ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကျားဖြန့်ဝင်းထဲ ရဲစခန်းအတုတွေ ဆောက်ပြီး ဘယ်လိုငွေလိမ်ကြလဲ
- ရေးသားသူ, ဂျွန်နသန် ဟတ်
- ရာထူးတာဝန်, အရှေ့တောင်အာရှဆိုင်ရာသတင်းထောက်
- ရေးသားသူ, လုလု လူယို
- ရေးသားသူ, သန်ညာရက် ဒေါ့ဆုန်း
- ရေးသားပေးပို့သည့်နေရာ, အို စမတ်, ကမ္ဘောဒီးယား
- ဖတ်ရန်အချိန်: မိနစ် ၇
Royal Hill လောင်းကစားရုံရဲ့အနောက်ဘက် ၆ ထပ်ဆောင်က မီးမရှိတဲ့ စင်္ကြံလမ်းတွေမှာ လျှောက်ကြည့်ရင်းနဲ့ အခန်းတစ်ခန်းချင်းစီကို ဖွင့်ကြည့်ရင် တခြားကမ္ဘာတစ်ခုကို ရောက်သွားသလိုပါပဲ။
ဒီထဲကမှ တစ်ခန်းထဲ ဝင်လိုက်ရင် ဗီယက်နမ် ဘဏ်တစ်ခုနဲ့ ချွတ်စွပ်တူတဲ့ဘဏ်အတုကို မြင်ရသလို နောက်တစ်ခန်းကျရင် သြစတြေးလျရဲစခန်းထဲ ရောက်သွားပြန်ပါတယ်။ ထောင့်တစ်နေရာမှာတော့ တရုတ်ရဲဝတ်စုံ တစ်စုံ တွဲလောင်းချိတ်လျက်သား မြင်ရပါတယ်။
အခန်းနံရံတွေပေါ်မှာ တက်ကျမ်းလိုလိုစာတွေလည်း ရေးထားတာတွေ့ရပါတယ်။
"အသက်ရှုတိုင်း ငွေဝင်တယ်" ဆိုတဲ့ အဓိပ္ပါယ်ဆန်ဆန် တရုတ်စာနဲ့ ရေးထားတာလည်း ရှိပါတယ်။ ကြမ်းပြင်အနှံ့ဖြန့်ကြဲထားတဲ့ ဒေါ်လာတစ်ရာတန်အတုတွေကလည်း ပြန့်ကျဲနေပါတယ်။
ဒီငွေလိမ်လုပ်ငန်းဝင်းကြီးကတော့ အိုစမက်လို့ခေါ်တဲ့ ကမ္ဘောဒီးယားနိုင်ငံရဲ့နယ်စပ်မြို့တစ်မြို့ထဲမှာပဲ ရှိနေတာပါ။ ဒီဝင်းကြီးထဲမှာ အလုပ်လုပ်ကြတဲ့ လူထောင်ပေါင်းများစွာရဲ့ဘဝတွေကို တင်းကျပ်တဲ့စည်းကမ်းတွေနဲ့ စနစ်ဆိုးကြီးက ထိန်းချုပ်ပြီး ကမ္ဘာတဝန်းက လူထောင်ပေါင်းများစွာဆီကနေ ငွေကြေးလိမ်လည်စေပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက ထိုင်း-ကမ္ဘောဒီးယားနယ်စပ်တိုက်ပွဲအတွင်း Royal Hill လောင်းကစားရုံကနေ ဒရုန်းလွှတ်တင်တိုက်ခိုက်တယ်လို့ဆိုကာ ထိုင်းလေတပ်က ဒီနေရာကို ဗုံးကြဲခဲ့ပါတယ်။ အလုပ်သမားတွေကတော့ စားတောင်မစားရသေးတဲ့ ခေါက်ဆွဲပန်းကန်တွေ၊ တဝက်ကျန်သေးတဲ့ ကိုလာဘူးတွေနဲ့ ခပ်စူးစူးအနံ့အသက်ကို ချန်ရစ်ပြီး ခြေဦးတည့်ရာ တိမ်းရှောင်သွားကြပြီ ဖြစ်ပါတယ်။
ဒီနေ့တော့ ထိုင်းစစ်သားတွေကလွဲရင် Royal Hill မှာ ဗလာကျင်း နေပါပြီ။ ဗုံးစထိမှန်လို့ ပြတင်းပေါက်မှန်တွေ ကွဲအက်နေသလို တချို့နေရာတွေမှာ နံရံနဲ့ အမိုးတွေကို ဖောက်ထွင်းသွားတဲ့အပေါက်တွေကို တွေ့ရပါတယ်။
