ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကို ပါတီတချို့က လုံခြုံရေးအခြေအနေ တင်ပြ

ဓာတ်ပုံ ရင်းမြစ်, MWD
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး ရန်ကုန်မြို့မှာ နိုင်ငံရေးပါတီ ၇ ခု နဲ့ ဇူလိုင် ၂၀ ရက် က တွေ့ဆုံခဲ့ပြီး ပါတီစစ်ဆေးရေးလုပ်ငန်းတွေကို ဆောင်ရွက်ခဲ့ပါတယ်။
ရန်ကုန်တိုင်း၊ ပဲခူးတိုင်း နဲ့ ဧရာဝတီတိုင်း အခြေစိုက်ပါတီဥက္ကဋ္ဌတွေကို ရန်ကုန်မှာ ခေါ်တွေ့ခဲ့တာ ဖြစ်ပြီး ပါတီမှတ်ပုံတင်ပြီးလို့ ရက် ၉၀ အတွင်း ပါတီဝင်အင်အားတစ်သိန်းစုဖို့ နဲ့ ရက်ပေါင်း ၁၈၀ အတွင်း သတ်မှတ်ထားတဲ့ရုံးခန်းအရေအတွက်အတိုင်းဖွင့်ဖို့ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုး က ခေါ်ပြောတာဖြစ်ပါတယ်။
ကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုး နဲ့ တွေ့ခဲ့တဲ့ ပါတီတွေကတော့ ပြည်သူ့အလုပ်သမားပါတီ၊ မြန်မာနိုင်ငံတောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊အမျိုးသားဒီမိုကရေစီပါတီသစ်၊ ဒီမိုကရက်တစ်ပါတီ၊ ကရင်ပြည်သူ့ပါတီ နဲ့ ဖက်ဒရယ်ဒီမိုကရက်တစ်ပါတီတို့ ဖြစ်ကြပါတယ်။
ဒီပါတီတွေက မကြာသေးခင်ကမှ မှတ်ပုံတင်ချပေးထားတဲ့ ပါတီတွေ ဖြစ်ကြပါတယ်။
ပါတီရုံးခန်းဖွင့်ပြီးတဲ့အခါ ရွေးကောက်ပွဲကော်မရှင်၊ ထွေအုပ်နဲ့ စာရင်းစစ်အရာရှိတွေက စစ်ဆေးရေးဝင်ဦးမယ် လို့ ဦးသိန်းစိုး က ဇူလိုင် ၂၀ ရက် က ပြောပါတယ်။
ပါတီခေါင်းဆောင်တချို့က မြေပြင်မှာဖြစ်ပေါ်နေတဲ့ လုံခြုံရေးအခြေအနေတွေကို ကော်မရှင် ဥက္ကဋ္ဌ ကို တင်ပြခဲ့ကြတယ် လို့ တွေ့ဆုံပွဲမှာပါဝင်တဲ့ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဒေါ်သန်းသန်းနုက ဘီဘီစီကို ပြောပါတယ်။
မဲစာရင်းပြုစုတာအပါအဝင် ရွေးကောက်ပွဲဆိုင်ရာကိစ္စတွေကို ဆွေးနွေးခဲ့ကြပေမယ့် ရွေးကောက်ပွဲကျင်းပနိုင်မယ့် အချိန်ကာလကိုတော့ ကော်မရှင် ဥက္ကဋ္ဌက အတိအကျမပြောနိုင်ခဲ့ဘူး လို့ သိရပါတယ်။
‘’လုံခြုံရေးရှိလာမယ်။ လုံခြုံရေးရှိလာတဲ့အချိန် ရွေးကောက်ပွဲလည်း ရှိလာမှာပါလို့ ကော်မရှင် ဥက္ကဋ္ဌက ပြန်ပြောပါတယ်’’ လို့ ဒေါ်သန်းသန်းနုက ဘီဘီစီ ကို ပြောပါတယ်။
ရွေးကောက်ပွဲပွင့်လင်းမြင်သာမှုရှိအောင် မဲစာရင်းပြုစုတဲ့အခါမှာ နိုင်ငံရေးပါတီတွေကို ကိုယ်စားလှယ်အဖြစ် ပါဝင်ဆောင်ရွက်ခွင့်ပြုမယ် လို့ ကော်မရှင် ဥက္ကဋ္ဌက ပြောပါတယ်။
ကော်မရှင် ဥက္ကဋ္ဌ က နိုင်ငံရေးပါတီတွေကို ရွေးကောက်ပွဲမှာ အသုံးပြုဖို့ရည်ရွယ်ထားတဲ့ မဲပေးစက်မှာ စမ်းသပ်မဲပေးခိုင်းမယ် လို့ ပြောခဲ့တဲ့အကြောင်း တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ နိုင်ငံရေးပါတီတွေထံက သိရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, cincds
တစ်ဖက်မှာလည်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးရဲ့ လုပ်ဆောင်ချက်တွေဟာ လက်တွေ့မကျဘူးလို့ နိုင်ငံရေးသမားတချို့က ဝေဖန်ကြပါတယ်။
‘’မြေပြင်မှာ ကော်မရှင်အဖွဲ့ခွဲရုံးတွေ မလည်ပတ်နိုင်ဘူး။ သူတောင် တိုင်း ၃ ခု က ပါတီတွေကို ရန်ကုန်မှာ စု တွေ့နေရတာလေ။ ပါတီတွေကိုကျတော့ ရုံးခန်းတွေဖွင့်၊ အလံတွေလွှင့်ခိုင်းနေတယ်။ ပါတီဝင်တစ်သိန်းကရော ဒီအချိန်မှာဘယ်လိုရနိုင်မလဲ’’ လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဦးသိန်းစိုးဟာ ပါတီတချို့ကို တိုင်းစစ်ဌာနချုပ်တွေထဲမှာ လက်ခံတွေ့ဆုံတာတောင် ရှိခဲ့တာက လုံခြုံရေးအခြေအနေကို ထင်ဟပ်စေတယ် လို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MOI
