ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မေ ၃၀ ရက်သတင်းအနှစ်ချုပ် - အမျိုးသားလုံခြုံရေးဗျူရိုမှာ တပ်ချုပ်က နံပါတ်သုံးနေရာရောက်
အမျိုးသားလုံခြုံရေးအဖွဲ့ (National Security Bureau- NSB) ကို ဦးမင်းအောင်လှိုင် သမ္မတဖြစ်ပြီးတဲ့နောက် ပြန်ဖွဲ့စည်းလိုက်ပြီး ဥက္ကဋ္ဌ နေရာကို ယူလိုက်တယ်လို့ မြန်မာနိုင်ငံပြန်တမ်းမှာဖော်ပြထားပါတယ်။
ဒုသမ္မတ ၁ ဦးညိုစောက ဒုဥက္ကဋ္ဌ ၁ ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးက ဒုဥက္ကဋ္ဌ ၂ နေရာကို ရောက်သွားပါတယ်။
၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းခဲ့တဲ့ NSB မှာ တပ်ချုပ်က ဥက္ကဋ္ဌဖြစ်ခဲ့ပေမဲ့ အခုတော့ သမ္မတက လွှဲပြောင်းရယူလိုက်တာပါ။
စစ်ဘက်ရေးရာလုံခြုံရေးအရာရှိချုပ်က အတွင်းရေးမှူးဖြစ်လာပြီး အာဏာသိမ်းကာလ NSB တုန်းက ပြည်ထဲရေးဝန်ကြီးက အတွင်းရေးမှူးဖြစ်ပါတယ်။
လက်ရှိ NSB အဖွဲ့ဝင်တွေအဖြစ် ဒုတပ်ချုပ်၊ သမ္မတရုံးဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီး၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီး၊ နယ်စပ်ရေးရာဝန်ကြီး၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး၊ ပို့ဆောင်ရေး၊ ဒစ်ဂျစ်တယ်ဖွံ့ဖြိုးရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးတို့ ပါဝင်ပါတယ်။
အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ရှိနေပြီးဖြစ်လို့ ဘာကြောင့် NSB ကို ဖွဲ့ဖို့လိုသလဲလို့ လုံခြုံရေးကျွမ်းကျင်သူတွေက မေးခွန်းထုတ်မှုတွေရှိကြပါတယ်။
NSB ဖွဲ့တဲ့ အမိန့်စာမှာတော့ ဝန်ကြီးဌာနတွေပေါင်းစပ်ပြီး အမျိုးသားလုံခြုံရေးတာဝန်တွေ ထိရောက်အောင် ဆောင်ရွက်နိုင်ဖို့လို့ ဖော်ပြထားပါတယ်။
NSB အပြင် အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်ရာထူးလည်းရှိနေသေးပြီး အငြိမ်းစားဗိုလ်ချုပ်ကြီး တင်အောင်စန်းဖြစ်ပါတယ်။
ဦးမင်းအောင်လှိုင် အိန္ဒိယရောက်ပြီ၊ ဒေလီမှာ ကန့်ကွက်မယ့်သူတွေ အတားခံရ
ဦးမင်းအောင်လှိုင်ရဲ့ သမ္မတအဖြစ် ပထမဆုံးနိုင်ငံခြားခရီးစဥ်အဖြစ် အိန္ဒိယနိုင်ငံ၊ ဗုဒ္ဓဂါယာကို ရောက်ရှိလာပြီလို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက လွန်ခဲ့တဲ့ မိနစ်ပိုင်းက ထုတ်ပြန်လာပါတယ်။
ဦးမင်းအောင်လှိုင်ရဲ့ မေ ၃၀ ကနေ ဇွန် ၃ ရက်အထိ ကြာမယ့် ခရီးစဥ်မှာ ဇွန် ၁ ရက်မှာတော့ ဝန်ကြီးချုပ် မိုဒီနဲ့ နယူးဒေလီမြို့မှာတွေ့ဆုံဖို့ရှိနေတာပါ။
နယူးဒေလီရောက် မြန်မာအသိုင်းအဝိုင်းကတော့ ဒီခရီးစဥ်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်မယ်လို့ ကြေညာထားတာပါ။
