ယော၊ဆောဒေသထဲ စစ်အင်အားဖြည့်တင်းမှုနဲ့ ချင်း-ရခိုင် စစ်ရေးဖိအား

တိုက်ပွဲဒေသတစ်ခုမှာတွေ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, တိုက်ပွဲဒေသတစ်ခုမှာတွေ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး (ပုံဟောင်း)
ရေးသားခဲ့သည်။
ဖတ်ရန်အချိန်: မိနစ် ၆

ချင်းတောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်ကို ဆက်သွယ်ထားတဲ့ မကွေး(ဆောဒေသ)က ကံကြီးရွာကို မြန်မာစစ်တပ်က ယောဒေသနဲ့ ချင်းတောင်ပိုင်းကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ရေးအခြေစိုက်အဖြစ် အသုံးပြုလာပါတယ်။

အိမ်ခြေ ၁၀၀ ဝန်းကျင်သာရှိတဲ့ ဒီရွာကို ဧပြီနှောင်းပိုင်းမှာ မြန်မာစစ်တပ်က ခြေကုပ်ယူတပ်စွဲခဲ့ပြီးနောက် ချင်းတောင်ပိုင်းကနေ ရခိုင်ဘက်အထိ စီးဆင်းနေတဲ့ ကုန်သွယ်ရေးလမ်းကြောင်းတွေပါ ရပ်ဆိုင်းလုနီး ဖြစ်သွားပါတယ်။

တချိန်တည်းမှာပဲ မကွေးတိုင်းထဲက ဂန့်ဂေါနဲ့ ထီးလင်းမြို့နယ်တွေမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ရှိလာသလို၊ ယောဒေသဘက်ကို ဦးတည်လာတဲ့ စစ်ကြောင်းလှုပ်ရှားမှုတွေကိုလည်း တွေ့လာရပါတယ်။

ဒါကြောင့် မကွေးနဲ့ ချင်းဘက်က တော်လှန်ရေးတပ်တွေဟာ ကံကြီးရွာမှာရှိတဲ့ စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို သတိထားစောင့်ကြည့်နေကြပါတယ်။ ဒေသ ၃ ခုကို ချိတ်ဆက်ထားတဲ့ ကံကြီးရွာဟာ ဘာကြောင့် ကုန်သွယ်ရေးနဲ့ စစ်ရေးအရ အရေးပါတဲ့ ဖြစ်လာလဲ။

ကံကြီးရွာ တည်ရှိမှုနဲ့ အရေးပါမှု

အိမ်ခြေ တစ်ရာဝန်းကျင်ရှိတဲ့ ကံကြီးကျေးရွာဟာ အခုဆို ကုန်စည်စီးဆင်းမှုရော စစ်‌ရေးအရပါ အချက်အချာကျတဲ့ နေရာမှာ ရှိနေပါပြီ

ဓာတ်ပုံ ရင်းမြစ်, ယောအလင်းတန်း

ဓာတ်ပုံ ပုံစာ, အိမ်ခြေ တစ်ရာဝန်းကျင်ရှိတဲ့ ကံကြီးကျေးရွာဟာ အခုဆို ကုန်စည်စီးဆင်းမှုရော စစ်‌ရေးအရပါ အချက်အချာကျတဲ့ နေရာမှာ ရှိနေပါပြီ

ကံကြီးရွာရှိတဲ့ ယောဒေသဟာ အနောက်ဘက်က ချင်းတောင်တန်းနဲ့ အရှေ့ဘက်က ပုံတောင်ပုံညာတောင်တန်းတို့ကြားမှာ တည်ရှိတဲ့ ကြားခံဒေသတစ်ခု ဖြစ်ပါတယ်။

ချင်းပြည်နယ်လို တောင်တန်းဒေသနဲ့ မကွေးတိုင်းလို မြေပြန့်ဒေသတို့ကို ဆက်သွယ်ထားတဲ့ ဒီဒေသဟာ ကုန်စည်သယ်ယူပို့ဆောင်ရေးနဲ့ စစ်ရေးလှုပ်ရှားမှုတွေအတွက် အရေးပါတဲ့ လမ်းကြောင်းတစ်ခုလည်း ဖြစ်နေပါတယ်။

