'ရှင်က ကျွန်မရဲ့ဘုရားသခင်ပါ'' လို့ Deep Purple ရော့ခ်အဖွဲ့ကို ဂျပန်ဝန်ကြီးချုပ်ပြော

    • ရေးသားသူ, မိုင်ယာ ဒေဗီးစ်
  • ဖတ်ရန်အချိန်: မိနစ် ၅

ဗြိတိန်က ရော့ခ် တီးဝိုင်း Deep Purple ဟာ သူတို့ကို ကာလရှည်ကြာ အားပေးလာခဲ့တဲ့ စူပါ ပရိသတ်နဲ့ သောကြာနေ့မှာ ဆုံကြပါပြီ။ အခုတော့ ဂျပန်ဝန်ကြီးချုပ်ဖြစ်လာတဲ့ သူတို့အမာခံပရိသတ်နဲ့ တိုကျိုမြို့မှာဆုံကြတာပါ။

အပြင်းစား ရော့ခ် ဂီတကို စွဲမက်တဲ့ ဆာနာအိ တာကာအိချိက "ရှင်က ကျွန်မရဲ့ ဘုရားသခင်ပါ" လို့ တီးဝိုင်းက ဒရမ်တီးသူ အီရန် ပေ့စ်ကို ပြောလိုက်ပြီး သူ့ လက်မှတ်ထိုးထားတဲ့ ဂျပန်လုပ် ဒရမ်တီးတံ တစ်စုံကို ပေးအပ်ခဲ့ပါတယ်။

တာကာအိချိဟာ မူလတန်းကျောင်းမှာကတည်းက Deep Purple ပရိသတ်ဖြစ်ခဲ့ပြီး ဒီတီးဝိုင်းကို ဂုဏ်ပြုတဲ့တီးဝိုင်းမှာ သူ ငယ်စဥ်က ဒရမ်တီးခတ်ခဲ့ပါတယ်။

"ကျွန်မ ယောက်ျားနဲ့ ရန်ဖြစ်တဲ့နေ့တွေမှာ ကျွန်မ Burn သီချင်းကို တီးခတ်ခဲ့ပြီး သူ့ကို ကျိန်ဆဲနေလိုက်တယ်" လို့ အသက် ၆၅ နှစ်အရွယ် ကွန်ဆာဗေးတစ် ခေါင်းဆောင်က တိုကျိုက သူ့ရုံးခန်းထဲမှာ ဒီ တီးဝိုင်းက ဂီတ အနုပညာရှင်တွေကို ပြောပါတယ်။

Deep Purple အဖွဲ့ဟာ ရော့ခ် သီချင်းခွေ အယ်လ်ဘမ်တွေထဲ အကောင်းဆုံး တစ်ခုလို့ သတ်မှတ်ကြတဲ့ ဂျပန်ပြည်တွင်လုပ်သည်(Made in Japan) အယ်လ်ဘမ်ကို ၁၉၇၂ မှာ အသံသွင်းခဲ့တဲ့ ဂျပန်နိုင်ငံကို ပြန်လည်ကြရင်း ဂျပန်ဝန်ကြီးချုပ်ကို တွေ့ဆုံခဲ့ကြတာပါ။

"Deep Purple အဖွဲ့ ရောက်လာတာ ကျွန်မ ယုံတောင် မယုံနိုင်ဘူး" လို့ ဂီတ ပညာရှင်တွေကို အပြုံးနဲ့ ဆီးကြိုရင်း တာကာအိချိက ပြောပါတယ်။

"ရှင်တို့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရင်း ရော့ခ် ဂီတ သမိုင်းကို ဆက်ရေးနေတာ၊ ဒီနေ့အထိ ဖမ်းစားနေတဲ့ ဂီတကို ဖန်တီးခဲ့တာ စတာတွေ အတွက် သိပ်ကို နက်နက်ရှိုင်းရှိုင်း လေးစားမိပါတယ်" လို့ ဘာသာပြန်သူက တဆင့် သူက ပြောပါတယ်။

