလိုက်အောက်ကို ပြိုကျလာခဲ့တာလို့ ဆိုပါတယ်။

တောပြုန်းမှုတွေ

ဒီတောင်ပြိုမှုတွေရဲ့နောက်ထပ်တရားခံကတော့ သစ်တောတွေ အလွန်အကျွံ ခုတ်ယူမှုတွေ ဖြစ်တယ်လို့ ထားဝယ်အခြေစိုက် သဘာဝပတ်ဝန်းကျင်အရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဒီတောင်ကြောမှာ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေကတည်းက သစ်မာပင်တွေကို ခုတ်ပြီး ရောင်းစားခဲ့တဲ့အကျိုးဆက်ကို ဒေသခံတွေဟာ အခုချိန်မှာ ခံစားနေကြရတာလို့ ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်)ရဲ့ပြန်ကြားရေးတာဝန်ခံ ကိုဘွန်းကပြောပါတယ်။

ကိုဘွန်းဟာ တောင်တန်းတွေ ကာထားတဲ့လောင်းလုံးဒေသမှာ ဇာတိချက်ကြွေသူဖြစ်လို့ ဒီဒေသအကြောင်းလည်း ကောင်းကောင်းသိသူ ဖြစ်ပါတယ်။

သူက လောင်းလုံးတောင်တန်းတလျှောက် မြေပြိုမှုတွေရဲ့အဓိကအကြောင်းအရင်း သုံးချက်ကို အခုလိုပဲ ရှုမြင်ပါတယ်။

"အဓိကအချက်က မိုးများတာ။ နောက်ပြီး သက်တမ်းနုတဲ့တောင် ဖြစ်နေတယ်။ ပြီးတော့ ဟိုးအရင်ကတည်းက သစ်ပင်တွေ ခိုးခုတ်တာ။ သစ် အမာပင်တွေပေါ့။ အဲဒီအစား ရာဘာပင်တွေ စိုက်တာ။ ဒါကြောင့် မြေဆီလွှာကို ထိန်းနိုင်တဲ့အပင်တွေ နည်းတယ်။ ဒီအချက်တွေကြောင့် တောင်တန်းကြီး ပြိုကျတာလို့ ယူဆတယ်" လို့ ကိုဘွန်းက ပြောပါတယ်။

လောင်းလုံးဒေသခံတွေဟာ သိပ္ပံနည်းကျ အချက်အလက်တွေဆိုတာထက် ဒီတောင်ရဲ့ တောင်စောင်းတွေ မတ်စောက်မှုနဲ့ နုနယ်တဲ့မြေသားထုကို ကြည့်ပြီး ဒီတောင်ကို သက်တမ်းနုတဲ့ တောင်လို့ ဆိုစမှတ်ပြုကြပါတယ်။

ဒီတောင်တန်းတွေမှာ မြေပြိုမှုအန္တရာယ်တွေကို လျှော့ချပေးနိုင်တဲ့ပျဉ်းကတိုး သစ်မာပင်တွေကို ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း အဓိကခုတ်ယူခံခဲ့ရတယ်လို့ ကိုဘွန်းက ပြောပါတယ်။

GSM အဖွဲ့ကတော့ "တောပြုန်းမှုကြောင့် မြေပြိုသလား" ဆိုတဲ့မေးခွန်းဟာ မြေပြင်ဖုံးလွှမ်းမှုသမိုင်း (Land Cover) နဲ့ ချိန်ထိုးကြည့်မှ သိနိုင်မယ်လို့ ဆိုပါတယ်။

ထားဝယ်ခရိုင်ထဲမှာ ၂၀၂၀ ခုနှစ်က သဘာဝသစ်တော ဧရိယာဟာ စတုရန်းကီလိုမီတာ ၁၁,၀၀၀ ကျော်ရှိခဲ့ပြီး ဒါဟာ မြေဧရိယာရဲ့ ၈၄ ရာခိုင်နှုန်းရှိခဲ့တယ်လို့ ကမ္ဘာလုံးဆိုင်ရာသဘာဝပတ်ဝန်းကျင်လေ့လာစောင့်ကြည့်ရေးအဖွဲ့(GNW)က ဖော်ပြပါတယ်။

၂၀၂၅ ခုနှစ်မှာတော့ အဲဒီထဲက ၄၅ စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိတဲ့ သဘာဝသစ်တောတွေ ဆုံးရှုံးခဲ့တယ်လို့ GNW က ဖော်ပြပါတယ်။

၂၀၁၀ ခုနှစ်က ထားဝယ်ဒေသရဲ့မြေပြင်ဖုံးလွှမ်းမှု ၈၄ ရာခိုင်နှုန်းဟာ သစ်ပင်ဖုံးလွှမ်းမှုတွေဖြစ်ခဲ့တယ်လို့ GNW က ပြောပါတယ်။

၂၀၂၆ ခုနှစ် စာရင်းတွေအရတော့ သစ်ပင်ဖုံးလွှမ်းမှုဧရိယာဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အတွင်း ၁,၅၀၀ စတုရန်းမီတာ လျော့ကျသွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနေရာတွေထဲမှာ ထားဝယ်အရှေ့တောနဲ့ အနောက်ခြမ်းက လောင်လုံးတောင်တန်းတလျှောက်နေရာတွေပါဝင်ပါတယ်။