ယောဒေသထဲမှာ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်တို့နဲ့ ကျောက်ထုမြို့ ပါဝင်ပြီး ကံကြီးရွာကတော့ ဆောမြို့နယ်အစပ်မှာရှိတဲ့ ကျေးရွာတစ်ရွာ ဖြစ်ပါတယ်။ ကံကြီးရွာဟာ ကျောက်ထုမြို့နဲ့ နီးကပ်သလို ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို ဆက်သွယ်ထားတဲ့ လမ်းဆုံနေရာမှာ တည်ရှိနေပါတယ်။

အဲဒီနေရာကနေ ဆောမြို့နယ်တဆင့် ကန်ပက်လက်ဘက်ကို သွားနိုင်သလို မင်းတပ်၊ မတူပီ၊ ပလက်ဝဘက်ကိုလည်း ဆက်သွားနိုင်ပါတယ်။ အဲဒီလမ်းကြောင်းတွေကနေ ရခိုင်ပြည်နယ် ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြားဒေသတွေအထိ ဆက်စပ်နေပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အခြားတစ်ဖက်မှာတော့ ကျောက်ထုမြို့တဆင့် ပေါက်၊ ဆိပ်ဖြူအပါအဝင် မကွေးတိုင်းထဲက မြို့နယ်တွေနဲ့ ချိတ်ဆက်ထားပြီး ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ) တွေရှိတဲ့ ဒေသတွေနဲ့လည်း ဆက်နွယ်နေပါတယ်။

ဒါကြောင့် ကံကြီးရွာဟာ ယောဒေသ၊ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တို့ကို ဆက်သွယ်ထားတဲ့ ဗျူဟာမြောက် လမ်းဆုံနေရာတစ်ခုအဖြစ် စစ်ရေးနဲ့ ထောက်ပံ့ရေးအရ အရေးပါလာနေပါတယ်။

ကံကြီးရွာကို ၂၀၂၁ ခုနှစ် နှောင်းပိုင်းကစပြီး ယောတပ်တော် (YA)၊ ယောကာကွယ်ရေးတပ် (YDF) နဲ့ NUG လက်အောက်ခံ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားခဲ့တယ်လို့ စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။

ကံကြီးရွာလမ်းဆုံနဲ့ ကျောက်ထုမြို့မှာရှိတဲ့ စစ်တပ်ရဲ့ အမှတ် ၃၆၈ အမြောက်တပ် (အမတ-၃၆၈) ဟာ တစ်မိုင်ဝန်းကျင်သာ ကွာဝေးပါတယ်။

ချင်းနဲ့ ယောဒေသ စစ်ရေးအရင်းအမြစ်တွေရဲ့ အဆိုအရ အမတ-၃၆၈ က ထွက်လာတဲ့ စစ်ကြောင်းဟာ ၂၀၂၆ ဧပြီ ၂၅ ရက်မှာ ကံကြီးရွာကို အင်အားအလုံးအရင်းနဲ့ ရောက်လာတာကြောင့် ရွာလမ်းဆုံမှာ ဂိတ်ဖွင့်ထားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက အင်အားမညီမျှလို့ ဆုတ်ခွာပေးခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီနောက် စစ်တပ်က ကံကြီးရွာ အထက်တန်းကျောင်းမှာ တပ်စွဲခဲ့တာကြောင့် ဆောမြို့နယ်၊ ချင်းပြည်နယ်တောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်အလယ်ပိုင်းကို သွားလာနေတဲ့ ကုန်ကားတွေလည်း ဖြတ်သန်းဖို့ အခက်အခဲတွေရှိခဲ့ပါတယ်။

