ထရမ့်နဲ့ ဘီလျံနာတွေရဲ့ Super Intelligence ဆွေးနွေးပွဲကနေ သိသင့်တဲ့အချက် ၃ ချက်

ဓာတ်ပုံ ရင်းမြစ်, Reuters
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ အင်္ဂါနေ့က ထိပ်တန်းနည်းပညာကုမ္ပဏီအကြီးအကဲတွေနဲ့ တွေ့ဆုံခဲ့ပြီး ဒီတွေ့ဆုံပွဲကို "အမေရိကန်ရဲ့ ရွှေခေတ်ကို တည်ဆောက်နေကြသူတွေ တစုတစည်းတဲ့တွေ့ကြတဲ့ ထူးခြားလှတဲ့ပွဲ" လို့ သုံးနှုန်းပြောဆိုပါတယ်။
အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့သူတွေထဲမှာ OpenAI၊ Anthropic၊ Nvidia၊ SpaceX၊ Meta နဲ့ Google တို့က ခေါင်းဆောင်တွေ ပါဝင်ခဲ့ပါတယ်။ သူတို့အားလုံးဟာ အမေရိကန်ရဲ့ဉာဏ်ရည်တု (အေအိုင်) နည်းပညာကဏ္ဍမှာ အခရာကျတဲ့ပုဂ္ဂိုလ်တွေဖြစ်ပါတယ်။
OpenAI ဥက္ကဋ္ဌ ဂရက် ဘရော့ခ်မန်း၊ Anthropic အမှုဆောင်အရာရှိချုပ် ဒါရီယို အမိုဒေး၊ Nvidia အမှုဆောင်အရာရှိချုပ် ဂျန်ဆန် ဟွမ်၊ SpaceX အမှုဆောင်အရာရှိချုပ် အီလွန် မတ်စ်၊ Meta အမှုဆောင်အရာရှိချုပ် မာ့ခ် ဇူကာဘတ်နဲ့ Google အမှုဆောင်အရာရှိချုပ် ဆွန်ဒါ ပီချိုင်တို့ ပါဝင်ခဲ့ပါတယ်။
ဒီတွေ့ဆုံပွဲဟာ နည်းပညာကုမ္ပဏီအမှုဆောင်အချို့နဲ့ ကျွမ်းကျင်သူတွေက အေအိုင် နည်းပညာအပေါ် ပိုမိုတင်းကျပ်တဲ့လုပ်ထုံးလုပ်နည်းတွေ လိုအပ်တယ်လို့ တောင်းဆိုနေချိန်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ သူတို့က အေအိုင်နည်းပညာကြောင့် လူသားတွေအပေါ် ဖြစ်လာနိုင်တဲ့ အန္တရာယ်တွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေကြတာပါ။
အိမ်ဖြူတော်မှာ ထရမ့်ကျင်းပခဲ့တဲ့နည်းပညာထိပ်သီးအစည်းအဝေးကနေ သိထားသင့်တဲ့ အဓိကအချက် ၃ ချက် ရှိနေပါတယ်။
ကိုယ့်ဘာသာကိုယ်ထိန်းကျောင်းမယ့် အေအိုင် လုပ်ထုံးလုပ်နည်း သဘောတူညီချက်
တံခါးပိတ်အစည်းအဝေး ပြီးဆုံးပြီးနောက် သမ္မတထရမ့်ဟာ ထိပ်တန်းနည်းပညာကုမ္ပဏီခေါင်းဆောင်တွေနဲ့အတူ မီဒီယာတွေကို မေးခွန်းတွေ မိနစ် ၃၀ ခန့် ဖြေကြားခဲ့ပါတယ်။
သမ္မတထရမ့်က အဲဒီနည်းပညာကုမ္ပဏီအကြီးအကဲတွေဟာ အေအိုင်ကြောင့်ဖြစ်လာနိုင်တဲ့အန္တရာယ်တွေကနေ "ကာကွယ်ပေးမယ့် နည်းလမ်းတစ်ခု"အဖြစ် ''ကျင့်၀တ်အရလိုက်နာကြမယ့်'' သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ထိုးခဲ့ကြတယ်လို့ ပြောပါတယ်။