အခု ဖြေဖျော်ရေး ခရီးစဥ်ဟာ "ဂျပန်က ပရိသတ်တွေ ရင်ခုန် စိတ်လှုပ်ရှား ပျော်ရွှင်ကြလိမ့်မယ်" လို့ သူမျှော်လင့်ထားသလို ဗြိတိန်နဲ့ ဂျပန်ကြား ယဥ်ကျေးမှု ဖလှယ်မှု တိုးမြှင့်တာလို့လည်း ဝန်ကြီးချုပ်က ပြောပါတယ်။

ပေ့စ်က သူတို့ ဂျပန်ကို ပြန်လည်ရတာ သိပ်ကို စိတ်ချမ်းမြေ့စရာကောင်းပြီး ဒီတွေ့ဆုံပွဲကတော့ "အထူး ဆုလဒ်" ရတာလို့ ပြောပါတယ်။

ဒီတီးဝိုင်းအဖွဲ့က သူတို့ရဲ့အင်စတာဂရမ်မှာ "ဘဝ တသက်တာလုံး ဟတ် ရော့ခ် နဲ့ ဟဲဗီး မက်တယ်လ် ပရိသတ်ဖြစ်တဲ့ တာကာအိချိက Deep Purple ဟာ သူ့ အကြိုက်ဆုံး ဝိုင်းတွေထဲက တစ်ခုဖြစ်တယ်လို့ မကြာခဏ ပြောလေ့ရှိတယ်" လို့ ပို့စ်ရေးတင်ထားပါတယ်။

"သူက သူတို့ရဲ့ Machine Head အယ်လ်ဘမ်ကို ငယ်စဥ် မူလတန်းကျောင်းသူဘဝကတည်းက ဝယ်ယူနားဆင်တဲ့အကြောင်း တီးဝိုင်းအဖွဲ့သားတွေကို ပြောခဲ့ပါတယ်။"

Deep Purple ဟာ အင်္ဂလန်မှာ ၁၉၆၈ က စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး တခြားဗြိတိန်က ဟဲဗီး မက်တယ်လ် အဖွဲ့တွေ ဖြစ်တဲ့ Black Sabbath နဲ့ Led Zeppelin တို့နဲ့အပြိုင် နာမည်ကျော်ခဲ့ပါတယ်။

သူတို့ရဲ့ ၁၉၇၁ အယ်လ်ဘမ် Machine Head ထဲက Smoke on the Water က သူတို့ရဲ့ အကျော်ကြားဆုံး တေးဂီတလို့ ဆိုနိုင်ပါတယ်။

တာကာအိချိဟာ Deep Purple ဂုဏ်ပြု တီးဝိုင်းမှာ အစပိုင်းက ကီးဘုတ် တီးပြီး နောက်ပိုင်း တက္ကသိုလ် တက်တဲ့အချိန်လောက်မှာတော့ ဒရမ်တီးပါတယ်။ သူက ဒရမ်ကို ခပ်ပြင်းပြင်း ရိုက်ခတ် တီးတတ်လို့ ဒရမ်တီ တုတ်တံတွေ ကျိုးလေ့ရှိတာကြောင့် တုတ်တံ အပိုအမြဲဆောင်လေ့ရှိသူလို့လည်း သူ့ အသိုင်းအဝိုင်းက သိထားကြပါတယ်။

အောက်တိုဘာမှာ ရာထူးရယူပြီးကတည်းက နိုင်ငံတွင်း စီးပွားရေးက နှေးကွေးနေတာ၊ ကုန်စျေးနှုန်းတွေက တက်နေတာ။ တရုတ်နဲ့ သံတမန်ရေး တင်းမာနေတာ စတာတွေ ဖြစ်နေတဲ့ကြား Deep Purple ရဲ့ အလည်ခရီးက ဝန်ကြီးချုပ်အတွက် ကြိုဆိုစရာ အခိုက်အတန့် တစ်ခု ဖြစ်လို့ နေပါတော့တယ်။