"စစ်တပ် တပ်စွဲလိုက်တာကို မသိလိုက်တဲ့ ကုန်ကားတစ်စီးက ကံကြီးရွာကို ဖြတ်တော့ စစ်တပ်က ဖမ်းလိုက်တယ်။ အဲဒီနောက် တခြားကားတွေလည်း မဖြတ်တော့ဘူး။ နောက်ရက်မှာ အဖမ်းခံရတဲ့ကား ပြန်လွတ်လာပေမဲ့ ကံကြီးလမ်းဆုံကို ဘယ်သူမှ မသွားကြတော့ဘူး" လို့ ဆောမြို့နယ် ဒေသခံ ကိုမြင့်အောင် (အမည်လွှဲ) က ဘီဘီစီကို ပြောပါတယ်။

ကံကြီးရွာမှာ စစ်တပ်တပ်စွဲလိုက်ပြီးနောက် ရခိုင်နဲ့ ချင်းဘက်ကို ကုန်စည်စီးဆင်းမှု ရပ်တန့်သွားခဲ့တယ်လို့ ယောနဲ့ ရခိုင်ဒေသ အရင်းအမြစ်တွေက ပြောပါတယ်။

"မကွေး၊ ချင်း၊ ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းကို စစ်တပ်က ပိတ်ဆို့ထားလိုက်တဲ့ သဘောပဲ။ စစ်ရေးအရဆိုရင် ယောဒေသပြီးရင် မင်းတပ်ဘက်ကို ဆက်ဦးတည်လာနိုင်တယ်။ ချင်းတောင်ပိုင်းပြီးရင် ရခိုင်ကို ဆက်သွားပြီး အိန္ဒိယနယ်စပ်အထိပါ ရည်ရွယ်ထားပုံရတယ်" လို့ မြန်မာ့စစ်ဘက်ရေးရာနဲ့ လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ (MDSI) စစ်ဘက်ရေးရာတာဝန်ခံ ဗိုလ်မှူးနောင်ရိုးက ပြောပါတယ်။

စစ်ရေးလေ့လာသူတွေကတော့ စစ်တပ်ရဲ့ တပ်စွဲခြေကုပ်ယူမှုက ကျောက်ထုမှာရှိတဲ့ အမြောက်တပ်ကို ကာကွယ်ဖို့တင်မဟုတ်ဘဲ ယောဒေသထဲက အရေးပါတဲ့ လမ်းဆုံတစ်ခုကို ထိန်းချုပ်ဖို့ ကြိုးပမ်းချက်လို့ သုံးသပ်ကြပါတယ်။

မေလလယ်မှာ ကံကြီးလမ်းဆုံနဲ့ တစ်မိုင်ဝန်းကျင်အကွာက ကျောက်ထုမြို့ထဲကို မြန်မာစစ်တပ်ရဲ့ စစ်ကြောင်းတွေ ဦးတည်လာတဲ့အခါ ချင်းတောင်ပိုင်းနဲ့ ရခိုင်ပြည်နယ်ဘက်မှာလည်း စစ်ရေးသတိထားချက်တွေဖြစ်လာပါတယ်။

မင်းတပ်၊ ဆော နဲ့ ကျောက်ထုမြို့ကိုသွားတဲ့ လမ်းဆုံမှာ ရှိနေတာပါ။

ဓာတ်ပုံ ရင်းမြစ်, ယောအလင်းတန်း

ဓာတ်ပုံ ပုံစာ, မင်းတပ်၊ ဆော နဲ့ ကျောက်ထုမြို့ကိုသွားတဲ့ လမ်းဆုံမှာ ရှိနေတာပါ။

ယောဒေသကိုဘာကြောင့် စစ်ကြောင်းတွေဦးတည်နေ

ပဲခူးတိုင်းထဲ မောင်းနှင်နေတဲ့ စစ်ယာဉ်တန်း (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပဲခူးတိုင်းထဲ မောင်းနှင်နေတဲ့ စစ်ယာဉ်တန်း (ပုံဟောင်း)

