နေပြည်တော်ကို သွားရောက်နေတဲ့ NLD စီအီးစီ ‌ဒေါက်တာမျိုးညွန့်နဲ့ မေးမြန်းချက်

ဒေါက်တာမျိုးညွန့် (ပုံဟောင်း)

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, ဒေါက်တာမျိုးညွန့် (ပုံဟောင်း)
ဖတ်ရန်အချိန်: မိနစ် ၃

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ကို ပြောင်းရွှေ့မယ်ဆိုတဲ့သတင်းတွေကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် - NLD ပါတီ ရဲ့ ဗဟိုအလုပ်အမှု‌ဆောင်တချို့ နေပြည်တော်ကို သွားရောက်နေတယ်လို့ ဘီဘီစီကသိရှိရပါတယ်။ ဒါနဲ့ ပတ်သက်ပြီး ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင် ဒေါက်တာမျိုးညွန့်ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဘီဘီစီ - အန်ကယ်တို့နေပြည်တော်ကို သွားနေတယ်လို့ သိရပါတယ်။ ဘာတွေသိထားရပါလဲ။

ဒေါက်တာမျိုးညွန့် - ဒီနေ့သတင်းတွေအရ ကျွန်တော်တို့ ခေါင်းဆောင်နဲ့ သမ္မတကြီးကို နေအိမ်အကျယ်ချုပ်ထားခဲ့သည်ရှိသော် ကျွန်တော်တို့က တွေ့ဆုံခွင့်ရဖို့ ကြိုးပမ်းတာဖြစ်ပါတယ်။ နိုင်ငံအခြေအနေက အကျပ်အတည်းဆိုက်နေတယ်။ ဒီအချိန်မှာ ထိရောက်မှန်ကန်တဲ့ လုပ်ဆောင်မှုတစ်ခုကိုသူတို့ဘက်က ပြလာလိမ့်မယ်လို့ ထင်ပါတယ်။ အရင့်အရင်ကလို ထိရောက်မှုမရှိတဲ့ လုပ်ရပ်တွေကတော့ နိုင်ငံရဲ့ အခြေအနေက တစ်စုံတရာပြောင်းလဲသွားမှာ မဟုတ်ပါဘူး။ ထိရောက်တဲ့ အပြောင်းအလဲ တစ်စုံတရာများဖြစ်လာမလားဆိုပြီး ကျွန်တော်တို့ ကြိုးစားကြည့်မှာ ဖြစ်ပါတယ်။

ဘီဘီစီ - အန်ကယ်အပြင် ပါတီရဲ့ တခြား စီအီးစီထဲက ဘယ်သူတွေလိုက်ပါနေပါလဲ။

ကျွန်တော်တို့ လောလောဆယ် ဆက်သွယ်လို့ရတာက ကျွန်တော်ရယ်၊ ဦးသိန်းဦးရယ်၊ ဒေါက်တာမျိုးအောင်ရယ်၊ နောက် NLD ဗဟို‌ကော်မတီဝင်တချို့ရယ်၊ အားပေးကူညီသူတွေ ပါပါတယ်။

ဘီဘီစီ- ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရှေ့နေတွေရော ပါဝင်ပါသလား။

ဒေါက်တာမျိုးညွန့် - သူတို့နဲ့ နေပြည်တော်မှာ ချိန်းထားပါတယ်။ အဲဒီမှာတွေ့ပြီးတော့မှ ကျွန်တော်တို့ ဘာဆက်လုပ်မယ်ဆိုတာကို ဆုံးဖြတ်ရမှာပါ။

ဘီဘီစီ - အခုနေပြည်တော်ကို သွားတာဆို‌တော့ အန်ကယ်တို့မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ခိုင်မာတိကျတဲ့ သတင်းစကားတစ်ခုခု အကြောင်းကြားထားတာမျိုး ရထားတာပါလား။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒေါက်တာမျိုးညွန့် - မရှိပါဘူးခင်ဗျာ။ လုံးဝမရှိပါဘူး။ ကြားနေရတဲ့သတင်းတွေအရ ကျွန်တော်တို့ ခေါင်းဆောင် နေအိမ်အကျယ်ချုပ်များ ပြောင်းလဲသွားမယ်ဆိုရင် ဖြစ်ပေါ်လာတဲ့ အခြေအနေကို ကျွန်တော်တို့ ဘယ်လိုအကျိုးရှိအောင် ဆက်လက်ဆောင်ရွက်မလဲဆိုတာ ကျွန်တော်တို့ စမ်းသပ်ကြည့်တဲ့ သဘောပါပဲခင်ဗျာ။

ဘီဘီစီ - နေအိမ်အကျယ်ချုပ်ဆိုတဲ့နေရာမှာ နေပြည်တော်က တစ်နေရာ ဒါမှမဟုတ် ရန်ကုန်အိမ် အဲဒီလို သိထားတာများ ရှိပါသလား။

ဒေါက်တာမျိုးညွန့် - ကျွန်တော်တို့ တိတိကျကျ ဘာမှမသိပါဘူး။ ရန်ကုန်အိမ်ကတော့ မိသားစု အမွေအမှုအခြေအနေအရ နေဖို့အခက်အခဲရှိတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်။ နေပြည်တော်မှာပဲ ပြောင်းရွှေ့ကောင်းပြောင်းရွှေ့မယ်ဆိုပြီး ကျွန်တော်တို့ နေပြည်တော်ကို သွားနေတာပါခင်ဗျာ။

ဘီဘီစီ - ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေကို ဘယ်လိုသိထားပါလဲ။

