ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဇူလိုင် ၂၅ ရက်သတင်းများအနှစ်ချုပ်- မန္တလေးတိုင်း ပကဖတာဝန်ခံ ရှမ်းအရှေ့မှာ ဖမ်းဆီးခံရ
ရှမ်းပြည်နယ်အရှေ့ပိုင်းက မိုင်းလားမှာ NUG မန္တလေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တာဝန်ခံဖမ်းဆီးခံရတယ်လို့ ပကဖသတင်းအရင်းအမြစ်က ဘီဘီစီကိုပြောပါတယ်။
ဒေသတွင်းသတင်းဖော်ပြချက်တွေအရ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်ထဲက စစ်တပ်ဂိတ်မှာ ဇနီးဖြစ်သူ အရင်ဖမ်းခံရပြီးမှ မိုင်းလားနယ်ထဲရောက်နေတဲ့ ပကဖတာဝန်ခံ ဆက်ဖမ်းဆီးခံရတာလို့ ဆိုပါတယ်။
အထူးဒေသ ၄ မိုင်းလားရဲ့ အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော်(NDAA) က ဇူလိုင် ၂၃ ရက်မှာ ဖမ်းဆီးပြီး စစ်တပ်လက်ထဲလွှဲပြောင်းပေးလိုက်တယ်လို့ ဒေသတွင်းသတင်းဖော်ပြချက်ကို အတည်ပြုဖို့ NDAA သတင်းပြန်ကြားရေးဌာနကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
ပကဖတာဝန်ခံ ဖမ်းဆီးခံရမှုနဲ့ပတ်သက်လို့ NUG ကိုလည်း ဘီဘီစီက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။
NUG ပကဖတာဝန်ခံဖမ်းဆီးခံရတဲ့ ရှမ်းအရှေ့ပိုင်းဒေသက မိုင်းလားနဲ့ ဝတပ်ဖွဲ့တွေကို ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ညှိနှိုင်းမှုကော်မတီအဖွဲ့က ဇွန်လထဲမှာ သွားရောက်တွေ့ဆုံခဲ့ပါသေးတယ်။
ဒီတွေ့ဆုံမှုအတွင်း အထူးဒေသ ၄ အနေနဲ့ တိုင်းရင်းသား အဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး နိုင်ငံရေးရည်မှန်းချက်ကို စွဲမြဲစွာ ဆုပ်ကိုင်ထားတယ်လို့ NDAA ဥက္ကဋ္ဌ ဦးထိန်လင်းက ထည့်ပြောတယ်လို့ မိုင်းလားအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
လူကြိုက်များတဲ့ Ovaltine၊ Nescafe နဲ့ Downy ဆပ်ပြာရည်ထုပ်အတုသန်းချီဖမ်းမိ
နာမည်ကြီးအမှတ်တံဆိပ်တွေဖြစ်တဲ့ Ovaltine၊ Nescafeနဲ့ Downy ဆပ်ပြာရည်အတု အထုပ်ပေါင်း ၂ သန်းကျော်ကို ဖမ်းဆီးရမိတယ်လို့ ထိုင်း အထူးစုံစမ်းစစ်ဆေးရေးဗျူရိုက ဇူလိုင် ၂၄ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီအမှတ်တံဆိပ်တွေဟာ မြန်မာမှာလည်း လူကြိုက်များတဲ့ တံဆိပ်တွေဖြစ်ပါတယ်။