အရာရာတိုင်းက ဖုန်အလိမ်းလိမ်းနဲ့ပါ။
ထိုင်းစစ်တပ်က ဘီဘီစီကို ဒီနေရာအထိ ခေါ်လာရတဲ့အကြောင်းရင်းကတော့ ကမ္ဘောဒီးယားမှာ ငွေလိမ်လုပ်ငန်းဘယ်လောက်ကြီးထွားနေပြီလဲဆိုတာ ပြသချင်လို့ဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်းအနေနဲ့ ဒီအန္တရာယ်ကပ်ဆိုးကို ရှင်းပစ်နိုင်ဖို့ နိုင်ငံတကာအကူအညီလိုအပ်တယ်လို့ ပြောလာပါတယ်။
ထိုင်းစစ်တပ်က ဒီဇင်ဘာမှာ ကမ္ဘောဒီးယားအပေါ် လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ရတဲ့ ဒုတိယအကြောင်းပြချက်တစ်ခုလို ပုံဖော်လာပါတယ်။
ထိုင်းက ကမ္ဘောဒီးယားနိုင်ငံရဲ့ပိုင်နက်ကို ဝင်ရောက်နေရာယူတဲ့ဖြစ်စဥ်ကို ကမ္ဘောဒီးယားအစိုးရက ကန့်ကွက်နေပေမဲ့ ထိုင်းဘက်ကတော့ နှစ်နိုင်ငံ အပစ်ခတ်ရပ်စဲရေး သဘောတူညီချက်အရဆိုကာ ငြင်းဆိုပါတယ်။
တိုက်ပွဲရပ်ချိန်မှာ တပ်တွေ ရောက်လက်စနေရာမှာ ဆက်လက်ထားရှိရေး သဘောတူညီချက်ရထားပြီးဖြစ်တယ်လို့ ငြင်းဆိုပါတယ်။
Royal Hill အဆောက်အအုံရဲ့ အရွယ်အစားကြီးမားပုံကြောင့်သာမက ထိုင်းက ဝင်ရောက်ထိန်းချုပ်တာ မလုပ်ခင်အထိ ဒီနေရာအကြောင်း ဘာသတင်းမှမထွက်တာ ထူးခြားလှပါတယ်။
မျက်နှာချင်းဆိုင်က အိုစမက်လောင်းကစားရုံကနေ နှိပ်စက်ခံရတဲ့အလုပ်သမားတွေ ထွက်ပြေးတဲ့ သတင်းတွေတော့ ထွက်ခဲ့တာ ရှိပါတယ်။
ဒီလောင်းကစားရုံပိုင်ရှင်က ထင်ရှားတဲ့ကမ္ဘောဒီးယားသူဌေးကြီး လီယောင်ဖက်ဖြစ်ပါတယ်။ သူက ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်ဦးဆောင်တဲ့ ဟွန်အုပ်စုနဲ့ နီးစပ်တဲ့ဆက်ဆံရေးရှိသူပါ။
လူကုန်ကူးမှုနဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေနဲ့ဆက်နွှယ်တယ်လို့စွပ်စွဲခံရပြီး အမေရိကန်နဲ့ တခြားနိုင်ငံတွေရဲ့ဒဏ်ခတ်ပိတ်ဆို့အရေးယူခံထားရသူလည်း ဖြစ်ပါတယ်။
ဒါပေမဲ့ Royal Hill ပိုင်ရှင်ဖြစ်သူ လင်ဟန်ကတော့ မထင်မရှားပုံစံနဲ့သာ နေထိုင်ပါတယ်။
လီယောင်ဖက်လိုဘဲ နိုင်ငံတော်ကို အမေရိကန်ဒေါ်လာ ၅ သိန်းလှူဒါန်းပြီး ဟွန်ဆန်ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင်တော်ဝင်ဘွဲ့ တံဆိပ်ကို ရယူကာ ကမ္ဘောဒီးယားအထက်တန်းလွှာစာရင်း ဝင်ဖို့ လုပ်ခဲ့ပေမဲ့ နိုင်ငံတကာက ဒဏ်ခတ်ပို့တဲ့စာရင်းထဲတော့ လုံးဝ မပါဖူးသေးပါဘူး။