ထားဝယ်အရှေ့တောဆိုတာကတော့ ထားဝယ်မြို့ကနေ ထိုင်း-မြန်မာနယ်စပ်ဒေသ ထီးခီးဘက်ကို သွားတဲ့လမ်းတလျှောက်မှာ ရှိနေတဲ့ ရွာတွေ ဖြစ်ပါတယ်။

အဲဒီမှာ အရင်အစိုးရအဆက်ဆက်လုပ်ခဲ့တဲ့ သတ္ထုလုပ်ကွက်တွေဟာ စစ်တပ်အာဏာသိမ်းမှုအပြီးမှာ လက်နက်ကိုင်အဖွဲ့အစည်းတွေ ထိန်းချုပ်မှု အောက်ရောက်သွားခဲ့ပြီး ခဲသတ္ထုတူးဖော် တွေ လုပ်နေတာလို့ ဒီမိုကရေစီလှုပ်ရှားမှုသပိတ်ကော်မတီ (ထားဝယ်ခရိုင်) ရဲ့ ပြန်ကြားရေးတာဝန်ခံ ကိုဘွန်းက ပြောပါတယ်။

အခုတော့ ဒီလုပ်ကွက်တွေမှာ ရွာတွေထဲအထိ ပိုပြီး တိုးချဲ့လုပ်ကိုင်လာနေတယ်လို့ သူကပြောပါတယ်။

"အဲဒီဘက်မှာ တော်တော် ဆိုးဆိုးပါပဲ။ တချို့ရွာတွေမှာဆို ဘောလုံးကွင်းတွေပါ မကျန်တော့တဲ့ အနေအထားမျိုးဖြစ်နေတယ်။ ရွာလမ်းတွေ ဖြတ်ပြီးတူးတာတွေပါ ရှိတယ်။ အဲဒီဘက်ကလည်း နောက်ကာလတွေမှာ အခုလိုမျိုး မိုးကြီးရင် ရေကြီးမှုတွေ ကြုံလာရတော့မှာ" လို့ သူက ပြောပါတယ်။

ထားဝယ်အရှေ့တောမှာ ရှိတဲ့ ဘဝပင်ရွာ၊ သစ်ခက်ချောင်း၊ ကျောက်မဲတောင်၊ တောင်သုံးလုံးအပါအဝင် ရွာပေါင်း ၂၀ လောက်က ခဲသတ္ထု တူးတာတွေ လုပ်နေကြတာလို့ သူကပြောပါတယ်။

ဒီလုပ်ကွက်တွေဟာ ထားဝယ်မြို့နဲ့ ဆို မိုင်ပေါင်း ၂၀ ကျော်အကွာမှာ ရှိနေပါတယ်။

အခု မြေပြိုမှုတွေဖြစ်ခဲ့တဲ့ လောင်းလုံးတောင်နဲ့ ထားဝယ်မြို့အနီးမှာလည်း ခဲလုပ်ကွက်တစ်ကွက်ရှိနေတယ်လို့ ကိုဘွန်းက ပြောပါတယ်။ ဒါပေမဲ့ အခုမြေပြိုမှုမှာတော့ အဲဒီလုပ်ကွက် အနီးအနားက နေရာတွေ မပါဝင်ခဲ့ဘူးလို့ သူက ပြောပါတယ်။

လောင်းလုံးတောင်တန်း တလျှောက်လုံးမှာတော့ ရွှေနဲ့ ခဲသတ္ထုတူးဖော်တဲ့လုပ်ငန်းတွေ မရှိဘူးလို့ ဘီဘီစီက မေးမြန်းခဲ့တဲ့ပရဟိတအသင်းတွေ၊ သပိတ်အင်အားစုနဲ့ ဒေသခံတွေက ပြောပါတယ်။

လောင်းလုံးတောင်တန်းတလျှောက်က ကျေးရွာတွေမှာ ရေတွေပြန်ကျသွားပေမဲ့ မြေပြိုမှုတွေကြောင့်ဖြစ်တဲ့ ရှင်းလင်းရေးတွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေရဆဲဖြစ်ပါတယ်။

မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေတဲ့ ဇမ္ဗူသီရိအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကတော့ လောင်းလုံးတောင်းတန်းတလျှောက်က ရွာပေါင်း ၂၀ ကျော်က မြေပြိုမှု ဒဏ်ခံခဲ့ရတဲ့လို့ ဘီဘီစီကို ပြောပါတယ်။

ဒါပေမဲ့ မြေပြိုလို့ သွားရေးလာရေးခက်ခဲနေတဲ့ ရွာတွေအားလုံးကိုလည်း စားနပ်ရိက္ခာတွေ ပို့ထားနိုင်ပြီလို့ ဇမ္ဗူသီရိအဖွဲ့နာ နာယက ဖြစ်သူက ပြောပါတယ်။

ထားဝယ်ရေဘေးမှာ ထဲထဲဝင်ဝင်လုပ်ဆောင်နေတဲ့ ဇမ္ဗူသီရိအဖွဲ့ရဲ့နာယကဖြစ်သူကတော့ သူပရဟိတ လုပ်လာတဲ့သက်တမ်းတလျှောက် အခုတခေါက် ရေကြီးမှု၊ မြေပြိုမှုက အဆိုးဆုံးဖြစ်တယ်လို့ပြောပါတယ်။

"ကျွန်တော်လုပ်လာတဲ့တလျှောက် ဒီတခေါက်က အဆိုးရွားဆုံးပါပဲ။ ရက်ရက်စက်စက်ကို မိုးရွာခဲ့တာ"