ဒါအပြင် ပစ္စည်းအတုထုတ်လုပ်သူ ၄ ဦးနဲ့အတူ စက်ပစ္စည်းတွေလည်း ဖမ်းဆီးရမိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရဲ့ သွန်ဘူရီအရပ်က စီးပွားရေးသမားတွေနဲ့ ဒေသခံတွေရဲ့ တိုင် ကြားချက်အရ ထိုင်းအာဏာပိုင်တွေက ခြေရာခံဖမ်းဆီးလိုက်တာပါ။ Ovaltine၊ Nescafeနဲ့ Downy အတုတွေကို သက်သာတဲ့ လက္ကားဈေးနှုန်းထားနဲ့ အရောင်းဝန်ထမ်းအယောင်ဆောင်ထားတဲ့ လူတစ်စုက လှည့်လည်ရောင်းချနေတာလို့ ဆိုပါတယ်။
သူတို့ကိုခြေရာခံပြီး ဒီပစ္စည်းတွေထားရှိတဲ့ ဆာရာဘူရီက သိုလှောင်ရုံကို သိရှိခဲ့တာဖြစ်ပါတယ်။ ဒီလို လူကြိုက်များတဲ့စားသောက်ကုန်နဲ့ လူသုံးကုန်အတု သန်းချီဖမ်းဆီးရမိထားတာကြောင့် အာဏာပိုင်တွေကတော့ ဈေးကွက်ထဲမှာ တန်ကြေးထက် နိမ့်လွန်းတဲ့ ဈေးနဲ့ရောင်းချတဲ့ ပစ္စည်း တွေကို ဝယ်ယူတာမလုပ်ဖို့ သတိပေးထားပါတယ်။
ပုဏ္ဏားကျွန်းမှာ မိန်းကလေးတစ်ဦးလက်ထိပ်ခတ်အသတ်ခံရမှု သံသယတရားခံတွေ ဖမ်းထား
အာရက္ခတပ်တော်ထိန်းချုပ်နယ်မြေဖြစ်တဲ့ ပုဏ္ဏားကျွန်းမြို့နယ်မှာ အမျိုးသမီးတစ်ဦးလက်နောက်ပြန်အနေအထားနဲ့ လက်ထိပ်ခတ်ခံရပြီးအသတ်ဖြတ်ခံရတဲ့ အမှုရဲ့ သံသယတရားခံ ၃ ဦးကို ဖမ်းဆီးထားတယ်လို့ အေအေရဲတပ်ဖွဲ့(ဒီလပ်)က ထုတ်ပြန်ပါတယ်။
ရခိုင်လူထုအကြား လူပြောများနေကြတဲ့ ဒီအမှုရဲ့ သံသယတရားခံတွေနဲ့ ပတ်သက်တဲ့ အချက်အလက်ကိုတော့ ဇူလိုင် ၂၄ ရက်အထိထုတ်ပြန်ချက်ဖော်ပြထားတာမရှိပါဘူး။
ဇူလိုင် ၂၂ ရက်မှာ အလောင်းကို တန်းစွယ်ရွာအနီးက ဥယျာဥ်ခြံထဲမှာ အမျိုးသမီးတစ်ဦးက တွေ့ရှိတာလို့ ဒီလပ်က ဆိုပါတယ်။
ထုတ်ပြန်လာတဲ့ ဓာတ်ပုံအရ အလောင်းမှာ အပေါ်အဝတ်သာပါပြီး ပျက်စီးစပြုနေပြီ ဖြစ်ပါတယ်။
ပုဏ္ဏားကျွန်းလူငယ်အစည်းအရုံးရဲ့ ဇူလိုင် ၂၄ ရက်ထုတ်ပြန်ချက်မှာတော့ သေဆုံးသူဟာ အသက် ၂၄ နှစ်သာရှိသေးတာ တွေ့ရပါတယ်။
ဇူလိုင် ၁၈ ရက်ကတည်းကပျောက်ဆုံးနေတာလို့လည်း ဖော်ပြထားတာပါ။
"မိန်းကလေးတစ်ယောက်ကို ဒီလိုရက်ရက်စက်စက်သတ်တာ ဘယ်လိုမှ လက်ခံနိုင်စရာမရှိတဲ့လုပ်ရပ်ပါ။ အရင်အမှုတွေလို အချိန်အကြာကြီးမဆွဲဘဲနဲ့ တကယ့်တရားခံအစစ်ကို အချိန်တိုအတွင်း အမိန့်ချမှတ်စေချင်ပါတယ်" လို့ ပုဏ္ဏားကျွန်း လူငယ်အစည်းအရုံးရဲ့ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒေသခံတွေကြားမှာလည်း ဒီလပ်ကဖမ်းဆီးထားတဲ့ သံသယတရားခံတွေက ဘယ်သူတွေဖြစ်တယ်ဆိုတာ မသိကြဘူးလို့ ဆိုပါတယ်။
ဘန်ကောက် BTS ပေါ်က လူငယ်တွေရဲ့အပြုအမူအတွက် အီတလီသံရုံး တောင်းပန်