အဲဒီသဘောတူညီချက်အရ ကုမ္ပဏီတစ်ခုချင်းစီဟာ သူတို့ရဲ့ အေအိုင် နည်းပညာ ဘေးကင်းလုံခြုံမှုအတွက် ကိုယ်တိုင်တာဝန်ယူရမှာ ဖြစ်ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒါ့အပြင် အေအိုင် မိုဒယ်တွေဟာ သတ်မှတ်ထားတဲ့ရည်ရွယ်ချက်အတိုင်း လည်ပတ်နိုင်ဖို့ လုံခြုံရေးစနစ်တွေ ထည့်သွင်းထားရမှာဖြစ်ပြီး ပြဿနာတစ်စုံတစ်ရာ ဖြစ်ပေါ်လာရင်လည်း အမြန်ဆုံး ရှာဖွေဖော်ထုတ်ပြီး ပြုပြင်ရမှာ ဖြစ်ပါတယ်။
အေအိုင် စနစ်တွေဟာ ရည်ရွယ်ထားတဲ့အတိုင်း အလုပ်လုပ်နေခြင်း ရှိ၊ မရှိ စစ်ဆေးနိုင်ဖို့ "လွတ်လပ်တဲ့ စစ်ဆေးသူတွေ" နဲ့လည်း ပူးပေါင်းဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် သူတို့ရဲ့ အေအိုင် ပလက်ဖောင်းတွေက နည်းပညာစနစ်တွေကို ရည်ရွယ်ထားခြင်းမရှိဘဲ "ဟက်ခ်လုပ်တာ၊ ဝင်ရောက်အသုံးပြုတာ" မလုပ်နိုင်အောင်လည်း သေချာအောင်လုပ်ရမှာ ဖြစ်ပါတယ်။
အဲဒီသဘောတူညီချက်ကို ထရမ့်၊ Google အကြီးအကဲ ဆွန်ဒါ ပီချိုင်၊ Anthropic အကြီးအကဲ ဒါရီယို အမိုဒေး၊ Meta ရဲ့ မာ့ခ် ဇက်ကာဘတ်၊ OpenAI ဥက္ကဋ္ဌ ဂရက် ဘရော့ခ်မန်း၊ SpaceX ရဲ့ အီလွန် မတ်စ်နဲ့ Nvidia အမှုဆောင်အရာရှိချုပ် ဂျန်ဆန် ဟွမ်တို့က လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
"တစ်နည်းအားဖြင့် ပြောရရင် ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုနဲ့တောင် တူပါတယ်" လို့ ထရမ့်က အဲဒီသဘောတူညီချက်ကို ရည်ညွှန်းပြီး ပြောပါတယ်။
"ကမ္ဘာပေါ်မှာ နည်းပညာအင်အားအကြီးမားဆုံးသူတွေက ဒီမှာ လက်မှတ်ရေးထိုးခဲ့ကြပြီး သမ္မတအနေနဲ့ ကျွန်တော်လည်း လက်မှတ်ရေးထိုးခဲ့ပါတယ်" လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bloomberg via Getty Images
ထရမ့်က AI ကိရိယာတွေရဲ့ ဘေးကင်းလုံခြုံမှုကို ကြီးကြပ်ဖို့ အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းသွားမယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့မှာ ဘယ်သူတွေ ပါဝင်မလဲဆိုတာတော့ အသေးစိတ် ပြောကြားခဲ့ခြင်း မရှိပါဘူး။