ရှမ်းပြည်နယ် လားရှိုးမြို့ အခြေစိုက် ကိုးကန့်ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ နဲ့ လောက်ကိုင် အခြေစိုက် ရှမ်းပြည်ကိုးကန့်ဒီမိုကရက်တစ်ပါတီ တို့ကို ဦးသိန်းစိုးက ဇွန်လထဲမှာ လားရှိုးမြို့က နယ်မြေခံတပ်ဧည့်ရိပ်သာမှာ ခေါ်ယူ တွေ့ဆုံစစ်ဆေးခဲ့တာဖြစ်ပါတယ်။
ပါတီမှတ်ပုံတင်ဥပဒေသစ်အောက်မှာ ဇူလိုင် တတိယပတ်အထိ ၃၄ ပါတီအထိ မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး မှတ်ပုံတင်ကျတဲ့ ပါတီတွေကို ကော်မရှင်က လှည့်လည်စစ်ဆေးနေတာလည်း ဖြစ်ပါတယ်။
အသစ် ၁၃ ခု တည်ထောင်ခွင့်လျှောက်ထားခဲ့ပြီး ၈ ပါတီကို ကော်မရှင်က တည်ထောင်ခွင့်ပြုခဲ့ပြီး အဲဒီထဲက ပါတီ ၅ ခုက မှတ်ပုံတင် ကျပြီး ဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံရေး ပါတီ မှတ်ပုံတင် ဥပဒေသစ်အရ ပါတီပေါင်း ၆၃ ပါတီ မှတ်ပုံတင်ကြရာမှာ အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးတွေ ဦးဆောင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ဧပြီ ၂၀ ရက် မှာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ရဲ့ ပါတီမှတ်ပုံတင်ခွင့်ပြုချက်ကို ပထမဆုံးရတဲ့ ပါတီ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါပေမဲ့ ကြံ့ခိုင်ရေးပါတီဟာ ပါတီဝင်ထောင်ဂဏန်းအထိ အသတ်ခံထားရတဲ့ ပါတီလည်း ဖြစ်ပါတယ်။
ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ် ကြံ့ခိုင်ရေးရုံးလည်း ဇူလိုင် ၁၇ ရက်က မိုင်းထောင် ဖောက်ခွဲခံခဲ့ရပါတယ်။
နိုင်ငံရေးအခြေအနေ၊လုံခြုံရေးအခြေအနေနဲ့ စားဝတ်နေရေးအခြေအနေတွေကြောင့် ပြည်သူတွေကို ပါတီဝင်ဖို့ စည်းရုံးရတာ ခက်ခဲတဲ့အကြောင်း ပါတီခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
‘’တချို့ ပါတီခေါင်းဆောင်တွေ ဆို ရှောင်တိမ်းနေကြတာပဲလေ’’ လို့ အမည်မဖော်လိုတဲ့ ဝါရင့်နိုင်ငံရေးသမားတစ်ဦးက ပြောပါတယ်။
အထူးသဖြင့် စစ်ကောင်စီနဲ့ နီးစပ်တယ်လို့ အထင်ခံရတဲ့ ပါတီဥက္ကဋ္ဌ အများစုဟာ သူတို့လုံခြုံရေးကို အထူးသတိထားကြတဲ့အကြောင်း သူကပြောပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုင်းကျော်သူ ဧပြီလက ရန်ကုန်မှာသေနတ်ပစ်ခံရပြီး သေဆုံးခဲ့တဲ့နောက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တွေတောင် လုံခြုံရေးစိုးရိမ်နေခဲ့ကြတယ် လို့ သူက ဆက်ပြောပါတယ်။
စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို အာဏာပြန်လွှဲပေးမယ် လို့ ကတိပြုထားပေမဲ့ ရွေးကောက်ပွဲအချိန်ဇယားကို တိတိကျကျ မပြောတော့ပါဘူး။
လာမယ့် ဇူလိုင် လကုန်မှာ ကျင်းပမယ့် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီမှာ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ တစ်စုံတစ်ခု ရေရေရာရာ ကြားရလိမ့်မယ် လို့ နိုင်ငံရေးသမားတွေက မျှော်လင့်ထားကြပေမဲ့ မြေပြင်လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲကျင်းပဖို့ မဖြစ်နိုင်သေးတာကိုလည်း နားလည်လက်ခံထားတယ်လို့ ဆိုကြပါတယ်။