ဆောမြို့နယ်၊ လောင်းရှည်မြို့ အခြေစိုက် အမှတ် ၂၅ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ) က စစ်ကား ၁၇ စီးပါတဲ့ စစ်ကြောင်းတစ်ကြောင်းနဲ့ ပေါက်မြို့နယ် အမှတ် ၂၄ ကာကွယ်ရေးပစ္စည်းစက်ရုံက ထွက်လာတဲ့ စစ်ကြောင်းတွေဟာ မေလလယ်ကစလို့ ကျောက်ထုမြို့ကို ဦးတည်လာပြီလို့ ဒေသတွင်း သတင်းတွေကို ဖော်ပြတဲ့ ယောအလင်းတန်းက ရေးပါတယ်။

အဲဒီစစ်ကြောင်း နှစ်ခုပေါင်းရင် အင်အား တစ်ထောင်ဝန်းကျင်ရှိနိုင်တယ်လို့ ဆိုပါတယ်။

ပေါက်ဒေသ ကထွက်လာတဲ့ စစ်ကြောင်းဟာ ပုံတောင်ခြေရင်း၊ ပေါက်မြို့နယ်နဲ့ ဆောမြို့နယ်အစက ကျောက်တံခါးရွာကို ရောက်နေပြီလို့ ယောနယ်ခံ သတင်းရင်းမြစ်က ပြောပါတယ်။ ပေါက်နယ် အစပ်ကနေ ကျောက်ထုမြို့ကြားမှာ တပြင်း၊ အညာပန်းပလွန်း၊ အကြည်ပန်းပလွန်း၊ သရက်ချဉ်၊ ပန်းဆန်ရွာတွေ ရှိပါတယ်။

ကံကြီးရွာကို စစ်တပ်တပ်စွဲပြီးနောက်ပိုင်းမှာ ချင်းဘက်ခြမ်းက မင်းတပ်မြို့နယ်ထဲကို လေကြောင်းဗုံးကြဲတာတွေ ဆက်တိုက်နီးပါးရှိခဲ့သလို ကင်းထောက်ဒရုန်းတွေ နေ့စဉ်နီးပါး ပျံနေတာကိုလည်း ဒေသခံတွေ မြင်တွေ့နေရတယ်လို့ ပြောကြပါတယ်။

"ကျောက်ထုကို လာမယ့် စစ်ကြောင်းတွေအတွက် ဒရုန်းတွေနဲ့ လုံခြုံရေးကင်းထောက်တာမျိုး၊ လမ်းကြောင်းရှင်းဖို့ ဗုံးကြဲတာမျိုး ဖြစ်နိုင်တယ်"လို့ ဆောမြို့ခံတစ်ဦးက ပြောပါတယ်။

ဒါဟာ ကံကြီးရွာထဲ တပ်စွဲထားတဲ့နေရာဝန်းကျင်နဲ့ ကျောက်ထုမြို့လမ်းတလျှောက်မှာ တော်လှန်ရေးတပ်တွေ ခြုံခိုတိုက်ခိုက်နိုင်တဲ့နေရာ၊ ခိုအောင်းနိုင်တဲ့ နေရာတွေလို့ ယူဆပြီး ကြိုတင်ပိတ်ပင်တားဆီးဖို့ ရည်ရွယ်တာလို့ ယောနယ်က စစ်ရေးအရင်းအမြစ်တွေ သုံးသပ်ပါတယ်။

ဒါ့အပြင် စစ်ရေးအရင်းအမြစ် နှစ်ဦးနဲ့ ဒေသခံ နှစ်ဦးကို မေးမြန်းကြည့်ချက်အရ စစ်လေယာဥ်တွေ အုပ်စုလိုက်လာပြီး လေကြောင်းဗုံးကြဲတာတွေရှိတယ်လို့ဆိုပါတယ်။