ဇက်ကာဘတ်က အဲဒီသဘောတူညီချက်ဟာ "နည်းပညာက ရည်ရွယ်ထားတဲ့အတိုင်း အလုပ်လုပ်တယ်ဆိုတာ အမေရိကန်ပြည်သူတွေနဲ့ သုံးစွဲသူတွေ ယုံကြည်စိတ်ချမှု ပေးနိုင်လိမ့်မယ်" လို့ ပြောပါတယ်။ အဲဒီတွေ့ဆုံပွဲကိုလည်း "သမိုင်းဝင်ဆွေးနွေးပွဲ" လို့ ခေါ်ဆိုခဲ့ပါတယ်။
အမိုဒေးကတော့ အဲဒီသဘောတူညီချက်ဟာ "ဘေးကင်းလုံခြုံစွာ အောင်မြင်နိုင်ဖို့" နည်းလမ်းတစ်ခုဖြစ်တယ်လို့ ပြောပါတယ်။ ဒါဟာ ဒီလအစောပိုင်းက ထရမ့်ပြောခဲ့တဲ့ "အေအိုင်မှာ နိုင်တဲ့သူက အနိုင်ရတယ်" ဆိုတဲ့မှတ်ချက်ကို ရည်ညွှန်းပြောခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ အကဲခတ်အားလုံးကတော့ အဲဒီသဘောတူညီချက် မျော်လင့်ချက်ကြီးကြီးမားမားတော့ မဖြစ်ကြပါဘူး။
နန်ယန်းနည်းပညာတက္ကသိုလ် (NTU) က အေအိုင် အုပ်ချုပ်မှုဆိုင်ရာ သုတေသီ ဟိုဆေး မီဂဲလ်လီတို အန်ရီကက်စ်က ဒီသဘောတူညီချက်ဟာ ''အေအိုင်နဲ့ပတ်သက်ပြီး တူညီတဲ့သဘောထားတွေ ပေါ်လာနေပြီဆိုတာ ပြသနေတယ်'' လို့ ပြောပါတယ်။ ဒါပေမဲ့ အေအိုင် နည်းပညာထုတ်လုပ်သူတွေကို အေအိုင်ကြောင့် ဖြစ်လာတဲ့ဖြစ်ရပ်တွေ၊ ပြဿနာတွေအတွက် တာဝန်ယူခိုင်းသင့်၊ မသင့်ဆိုတဲ့ အချက်ကိုတော့ ဖြေရှင်းပေးထားတာ မရှိဘူးလို့ ဆိုပါတယ်။
ဩစတြေးလျနိုင်ငံ ဆစ်ဒနီတက္ကသိုလ်က ဥပဒေပါမောက္ခ ကင်ဘာလီ ဝက်သာရောလ် ကတော့ ဒီသဘောတူညီချက်ဟာ "လုံးဝ အထင်ကြီးစရာ မရှိဘူး" လို့ ပြောပါတယ်။ နည်းပညာအပေါ် ပိုမိုတင်းကျပ်တဲ့ စည်းမျဉ်းတွေ ချမှတ်ဖို့ ကမ္ဘာ့ခေါင်းဆောင်အချို့နဲ့ နည်းပညာကဏ္ဍက ပုဂ္ဂိုလ်တွေ တောင်းဆိုနေကြတဲ့ကြားမှာ အခုလို သဘောတူညီချက် ထွက်ပေါ်လာတာဖြစ်တယ်လို့ သူက ပြောပါတယ်။
ဒီသဘောတူညီချက်ဟာ ကုမ္ပဏီတွေကို "ဘေးကင်းလုံခြုံမှုဆိုတာ ဘာကိုဆိုလိုတယ်ဆိုတာ ကိုယ်တိုင်သတ်မှတ်ခွင့်"ပေးထားပုံရပြီး သဘောတူညီချက်ကို ချိုးဖောက်ခဲ့ရင် ဘယ်လိုအရေးယူမှုတွေ ရှိမလဲဆိုတာကိုလည်း ဖော်ပြထားတာ မရှိဘူးလို့ ဝက်သာရောလ်က ဝေဖန်ပါတယ်။
"ဒီသဘောတူညီချက်က အာရုံလွှဲစရာတစ်ခုသာ ဖြစ်တဲ့အတွက် ခေါင်းထဲ မထည့်ထားသင့်ဘူး" လို့ သူက ထပ်ပြောပါတယ်။
