ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇူလိုင် ၅ ရက်သတင်းများအနှစ်ချုပ်- လူနဲ့လိင်အမြတ်ထုတ်ခံရတဲ့မြန်မာအမျိုးသမီးတွေကို ထိုင်ဝမ်ရဲကယ်ဆယ်
ထိုင်ဝမ်တွေ ဦးဆောင်လည်ပတ်နေတဲ့ နိုင်ငံတကာလူကုန်ကူးနဲ့ လိင်ပိုင်းအမြတ်ထုတ်တဲ့ ပြည့်တန်ဆာဂိုဏ်းတစ်ခုကို ထိုင်ဝမ်အထူးစုံစမ်းရေး ရဲတပ်ဖွဲ့က စီးနင်းခဲ့ပြီး အဲဒီဂိုဏ်းထဲက မြန်မာအမျိုးသမီး ၉ ဦးကို ကယ်တင်နိုင်ခဲ့တယ်လို့ အထူးရဲအဖွဲ့ကနေ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက သတင်းထုတ်ပြန်ပါတယ်။
နောက်ဆက်တွဲအနေနဲ့ ထိုင်ဝမ်ရဲ့ လူဝင်မှုကြီးကြပ်ရေးအေဂျင်စီကနေ မှောင်ခိုဂိုဏ်းရဲ့ သံသယတရားခံ ၁၈ ဦးကို ဖမ်းဆီးထားပြီး မြန်မာအမျိုးသမီး ၉ ဦးအပါအဝင် သားကောင်ဖြစ်ခဲ့တဲ့သူတွေကို ခိုလှုံခွင့်နဲ့ ဥပဒေဆိုင်ရာအကူအညီတွေနဲ့ ဆက်စပ်ထောက်ပံ့မှုတွေ ပေးထားတယ်လို့ သိရပါတယ်။
၂၀၁၆ မတ်လကတည်းက ဖွဲ့စည်းထားတဲ့ ထိုင်ဝမ် မြို့တော် တိုင်ပေ စုံစမ်းစစ်ဆေးရေးရုံး၊ ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးတပ်ဖွဲ့၊ တောင်ယွမ်မြို့ရဲဌာနရဲ့ လူဇူးနယ်မြေ၊ ဝမ်ရှန်နဲ့ ထိုင်ချုံးမြို့နယ် ဟီပင်နယ်မြေ ရဲဌာနတို့အပါအဝင် ထိုင်ဝမ်ရဲအရာရှိ ၁၃၀ ကျော်နဲ့ ပူးပေါင်းဖွဲ့ထားတဲ့ အထူးစစ်ဆင်ရေးအဖွဲ့ကနေ ဒီဂိုဏ်းကိုဖြိုခွင်းခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
ဒီဂိုဏ်းကို ဖော်ထုတ်နိုင်ဖို့ မြန်မာအမျိုးသမီးတစ်ဦးဆီကနေ လမ်းစ ပေါ်ပေါက်ခဲ့တာဖြစ်ပြီး အဲဒီအမျိုးသမီးဟာ မှောင်ခိုဂိုဏ်းထဲကနေ စတိုးဆိုင်တစ်ခုဆီကို ထွက်ပြေးခဲ့ပြီး ကင်းလှည့်လာတဲ့ ရဲကားတစ်စီးကို အကူအညီတောင်းခံခဲ့တာလို့ အထူးစစ်ဆင်ရေးအဖွဲ့က ဆိုပါတယ်။
အထူးစစ်ဆင်ရေးအဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေအရ ဖြိုခွင်းစီးနင်းခံလိုက်ရတဲ့ အဲဒီအဖွဲ့ဟာ ၂၀၁၄ ခုနှစ်ကတည်းက မြန်မာ၊ ထိုင်းနဲ့ တခြားနေရာတွေမှာ "လစာမြင့် အလုပ်တွေ" ဆိုပြီး မက်လုံးပေးတဲ့ အလုပ်ခေါ်ကြော်ငြာတွေကို လူမှုကွန်ရက်တွေမှာ ဖြန့်ဝေပြီး အမျိုးသမီးငယ်တွေကို ဆွဲဆောင်နေခဲ့တာလို့ဆိုပါတယ်။
နိုင်ငံထဲကို အမျိုးသမီးငယ်တွေကို ခေါ်သွင်းပြီးနောက် လေယာဉ်ခနဲ့ ဗီဇာကြေးတွေ ပေးဆောင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ထိုင်ဝမ်ဒေါ်လာ ၁၁၀,၀၀၀ ကနေ ၁၈၀,၀၀၀ အထိ (မြန်မာငွေ သိန်း ၁၄၀ ကနေ သိန်း ၂၄၀ ကျော်ခန့်) အကြွေးတင်ခံရအောင်လုပ်တဲ့ပုံစံကျင့်သုံးပြီး မှောင်ခိုဂိုဏ်းကနေ ထိန်းချုပ်လိုက်တာလို့ အထူးစစ်ဆင်ရေးအဖွဲ့က ပြောပါတယ်။
