ရွှေ၊ ဒေါ်လာစျေးတွေကျပြီး ဆန်၊ ဆီစျေးတွေ ဘာလို့ မကျတာလဲ

အခုရက်ပိုင်း အဖမ်းအဆီးတွေကြောင့် ရွှေစျေး၊ ဒေါ်လာစျေးတွေ အလှုပ်အခတ်ဖြစ်ပြီး ကျလာပေမယ့် ရန်ကုန်မှာ အခြေခံလူတန်းစားတွေ အစားများတဲ့ ဧည့်မထဆန်ကြမ်းစျေးက စျေးမကျဘဲ လက်လီစျေးမှာ တစ်ပြည် ကျပ် ၃၃၀၀ ထိ စျေးတက်သွားပါတယ်။

စားသုံးဆီအပါအဝင် တခြားကုန်စျေးနှုန်းတွေကလည်း စျေးသိသိသာသာ ကျလာခြင်းတော့ မရှိသေးပါဘူး။

ကုန်သွယ်မှု ကုန်စည်စီးဆင်းမှု မှန်ကန် မြန်ဆန်စေရေးဗဟိုကော်မတီ အတွင်းရေးမှူး ဗိုလ်ချုပ် ရန်နောင်စိုးနဲ့ စီးပွား/ကူးသန်းက အရာရှိတွေအပါအဝင် စီးပွားရေးလောကက လူရာဂဏန်းဝန်းကျင် ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ဆေးခံနေရတယ်လို့ သတင်းထွက်လာအပြီးမှာ ရွှေစျေး ဒေါ်လာစျေးတွေကျလာခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာ ၁၁ ရက် စျေးကွက်သတင်းအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၃၃၅၀ ကျပ်ဝန်းကျင်အထိ ကျလာသလို ရွှေကတော့ တစ်ကျပ်သား ကျပ် ၃၃ သိန်းဝန်းကျင်အထိ ကျလာခဲ့တာ ဖြစ်ပါတယ်။

အစစ်ဆေးခံရတဲ့အထဲ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ၊ ဆန်၊ဆီ၊ပြောင်း နဲ့ ငွေကြေးစျေးကွက်က လုပ်ငန်းရှင်တွေ အဓိကပါဝင်တယ်လို့ ဘီဘီစီက စုံစမ်းသိရှိရပါတယ်။

စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဆန်စျေးအပြင် စားသုံးဆီအသင်းကရောင်းပေးနေတဲ့ စားသုံးဆီ ရည်ညွှန်းစျေးကလည်း တစ်ပိဿာကို ၄၄၀၀ ကျပ် ကနေ ၄၅၂၄ ကျပ် အထိ ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။ ဒါပေမဲ့ အပြင်စျေးကွက်မှာတော့ စားသုံးဆီ တစ်ပိဿာကို ကျပ် တစ်သောင်းဝန်းကျင်ခန့် စျေးပေါက်နေပါတယ်။။

မြန်မာ့စီးပွားရေးမှာ ရွှေ နဲ့ ဒေါ်လာက အရေးပါသလို ဒေါ်လာစျေးပေါ်မူတည်ပြီး အခြားစားသောက်ကုန်ပစ္စည်းတွေကလည်း လိုက်ပါပြောင်းလဲလေ့ ရှိပါတယ်။

ဆန်၊ ဆီ နဲ့ ရွှေ ဒေါ်လာ စျေးကွက်အပါအဝင် မြန်မာနိုင်ငံရဲ့ စီးပွားရေးမှာ အရေးပါတဲ့ ကုန်ပစ္စည်းစျေးတွေ မြင့်တက်နေမှုကို စစ်ကောင်စီက ကော်မတီတွေဖွဲ့ပြီး ပြီးခဲ့တဲ့ သြဂုတ်လကစပြီး အမိန့်တွေထုတ်ပြန်ကာ စျေးနှုန်းတွေကို ထိန်းဖို့ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။