ထရမ့်ဟာ အေအိုင်နည်းပညာကြောင့် ဖြစ်လာနိုင်တဲ့အန္တရာယ်တွေနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေကို အကြိမ်ကြိမ် လျှော့ပေါ့ပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့ အဓိက အေအိုင် ကုမ္ပဏီတွေကတော့ ဒီနည်းပညာအပေါ် ပိုမိုတင်းကျပ်တဲ့ကြီးကြပ်မှုတွေ လိုအပ်တယ်လို့ တောင်းဆိုထားကြပါတယ်။
OpenAI က ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေကြောင့် သူတို့ရဲ့ နောက်ဆုံးထွက် အဓိက အေအိုင် မိုဒယ်ဖြစ်တဲ့ GPT-6.1 Astra ကို ထုတ်ဖော်မိတ်ဆက်ဖို့ အစီအစဉ်ကို ဖျက်သိမ်းလိုက်ပါတယ်။
OpenAI ရဲ့ လုံခြုံရေးထိန်းချုပ်မှုစနစ်တွေဟာလည်း အခုအချိန်မှာ အပြင်းအထန် စိစစ်ခံနေရပါတယ်။ ဒါဟာ ကုမ္ပဏီရဲ့ အေအိုင်နည်းပညာနဲ့ပတ်သက်တဲ့ထင်ရှားတဲ့ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့ပြီးနောက် ဖြစ်လာတာပါ။ အဲဒီဖြစ်ရပ်တွေထဲမှာ ကုမ္ပဏီရဲ့ အေအိုင် မိုဒယ်တွေဟာ ခွင့်ပြုချက်မရှိဘဲ သြစတြေးလျအစိုးရရဲ့အွန်လိုင်းစနစ်တွေထဲ ဝင်ရောက်အသုံးပြုခဲ့တာလည်း ပါဝင်ပါတယ်။
မဲလ်ဘုန်းတက္ကသိုလ်ရဲ့ ဉာဏ်ရည်တုနဲ့ ဒီဂျစ်တယ်ကျင့်၀တ်ဆိုင်ရာစင်တာ( Artificial Intelligence and Digital Ethics Centre) က ဂျီနီ ပက်တာဆန် ကတော့ အေအိုင်ကို ကုမ္ပဏီတွေကိုယ်တိုင် ထိန်းချုပ်တဲ့ self-regulation စနစ်ဟာ "အနည်းဆုံး လိုအပ်တဲ့ လုံခြုံရေးအစီအမံတွေလောက်ပဲ" ချမှတ်တာမျိုး ဖြစ်နိုင်တယ်လို့ ပြောပါတယ်။
မကြာသေးခင်က အေအိုင် စနစ်တွေက ထိန်းချုပ်မှုကနေ ဗွေဖောက် လွတ်ထွက်သွားပြီး မျှော်လင့်ထားတဲ့အတိုင်း မလုပ်ဆောင်ခဲ့တဲ့ဖြစ်ရပ်တွေရှိခဲ့တာကြောင့် ကုမ္ပဏီတွေဟာ အေအိုင် ကို ကိုင်တွယ်တဲ့နေရာမှာ စည်းကမ်းတကျ မလုပ်ဆောင်ခဲ့ကြဘူးလို့လည်း သူက ပြောပါတယ်။ ဒါကြောင့် အခုသဘောတူညီချက်အပေါ် "ယုံကြည်စိတ်ချမှု အလွန်နည်းပါးတယ်"လို့ သူက ဆိုပါတယ်။
ဒေတာစင်တာတွေ တိုးချဲ့တည်ဆောက်ဖို့ အရှိန်မြှင့်
ထရမ့်က အေအိုင်နည်းပညာအတွက် အဓိကလိုအပ်တဲ့ ကွန်ပျူတာအခြေခံအဆောက်အအုံဖြစ်တဲ့ ဒေတာစင်တာတွေကို အလျင်အမြန် တိုးချဲ့တည်ဆောက်ရေးအတွက် ထောက်ခံမှုရှိနေဆဲဖြစ်ကြောင်း ထပ်မံပြောကြားခဲ့ပါတယ်။