အဲဒီဂိုဏ်းဟာ သားကောင်တွေရဲ့လှုပ်ရှားမှုတွေကို စောင့်ကြည့်ဖို့ စောင့်ကြည့်ကင်မရာတွေ တပ်ဆင်ခဲ့ပြီး၊ ကိုယ်ရေးကိုယ်တာ ပုံရိပ်တွေ ဖြန့်ဝေမှုနဲ့ မိသားစုတွေကို ခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့သလို ပြည့်တန်ဆာလုပ်ငန်းထဲ အတင်းအကျပ်ခိုင်းစေခဲ့ပြီး ရလာတဲ့ ငွေတွေကိုလည်း မှောင်ခိုဂိုဏ်းကပဲ အလွဲသုံးစားလုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အထူးစစ်ဆင်ရေးအဖွဲ့ရဲ့ ဖြိုခွဲစီးနင်းမှုအတွင်း ဇိမ်ခံကား တစ်စီး ၊ ငွေသား ထိုင်ဝမ်ဒေါ်လာ ၉၀,၀၀၀ ကျော် ၊ သေနတ်၂ လက် ၊ ဓား ၃ ချောင်း၊ ကွန်ပျူတာ ခြောက်လုံး ၊ မိုဘိုင်းဖုန်း ၈၀ ကျော် နဲ့ ငွေရေတွက်တဲ့ စက်တွေ၊ စောင့်ကြည့်ရေးပစ္စည်းတွေကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်ထဲမှာ စစ်ကြောင်းခွဲပြီး ရွာစဉ်လှည့်နေတဲ့ စစ်တပ်စစ်ကြောင်းတစ်ကြောင်းကို တော်လှန်ရေးအဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် စစ်ရေးတင်းမာနေတယ်လို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။
စစ်တပ်က မလှိုင်နယ်ထဲကို အင်အား ၃၀၀ ခန့်နဲ့ ဇွန်လ ဒုတိယ အပတ်စကလို့ ရွာစဉ်လှည့်နေတာဖြစ်ပြီး အဲဒီထဲက အင်အား ၁၀၀ ခန့်ပါတဲ့ စစ်ကြောင်းကို ဇူလိုင် ၂ ရက်မှာ မြင်းခြံခရိုင်အခြေစိုက် တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့တာလို့ သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အဲဒီ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက အိမ်ကြီးတောရွာ လမ်းပိုင်းမှာ တိုက်ခိုက်ခဲ့တာလို့လည်း သူက ပြောပါတယ်။
လက်ရှိမှာ စစ်တပ်ဟာ မလှိုင်မြို့ပေါ်နဲ့ ၃ မိုင်လောက်သာဝေးတဲ့ ပန်းအိုင်နဲ့ အိုင်မရိုးရွာဝန်းကျင်မှာ အင်အား ၃၀၀ ဝန်းကျင်နဲ့ အထိုင်ချ တပ်စွဲထားတယ်လို့ မလှိုင်နယ်ထဲက သတင်းတွေကို ဖော်ပြနေတဲ့ လူထုသတင်းကွန်ရက်အဖွဲ့ရဲ့တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
"အင်အား ၃၀၀ ကို စစ်ကြောင်း ၃ ကြောင်း လိုသလို ခွဲပြီး အနီးနားက ရွာတွေကို ဆက်ထိုးနေတယ်" လို့ သူက ဆိုပါတယ်။
စစ်ကြောင်းထိုးချိန်အတွင်း သက္ကယ်ကျင်းရွာခံ ၂ ဦး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်ရှိခဲ့သလို အိမ်ကြီးတောနဲ့ ရွာတန်းရှည်အပါအဝင် ရွာပေါင်း ၇ ရွာက အိမ်ခြေ ၄၀ နီးပါးလည်း မီးရှို့ဖျက်ဆီးခံလိုက်ရတယ်လို့ မလှိုင်ဒေသခံ တစ်ဦးက ဆိုပါတယ်။