မေ ၂၉ ရက်ကတော့ ဆန္ဒထုတ်ဖော်မယ့် မြန်မာနိုင်ငံသားတွေကို အိန္ဒိယအာဏာပိုင်တွေက Budella Park နဲ့ C-1 Bus stop တို့မှာ တားဆီးပိတ်ပင်တာလုပ်ခဲ့တယ်လို့ ဒီအခြေအနေ သိရှိသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
အိန္ဒိယနိုင်ငံဘက်ကိုလည်း စာပေးပို့ကန့်ကွက်တာတွေရှိနေပေမဲ့ ဒီခရီးစဥ်က နှစ်နိုင်ငံပြည်သူတွေအားလုံး အကျိုးဖြစ်ထွန်းစေမဲ့ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုတွေကို တိုးမြှင့်ခိုင်မာစေမှာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့မှာ ထုတ်ပြန်ထားပါတယ်။
ဦးမင်းအောင်လှိုင်ဟာ ဇွန် ၂ ရက်မှာ မွန်ဘိုင်းက စီးပွားရေးလုပ်ငန်းခွင်တွေကိုသွားရောက်ဖို့ရှိနေသလို ဒီခရီးစဥ်အတွင်း နိုင်ငံတကာကြောင်ကြီးမျိုးစိတ်များ မဟာမိတ်အဖွဲ့ (IBCA) ရဲ့ ထိပ်သီးဆွေးနွေးပွဲကိုလည်း တက်ဖို့ရှိတယ်လို့ အိန္ဒိယဘက်က ထုတ်ပြန်ထားပါတယ်။
လာအိုက ဂူထဲပိတ်မိနေသူ ၅ ဦး အပြင်ကို ကယ်ထုတ်နိုင်ပြီ
လျှပ်တစ်ပြက်ရေကြီးမှုကြောင့် တပတ်ကျော်ကြာ ဂူထဲ ပိတ်မိနေတဲ့ လာအိုက အမျိုးသား ၅ ဦးကို ကယ်ဆယ်ရေးသမားတွေက ဒီနေ့ မွန်းလွဲပိုင်းမှာ အပြင်ကို ကယ်ထုတ်လိုက်နိုင်ပြီ လို့ ထိုင်းကယ်ဆယ်ရေးသမားတစ်ဦးက လူမှုကွန်ရက်မှာ ပြောပါတယ်။
မေ ၂၀ ရက်မှာ လာအိုနိုင်ငံ၊ ရှောင်ဆွမ်ဘွန်ခရိုင်က ဂူတစ်ခုမှာ ရွှေရှာတဲ့ အမျိုးသား ၇ ဦး ပိတ်မိ ခဲ့တာပါ။ သူတို့ထဲက ၅ ဦးကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ပြန်ရှာတွေ့ခဲ့ပါတယ်။ ကယ်ဆယ်ရေးသမားတွေ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာတော့ သူတို့က အချင်းချင်းပူးကပ်ထိုင် နေကြပြီး တကိုယ်လုံးလည်း ရွှံတွေ ပေကျံနေကြတာပါ။
သူတို့ကို ကယ်ဆယ်ရေးသမားတွေက တွေ့သွားတော့ ပြုံးပျော်နေကြတာလည်းတွေ့ရပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေလည်း ဂူအပြင်မှာ ဝမ်းပန်းတသာဖြစ်ခဲ့ကြတာပါ။ ဒီအမျိုးသား ၅ ဦးထဲက ၁ ဦးကို မနေ့က ဂူထဲကစထုတ်နိုင်ခဲ့ပြီး ဒီနေ့မှာတော့ နောက်ထပ် ၄ ဦးကို ကယ်ထုတ်လာတာဖြစ်ပါတယ်။
ဂူအပြင်မှာ စောင့်ဆိုင်းနေကြတဲ့ သူတို့မိသားစုတွေနဲ့ ပြန်ဆုံစည်းနိုင်ကြပြီဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့နဲ့ တစ်ရက်တည်းအတွင်းမှာပဲ ပိတ်မိခဲ့တဲ့ နောက်ထပ်အမျိုးသား ၂ ဦးကျန်နေပါ သေးတယ်။ သူတို့မိသားစုဝင်တွေလည်း လာရောက်စောင့်ဆိုင်းနေကြတာကြောင့် ဆက်လက်ရှာဖွေသွားမယ်လို့ ထိုင်းကယ်ဆယ်ရေးသမားက ဆိုပါတယ်။