''အရင်က လေကြောင်းဗုံးကြဲရင် စစ်လေယာဉ်တစ်စီးပဲလာတာ စစ်တပ်က ကံကြီးရွာကို တပ်စွဲပြီးနောက်ပိုင်း အနည်းဆုံး လေယာဉ် ၃ စီးလောက် အုပ်စုလိုက် လာပြီးမှ ဗုံးကြဲတာ''လို့ ဒေသခံကပြောပါတယ်။

ပြီးခဲ့တဲ့ ဧပြီလနှောင်းပိုင်းမှာ ကျောက်ထုမြို့ထဲက အမတ-၃၆၈ နဲ့ လေယာဉ်ကွင်းအနီးတဝိုက်ကို ရိက္ခာနဲ့ လက်နက်ခဲယမ်းလို့ ယူဆရတဲ့ အထုတ်တွေ လေထီးတွေနဲ့ ချပြီး ပို့ဆောင်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေ ဖော်ပြနေတဲ့ "ယောအလင်းတန်း" က ထုတ်ပြန်ထားပါတယ်။

အဲဒီအထုတ်တချို့ကို လေထီး ၂ ခု၊ တချို့ကို ၃ ခုနဲ့ ချည်နှောင်ပြီး ကြဲချခဲ့တယ်လို့ ဆိုပါတယ်။

ကျောက်ထုမှာ လေယာဉ်ကွင်းရှိပေမဲ့ လုံခြုံရေးအခြေအနေကြောင့် စားနပ်ရိက္ခာနဲ့ စစ်သုံးပစ္စည်းတွေကို လေကြောင်းကနေသာ ပို့ဆောင်နေရတာဖြစ်တယ်လို့ ယောဒေသ စစ်ရေးအရင်းအမြစ်တွေနဲ့ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က ပြောပါတယ်။

ကျောက်ထုကို အခုလို လေကြောင်းကနေ ရိက္ခာနဲ့ စစ်သုံးပစ္စည်းတွေ ချပေးတာဟာ ဧပြီမတိုင်ခင်အထိ တစ်လတစ်ကြိမ် ဒါမှမဟုတ် နှစ်လတစ်ကြိမ်ခန့်သာ ရှိခဲ့ပေမဲ့ ဧပြီ ၂၅ ရက်နောက်ပိုင်းမှာတော့ တစ်ပတ်အတွင်း ၃ ကြိမ်အထိ ပို့ဆောင်လာခဲ့တယ်လို့ သိရပါတယ်။

ယောဒေသထဲက ထီးလင်းမြို့မှာတော့ တပ်ရင်းအခြေစိုက်ထားတာ မရှိဘဲ ဒေသလုံခြုံရေး၊ လမ်းကြောင်းထိန်းချုပ်ရေးနဲ့ အုပ်ချုပ်ရေးအတွက် ရဲစခန်းနဲ့ မြို့ပတ်လည် တပ်စွဲနေရာတွေ ရှိနေပါတယ်။ ထီးလင်းကိုလည်း မေလဆန်းပိုင်းမှာ လေကြောင်းကနေ ရိက္ခာတွေ လာရောက်ချထားခဲ့တယ်လို့ ယောဒေသ စစ်ရေးအရင်းအမြစ်တွေက ပြောပါတယ်။

ဂန့်ဂေါမြို့မှာတော့ အမှတ် ၅၀ ခြေလျင်တပ်ရင်းနဲ့ အမှတ် ၃၇၁ အမြောက်တပ်တို့ အခြေစိုက်ထားပါတယ်။ အဲဒီတပ်တွေကို လေကြောင်းကနေ ရိက္ခာနဲ့ လက်နက်ပစ္စည်းတွေ ပို့ဆောင်တာ မတွေ့ရသေးပေမယ့် လေကြောင်းဗုံးကြဲတိုက်ခိုက်တာတွေတော့ ရှိနေတယ်လို့ ကိုစိုးဝင်းအောင် (အမည်လွှဲ) က ပြောပါတယ်။

စစ်တပ်ရဲ့ စစ်ကြောင်းတွေဟာ ယောဒေသကို လွယ်လွယ်ကူကူနဲ့ ဖြတ်သန်းသွားလို့မရအောင် ယောနယ်တော်လှန်ရေးတပ်တွေက ပြင်ဆင်နေတယ်လို့ နားလည်ရပါတယ်။