မလှိုင်မြို့နယ်ဟာ စစ်တပ်အခြေစိုက် မိတ္ထီလာခရိုင်နဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်အားကောင်းတဲ့မြင်းခြံခရိုင်ကြားက လမ်းပေါ်မှာ ရှိပါတယ်။
စစ်တပ်က မိတ္ထီလာခရိုင်ထဲက မလှိုင်နယ်ကို စစ်ကြောင်းထိုးနေတာဟာ တစ်ဖက် နယ်မြေချင်းထိစပ်နေပြီး စစ်ရေးပြင်းထန်နေတဲ့မြင်းခြံခရိုင်ဘက်ကို စစ်ကူလို့မရအောင် ပိုင်းခြားလိုက်တဲ့သဘောလို့ မြင်းခြံခရိုင်အခြေစိုက် တော်လှန်ရေးတပ်တချို့က ပြောပါတယ်။
မြင်းခြံနဲ့ တောင်သာမြို့နယ်တွေကို စစ်တပ် စစ်ကြောင်းထိုးနေချိန် "နယ်မြေဆက်စပ်နေတဲ့ မလှိုင်ထဲက တော်လှန်ရေးအင်အားစုတွေကိုလည်း အင်အားစုစည်းလို့ မရအောင် ရှင်းလင်းတဲ့သဘော"လို့ မြင်းခြံခရိုင်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ထုတ်ပြောပါတယ်။
စစ်တပ်စစ်ကြောင်းထိုးတာ တစ်လနီးပါးရှိလာချိန်မှာ မလှိုင်နယ်ထဲက ရွာပေါင်း ၄၀ ဝန်းကျင်က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ရဲ့ မြင်းခြံခရိုင်စစ်ဌာနကတော့ ဇူလိုင် ၂ ရက်က ဖြစ်ခဲ့တဲ့ မလှိုင်နယ်ထဲက တိုက်ပွဲမှာ စစ်တပ်ဘက်က ၂ ဦး သေဆုံးပြီး ၁၀ ဦး လက်နက်ချသလို လက်နက်နဲ့ခဲယမ်းစတဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ဇူလိုင် ၃ ရက်မှာ သတင်းထုတ်ထားပါတယ်။
မြန်မာစစ်တပ်ကတော့ မလှိုင်ဒေသထဲက စစ်ရေးအခြေအနေနဲ့ပတ်သက်လို့ ဒီနေ့ ဇူလိုင် ၅ ရက်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။
ရခိုင်-ဧရာဝတီအစပ်မှာ စစ်တပ် ကာကင်း ၂ ခုကို အေအေ သိမ်းပြီးနောက် တိုက်ပွဲဆက်ပြင်းထန်နေ
ရခိုင်ပြည်နယ်နဲ့ ဧရာဝတီအစပ်က စစ်တပ်ရဲ့ပင်မ ၂၇၇ ပွိုင့်ကုန်းရဲ့ကာကင်းစခန်း ၂ ခုကို အာရက္ခတပ်တော်(အေအေ)သိမ်းပိုက်ပြီးနောက် ၂၇၇ ကုန်းကို အေအေက တိုက်ရိုက် ထိုးစစ်ဆင်နေတာကြောင့် နှစ်ဖက်တပ်ဖွဲ့တွေကြား တိုက်ပွဲ ဆက်ပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က အတည်ပြုပြောပါတယ်။
အေအေကတော့ သူတို့နဲ့ စစ်ဆိုင်ထားတဲ့နေရာတွေကို မြန်မာစစ်တပ်က အဝေးကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေသလို အသေခံဒရုန်းတွေနဲ့လည်း ဆက်ပြီးတိုက်ခိုက်နေလို့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မနေ့ ဇူလိုင် ၄ ရက်ညပိုင်းမှာ သတင်းထုတ်ပါတယ်။
ဇူလိုင်လ ပထမအပတ်အတွင်းမှာပဲ စစ်တပ်ရဲ့ကာကင်းစခန်းကုန်း ၂ ခုကို အေအေက သိမ်းခဲ့တာလို့ မနေ့ ဇူလိုင် ၄ ရက်မှာ သတင်းထုတ်ပါတယ်။
