သြဂုတ် ၂၉ ရက်သတင်းများအနှစ်ချုပ် - ဘန်ကောက်တရုတ်တန်းအနီးက ခလုံထုံစင်တာ မီးလောင်

ဓာတ်ပုံ ရင်းမြစ်, Fire & Rescue Thailand
ဘန်ကောက်က နာမည်ကြီး တရုတ်တန်းအနီးမှာရှိတဲ့ ခလုံထုံစင်တာ မီးလောင်မှုမှာ ၃ ဦးထိခိုက်တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
မနေ့က ညပိုင်း ၈ နာရီ ၄၂ မိနစ်ဝန်းကျင်မှာ ဝိုရာချက်လမ်းပေါ်ကမီးလောင်မှုကို မီးသတ်ကစသိရပြီး ၁၁ နာရီ ၁၃ မိနစ်မှာ ထိန်းနိုင်ခဲ့တာပါ။
မီးငြှိမ်းသတ်ရင်း စေတနာ့ဝန်ထမ်း ၁ ဦးနဲ့ မီးသတ်သမား ၂ ဦး ထိခိုက်ပြီး ဆေးရုံပို့ခဲ့ရပါတယ်။
ဒီအဆောက်အဦးရဲ့ မြေညီထပ်မှာရှိတဲ့ ဆိုင်တစ်ခုကနေ မီးစတင်လောင်ကျွမ်းပြီး မိနစ် ၂၀ လောက်အတွင်း မြေညီထပ်တစ်ခုလုံးကို မီးကူးစက်သွားတယ်လို့ ထိုင်းသတင်းကဖော်ပြပါတယ်။
အဲဒီကနေတဆင့် ထပ်ခိုးကိုကူးပြီး ၉ နာရီခွဲဝန်းကျင်မှာတော့ အဆောက်ဦးအပြင် ကနေ မီးညွန့်တွေတွေ့လာရတယ်လို့ဆိုပါတယ်။
မီးလောင်တဲ့ စင်တာဟာ လျှပ်စစ်ပစ္စည်းနဲ့ ပလက်စတစ်ပစ္စည်းတွေလည်း ရောင်းချတဲ့ ဈေးဝယ်စင်တာတစ်ခုဖြစ်ပါတယ်။ စင်တာရဲ့ဘေးဘက်မှာရှိတဲ့ လျှပ်စစ်ပစ္စည်းဆိုင်တစ်ခုကိုပါ မီးစွဲခဲ့ပေမဲ့ အချိန်မီ ထိန်းနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
ခလုံထုံစင်တာမီးကို ထိန်းနိုင်ခဲ့ပြီး နာရီပိုင်းအကြာ ဒီမနက်အစောပိုင်းမှာတော့ အွန်နု ၂၇ လမ်းက ၃ ထပ်တိုက်တစ်လုံးမီးလောင်ပြီး အသက် ၇၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးသေဆုံးတယ်လို့ ထိုင်းမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မလေးရှားက မြန်မာဒုက္ခသည် ၁၅၀၀ ဝန်း ကျင် ပြန်ပို့မယ့်ကိစ္စ ရပ်ဆိုင်းထားသင့်လို့ Fortify Rights ပြော

ဓာတ်ပုံ ရင်းမြစ်, Kementerian Dalam Negeri
ဒုက္ခသည်တစ်ဦးချင်းစီရဲ့ အဆိုပြုချက်တွေနဲ့ ဘက်မလိုက်တဲ့ အကဲဖြတ်ချက်တွေ လုပ်ဆောင်ပြီးတဲ့အထိ မလေးရှားအစိုးရအနေနဲ့ မြန်မာဒုက္ခသည် ၁,၄၇၆ ဦးကို ပြန်လည်ပို့ဆောင်မယ့်အစီအစဥ်ရပ်ဆိုင်းထားသင့်တယ်လို့ Fortify Rights လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဆန္ဒအလျောက်နေရပ်ပြန်ရေးအစီအစဥ်ရဲ့ ပထမအသုတ်အနေနဲ့ စက်တင်ဘာ ၂၉ ရက်မှာ မြန်မာအစိုးရက အတည်ပြုစစ်ဆေးပြီးတဲ့ ဒီဒုက္ခသည်တွေကို ပြန်ပို့တော့မယ်လို့ မလေးရှားပြည်ထဲရေးဝန်ကြီးဌာနက သြဂုတ် ၂၇ ရက်မှာ ပြောပါတယ်။