ဒေါက်တာမျိုးညွန့် - ကျွန်တော်တို့ တိတိကျကျတော့ ဘာမှမသိပါဘူးခင်ဗျာ။ ကြားရသမျှသတင်းအားလုံးက တဆင့်စကားတွေချည်းပါပဲ။ ဒါတွေပေါ်မှာ လုံးဝအားထားပြီးမှ ယုံကြည်လို့မရပါဘူး။

ဘီဘီစီ - အရင်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့သတင်းတွေက ထွက်ပေါ် လေ့ရှိတာဖြစ်လို့ ဒီတစ်ကြိမ်မှာ အခုလို စုစုစည်းစည်းနဲ့ သွားနေကြတာဖြစ်လို့ ထူးခြားတာရှိမယ်လို့ ထင်ပါသလား။

ဒေါက်တာမျိုးညွန့် - အကယ်၍ သူတို့ဘက်က နိုင်ငံအတွက်ထူးခြားတဲ့ အပြောင်းအလဲတစ်ခုခုလုပ်ဖို့ ဆန္ဒရှိတယ်ဆိုရင် မှန်တာကိုလုပ်ရဲမယ်ဆိုရင် တစ်စုံတရာထိရောက်တဲ့ အပြောင်းအလဲ အခွင့်အလမ်း ပေါ်ပေါက်ပါစေလို့ ကျွန်တော်တို့ကနှိုးဆော်တဲ့ သဘောမျိုးနဲ့ သွားနေတာ ဖြစ်ပါတယ်။

ဘီဘီစီ - ဦးမင်းအောင်လှိုင်က သမ္မတရာထူးယူတဲ့နေ့က ပြန်လည်သင့်မြတ်ရေးနဲ့လူမှုရေးအရ ထိုက်သင့်တဲ့ပြစ်ဒဏ်လွတ်ငြိမ်းခွင့်တွေ သူပေးမယ်ဆိုပြီး ပြောတယ်။ အဲဒီအပေါ် အန်ကယ်တို့ ဘယ်လိုနားလည်ပါသလဲ။

ဒေါက်တာမျိုးညွန့် - နိုင်ငံတော်သမ္မတရာထူးယူပြီးရင် လွတ်ငြိမ်းချမ်းသာခွင့်ပေးတတ်တဲ့ သဘာဝတော့ရှိပါတယ်။ အခုထွက်လာတဲ့ လွတ်ငြိမ်းချမ်းသာခွင့်တွေက အင်မတန်ကျဥ်းကျပ်တဲ့ လွတ်ငြိမ်း ချမ်းသာခွင့်လို့ မြင်ပါတယ်။ ၃ ပုံ ၁ ပုံတို့၊ ၆ ပုံ ၁ ပုံတို့ လွတ်လာတဲ့ပမာဏ၊ ဖမ်းဆီးထားတာနဲ့ တွက်ကြည့်ရင် လွတ်မယ့်ပမာဏက နည်းတယ်လို့ပဲ ကျွန်တော်ကတော့ မြင်ပါတယ်။

ဘီဘီစီ - ဒေါ်‌ အောင်ဆန်းစုကြည်ကို တကယ်တမ်း အမြင့်ဆုံးချထားတဲ့ ထောင်ဒဏ်နဲ့ တွက်ရင်သူ့ရဲ့ လွတ်မြောက်ချိန်ကို ဘယ်လိုသိထားလဲ။

ဒေါက်တာမျိုးညွန့် -အဲဒါကတော့ ရှေ့နေတွေနဲ့ တွေ့ပြောဆိုပြီးမှ သိနိုင်ပါမယ်။

ဘီဘီစီ - နေပြည်တော်မှာ ဘာတွေဆက်လုပ်မလဲ။

ဒေါက်တာမျိုးညွန့် - တစ် အချက်ကတော့ တွေ့ဆုံဖို့ ကြိုးစားမယ်။ တကယ်လို့ နေအိမ်အကျယ်ချုပ် ထားတယ်ဆိုရင် ကျွန်တော်တို့ ခေါင်းဆောင်တွေက လက်ခံတွေ့ဆုံနိုင်ခြင်းရှိ မရှိ သူတို့ဆီက ခွင့်တောင်းပါမယ်။ ထိန်းသိမ်းထားသူတွေရဲ့ ခွင့်ပြုချက်ကို ယူပြီးတွေ့ဆုံဖို့ ကြိုးစားပါမယ်။

ဘီဘီစီ - တကယ်လို့ ဒီကနေ့မှာ နေအိမ်အကျယ်ချုပ်လည်းမရဘူး။ တွေ့ဆုံခွင့်လည်းမရတာဆိုရင် ဒေါက်တာမျိုးညွန့်တို့ ဘယ်လိုဆက်ကြိုးစားမလဲ။

ဒေါက်တာမျိုးညွန့် - ကျွန်တော်တို့ နိုင်ငံရေးအရပဲ လောလောဆယ်မှာ လုပ်‌ဆောင်ပါမယ်။ နိုင်ငံရေးသမားတွေဖြစ်ပါတယ်။ သူတို့က လုံးဝတွေ့ဆုံမှုမရှိဘူး။ ခွင့်ပြုခြင်းမရှိဘူးဆိုရင် ကျွန်တော်တို့ ဘာမှဆက်လုပ်လို့မရပါဘူး။ လွတ်မြောက်လာတဲ့ ပုဂ္ဂိုလ်ချင်း ညီညီညွတ်ညွတ်နဲ့ တစ်ယောက်နဲ့ တစ်ယောက် သဘောထား မျှဝေတာမျိုးကလွဲရင် တခြားလုပ်နိုင်တာမရှိပါဘူး။