ယောနယ်က ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF၊ ယောတပ်တော် - YA ၊ ယောကာကွယ်ရေးတပ် (YDF) စတဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ ချင်းတော်လှန်ရေးတပ်တွေအကြား ဘယ်လို စုဖွဲ့သွားမယ်ဆိုတာကိုတော့ ထုတ်မပြောကြပါဘူး။

ချင်းပြည်နယ်ကို ဦးတည်ဖို့ ယောနယ်ကို စစ်တပ်က အရင်ဖြတ်သန်းရမှာဖြစ်ပေမယ့် ချင်းတော်လှန်ရေးအဖွဲ့တွေကလည်း စစ်တပ်ရဲ့ လှုပ်ရှားမှုတွေကို စောင့်ကြည့်နေကြပါတယ်။

ချင်း၊ ရခိုင်အတွက် သတိပေးမြည်သံ

ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, Yaw Info

ဓာတ်ပုံ ပုံစာ, ဂန့်ဂေါခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ

ချင်းပြည်နယ်အစပ် ယောဒေသထဲကို စစ်တပ်က အင်အားအလုံးအရင်း ဖြည့်တင်းလာတာကြောင့် ချင်းပြည်နယ်တောင်ပိုင်းဘက်ကို စစ်ရေးဦးတည်ချက် ရှိလာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်ပေါ်လာပါတယ်။

ချင်းတောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ယောဒေသထဲက ကံကြီးရွာကို စစ်တပ် ဝင်ရောက်ခဲ့တဲ့ ဧပြီ ၂၅ ရက်မှာပဲ ချင်းပြည်နယ်မြောက်ပိုင်းက ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။ အဲဒီဖလမ်းမြို့ဟာ ချင်းညီနောင်အဖွဲ့တွေ သိမ်းပိုက်ထားခဲ့တဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်။

ဒါ့အပြင် CNA ထိန်းချုပ်ထားတဲ့ တွန်းဇံမြို့နယ်ဘက်ကိုလည်း မေ ဒုတိယပတ်အတွင်း စစ်ကြောင်းထိုးလာတာကြောင့် CDF-တွန်းဇံ အပါအဝင် ချင်းတော်လှန်ရေးတပ်ဖွဲ့တွေ စစ်ရေးအသင့်ပြင်ထားတယ်လို့ ချင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။

ချင်းမြောက်ပိုင်းမှာ စစ်ရေးတင်းမာမှုတွေ ရှိနေချိန် တစ်ပြိုင်နက်တည်းမှာပဲ ချင်းတောင်ပိုင်းဘက်ကိုလည်း စစ်ရေးဖိအား တိုးလာနိုင်တယ်လို့ စစ်ရေးစောင့်ကြည့်သူတွေက သုံးသပ်ပါတယ်။

စစ်တပ်ဟာ ချင်းမြောက်ပိုင်းကို စစ်ကြောင်းထိုးနေချိန် တစ်ဖက်မှာလည်း ပေါက်မြို့နယ်ကနေ ကျောက်ထုမြို့ဘက်ကို စစ်အင်အားဖြည့်တင်းဖို့ ကြိုးစားနေတယ်လို့ ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမန်က သူ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

ကျောက်ထုကို စစ်တပ် အင်အားအလုံးအရင်း ရောက်ပြီးမှ လေယာဉ်ကွင်းကို ကောင်းကောင်း အသုံးပြုနိုင်မှာဖြစ်တယ်လို့ သူက မှတ်ချက်ပြုထားပါတယ်။