ဒီအစီအစဥ်နဲ့ ပြန်ပို့မယ့် ဒုက္ခသည် ၅,၀၀၀ ရှိနေတာဖြစ်ပါတယ်။ ထပ်ပြီး အန္တရာယ်ပြုခံရနိုင်ခြေ၊ ဖိနှိပ် ညှဥ်းပန်းခံရနိုင်ခြေရှိတဲ့ သူတွေကို မလေးရှားအနေနဲ့ အတင်းအကျပ်နေရပ်ပြန်မပို့သင့်ဘူးလို့ Fortify Rights က ဆိုပါတယ်။
"ပြန်လည်ပို့ဆောင်မှုအားလုံးကို စနစ်တကျ၊ အဆင့်ဆင့်နဲ့ ကာယကံရှင်တွေရဲ့ သဘောဆန္ဒအရ ဆောင်ရွက်နေပြီး လုံခြုံမှု၊ လူသားချင်းစာနာထောက်ထားမှုနဲ့ တာဝန်ယူမှုရှိတဲ့ အုပ်ချုပ်မှုစနစ်ကို အဓိကထား လုပ်ဆောင်နေတယ်" လို့ မလေးရှားပြည်ထဲရေးဝန်ကြီးက မနေ့က ထုတ်ပြန်ချက်မှာပြောပါတယ်။
ဒါပေမဲ့ ပြန်လည်ပို့ဆောင်မယ့်သူတွေကို ဒုက္ခသည်ဆိုင်ရာ အဆိုပြုချက်နဲ့ အကဲဖြတ်တာတွေ လုပ်ဆောင်ခဲ့တဲ့ နည်းလမ်းကိုတော့ အသေးစိတ်ပြောတာမရှိပါဘူး။
မလေးရှားဘက်က ထုတ်ပြန်ချက်အရ ဒုက္ခသည်တွေကို မြန်မာရေတပ်က စစ်သင်္ဘောနှစ်စင်းနဲ့ မြန်မာရေတပ်ပိုင် ဆေးရုံသင်္ဘောတစ်စင်းအသုံးပြုခေါ်ဆောင်မယ်လို့ သိရပါတယ်။ မလေးရှားကိုရောက်နေတဲ့ ဒုက္ခသည်အများစုဟာ မြန်မာနိုင်ငံကဖြစ်ပြီး ၉၅ ရာခိုင်နှုန်းအထိရှိတယ်လို့ ပြည်ထဲရေးက ဆိုပါတယ်။
ဒီထဲမှာ ရိုဟင်ဂျာအပြင် ချင်း၊ ကရင်နဲ့ မွန်တိုင်းရင်းသားတွေလည်း ပါဝင်တာပါ။ မလေးရှားအစိုးရရဲ့ ဒုက္ခသည်မှတ်ပုံတင်ခြင်းဆိုင်ရာအစီအစဥ်အရ ဒီနှစ်ထဲမှာ ရိုဟင်ဂျာအများစုပါတဲ့ မြန်မာဒုက္ခသည် ၄,၀၀၈ ဦးကို စိစစ်အတည်ပြုထားပြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒီထဲမှာမပါဘဲ ဆန္ဒအလျောက်နေရပ်ပြန်မယ့်သူက ၅,၀၀၀ ရှိတယ်လို့ မလေးရှား ပြည်ထဲရေးက ပြောတာပါ။ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းမှာလည်း မြန်မာနိုင်ငံသား ၁၀,၃၈၈ ဦး ရှိနေပြီး ဒုက္ခသည်ဆိုင်ရာအချက်အလက်တွေ စစ်ဆေးသွားမယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။