သူ့အကြောင်း ထူးခြားချက်တစ်ခုက ထိုင်းနဲ့နယ်စပ်ဒေသဖြစ်တဲ့ နိုင်ငံမြောက်ပိုင်းက သူ့ရဲ့ လောင်းကစားရုံတွေအနီးက နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ခမာနီခေါင်းဆောင် ပိုပေါ့ရဲ့ အုတ်ဂူကို အရိုအသေပေးတတ်တဲ့ အလေ့အကျင့်ဖြစ်ပါတယ်။
၁၉၉၁ ခုနှစ် ကမ္ဘောဒီးယားပြည်တွင်းစစ်အပြီးမှာ ကမ္ဘောဒီးယားသူဌေးကြီးအများစုဟာ နိုင်ငံ အုပ်စိုးသူမိသားစုကို ချဥ်းကပ်ပြီး မြေကွက်ကြီးတွေ ဝယ်ယူခွင့်ရကာ ကြီးပွားလာခဲ့ကြပါတယ်။
အစပိုင်းမှာတော့ တရားမဝင်သစ်ထုတ်တာနဲ့ စိုက်ခင်းတွေကနေ ငွေရှာခဲ့ကြပြီး နောက်ပိုင်းမှာတော့ တရုတ်ရင်းနှီးမြှုပ်နှံသူတွေကြောင့် မြို့တွေမှာ အိမ်ခြံမြေဈေးကွက် တဟုန်ထိုးတိုးတက်လာရာကနေ အကျိုးအမြတ်တွေ ရကြပါတယ်။
ဒါပေမဲ့ အိမ်နီးချင်းထိုင်းနဲ့ တရုတ်နိုင်ငံတွေက လောင်းကစားပိတ်ပင်ထားတာကို အခွင့်ကောင်းယူကာ အိုစမက်လို နယ်စပ်ဒေသမှာ လောင်းကစားရုံဖွင့်တာက အကျိုးအမြတ်အရဆုံး လုပ်ငန်းဖြစ်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၃ စုအတွင်း ကမ္ဘောဒီးယားအစိုးရက ကာစီနိုလိုင်စင် ၂၀၀ ဝန်းကျင်ချထား ပေးပါတယ်။
ဒါကပဲ တရုတ်ရာဇဝတ်ဂိုဏ်းတွေကို လောင်းကစားရုံကနေ အကျိုးအမြတ်များတဲ့ အွန်လိုင်းငွေလိမ် လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ဆွဲဆောင်နိုင်ခဲ့တာပါ။ ဒါပေမဲ့ တရုတ်က ၂၀၁၉ ခုနှစ်မှာ ဖိအားပေးလာတာကြောင့် အွန်လိုင်းလောင်းကစားကို ဟွန်ဆန်က ပိတ်ပင်ခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါလည်း ကူးစက်ပြန့်ပွားတဲ့ ကာလဖြစ်လာတာကြောင့် နယ်စပ်ဖြတ်ကျော် သွားလာမှုတွေ ရပ်တန့်သွားပါတယ်။
ဒီတော့ ရာဇဝတ်ဂိုဏ်းတွေက အွန်လိုင်းလိမ်လည်တဲ့ဘက်ကို ဦးလှည့်လာပြီး ကမ္ဘာတဝန်းက လူငယ်တွေကို မက်လောက်စရာ လစာနှုန်းထားတွေနဲ့ ဆွဲဆောင်ပါတော့တယ်။