အီတလီ နိုင်ငံသားလူငယ်တစ်စုရဲ့ BTS ပေါ်က လုပ်ရပ်အတွက် အထူးစိတ်မကောင်းသလို ဖြစ် စဥ်ကြောင့် ထိခိုက်စေခဲ့သူအားလုံးနဲ့ ထိုင်းနိုင်ငံသားတွေကို စိတ်ရင်းနဲ့တောင်းပန်ပါတယ်လို့ ဘန်ကောက်အခြေစိုက် အီတလီသံရုံးက လွန်ခဲ့တဲ့နာရီပိုင်းက ထုတ်ပြန်ပါတယ်။ ကျောင်းလေ့လာရေးခရီးစဥ်အဖြစ်လာရောက်တဲ့ လူငယ်တစ်ခုဟာ အသံကျယ်ကျယ်လောင်လောင်နဲ့ စကားပြောဆိုနေတာကို ထိုင်းအမျိုးသမီးတစ်ဦးက အသံလျှော့ဖို့ အသိပေးကာ ရုပ်သံရိုက်ယူခဲ့ပြီး အချေအတင်စကားများခဲ့ကြပါတယ်။
ဒီရုပ်သံထဲက လူငယ်တွေရဲ့အပြုအမူအပြောအဆိုနဲ့ ပတ်သက်လို့ အမြင်အမျိုးမျိုးကွဲပြားပြီး ဝေဖန်မှုတွေမြင့်တက်လာတာဖြစ်ပါတယ်။
ဖြစ်စဥ်အပေါ် လူပြောများလာတဲ့နောက်မှာတော့ အီတလီလူငယ်တွေရဲ့ ထိုင်းခရီးစဥ်ကို တာဝန်ယူထားတဲ့ ခရီးသွားအေဂျင်စီဘက်က မနေ့က တောင်းပန်စာထုတ်ခဲ့ပါတယ်။
BTS ကုမ္ပဏီကလည်း ခရီးသည်တွေအနေနဲ့ လိုအပ်တာထက် အသံကျယ်လောင်ရင် စည်းမျဥ်းအရ ဒဏ်ငွေ ဘတ် ၅၀၀ ရိုက်မှာဖြစ်ပြီး ရထားဆက်လက်လိုက်ပါစီးနင်းခွင့်ပါ ဆုံးရှုံးနိုင်တယ်လို့ ကြေညာပါတယ်။
မြန်မာမှာလည်း DEMU ရထားသစ်နဲ့ ပြေးဆွဲတဲ့ ခရီးစဥ်မှာ တခြားခရီးသည်တွေ အနှောင့်အယှက်ဖြစ်အောင် စည်းကမ်းလိုက်နာမှုအားနည်းသူတွေကို အရေးယူဖို့ ခရီးသွားတွေက လူမှုကွန်ရက်မှာ ပြောဆိုတဲ့နှုန်း မြင့်လာပါတယ်။
ရန်ကုန်-မန္တလေး DEMU ရထားပေါ်မှာ စကားကျယ်ကျယ်ပြောတာ၊ ရထားမှာ ကွမ်းတံတွေးတွေ ပေကျံစေတာကြောင့် ခရီးသည် အမျိုးသမီးလေးဦးကို ဇူလိုင် ၂၃ ရက်က ပျဉ်းမနားမှာ ဖမ်းဆီးအရေးယူခဲ့ပါတယ်။
ရန်ကုန်-မော်လမြိုင်ရထားမှာလည်း တွဲလုံးငှားစီးလာတဲ့ အမျိုးသမီးတစ်စုရဲ့ အပြုအမူကြောင့် အနှောင့်အယှက်ဖြစ်ရတဲ့အတွက် အရေးယူဖို့ လူမှုကွန်ရက်မှာ ပြောဆိုနေကြပါတယ်။
စစ်တပ်ပူးပေါင်းဂိတ်တွေ ငွေကောက်တဲ့ကိစ္စ လွှတ်တော်မှာ မေးခွန်းထုတ်
မန္တလေး-မြစ်ကြီးနားလမ်းတွေပေါ်က ဖြတ်သန်းသွားလာတဲ့ ကားတွေကို စစ်တပ်နဲ့ အဖွဲ့ စုံ ပူးပေါင်းဂိတ်တွေက ငွေကြေးကောက်ခံနေတာကို တားဆီးပေးဖို့ ရှိမရှိ မိုးကောင်းမဲဆန္ဒနယ် ကြံ့ခိုင်ရေးပါတီ USDP အမတ် ဦးထွန်းထွန်းအောင်က ပြည်သူ့လွှတ်တော်မှာ မနေ့က မေးခွန်းထုတ်ပါတယ်။
ဒီလမ်းပေါ်မှာ စစ်တပ်ပူးပေါင်းဂိတ်တွေနဲ့ ဆန့်ကျင်ဘက်အဖွဲ့အစည်းတွေရဲ့ ဂိတ်ပေါင်း ၅၀ ဝန်းကျင်ရှိတယ်လို့ ပြည်သူ့လွှတ်တော်အမတ်က သူ့ရဲ့မေးခွန်းထဲမှာထည့်သွင်းပြောထားပါတယ်။