LGBTQ+ တိုက်ဖျက်ရေးဥပဒေ ဂါနာလွှတ်တော်အတည်ပြု
ဂါနာလွှတ်တော်ဟာ လိင်တူချစ်မှုနဲ့ ကွဲပြားသောလိင်စိတ်ရှိသူတွေ(LGBTQ+) အရေးလှုပ်ရှားမှုတွေကို ရာဇဝတ်မှုအဖြစ် သတ်မှတ်တဲ့ ဥပဒေကြမ်းတစ်ခုကို အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
ဒီဥပဒေအသက်ဝင်လာရင် LGBTQ လို့ ကိုယ့်ကိုယ်ကိုသတ်မှတ်ထားသူတွေကို ထောင်ဒဏ်သုံးနှစ်အထိ ချမှတ်မှာဖြစ်ပါတယ်။
ဥပဒေကြမ်းကို သမ္မတက အတည်ပြုလက်မှတ်ရေးထိုးပေးရဦးမှာဖြစ်ပါတယ်။
ရဲတပ်ဖွဲ့ကို သတင်းပေးရမယ်လို့လည်း ဥပဒေမှာ ဖော်ပြထားပါတယ်။
လိင်တူချစ်မှုတိုက်ဖျက်ရေးဥပဒေတွေကို ပိုမိုတင်းကျပ်ဖို့ မနှစ်ကသမ္မတဖြစ်လာတဲ့ ဂျွန် ဒရာမာနီ မဟာမာကို ဘာသာရေးခေါင်းဆောင်တွေက တိုက်တွန်းနေခဲ့တာဖြစ်ပါတယ်။
အခုလိုပိတ်ပင်မှုကို လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ Human Rights Watch အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေက ဝေဖန်ထားကြပါတယ်။
ဂါနာမှာ ကိုလိုနီခေတ်လက်ကျန် ဥပဒေတွေအရ လိင်တူချစ်မှုကို ပိတ်ပင်ထားပါတယ်။
ဥပဒေကြမ်းဟာ မိသားစုတွေနဲ့ ယဉ်ကျေးမှုတန်ဖိုးနှုန်းစံတွေကို ကာကွယ်ပေးလိမ့်မယ်လို့ ဥပဒေကြမ်းကို တင်သွင်းတဲ့ သိက္ခာတော်ရ ဘုန်းကြီး ဂျွန်နတင် ဖို့ဂျိုးက လွှတ်တော်တွင်းပြောပါတယ်။
LGBTQ တွေကို ထောက်ခံသူတွေကိုပါ ထောင်ဒဏ်ချမှတ်ဖို့ ဥပဒေမှာ ထည့်သွင်းထားပါတယ်။
ဒါပေမဲ့ ကွဲပြားတဲ့လိင်စိတ်ရှိသူတွေဘက်က ဥပဒေကြောင်းအရ လျှောက်ထားသူတွေ၊ သူတို့အကြောင်းကို သတင်းဖော်ပြတဲ့ မီဒီယာတွေ၊ သူတို့ကို ဆေးကုသမှုပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေတော့ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ပေးထားပါတယ်။
ဂါနာဟာ အလားတူဥပဒေကြမ်းတစ်ခုကို ၂၀၂၄ ခုနှစ်မှာ အတည်ပြုခဲ့ပေမဲ့ အဲ့ဒီအချိန်တုန်းက သမ္မတဖြစ်တဲ့ အကူဖို-အက်ဒိုဟာ ဥပဒေကြောင်းအရအခက်အခဲတွေကြုံတွေ့ခဲ့ရလို့ လက်မှတ်ရေးထိုးပေးနိုင်ခြင်းမရှိခဲ့ပါဘူး။
အာဖရိကနိုင်ငံအတော်များများဟာ မကြာသေးမီနှစ်တွေမှာ LGBTQ တွေအပေါ် ဖိနှိပ်မှုတွေ ပိုမိုတိုးမြှင့်လုပ်လာပါတယ်။
ဆီနီဂေါဟာ မတ်လမှာ အလားတူဥပဒေကို အတည်ပြုခဲ့ပြီး ယူဂန္ဓာဟာ လိင်တူတိုက်ဖျက်ရေးဥပဒေကို ၂၀၂၃ ခုနှစ်မှာ အတည်ပြုခဲ့ပြီး သေဒဏ်ချမှတ်လို့ရတဲ့အထိ ပြင်းထန်တဲ့ပုဒ်မတွေ ပါဝင်ပါတယ်။
မဟာမိတ်အာရှနိုင်ငံတွေ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ဖို့ အမေရိကန်ပြော
အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဆက်က အာရှမဟာမိတ်နိုင်ငံတွေအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်တိုးမြှင့်ဖို့လိုအပ်တယ်လို့ ပြောလာပါတယ်။
ဒီနေ့ စင်္ကာပူနိုင်ငံမှာ ကျင်းပတဲ့ ဒေသတွင်း ထိပ်တန်းကာကွယ်ရေးဆိုင်ရာ ဖိုရမ်တစ်ခုဖြစ်တဲ့ ရှန်ဂရီလာဆွေးနွေးပွဲ ၂၀၂၆ မိန့်ခွန်းမှာ ပြောသွားတာပါ။
အီရန်စစ်ပွဲလို ကမ္ဘာလုံးဆိုင်ရာကိစ္စရပ်တွေဖြစ်နေချိန်မှာ အမေရိကန်အနေနဲ့ အာရှဘက်ကို လျစ်လျူရှုမထားဘူးလို့လည်း အမေရိကန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
ထိုင်ဝမ်အတွက် လက်နက်ရောင်းချပို့ဆောင်တဲ့ စီမံကိန်းကို ရပ်တန့်ထားပေမဲ့ တခြားသဘောတူညီချက်တွေကို ဆက်အကောင်အထည်ဖော်နေပြီး မဟာမိတ်အာရှ-ပစိဖိတ်နိုင်ငံတွေ အပေါ် အမေရိကန်က အခိုင်အမာပံ့ပိုးနေတယ်လို့လည်း သူက ပြောပါတယ်။
ဒေသတွင်းမှာ တရုတ်ရဲ့ စစ်ရေးတိုးချဲ့တာကို ခြိမ်းခြောက်မှုတစ်ခုလို့ဆိုပေမဲ့ တဖက်မှာလည်း အမေရိကန်အနေနဲ့ မလိုလားအပ်တဲ့ ထိပ်တိုက်တွေ့ဆုံမှုကိုရှောင်ရှားလိုတယ်လို့ ဆိုပါတယ်။
မေ ၂၉ ရက်ကနေ ၃၁ ရက်အထိ ကျင်းပတဲ့ ဒီထိပ်သီးကာကွယ်ရေးဖိုရမ်ကို နိုင်ငံပေါင်း ၄၄ နိုင်ငံက ကိုယ်စားလှယ်တွေ တက်ရောက်နေကြတာဖြစ်ပါတယ်။
ဒီထဲမှာ ဝန်ကြီးအဆင့် ကိုယ်စားလှယ် ၅၄ ဦး၊ အာရှ-ပစိဖိတ်နဲ့ ဥရောပတလွှားက ကာကွယ်ရေးဦးစီးချုပ် ၄၂ ဦးနဲ့ အကြီးတန်းကာကွယ်ရေးအရာရှိတွေ ပါဝင်ပါတယ်။
ဒီဖိုရမ်မှာ အီရန်စစ်ပွဲကာလအတွင်း ဒေသတွင်းမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍ၊ အမေရိကန်-တရုတ်ဆက်ဆံရေး၊ ထိုင်ဝမ်အရေး၊ ဂျပန်ကာကွယ်ရေးအပြောင်းအလဲနဲ့ ရေကြောင်းလုံခြုံရေးနဲ့ ရေကြောင်းသွားလာမှုလွတ်လပ်ခွင့်တွေကို အဓိက စောင့်ကြည့်ဖို့ လိုအပ်တဲ့ အရေးကြီးကိစ္စအဖြစ် စင်္ကာပူသတင်းတွေကဖော်ပြပါတယ်။
စစ်ရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေး တိုက်ခံနေရတယ်လို့ အေအေပြော
စစ်မြေပြင်မှာ စစ်ရေးအရ တိုက်ပွဲဝင်နေရတဲ့အပြင် တဖက်မှာလည်း အာရက္ခတပ်တော်အပေါ် နိုင်ငံတကာဖိအားတွေရအောင် အစုအဖွဲ့နဲ့ တစ်ဦးချင်းလုပ်နေကြတာကို ရင်ဆိုင်နေရတယ်လို့ အေအေက ပြောပါတယ်။
မေ ၂၉ ရက် ထုတ်ပြန်ချက်အရ စစ်ရေး၊ နိုင်ငံရေးနဲ့ သံတမန်ရေး တိုက်ခိုက်မှုတွေကို ကြုံနေရတယ်လို့ ပြောထားတာပါ။
ဒီအခြေအနေကြားမှာပဲ ရခိုင်ပြည်နယ်အတွင်းက ထိန်းချုပ်နယ်မြေတွေမှာ တရားဥပဒေစိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေးအပါအဝင် တိုင်းပြည်တည်ဆောက်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုတွေကို လုပ်ဆောင်နေတယ်လို့ အေအေက ထုတ်ပြန်ပါတယ်။