လူငယ်တချို့က လိမ်လည်ရမယ်ဆိုတာ ကြိုသိကြပါတယ်။ တချို့ကတော့ စာရင်းအင်းနဲ့ ကွန်ပျူတာ ပရိုဂရမ်ရေးဆွဲတဲ့နည်းပညာရှင်အလုပ်လို့ သိထားကြတာပါ။ ငွေလိမ်လုပ်ငန်းဝင်းတွေထဲကို မရောက်ဖူးမချင်း လူနည်းစုကသာ ဒီထဲမှာ ဘယ်လောက်ဆိုးရွားရက်စက်တဲ့ အခြေအနေရှိတယ်ဆိုတာ နားလည်ထားကြပါတယ်။
Royal Hill က အပျက်အစီးပုံတွေကြားကနေ သတ်မှတ်ချက်မပြည့်မီရင်ပေးမယ့် ပြစ်ဒဏ်အသေးစိတ်ပါ တရုတ်စာနဲ့ စာရွက်စာတမ်းတွေကိုလည်း တွေ့ရပါတယ်။ တစ်ရက်အတွင်း ငွေလိမ်မယ့်သားကောင်နဲ့ ဆက်ဆံရေးမတည်ဆောက်နိုင်ရင် ကြိမ်ဒဏ် ၅ ချက်ပေးခံရမှာပါ။
အချိန် ၃ ရက်အတွင်း ဘယ်ပစ်မှတ်မှမထိရင် ကြိမ်ဒဏ် ၁၀ ချက်ခံရမှာ ဖြစ်ပါတယ်။ လုပ်ဖော် ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောတာ ဒါမှမဟုတ် ပစ်မှတ်နဲ့ယုံကြည်မှုတည်ဆောက်ဖို့ ဓာတ်ပုံပို့တာမျိုး မလုပ်နိုင်ရင်လည်း ဒီလိုဒဏ်ခတ်မှုမျိုး ခံရမှာပါ။
"တချို့ဆို လျှပ်စစ်ရှော့ခ်တိုက်ခံရတယ်။ တချို့က တိုက်ပိတ်ခံရတယ်။ အမှောင်ခန်းလို့ခေါ်တဲ့ အခန်းထဲမှာ ဆိုးဆိုးရွားရွားနှိပ်စက်ခံရတာပါ" လို့ သြဂုတ်လတုန်းက Royal Hill မှာ အလုပ်စတင်လုပ်ကိုင်ခဲ့တဲ့ ယူဂန်ဒါလူငယ် ဝီလ်ဆင်က ပြောပါတယ်။
သူ့ကို မလေးရှားမှာ ဒစ်ဂျစ်တယ်အရောင်းမြှင့်တင်ရေးအလုပ်ရမယ်ဆိုပြီး ခေါ်ယူခဲ့တာပါ။ ကမ္ဘောဒီးယားနိုင်ငံမြို့တော်မှာ ကူညီရေးအသင်းတစ်ခုရဲ့ကူညီမှုနဲ့ ခေတ္တခိုလှုံနေရင်း ယူဂန်ဒါနိုင်ငံကို ပြန်ဖို့ နည်းလမ်းရှာနေတုန်းမှာ ဘီဘီစီက သူနဲ့ စကားပြောဖြစ်ခဲ့တာ ဖြစ်ပါတယ်။
အေအိုင်အသုံးပြုကာ အသံနဲ့ ရုပ်တွေ ပြောင်းပြီး တရုတ်သူဌေးကပေးတဲ့ ဇာတ်ညွှန်းအတိုင်း တစ်ရက်ကို အချိန် ၁၅ နာရီ၊ ၁၆ နာရီဝန်းကျင်အလုပ်လုပ်ရတယ်လို့ သူကပြောပါတယ်။
"ကြင်ဖော်လိုနေတဲ့ အသက် ၃၇ နှစ်အရွယ် သက်လတ်ပိုင်း သူဌေးမ တစ်ယောက်လို ဟန်ဆောင်ပြီး အမေရိကန်က သက်ကြီးပိုင်းယောကျာ်းတွေနဲ့ ချစ်သူဖြစ်အောင် စကားပြောရမယ်ဆိုရင် ဇာတ်ညွှန်းထဲမှာ သူတို့စိတ်ကို ဒုက္ခပေးရမယ့်နေရာတစ်ခုပါတယ်။ အရင်ဆုံး ယုံလာအောင်လုပ်မယ်၊ ပြီးရင် ကိုယ်ရောင်းချတာကို ဝယ်အောင်လုပ်ရတယ်"
ထိုင်းက ဗုံးလာကြဲတဲ့အချိန်အထိတောင် အတင်းအကျပ် အလုပ်ဆက်လုပ်ခိုင်းတယ်လို့ သူက ပြောပါတယ်။
"ဗုံးသံဆက်တိုက်ကြားနေရတယ်။ တိုက်ကြီးကလည်း လှုပ်လှုပ်သွားရင် အပြင်ကထွက်ပြေးကြတယ်။ ကြောက်ပေမဲ့ အထဲပြန်ဝင်ပြီး အလုပ်ဆက်လုပ်ရတယ်"