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ဘက်မှာ စစ်ရေးပြင်ဆင်မှုနဲ့ ပတ်သက်ပြီး ဘီဘီစီက ကိုယောမန်ကို မေးမြန်းတဲ့အခါ "ချင်းတောင်ဘက်ကို စစ်‌‌ရေးပြင်လာဖို့ကိုလည်း တွေ့နေရတယ်။ စစ်တပ်ရဲ့ ခြေလှမ်းတွေကိုတော့ ခုခံဖို့ စုစည်းပြင်ဆင်နေပါတယ်"လို့ မေ ပထမပတ်မှာ ပြောပါတယ်။

စစ်တပ်ဟာ မင်းတပ်ကိုပဲ ဦးတည်တာတင်မက ချင်းတောင်ပိုင်းနဲ့ ဆက်စပ်နေတဲ့ ရခိုင်ပြည်နယ်ဘက်ကိုပါ ဆက်သွားနိုင်တယ်လို့ ကိုယောမန်က ဘီဘီစီကို ပြောပါတယ်။

မကွေး-ချင်းအစပ်က ကံကြီးရွာကို စစ်တပ်က ပိတ်ဆို့လိုက်ပြီးနောက်ပိုင်း ရခိုင်ပြည်နယ်ထဲက အာရက္ခတပ်တော်- AA ထိန်းချုပ်ထားတဲ့ မြို့နယ်တော်တော်များများမှာ ကုန်ဈေးနှုန်းတွေ တစ်ဝက်နီးပါး မြင့်တက်သွားတယ်လို့ စစ်ဘေးရှောင်အရေး ကူညီပေးနေတဲ့ ကိုဝေဟင်အောင်က ပြောပါတယ်။

AA ပါဝင်တဲ့ မဟာမိတ်ညီနောင် ၃ ဖွဲ့ထဲက ကိုးကန့်တပ်- MNDAA နဲ့ တအာင်းတပ်-TNLA တို့ဟာ စစ်တပ်နဲ့ ပစ်ခတ်ရပ်စဲပြီးနောက်ပိုင်း ရှမ်းမြောက်ပိုင်းမှာ သုံးခဲ့တဲ့ စစ်အင်အားတွေဟာ ရခိုင်ပြည်နယ်ထဲကို နေရာပေါင်းစုံကနေ ဝင်ရောက်နိုင်ဖို့ ကြိုးစားနေတာဖြစ်တယ်လို့ စစ်ရေးအရင်းအမြစ်တွေက သုံးသပ်ကြပါတယ်။

ရခိုင်ပြည်နယ်နဲ့ ဆက်စပ်နေတဲ့ ဂွမြို့နယ်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက ငါးသိုင်းချောင်း၊ မကွေးတိုင်းနဲ့ ချိတ်ဆက်နေတဲ့ အမ်း-ပဒါန်းလမ်းလမ်းပိုင်း၊ တောင်ကုတ်နဲ့ ဆက်စပ်နေတဲ့ ပဲခူးတိုင်းထဲကပန်းတောင်းမြို့နယ်တွေထဲမှာ တိုက်ပွဲတွေ ရှိနေတာပါ။

"တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့ တခြားမြို့နယ်တွေကို စစ်တပ်က သိမ်းနိုင်တာတွေ ရှိပေမဲ့ ရခိုင်ပြည်နယ်ထဲကို သူတို့လုံးဝခြေချလို့ မရသေးဘူး။ ဒီတော့ ဝင်လို့ရနိုင်မယ်ထင်တဲ့နေရာ သူတို့ ကြိုးစားမှာပဲ"လို့ ရခိုင်စစ်ရေးအရင်းအမြစ်က ပြောပါတယ်။

ဒါ့ကြောင့် ကံကြီးရွာကနေ တက်လာမယ့် စစ်ကြောင်းဟာ ရခိုင်ပြည်နယ်ထဲကို တိုက်ရိုက်ဝင်ရောက်လာနိုင်တာ မရှိသေးပေမယ့် အာရက္ခတပ်တော်- AA ဘက်ကလည်း စစ်ရေးဗျူဟာတွေ ကြိုတင် ချမှတ်ထားလိမ့်မယ်လို့ စစ်ရေး အကဲခတ်တွေက ပြောကြပါတယ်။