အာရက္ခတပ်တော်အနေနဲ့ ရခိုင်တပြည်လုံးနီးပါး သိမ်းနိုင်တဲ့အနေအထားရောက်နေပြီလို့လည်း ပြောထားပါတယ်။
နယ်မြေထိန်းချုပ်မှုကျယ်ပြန့်လာတာနဲ့အတူ အေအေရဲ့ စစ်ရေးနဲ့ အုပ်ချုပ်ရေးတပြိုင်နက်ဖော်ဆောင်နေချိန်မှာ အရပ်သားတွေဘက်က မတူညီတဲ့အမြင်တွေလည်း ရှိလာနေတာပါ။
ထိန်းချုပ်နယ်မြေတွေမှာ ဒုစရိုက်မှုများလာတာတဲ့ အခြေအနေနဲ့ တရားစီရင်ရေး၊အုပ်ချုပ်ရေး အဖွဲ့ တွေအပေါ် ဝေဖန်တာတွေလည်း မြင့်တက်လာနေတာဖြစ်ပါတယ်။
အာရက္ခတပ်တော် (AA) ဟာ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာတွေအပေါ် မှာ မြန်မာ စစ်တပ်လိုပဲ လူ့အခွင့် အရေးချိုးဖောက်မှုတွေ ကျူးလွန်တယ်ဆိုပြီး နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့တွေက စွပ်စွဲထားသလို၊ ဒီအပေါ်အရေးယူပေးဖို့ ယူကေအစိုးရအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို တောင်းဆိုနေကြပါတယ်။
ဘင်္ဂလားဒေ့နိုင်ငံအခြေစိုက် သတင်းဌာနတွေမှာလည်း AA အပေါ်ပစ်မှတ်ထားတဲ့ ပိတ်ဆို့အရေး ယူမှုတွေလုပ်ဖို့နီးစပ်လာပြီ ဆိုပြီး ရေးသားပြောဆိုနေပါတယ်။
စစ်တပ်ကတော့ မူးယစ်ဆေးဝါး ဖမ်းဆီးရမိတာတွေဟာ အေအေနဲ့ ဆက်စပ်တယ်လို့ မကြာခဏစွပ်စွဲထားတာဖြစ်ပါတယ်။
တနင်္သာရီက ကျောက်လုံးကြီးစခန်းကို KNU သိမ်း
ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နယ်မြေထဲမှာ နှစ် ၂၀ ကြာ အခြေချထားတဲ့ စစ်တပ်ရဲ့ကျောက်လုံးကြီးစခန်းကို သိမ်းယူလိုက်တယ်လို့ KNU မြိတ်-ထားဝယ် ခရိုင်ရဲ့ အတွင်းရေးမှူး ပဒိုစောအယ်နားက ဘီဘီစီကိုပြောပါတယ်။
စစ်တပ်ရဲ့ ခမရ (၄၃၃) တပ်ရင်းက အင်အား (၈၀) ကျော်ဟာ တနင်္သာရီတိုင်းထဲမှာရှိတဲ့ ကျောက်လုံးကြီးစခန်းကို ကမ်းရိုးတန်းတိုင်းစစ်ဌာနချုပ်၊ အမှတ်(၂)ဗျူဟာရဲ့ ကာကင်းတစ်ခုအနေနဲ့ ဝင်ရောက်တပ်စွဲထားတာ ဖြစ်ပါတယ်။
"ကျောက်လုံးကြီးက တနင်္သာရီမြစ်ဘေးမှာရှိပြီးတော့ ဗျူဟာအရလည်းအရေးပါ ပါတယ်။ ဒီရွာကနေ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကို မြေနီလမ်းအတိုင်း လမ်းပေါက်တယ်" လို့ ပဒိုစောအယ်နားက ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းမှာ KNU တပ်မဟာ(၄)နဲ့တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေ စစ်တပ်ရဲ့ "အောင်သာဝရစခန်း" သိမ်းလိုက်တုန်းကလည်း တပ်သားတွေက ဒီကျောက်လုံးကြီးစစ်ဗျူဟာစခန်းကို စွန့်ခွာ ထွက်ပြေးတာရှိခဲ့ပါတယ်။