ပစ်မှတ်တွေနဲ့ ယုံကြည်မှု တည်ဆောက်ပြီး အကျိုးအမြတ်များတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ဖို့ အာမခံတဲ့ လုပ်ကြံဇာတ်လမ်းတွေကို တခြားဘာသာစကားတွေနဲ့ ရေးသားထားတဲ့စာရွက်စာတမ်းတွေလည်း တွေ့ရပါတယ်။ အလုပ်သမားတိုင်းလိုက်နာရမယ့် စည်းကမ်းချက်တွေရှိသလို နောက်ကျရင်ပေးဆောင်ရမယ့် ဒဏ်ကြေးအစားစားလည်းရှိပါတယ်။
အလုပ်သမားတွေက အိမ်သာသွားခွင့်တောင်းခံဖို့ လိုအပ်ပါတယ်။
"အလုပ်သမားအဝင်အထွက်စာရင်း"ခေါင်းစဥ်နဲ့ စာရွက်တစ်ခုမှာ ထိုင်းဘက်က မတိုက်ခိုက်ခင်အထိ မှတ်တမ်းယူထားတဲ့အလုပ်သမားတစ်ဦးချင်းစီရဲ့အိမ်သာသွားတဲ့ အကြိမ်ရေအပြင် အိမ်သာထဲ ဘယ်လောက် ကြာတယ်ဆိုတာပါ ဖြည့်သွင်းထားတာ တွေ့ရပါတယ်။
ဒီနောက်မှာတော့ ငွေကိုယ်တိုင်လိမ်ရတဲ့အဆင့်ရောက်ရှိပါတယ်။ ဘရာဇီးရဲစခန်းအတု ဘေးမှာ အသံလုံဖော့ပြားတွေ ကပ်ထားတဲ့ခုံတန်းရှည်တွေ အတန်းလိုက် ဖွဲ့စည်းထားပါတယ်။ ဒီခုံတွေပေါ်မှာ ပေါ်တူဂီဘာသာစကားနဲ့ ရေးထားတဲ့ပစ်မှတ်တွေကို ဆွဲဆောင်နည်း အကြံပြုချက်လက်ရေးစာတိုတွေ ရှိပါတယ်။
ဆော်ပိုလိုရဲစခန်းအတုမှာ တစ်စုံတစ်ယောက်ကို ငွေကြေးခဝါချမှုနဲ့ တရားစွဲဆိုဖို့ ဆင့်ခေါ်စာတွေ တင်ထားတာတွေ့ရပါတယ်။
ဒါက သားကောင်တွေကို ခြောက်လှန့် ငွေလွဲခိုင်းဖို့ ဒါမှမဟုတ် ဘဏ်အချက်အလက်တွေ တောင်းယူတဲ့အခါမှာ သုံးလေ့ရှိတာမျိုးပါ။
ကမ္ဘောဒီးယားအစိုးရဟာ ငွေလိမ်လုပ်ငန်းနဲ့ ဆက်စပ်ရာဇဝတ်မှုတွေအပေါ် နိုင်ငံတကာရဲ့စိုးရိမ်ချက် မြင့်တက်လာတာကို နှစ်နဲ့ချီ လစ်လျူရှုထားခဲ့တာဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ၂၀၂၅ ခုနှစ် လူကုန်ကူးမှုအစီရင်ခံစာမှာတော့ သံသယဖြစ်ဖွယ်ငွေလိမ်လုပ်ငန်းဝင်း ဒါမှမဟုတ် ပိုင်ရှင်ကို ဖမ်းဆီး၊ ထိန်းသိမ်းဖို့ တာဝန်ပျက်ကွက်တဲ့ အစိုးရတစ်ရပ်အဖြစ် စွပ်စွဲခံခဲ့ရပါတယ်။