ရေကြည်မြို့နယ်ထဲက ၂၇၇ ပွိုင့်ကုန်းရဲ့အနောက်ဘက် မိုင်ဝက်ခန့်မှာ တပ်စွဲထားတဲ့ကာကင်းတပ်စခန်းကုန်းနဲ့ တာဝါတိုင် စခန်းကုန်းတို့ကို သိမ်းခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်ဘက်က ရုပ်အလောင်းတချို့နဲ့ လက်နက်ခဲယမ်းပစ္စည်းတချို့ကိုလည်း အေအေက သိမ်းဆည်းရမိခဲ့တယ်လို့ သတင်းထုတ်ပါတယ်။
အေအေသိမ်းလိုက်တဲ့ ကာကင်းစခန်းတွေကနေ ပွိုင့် ၂၇၇ တပ်စခန်းကုန်းဘက်ကို ဦးတည်ထွက်ပြေးသွားတဲ့ စစ်တပ်ရဲ့ အမှတ် ၁၀၈ ခြေမြန်တပ်ရင်း(ခမရ)ရဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း အေအေက လိုက်လံတိုက်ခိုက်နေတယ်လို့လည်း ဆိုပါတယ်။
ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းတုန်းကလည်း ရေကြည်မြို့နယ်ထဲက စစ်တပ်တပ်စွဲထားတဲ့ ပွိုင့်ကုန်း စခန်း ၃ ခုတို့ကို အကြိမ်ကြိမ် ထိုးစစ်ဆင်ပြီး သိမ်းပိုက်လိုက်ပြီလို့ အေအေက ပြောပါတယ်။
အေအေအနေနဲ့ တိုင်း၂ ခုအစပ်က ဒီပွိုင့်ကုန်းစခန်းတွေကို သိမ်းပိုက်နိုင်ရေးကြိုးပမ်းနေတာဟာ ရခိုင်ရိုးမတောင်ခြေနဲ့ ဧရာဝတီက ရေကြည်၊ ကျောင်းကုန်း၊ ငါးသိုင်းချောင်းစတဲ့ နယ်မြေတွေမှာ လှုပ်ရှားသွားလာနေတဲ့ စစ်တပ်ရဲ့ထောက်ပို့လမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ဖို့လို့ဆိုပြီး စစ်ရေးအကဲခတ်တစ်ဦးက ပြောပါတယ်။
အေအေကတော့ စစ်တပ်ဟာ ဧရာဝတီကနေတဆင့် အေအေထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်း ဂွမြို့နယ်ထဲ ပြန်ထိုးဖောက်နိုင်ဖို့ ဧရာဝတီနဲ့ ပုသိမ်အခြေစိုက် တပ်ရင်းတွေက ထုတ်နုတ်အင်အားရာချီနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။
တွံတေးတူးမြောင်းထဲ သင်္ဘော ၂ စင်း ဆိုင်တိုက်မှုမှာ ခရီးသည်တွေကို ကယ်ထုတ်ခဲ့တဲ့ရေလုပ်သား ပျောက်ဆုံးနေ
ရန်ကုန်တိုင်း၊ တွံ့တေးမြို့နယ်၊ မိုင် ၂၀ ရွာနဲ့ တွံတေးဝကျေးရွာအနီး တွံတေးတူးမြောင်းထဲမှာ မနေ့ညတုန်းက သင်္ဘော ၂ စင်း ခေါင်းချင်းဆိုင်တိုက်ပြီး သင်္ဘော ၁ စင်းနစ်မြုပ်ခဲ့မှုမှာ ရေလုပ်သားတစ်ဦး ပျောက်ဆုံးနေဆဲလို့ တွံတေးမြို့နယ် မီးသတ်တပ်ဖွဲ့က ဘီဘီစီကို ပြောပါတယ်။
တွံ့တေးတူးမြောင်း ရေမိုင် ၂၀ မှာ မနေ့ ဇူလိုင်ညပိုင်းက သင်္ဘော ၂ စင်းတိုက်မှုမှာ ဇော်မြင့်မြတ် ၁ လို့ခေါ်တဲ့ ခရီးသည်နဲ့ ကုန်တင်သင်္ဘော နစ်မြုပ်ခဲ့ပါတယ်။
အဲဒီသင်္ဘောပေါ်က လူပေါင်း ၃၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ပေမဲ့ ကယ်ဆယ်ရေးလုပ်ရာမှာပါဝင်တဲ့ ရေလုပ်သားတစ်ဦး ပျောက်ဆုံးနေဆဲလို့ တွံတေး မီးသတ်တပ်ဖွဲ့က ဇူလိုင် ၅ ရက်မှာ ပြောပါတယ်။