လုပ်ငန်းရှင်တွေအပါအဝင် လူရာ ဂဏန်းခန့် ဖမ်းဆီးစစ်ဆေးမှုတွေဖြစ်ပြီးနောက် မြန်မာ့စီးပွားရေးမှာ အဓိက ကျတဲ့ ရွှေ နဲ့ဒေါ်လာစျေးတွေ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျလာခဲ့ပါတယ်။

“ကုန်စျေးနှုန်းတွေကို ဝယ်လိုအားနဲ့ ရောင်းလိုအားက ဆုံးဖြတ်တာ၊ လူတွေရဲ့ ယုံကြည်မှု စျေးကွက်ရဲ့ ယုံကြည်မှု ပြည်ပ ငွေကြေး စျေးကွက်နဲ့ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းရှင်တွေရဲ့ ယုံကြည်မှု အခုတစ်ခုမှ မရှိတော့ဘူးလို့ “စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက လက်ရှိ စျေးကွက်အခြေအနေကို ရှင်းပြပါတယ်။

စစ်ကောင်စီကို ထောက်ခံတဲ့ သတင်းမီဒီယာ အချို့မှာ စားသုံးဆီကို သတ်မှတ်စျေးနှုန်းအတိုင်း ရောင်းချခြင်း ရှိမရှိ နယ်မြို့အချို့မှာ လိုက်လံ စစ်ဆေးမှုတွေလုပ်တဲ့အကြောင်း သတင်း ဖော်ပြတာတွေ ရှိခဲ့ပါတယ်။

စားသုံးဆီကို သတ်မှတ်စျေးနှုန်း တိုးဝှေ့ပြီး ဝယ်ယူရပေမဲ့ လူတစ်ဦးကို အကန့်အသတ်နဲ့ သာရောင်းချပေးတာကြောင့် အားလုံးအတွက် အဆင်မပြေကြောင်း ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ကတော့ ဧည့်မထ ဆန် တစ်ပြည်ကို ၂၅၀၀ ကျပ်နဲ့ရောင်းပေးမယ်ဆိုပြီး သြဂုတ်လ ၈ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

ဆန်စပါးအသင်းက ရောင်းပေးတဲ့ ဆန်ဆိုင်တွေ များများစားစား မတွေ့ရသလို လက်တွေ အပြင်စျေးနဲ့ သိပ်မကွာတာကြောင့် အပြင်ကဆန်ကိုပဲ ဝယ်ကြတာများတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးက ပြောပါတယ်။

“ဇီယာဆန် ဆန်တစ်ပြည်ကို ၂၅၀၀ ရောင်းပေးပေမယ့် ဆိုင်နည်းနည်းပဲရှိ တယ်'' လို့ ဒဂုံမြို့သစ် မြောက်ပိုင်းက ဒေသခံတစ်ဦးက ပြောပါတယ်။

သြဂုတ်လ ၂၅ ရက်နေ့ စီးပွားရေးဆိုင်ရာသုံးသပ်မှု အစည်းအဝေးမှာ စစ်ကောင်စီဥက္ကဋ္ဌကတော့ မသမာသူတွေဟာ သတင်းမှားတွေဖန်တီးပြီး ကုန်ဈေးနှုန်းတွေ ဆွဲတင်တာ၊ ဈေးကစားတာတွေ ရှိနေတဲ့အတွက် အရေးယူဖို့လိုတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ‌စက်တင်ဘာလ ၉ ရက်နေ့က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးရီးစဥ်မှာလည်း ကုန်စျေးနှုန်းတွေ တက်အောင်လုပ်တဲ့ ဝိသမလောဘသား စီးပွားရေးလုပ်ငန်းရှင်တွေကို အရေးယူလိုက်တဲ့အတွက် ရွှေစျေးနဲ့ ဒေါ်လာစျေးတွေ ပြန်ကျသွားတယ်လို့လည်း ပြောထားတာရှိပါတယ်။