အမေရိကန်က ၂၀၂၄ ခုနှစ် စက်တင်ဘာမှာ လီယောင်ဖက်ကို လိမ်လည်မှုတွေ၊ အတင်းအဓမ္မခိုင်းစေမှုတို့နဲ့ ဆက်စပ်တာကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့ပါတယ်။ ဒီအချိန်မှာ ပါတီထိပ်ပိုင်းရာထူးရထားတဲ့ သူဌေးကြီးအတွက် ကမ္ဘောဒီးယားအာဏာရပါတီဖြစ်တဲ့ ပြည်သူ့ပါတီက အမေရိကန်အနေနဲ့ ကမ္ဘောဒီးယားရဲ့အချုပ်အခြာအာဏာကို ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ဒဏ်ခတ်မှု ရုပ်သိမ်းဖို့ တောင်းဆိုလာခဲ့တာပါ။
ဒါပေမဲ့ အမေရိကန်၊ တရုတ်နဲ့ တခြားနိုင်ငံတွေကနေ ငွေလိမ်လုပ်ငန်းတွေ နှိမ်နင်းဖို့ ဖိအားဆက် တိုက်ပေးလာချိန်မှတော့ ဒီနှစ်ထဲမှာ အစိုးရရဲ့လုပ်နည်းကိုင်နည်း ရုတ်တရက် ပြောင်းလဲသွားပါတယ်။
ရဲတပ်ဖွဲ့တွေက ငွေလိမ်လုပ်ငန်းဝင်းလို့ မသင်္ကာတဲ့နေရာအများအပြားကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။
ဝန်ကြီးချုပ် ဟွန်မာနက်ကလည်း ဒီလုပ်ငန်းဟာ ကမ္ဘောဒီးယားစီးပွားရေးနဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေတာကြောင့် အပြီးတိုင်ပိတ်သိမ်းသွားမယ်လို့ ထုတ်ပြောလာတာပါ။
အထင်ရှားဆုံးဖြစ်ရပ်ကတော့ တရုတ်လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင် ချန်ဇီကို ဖမ်းဆီးကာ တရုတ်ကို ပြန်လည်လွှဲအပ်ခဲ့တဲ့ ဖြစ်စဥ်ပါ။
အမေရိကန်နဲ့ ယူကေတို့က သူ့ကို ငွေလိမ်လုပ်ငန်းတွေရဲ့အထောက်အပံ့နဲ့ ကုမ္ပဏီကွန်ရက်ကြီးတစ်ခုကို လည်ပတ်နေသူအဖြစ် စွပ်စွဲဒဏ်ခတ်ထားပါတယ်။
ချန်ဇီက ကမ္ဘောဒီးယားနိုင်ငံသားဖြစ်ခွင့်ကို ဝယ်ယူကာ ဟွန်ဆန်ရဲ့ အကြံပေးအဖြစ် နိုင်ငံထဲမှာ လွှမ်းမိုးမှုအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်လာအောင် ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့ Prince စီးပွားရေးအုပ်စုက နိုင်ငံပိုင်ဘဏ်တစ်ခု၊ လေကြောင်းလိုင်းတစ်လိုင်းနဲ့ အိမ်ရာစီမံကိန်းအများအပြားကို ပိုင်ဆိုင်ပါတယ်။
နှစ်အတော်ကြာတဲ့အထိ သူကျွမ်းကျင်တဲ့နယ်ပယ်ထက် ကျော်လွန်ပြီး အာဏာစက်ဖြန့်ကျက်ထားနိုင်ခဲ့တာပါ။ ဖမ်းဆီးခံရပြီးတဲ့နောက်ပိုင်း ထွက်ပေါ်လာတဲ့ ရုပ်သံမှာတော့ သူ့ကို ခေါင်းမှာအိတ်မဲစွပ်၊ လက်ထိပ်ခတ်ကာ ဆွဲခေါ်ပြီး တရုတ်ကိုပို့မယ့် လေယာဥ်ပေါ်တင်တာ တွေ့ရပါတယ်။ အခုတော့ နယ်စပ်ဖြတ်ကျော် လောင်းကစားနဲ့ ငွေလိမ်ဂိုဏ်း လုပ်ဆောင်တဲ့ ပုဒ်မတွေနဲ့ တရားရင်ဆိုင်ဖို့ စောင့်ဆိုင်းနေပါတယ်။