ဒေတာစင်တာတွေ တည်ဆောက်လာတာနဲ့အမျှ လျှပ်စစ်ဓာတ်အား သုံးစွဲမှုနဲ့ ဒေသခံလူထုအပေါ် ဖြစ်လာနိုင်တဲ့သက်ရောက်မှုတွေကို စိုးရိမ်မှုတွေကြောင့် အမေရိကန်တဝန်းမှာ ကန့်ကွက်မှုတွေလည်း ပေါ်ပေါက်လာပါတယ်။
ဒေတာစင်တာတွေ တည်ဆောက်ရေးက နိုဝင်ဘာလမှာ ကျင်းပမယ့် အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲမတိုင်ခင် ထရမ့်ရဲ့ ရီပတ်ဘလီကန်ပါတီအတွက် နိုင်ငံရေးအရ အခက်အခဲတစ်ခု ဖြစ်လာနိုင်တဲ့ အကြောင်းအရာတစ်ခုလည်း ဖြစ်လာပါတယ်။
ဒီလအစောပိုင်းက မာရစ်စ်တ် ပေါလ် က NPR နဲ့ PBS သတင်းဌာနတို့ ပူးပေါင်းပြီး ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ မှတ်ပုံတင်ထားတဲ့မဲဆန္ဒရှင်တွေရဲ့ ၆၅ ရာခိုင်နှုန်းက သူတို့နေထိုင်ရာဒေသမှာ ဒေတာစင်တာတွေ တည်ဆောက်တာကို ကန့်ကွက်ခဲ့ပါတယ်။
အဲဒီလို စိုးရိမ်မှုတွေကို တုံ့ပြန်ရာမှာတော့ ဒေတာစင်တာတွေ တည်ဆောက်တဲ့အပေါ် လူတွေ "ကျေနပ်အောင်" နည်းပညာကုမ္ပဏီတွေက လုပ်ဆောင်သွားမယ်လို့ ထရမ့်က ပြောပါတယ်။
"အင်အားကြီးပြီး ချမ်းသာကာ ဉာဏ်ရည်မြင့်မားတဲ့ ဒီကုမ္ပဏီကြီးတွေဟာ ဒေသခံလူထုအတွက် အကြီးအကျယ် အကျိုးပြုလုပ်ဆောင်ပေးသွားမှာပါ" လို့ ထရမ့်က သတင်းထောက်တွေကို ပြောပါတယ်။
ထရမ့်က အရင်ကလည်း လူမှုကွန်ရက်မှာ ဒေတာစင်တာတွေကို ဒေသခံတွေက ကန့်ကွက်သင့်တဲ့ တစ်ခုတည်းသော အကြောင်းရင်းက "ဆင်းရဲတဲ့အခြေအနေကို နောက်ပြန်ဆွဲချင်တာကြောင့်" ဖြစ်တယ်လို့ ပြောခဲ့ဖူးပါတယ်။
အေအိုင် လည်ပတ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ကွန်ပျူတာ ချစ်ပ်တွေ ထုတ်လုပ်တဲ့ Nvidia ရဲ့ အမှုဆောင်အရာရှိချုပ် ဂျန်ဆန် ဟွမ်ကလည်း အစည်းအဝေးအပြီးမှာ ဒေတာစင်တာတွေကို "သာလွန်ဉာဏ်ရည် စက်ရုံတွေ" (super intelligence factories)လို့ ခေါ်သင့်တယ်လို့ ပြောပါတယ်။
ဒီလို ဒေတာစင်တာတွေဟာ "အမေရိကန်ပြည်ထောင်စုရဲ့ စက်မှုလုပ်ငန်းကဏ္ဍကို ပြန်လည်တည်ဆောက်ပေးနေပြီး" စီးပွားရေးကဏ္ဍအသီးသီးမှာ အလုပ်အကိုင်တွေ ဖန်တီးပေးနေတယ်လို့လည်း သူက ပြောပါတယ်။
