ဟော်မုဇ်ရေလက်ကြားမှာ ရေနံနဲ့ ကုန်တင်သင်္ဘောအသွားအလာ အားလုံး ပြန်ဖွင့်ပေးမယ်လို့ အီရန်ကြေညာ

ဖတ်ရန်အချိန်: မိနစ် ၁

လက်ဘနွန်မှာ အပစ်အခတ် ရပ်စဲထားချိန် ရေနံနဲ့ ကုန်တင်သင်္ဘောတွေအားလုံး ဖြတ်သန်းနိုင်ဖို့ ဟော်မုဇ် ရေလက်ကြားကို ပြန်ဖွင့်ပေးမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘာ့စ် အရက်ဂ်ချီ က ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဟော်မုဇ် ရေလက်ကြား ပြန်ဖွင့်တော့မယ် ဆိုတာကို သမ္မတ ထရမ့်ကလည်း ဆိုရှယ်မီဒီယာပေါ်မှာကျေးဇူးတင်စကားပြောပြီး အတည်ပြုခဲ့ပါတယ်။ ဒါပေမဲ့ ဟော်မုဇ် ရေလက်ကြားမှာ အမေရိကန်က ရေကြောင်းကနေ ပိတ်ဆို့ထားတာကိုတော့ အီရန်နဲ့ အပေးအယူ ၁၀၀ ရာခိုင်နှုန်း အကောင်အထည်ဖော်ပြီးချိန်အထိ အပြည့်အဝ ဆက်ထားထားမယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလက အီရန်ကို အမေရိကန်နဲ့ အစ္စရေးက တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အီရန်က ကမ္ဘာ့ ရေနံတင်သင်္ဘော အသွားအလာအများဆုံး ရေကြောင်းလမ်းကို ထိထိရောက်ရောက် ပိတ်ထားခဲ့အပြီး အခုသီတင်းပတ် အစောပိုင်းက အမေရိကန်က ဟော်မုဇ် ရေလက်ကြားကို ရေကြောင်းကနေ ပိတ်ဆို့မှု စလုပ်မယ်လို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်။

အီရန် ထောက်ခံအားပေးတဲ့ ဟက်ဇ်ဘိုလာအဖွဲ့နဲ့ အစ္စရေးအကြား ဆယ်ရက်ကြာ အပစ်အခတ် ရပ်စဲထားစဉ် သိန်းနဲ့ ချီတဲ့ လက်ဘနွန် စစ်ရှောင်တွေက နိုင်ငံတောင်ပိုင်းက သူတို့ရဲ့ နေရပ်မြေဆီ ပြန်သွားနေကြပါတယ်။ နောက်ထပ် တစ်ကျော့ပြန် စစ်ပွဲတွေ ထပ်ဖြစ်လာနိုင်တာကြောင့် စစ်ရှောင်တွေ နေရပ်မပြန်ကြဖို့ အစ္စရေးနဲ့ လက်ဘနွန် တပ်ဖွဲ့တွေ သတိပေးတားမြစ်ထားတဲ့ကြားက အခုလို ပြန်နေကြတာ ဖြစ်ပါတယ်။

ကြေညာချက် ထွက်အပြီး ရေနံစိမ်းစျေးတွေ ထိုးကျသွား

ကျန်တဲ့ အပစ်ရပ်ကာလအတွက် ဟော်မုဇ် ရေလက်ကြားမှာ ရေနံနဲ့ ကုန်တင်သင်္ဘော အသွားအလာတွေ အားလုံး ပြန်ဖွင့်ပေးမယ်လို့ အီရန် နိုင်ငံခြားရေးဝန်ကြီးက ထုတ်ဖော်ကြေညာခဲ့အပြီးမှာပဲ ရေနံစိမ်းစျေးတွေ ရုတ်တရက် ထိုးကျသွားခဲ့ပါတယ်။

အစောပိုင်းတုန်းက ဘရန့် ရေနံစိမ်း တစ်စည်ကို ၉၈ ဒေါ်လာစျေး ရှိနေရာကနေ ကြေညာချက် ထွက်ပေါ်လာပြီးပြီးချင်းမှာပဲ ဒေါ်လာ ၉၀ အောက်ကို ကျဆင်းသွားခဲ့ပါတယ်။

အီရန်စစ်ပွဲ မဖြစ်ခင်တုန်းက ဘရန့် ရေနံစိမ်းဟာ တစ်စည်ကို ဒေါ်လာ ၇၀ အောက်ပဲ ရှိခဲ့ပါတယ်။ မတ်လအစောပိုင်းက ဒေါ်လာ ၁၀၀ အထက်ကို တက်သွားခဲ့ပြီး အခုလနှောင်းပိုင်းမှာ ၁၁၉ ဒေါ်လာကျော်အထိ ထိုးတက်သွားခဲ့ပါတယ်။