ပျောက်ဆုံးနေတဲ့ ရေလုပ်သားဟာ သင်္ဘောနစ်မြုပ်ခဲ့ပြီးနောက် သင်္ဘောပေါ်က ခရီးသည်တချို့ကို ကယ်ထုတ်တာတွေ လုပ်နေချိန်မှာပဲ ရုတ်တရက် ပျောက်သွားတာကြောင့် ရေစီးနဲ့ မျောပါသွားတာဖြစ်နိုင်တယ်လို့ သူက ရှင်းပြပါတယ်။
"သူ (ပျောက်ဆုံးရေလုပ်သား)က တခြားသူတွေကို ဆွဲထုတ်ပေးနေတာ မြင်လိုက်တဲ့ ခရီးသည်တွေရှိတယ်၊ ဆွဲထုတ်ရင်းနဲ့ ပျောက်သွားတာ" လို့ သူက ဖြည့်ပြောပါတယ်။
အဲဲဒီရေလုပ်သားဟာ နစ်မြုပ်သွားတဲ့ သင်္ဘောပေါ်မှာ လိုက်ပါလာတာဖြစ်ပြီး လက်ရှိ နစ်မြုပ်သွားတဲ့ သင်္ဘောကိုလည်း မဆယ်ယူရသေးဘူးလို့ သူက ထပ်ပြောပါတယ်။
"မမြှုပ်တဲ့သင်္ဘောကတော့ ခေါင်းပိုင်းနည်းနည်ထိသွားတယ်။ အဲနားမှာပဲ ကျောက်ချထားတယ်" လို့ သူကဆိုပါတယ်။
နစ်မြုပ်ခဲ့တဲ့ သင်္ဘောပေါ်က ရေယာဉ်လုပ်သား ၈ ဦးအပါအဝင် ခရီးသည်အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၁၅ ဦး စုစုပေါင်း ၃၁ ဦးကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ တွံတေးအရန်မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မိုးရာသီဖြစ်နေတာကြောင့် "ရေစီးသန်နေလို့ ကယ်ဆယ်ရေးတွေကို မနေ့ည ၁၁ နာရီလောက်မှာ ရပ်လိုက်တယ်"လို့ ကယ်ဆယ်ရေးဆောင်ရွက်ခဲ့တဲ့ တွံ့တေးမြို့နယ် မီးသတ်ဦးစီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
လက်ရှိ ရေလုပ်သား ၁ ဦး ပျောက်ဆုံးနေတဲ့ ပတ်သက်လို့ ကမ်းဘေးက ရွာတွေဘက်မှာ ရေစီးနဲ့မျောပါလာတာ ရှိမရှိ စောင့်ကြည့်သတင်းပေးဖို့ ဆော်ဩထားတယ်လို့လည်း တွံ့တေးမြို့နယ် မီးသတ်ဦးစီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။
မလှိုင်နယ်ထဲ ရွာစဉ်လှည့်နေတဲ့စစ်ကြောင်း ကြားဖြတ်အတိုက်ခံရလို့ စစ်ရေးတင်းမာနေ
အီရန်ခေါင်းဆောင် ခါမေနီရဲ့ဈာပနကို နေပြည်တော် လုံခြုံရေးအကြံပေး တက်ရောက်
အီရန်နိုင်ငံ၊ တီဟီရန်မြို့မှာ ပြုလုပ်နေတဲ့ အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီရဲ့ဈာပနပွဲကို နေပြည်တော်က အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အောင်စန်း တက်ရောက်နေတယ်လို့ အီရန်နိုင်ငံပိုင်သတင်းတွေက ဖော်ပြပါတယ်။
ဦးတင်အောင်စန်းကို စျာပနပွဲတက်ဖို့ နေပြည်တော်က အထူးကိုယ်စားလှယ်အဖြစ် စေလွှတ်ခဲ့တာလို့လည်း ဆိုပါတယ်။
မြန်မာနဲ့ အီရန်ဟာ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးပိတ်ဆို့မှုတွေကို ရင်ဆိုင်နေရတဲ့နိုင်ငံတွေဖြစ်ပါတယ်။