AI ကို "Super Intelligence" သာလွန်ဉာဏ်ရည်လို့ ခေါ်မယ်
ထရမ့်က အမေရိကန်အစိုးရရဲ့ ဝန်ကြီးဌာနတွေနဲ့ အစိုးရအေဂျင်စီတွေကို "SI" နဲ့ "Super Intelligence"ဆိုတဲ့ အသုံးအနှုန်းတွေကို စတင်အသုံးပြုဖို့ ညွှန်ကြားတဲ့ အမိန့်တစ်ရပ်ကို စက်တင်ဘာ ၂၉ ရက်က လက်မှတ်ရေးထိုးခဲ့ပါတယ်။"Artificial Intelligence" ဆိုတဲ့ အသုံးအနှုန်းကိုတော့ ဆက်လက်အသုံးပြုတာမျိုး မလုပ်တော့ဖို့ ညွှန်ကြားထားပါတယ်။
အဲဒီအမိန့်အရ SI ဆိုတဲ့ အသုံးအနှုန်းကို အစိုးရရဲ့ "တရားဝင်စာပေးစာယူမှုတွေ"၊ ဝက်ဘ်ဆိုက်တွေ၊ အစီရင်ခံစာတွေနဲ့ အခြားဆက်သွယ်ရေးပုံစံတွေမှာ AI နေရာမှာ အစားထိုးအသုံးပြုသွားမှာ ဖြစ်ပါတယ်။
"ဒီစွမ်းဆောင်ရည်တွေ ဆက်လက်တိုးတက်လာတာနဲ့အမျှ ဒါတွေဟာ Artificial Intelligence သက်သက် မဟုတ်တော့ဘဲ Super Intelligence ရဲ့ ခေတ်သစ်တစ်ခုကို ပိုပြီးကိုယ်စားပြုလာပါတယ်" လို့ အမိန့်မှာ ဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, EPA
ပြီးခဲ့တဲ့အပတ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မိန့်ခွန်းပြောစဉ် ထရမ့်က "artificial"ဆိုတဲ့ စကားလုံးကြောင့် ဒီနည်းပညာဟာ "အတုအယောင်တစ်ခုလို ထင်ရစေတယ်" လို့ ပြောခဲ့ပါတယ်။
ဇူကာဘတ်နဲ့ မတ်စ်တို့အပါအဝင် နည်းပညာခေါင်းဆောင်အချို့နဲ့ သမ္မတနဲ့ နီးစပ်သူတွေကလည်း အဲဒီအသုံးအနှုန်းကို စတင်အသုံးပြုနေကြပါပြီ။
နည်းပညာခေါင်းဆောင်တွေက ဒီအသုံးအနှုန်းကို လက်ခံအသုံးပြုလာတာနဲ့အမျှ အမေရိကန်အနေနဲ့ "ဒီနည်းပညာကို ဘယ်လိုခေါ်ဝေါ်သုံးစွဲမလဲဆိုတာ သတ်မှတ်နိုင်ဖွယ်ရှိတယ်" လို့ ဂျီနီ ပက်တာဆန်က ပြောပါတယ်။
ဒါပေမဲ့ ထရမ့်ရဲ့ကုလသမဂ္ဂ မိန့်ခွန်းအပြီးမှာ ကျွမ်းကျင်သူအချို့ကတော့ ဒီအသုံးအနှုန်းဟာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာဖို့ မဖြစ်နိုင်လောက်ဘူးလို့ ပြောခဲ့ကြပါတယ်။
အကြောင်းကတော့ "Super Intelligence"ဆိုတဲ့စကားလုံးဟာ ပုံမှန်အားဖြင့် လက်ရှိ AI ထက် ပိုမိုအဆင့်မြင့်တဲ့စနစ်တွေကို ရည်ညွှန်းအသုံးပြုတဲ့ ဝေါဟာရဖြစ်နေလို့ပါ။