ဒီဂိတ်တွေဟာ ကားတွေမှာ တင်လာတဲ့ပစ္စည်းအပေါ်မူတည်ပြီး ငွေကျပ် သိန်း ၁၅၀ ကနေ သိန်း ၃၀၀ အထိ ငွေကြေးတရားမဝင်ကောက်ခံနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် မန္တလေးကနေ မြစ်ကြီးနားကိုကုန်ပစ္စည်းတွေရောက်ချိန်မှာ ဈေး ၂ ဆတက်သွားတယ်လို့လည်း ဦးထွန်းထွန်းအောင်က ပြောပါတယ်။
ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်ချုပ်မင်းသူက ပြန်လည်ဖြေဆိုရာမှာ တိုင်ကြားချက်ရှိရင် ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့အညီအရေးယူမယ်လို့ ပြောပါတယ်။
လက်ရှိကြုံနေရတဲ့ ငွေကြေးကောက်ခံမှုတွေကို လျော့နည်းပပျောက်အောင် လုပ်ဆောင်နေတဲ့ အစီအမံရှိမရှိကို သူကဖြေကြားတာပါ။
မန္တလေး-မြစ်ကြီးနား ပြည်ထောင်စုကားလမ်းမကြီးပေါ်မှာ ပူးပေါင်းဂိတ် ၅ ဂိတ်ချထားတယ်လို့ ပြည်ထဲရေးဒုဝန်ကြီးက ပြောပြီး ဒီဂိတ်တွေကို CCTV နဲ့ စောင့်ကြည့်နေတယ်လို့ ပြည်သူ့ လွှတ်တော်မှာ ဖြေသွားပါတယ်။
ငွေကြေးတောင်းခံတာတွေကို တိုင်ကြားဖို့ အသိပေးစာနဲ့ ဗီနိုင်းတွေမှာ ဖုန်းနံပါတ်တွေထည့်သွင်း ကြေညာထားတယ်လို့လည်း ဗိုလ်ချုပ်မင်းသူက ပြောပါတယ်။
မြစ်ကြီးနားကနေ မန္တလေးမြို့အထိ ခရီးဟာ ကားခတင် မြန်မာငွေ ၄ သိန်းကနေ ၄ သိန်းခွဲအထိ ကုန်ကျပြီး လမ်းမှာ ၃-၄ ရက်ကနေ လဝက်လောက်အထိ ကြာတယ်လို့ မြို့ခံတချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။
အရေးကြီးကိစ္စတွေအတွက် လေကြောင်းကနေ သွားလာရာမှာလည်း လေယာဥ်လက်မှတ်ကို အဆမတန်ပေးဝယ်နေရသလို ရထားကလည်း ပြန်လည်ပြေးဆွဲနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
တစ်ဖက်သတ်ဖိအားကြောင့် NUG COC အောက်ဝင်မယ်လို့ ဆုံးဖြတ်ခဲ့ရတာလို့ SRF ဆို
NUG COC ကွပ်ကဲမှုအောက်ဝင်မယ်ဆိုတဲ့ ကျောင်းသားတော်လှန်ရေးတပ်တော် SRFနဲ့ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တို့ရဲ့ ပူးတွဲထုတ်ပြန်ချက်ဟာ တစ်ဖက်သတ်ဖိအားကြောင့်ဖြစ်ပြီး တပ်တစ်စုံလုံးရဲ့ သဘောထားမဟုတ်ဘူးလို့ SRF က မနေ့ညက ထုတ်ပြန်ပါတယ်။
ပြစ်မှုကျူးလွန်တာရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ SRF ရဲ့ ဥက္ကဋ္ဌကိုစံတင်ထွန်းအပါအဝင် အဖွဲ့ဝင် ၁၆ ဦး ဖမ်းဆီးခံရပြီးတဲ့နောက် မေ ၂၉ ရက်မှာ NUG COC အောက်ဝင်ဖို့အချက်အပါအဝင် အချက် ၃ ချက်ကို ပူးတွဲထုတ်ပြန်ခဲ့တာပါ။