တဖက်မှာလည်း နေပြည်တော်ဟာ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးကို တီဟီရန်ကို လွှတ်ပြီး သမ္မတကျမ်းကျိန်ပွဲတက်ရောက်စေတာ၊ အီရန်ကလည်း စစ်ကော်မရှင်လက်ထက်မှာ မြန်မာအတွက် သူ့ရဲ့ သံတမန်အသစ်ကို ခန့်အပ်တာတွေ ပြုလုပ်ထားပါတယ်။
အမျိုးသားလုံခြုံရေးဆိုင်ရာအကြံပေးအဆင့်ရှိတဲ့ ဦးတင်အောင်စန်းကို အီရန်ခေါင်းဆောင်ရဲ့ဈာပနပွဲကို စေလွှတ်တာဟာ နှစ်နိုင်ငံကြားက စစ်လက်နက်ဆိုင်ရာနဲ့ ကာကွယ်ရေးပူးပေါင်းမှုတွေ မြှင့်တင်နိုင်ဖို့ အခွင့်အလမ်းတစ်ခုလည်းဖြစ်စေနိုင်တယ်လို့ မြန်မာစစ်တပ်ရဲ့ CDM အရာရှိဟောင်းတစ်ဦးက ထောက်ပြပါတယ်။
နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) ကလည်း အီရန်နိုင်ငံကနေ မြန်မာစစ်တပ်အတွက် လေယာဉ်ဆီလောင်စာတွေ ရောင်းချပေးနေတယ်လို့ အီရန်ကလာတဲ့ ဆီတင်သင်္ဘောလမ်းကြောင်းတွေကို အခု ၂၀၂၆ နှစ် အစောပိုင်းမှာပဲ ဖော်ထုတ်ရေးသားထားပါတယ်။
ခါမေနီရဲ့ ဈာပနအခမ်းအနားကို ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ရဲ့ အထူးသံတမန်နဲ့ ရုရှားလုံခြုံရေးကောင်စီရဲ့ဒုတိယဥက္ကဋ္ဌအဆင့်လည်း တက်ရောက်ခဲ့တယ်လို့ အီရန်သတင်းဌာနတွေက ရေးပါတယ်။
အလားတူ အီရန်နဲ့ အမေရိကန်-အစ္စရေးအရေးမှာ ကြားဝင်စေ့စပ်ညှိနှိုင်းမှုတွေလုပ်ခဲ့တဲ့ ပါကစ္စတန်နိုင်ငံရဲ့ဝန်ကြီးချုပ်အပြင် ယီမင်၊ တူရကီနိုင်ငံက ထိပ်တန်းအရာရှိအဆင့်တွေအပြင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်း ပန်ပရီးလည်း ဈာပနပွဲ တက်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။
အီရန်ခေါင်းဆောင် အယာတိုလာ ခါမေနီဟာ ဖေဖော်ဝါရီလကုန်ပိုင်းတုန်းက အမေရိကန်နဲ့ အစ္စရေးတို့ ပူးတွဲပြီး အီရန်ကို တိုက်ခိုက်မှုအတွင်း သေဆုံးသွားခဲ့တာဖြစ်ပါတယ်။
ခါမေနီရဲ့ ဈာပနအတွင်း အီရန်လူထုနဲ့ နှုတ်ဆက်ပွဲအခမ်းအနားကို တီဟီရန်ရဲ့ စံတော်ချိန် ဇူလိုင် ၄ ရက်နဲ့ ၅ ရက်မှာ ကျင်းပနေပြီး ဇူလိုင် ၆ ရက်မှာတော့ တီဟီရန်မြို့မှာ အဓိကဈာပနပွဲကို ကျင်းပမယ်လို့ အီရန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။
ဇူလိုင် ၇ ရက်မှာတော့ အီရန်ဦးသျှောင်ဟောင်းရဲ့ဈာပနအခမ်းအနားကို ခွန်(Qom) မြို့ကို ပြောင်းရွှေ့ကျင်းပမှာဖြစ်ပြီး နောက်ဆုံးဈာပန အခမ်းအနားကိုတော့ ဇူလိုင် ၉ ရက်မှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