ဆန်စျေးတွေ တက်ရတဲ့ အကြောင်းအရင်းတွေထဲမှာ မြန်မာငွေ ဖောင်းပွလို့ သိုလှောင်ပြီး ပြန်ရောင်းကြတာကြောင့်ရှိသလို စစ်မက်ဖြစ်ပွားတဲ့ ဒေသတွေကနေ စွန့်ခွာမှုတွေကြောင့် စပါးစိုက်သူနည်းလာပြီး အထွက်နှုန်း လျော့တာ၊ လုံခြုံရေးကြောင့် သယ်ယူပို့ဆောင်ရေး အခက်အခဲနဲ့ စရိတ်စက‌တွေ မြင့်လာတာကလည်း ပါဝင်နေပါတယ်။

“ဆန် ဈေးကို ဘယ်ဈေးထက် ကျော်မရောင်းရလို့ သတ်မှတ်လိုက်ရင်တော့ ဘယ်ကုန်သည်ကမှ အရှုံးခံ ရောင်းပေးမယ် မထင်ဘူး။ မဖြစ်မနေ ရောင်းခိုင်းရင်လည်း တန်းမမီတာတွေနဲ့ ‌ရောထည့်လိုက်ကြမယ် ထင်တယ်”လို့ ဆန်ကုန်သည်တစ်ဦးက ပြောပြပါတယ်။

အခုရက်ပိုင်း အဖမ်းအဆီးတွေရှိလာပြီးနောက်ပိုင်း ဆန်ပွဲရုံတွေဟာ ဆိုင်လိပ်စာ မပါတဲ့ ဘောင်ချာတွေ ပြောင်းပြီးရောင်းကြပြီး စျေးနှုန်းကိုလည်း မဖော်ပြကြဘူးလို့ ရန်ကုန်က ဆန်ကုန်သည်တစ်ဦး ကပြောပြပါတယ်။

ဆီစျေးကလည်း ဆီတိုးနေတဲ့ လူတွေဆီက တစ်ပိဿာကို ၈၅၀၀ ကျပ်နဲ့ ပြန်ကောက်ပြီး အပြင်မှာ တစ်ပိဿာ တစ်သောင်းကျပ်နဲ့ ပြန်ရောင်းကြတယ်လို့ ရန်ကုန်မြို့ခံတစ်ဦးကပြောပါတယ်။

စားသုံးဆီကတော့ ဆီကိုယ်စားလှယ်တွေက ကိုင်ထားတာဖြစ်ပြီး ပါမစ်ကိစ္စနဲ့ မသမာမှုတွေကို အရေးယူသလို စျေးကွက်ကို ချုပ်ကိုင်မထားဘဲ အရင်လို ဖွင့်ပေးဖို့လိုတယ်လို့ ရန်ကုန်မြို့ခံ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

ဖျာပုံမြို့ခံ ဆန်လုပ်ငန်းရှင်တစ်ဦးက ဆန်စျေးကို ထိန်းဖို့ရာမှာ စပါးစျေးကျဖို့ အရေးကြီးပြီး စပါးစျေးက အခု ဧည့်မထအုပ်စု တင်းတစ်ရာကို ရွာလာကောက်တဲ့စျေး တင်းတရာ ၂၂ သိန်းပေါက်နေကြောင်း၊ စပါးစျေးကျဖို့အတွက် သွင်းအားစုတွေ ဖြစ်တဲ့ ဓာတ်မြေသြဇာစျေး၊ ပိုးသတ်စျေး၊ စက်သုံးဆီ၊ လယ်လုပ်သားစျေးတွေကျဖို့ လိုတယ်လို့ ပြောပါတယ်။

ခုနပြောတဲ့ သွင်းအားစုတွေ စျေးကျဖို့အတွက် ဒေါ်လာစျေးက တည်ငြိမ်နေဖို့လိုပြီး ဒေါ်လာစျေးရက်ပိုင်း ခဏစျေးကျရုံနဲ့ သွင်းအားစုတွေ စျေးပြန်ကျဖို့မလွယ်ကြောင်းလည်း ဆန်လုပ်ငန်းရှင်တစ်ဦးက ပြောပြပါတယ်။