သူလိုလူတောင် အခုလိုဆက်ဆံခံခဲ့ရတာကိုကြည့်ရင် ကမ္ဘောဒီးယားနိုင်ငံရဲ့သိက္ခာအဖက်ဆယ်ဖို့ နာမည်ကျော်စောတဲ့ငွေလိမ်ဂိုဏ်းခေါင်းဆောင်တွေ ချနင်းခံရနိုင်တယ်ဆိုတဲ့သတင်းစကားပါးလိုက်တာပါပဲ။
အာဏာပိုင်တွေက ငွေလိမ်လုပ်ငန်းဝင်းတွေ အမြတ်ငွေတွေကို ခဝါချတယ်လို့ စွပ်စွဲခံရတဲ့ Huione Pay ရဲ့ ဥက္ကဋ္ဌ လီရှောင်ကိုလည်း ဆက်လက် ပြန်လည်လွှဲအပ်ခဲ့ပါတယ်။
အခုတော့ ငွေလိမ်လုပ်ငန်းဝင်းအများအပြားက ဗလာကျင်းနေခဲ့ပါပြီ။ နိုင်ငံခြားသား ၁၀,၀၀၀ ထက်မနည်းကို ပြန်လည်လွှဲအပ်ခဲ့ပြီးဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ တဖက်မှာလည်း ဝီလ်ဆင်လို လူငယ်အများအပြားက အိမ်ပြန်နိုင်မယ့်လမ်းကို ရှာဖွေနေကြတုန်းပါပဲ။ ဒါပေမဲ့ ငွေလိမ်လုပ်ငန်း အဆုံးသတ်ပြီလို့ အစိုးရရဲ့ပြောဆိုချက်ကိုတော့ သံသယတွေရှိနေဆဲပါ။
ငွေလိမ်လုပ်ငန်းဝင်းတွေကို ဝင်ရောက်စီးနင်းတာဟာ ပွေးကောင်တူထုတမ်း ကစားသလိုပဲလို့ ပုံဖော်ပြောဆိုကြပါတယ်။ ပွေးကောင်က အပေါက်ထဲထွက်လာရင် တူနဲ့ထုလို့ ပြန်ဝင်သွားလိုက်၊ နောက်တစ်ပေါက်ကနေ ပြန်ထွက်လာလိုက်ဖြစ်နေသလိုပဲ အလုပ်သမားတွေကို လူသိပ်မသိတဲ့ ခြံဝင်းတွေဆီ ရွှေ့ပြောင်းဖို့က လွယ်ကူလွန်းပါတယ်။
အလုပ်သမားထောင်ပေါင်းများစွာကလည်း ကမ္ဘောဒီးယားနိုင်ငံထဲမှာပဲ ဆက်ရှိနေကြဦးမှာပါ။
ချန်ဇီကလွဲရင် လောင်းကစားရုံတွေနောက်ကွယ်က ငွေလိမ်ဝင်းတွေနဲ့ပတ်သက်လို့ စွပ်စွဲခံထားရတဲ့ သူဌေးကြီးတစ်ဦးမှ ဖမ်းဆီး မခံရပါဘူး။ လီယောင်ဖက်၊ ထရိုင်ဖက်နဲ့ ကွတ်အန်တို့ဟာ ဒဏ်ခတ်ပိတ်ဆို့ခံထားရတဲ့ ချမ်းသာပြီး သြဇာရှိသူတွေဖြစ်ပေမဲ့ ကမ္ဘောဒီးယားနိုင်ငံတွင်းမှာ အေးအေးချမ်းချမ်းနေနိုင်တုန်းပါပဲ။
ဒါအပြင် လီယောင်ဖက်နဲ့ ကွတ်အန်တို့ဟာ ငွေလိမ်ဂိုဏ်းတွေကို ပြင်းပြင်းထန်ထန်အပြစ်ပေးမယ့် ကမ္ဘောဒီးယားအစိုးရရဲ့ ဥပဒေသစ်ကို ပါဝင်မဲပေးကြသူတွေတောင် ဖြစ်နေပါတယ်။
ထိုင်းစစ်တပ်က လောင်းကစားရုံကို နယ်စပ်ဖြတ်ကျော်ပြီး ဝင်မစီးချိန်အထိ Royal Hill ပိုင်ရှင် လင်ဟန်ရဲ့ နာမည်ဟာ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေအကြောင်း ဖော်ပြတဲ့သတင်းနဲ့ စုံစမ်းဖော်ထုတ်ချက်တွေမှာ လုံးဝမမြင်ဖူးခဲ့ပါဘူး။