NUG ထိန်းချုပ် အင်းတော်နယ် တစ်ခုလုံးနီးပါးကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်ပြီလို့ဆို
စစ်ကိုင်းတိုင်းအထက်ပိုင်းမှာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ထိန်းချုပ်ထားတဲ့ အင်းတော်မြို့နယ်တစ်ခုလုံးနီးပါးကို စစ်တပ်က ပြန်ပြီးထိန်းချုပ်လိုက်ပြီလို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ဇူလိုင်လ ၅ ရက်မှာ ပြောပါတယ်။
"မြို့ပေါ်နဲ့ တော်လှန်ရေးတပ်တွေ ခံစစ်ပြင်ထားတဲ့ ရွာအများစုကို စစ်တပ်ပြန်ရသွားတာ" လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
အင်းတော်မြို့အပါအဝင် မြို့နယ်ထဲမှာရှိတဲ့ရွာအများစုကို စစ်တပ်ပြန်ထိန်းချုပ်လိုက်တာလို့ သူက ဆိုပါတယ်။
စစ်တပ်က အင်းတော်မြို့ကို ဧပြီလထဲမှာ ပြန်ထိန်းချုပ်ခဲ့တာဖြစ်ပြီး ကသာမြို့ကနေ တက်လာတဲ့ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး ဝင်ရောက်ပြီး သိမ်းခဲ့တာလို့ သူက ရှင်းပြပါတယ်။
နေပြည်တော်ဘက်ကတော့ အင်းတော်ဒေသ စစ်ဆင်ရေးကာလအတွင်းမှာ တိုက်ပွဲကြီး၊ ငယ် ၃၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လေယာဉ်ပစ် စက်သေနတ်အပါအဝင် လက်နက်ခဲယမ်းတချို့နဲ့ အလောင်း ၇ လောင်းကို သိမ်းဆည်းရမိခဲ့တယ်လို့ ဇူလိုင် ၅ ရက် နိုင်ငံပိုင်သတင်းစာကနေ သတင်းထုတ်ပါတယ်။
စစ်တပ်က အင်းတော်မြို့နယ်ထဲက နတ်မဟုတ်လေး၊ နတ်မဟုတ်ကြီး၊ ဆည်ရွာ၊ လယ်နောင်၊ သံဘိုအပါအဝင် မြစ်ကြီးနား-ရွှေဘို ရထားလမ်းနဲ့ ကားလမ်းပေါ်က မဲဇာနဲ့ နန့်သဲစတဲ့ ကျေးရွာတွေကို ဇွန်လ နောက်ဆုံးအပတ်နဲ့ ဇူလိုင်ပထမအပတ်အတွင်း သိမ်းခဲ့တာလို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။
နှစ်ဖက်တပ် တိုက်ပွဲတွေကြား အင်းတော်မြို့နယ်ထဲက ဒေသခံထောင်နဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စစ်တပ်ကလည်း အင်းတော်ဒေသတစ်ခုလုံးထိန်းချုုပ်နိုင်ရေးအတွက် ရွာတွေကို ဆက်ပြီးထိုးစစ်ဆင်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်က ဆိုပါတယ်။
အင်းတော်မြို့ကို NUG နဲ့ ပူးပေါင်းတပ်တွေက ၈ လကြာထိုးစစ်ဆင်ပြီးနောက် ၂၀၂၅ ခုနှစ် ဧပြီမှာ ထိန်းချုပ်ခဲ့တာဖြစ်ပြီး ၁ နှစ်ကျော်အကြာမှာ အင်းတော်ဒေသထဲက နေရာအများစုကို စစ်တပ်က ပြန်ထိန်းချုပ်လိုက်တာဖြစ်ပါတယ်။
အင်းတော်မြို့နယ်ကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနဘက်က ဇူလိုင်လ ၅ ရက်မနက်ပိုင်းအထိ တစုံတရာ သတင်းထုတ်ပြန်တာတော့ မရှိသေးပါဘူး။