ဒီသဘောတူညီချက်ဟာ တွေ့ဆုံမှုမှာပါဝင်တဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တချို့က ဖိအားကြောင့် အရေးပေါ်ဆုံးဖြတ်တာသာဖြစ်တယ်လို့ SRF ရဲ့ မနေ့ညကထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
နှစ်လကျော်အကြာမှ ဘာကြောင့်အခုလို ထုတ်ပြန်ရတာလဲဆိုတာအပါအဝင် အသေးစိတ်မေးမြန်းဖို့ SRF နဲ့ မင်းကင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာ SRF ပြောရေးဆိုခွင့်ရှိသူ ရဲဘော်သူသူခိုင်က "NUG COC အောက်ဝင်တယ်ဆိုတဲ့ထုတ်ပြန်ချက်ဟာ ဖိအားပေးထုတ်ပြန်မှုသာဖြစ်ပါတယ်။ SRF အနေနဲ့ COC အောက်မဝင်တာဟာ တချို့ မူဝါဒလမ်းစဥ် မတူတဲ့အတွက်ကြောင့်ပါ" လို့ ဘီဘီစီကို ဖြေပါတယ်။
မင်းကင်းဒေသအတွင်းလှုပ်ရှားတဲ့ SRF တပ်ဖွဲ့ ထိန်းချုပ်နယ်မြေမှာ NUGလမ်းစဥ်အတိုင်း ပအဖ၊ ပကဖ ဖွဲ့စည်းမှုကို ၂၀၂၂ခုနှစ်ကတည်းက လုပ်ဆောင်ပြီးပေမဲ့ ဒီနှစ်စမှာ NUGက SRF ထိန်းချုပ်တဲ့ ရှမ်းတောရွာမှာ တပ်သားစုဆောင်းတာနဲ့ အတူ ပကဖနဲ့ ပအဖဖွဲ့စည်းမှုတွေလုပ်လာရာက တင်း မာမှုတွေဖြစ်ခဲ့ပါတယ်။
SRF က NUG ကွပ်ကဲမှုအောက်ကိုမဝင်ဘဲ နဂိုရှိပြီးသား အုပ်ချုပ်ရေးအတိုင်းသွားဖို့ လိုလားတာဖြစ်ပါတယ်။
မင်းကင်းမြို့နယ်ထဲက NUG PDF နဲ့ SRF တို့ဟာ နယ်မြေအရထိန်းချုပ်မှု၊ အခွန်ကိစ္စနဲ့ ရွှေမျောလုပ်ကွက်ကိစ္စတွေမှာ နှစ်ဖက်အငြင်းပွားမှုနဲ့ စွပ်စွဲချက်တွေရှိနေတာဖြစ်ပါတယ်။
မင်းကင်းမြို့နယ်ထဲမှာ ရာဇဝတ်မှုအချို့ ကျူးလွန်တယ်လို့ စွပ်စွဲခံရပြီးနောက် NUG ပြည်သူ့ ကာကွယ်ရေးတပ် (PDF) ရဲ့ ဖမ်းဆီးခံထားရတဲ့ SRF ခေါင်းဆောင် ကိုစံတင်ထွန်းဟာ ထိန်းသိမ်းခံထားရတဲ့နေရာကနေ ဒီလအစပိုင်းမှာ ထွက်ပြေးခဲ့ပါတယ်။
ကိုစံတင်ထွန်း ထွက်ပြေးပြီးတဲ့နောက် သူနဲ့ပတ်သက်တဲ့ အမျိုးသမီးတစ်ဦးကို NUG အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ခေါ်ယူစစ်ဆေးနေတဲ့သတင်းတွေ လူမှုကွန်ရက်မှာ ထွက်ပေါ်လာပါတယ်။
မင်းကင်း ပအဖ ကတော့ အဲဒီအမျိုးသမီးနဲ့ သူ့ရဲ့ဖခင်ဖြစ်သူတို့ကို ခေါ်ယူစစ်ဆေးနေတယ်ဆိုတာ မှန်ကန်ကြောင်း အတည်ပြုပြီး အဲဒီအမျိုးသမီးဟာ ကိုစံတင်ထွန်းနဲ့ ဆက်နွှယ်မှုရှိတဲ့ သံသယနဲ့ ခေါ်ယူစစ်ဆေးနေတာလို့ ဆိုပါတယ်။