နောက်ပိုင်းမှာမှ ခမရ (၄၃၃) ကနေ တပ်အင်အားပြန်လည်ဖြည့်တင်းဝင်ရောက်ကာ တပ်ပြန်စွဲထားတာဖြစ်ပါတယ်။ ကျောက်လုံးကြီးစခန်းကို KNUတပ်မဟာ(၄) ဗျူဟာအမှတ်(၁)ဦးဆောင်မှုနဲ့ K.N.D.O တပ်ရင်း(၇)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်တာလို့ KNUက ထုတ်ပြန်ပါတယ်။
စစ်တပ်နဲ့ KNU ဦးဆောင်တဲ့မဟာမိတ်ပူးပေါင်းတပ်တွေဟာ ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးကိုစိုးမိုးရေးအတွက် ဒီနှစ်ထဲမှာ စစ်ရေးအရှိန်မြှင့်နေတာဖြစ်ပါတယ်။
တနင်္သာရီတိုင်းထဲက ထိုင်း-မြန်မာကုန်သွယ်ရေးအတွက် အဓိကကျတဲ့ မောတောင်နယ်စပ်မြို့ကိုတော့ စစ်တပ်က KNU လက်ထဲကနေ ပြန်လည်တိုက်ခိုက်သိမ်းယူထားပါတယ်။
ကမ္ဘာ့အကြီးဆုံးဓာတ်ငွေ့သိုက်ဖြစ်လာနိုင်တဲ့ M15 လုပ်ကွက် ဒီနှစ်ကုန်စတူးဖော်မယ်
တနင်္သာရီကမ်းလွန်က M 15 လုပ်ကွက်ကို ဒီနှစ်ကုန်ပိုင်းမှာ စတင်တူးဖော်ဖို့ရှိနေတယ်လို့ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌနဲ့ M15 လုပ်ကွက်ကို လုပ်ကိုင်ခွင့်ရထားတဲ့ CFG Energy Pte.,Ltd တို့ မနေ့က တွေ့ဆုံစဥ်မှာ ဆွေးနွေးချက်အရ သိရပါတယ်။
တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဦးမြတ်ကိုဟာ ဝန်ကြီးချုပ်ဟောင်းလည်းဖြစ်ပြီး CFG Energy Pte.,Ltd ရဲ့ ဥက္ကဋ္ဌနဲ့အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့တာပါ။
CFG Energy Pte.,Ltd ဟာ မြန်မာမှာ ၂၀၁၅ ခုနှစ်ကတည်းကစတင်ရင်းနှီးမြှုပ်နှံတဲ့ စင်္ကာပူအခြေစိုက် ကုမ္ပဏီဖြစ်ပါတယ်။ M 15 လုပ်ကွက်ဟာ တနင်္သာရီတောင်ပိုင်း၊ မြိတ်ခရိုင်ထဲက အကြီးဆုံးကျွန်းဖြစ်တဲ့ ကတန် ကျွန်းကြီးရဲ့ အနောက်ဘက်မှာ တည်ရှိပြီး စတုရန်းကီလိုမီတာ ၁၃,၀၀၀ ကျော်ရှိတဲ့ လုပ်ကွက်ဖြစ်ပါတယ်။
CFG Energy Pte.,Ltd ရဲ့ ဥက္ကဋ္ဌက ဒီလုပ်ကွက်ဟာ ကမ္ဘာ့အဆင့်မီသဘာဝဓာတ်ငွေ့ လုပ်ကွက်ဖြစ်လာနိုင်တယ်လို့ မြန်မာမှာ လုပ်ကိုင်ခွင့်စရကတည်းက ပြောထားပါတယ်။ ဒီလုပ်ကွက်ကနေ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပမာဏ အမြောက်အများတွေ့ရှိခဲ့တာကြောင့် တောင်အမေရိကတိုက်က ကမ္ဘာကျော် ကမ်းလွန်လုပ်ကွက် ဂိုင်ယားနား- Guyana လိုမျိုး ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြောင်း စွမ်းအင်ကဏ္ဍအထူးပြုရေးသားတဲ့ Upstream သတင်းဌာနက ရေးပါတယ်။
M-15 လုပ်ကွက်ဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ ပေါကြွယ်ဝတဲ့နေရာမှာ တည်ရှိနေပြီး ဒီလုပ်ကွက်ကနေ ထုတ်လုပ်မှုဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားဝင်ငွေစုစုပေါင်း ရဲ့ ၄၀ ရာခိုင်နှုန်း နဲ့ ညီမျှနိုင်တယ်လို့ ခန့်မှန်းထားကြောင်း ၂၀၁၇ ခုနှစ်က CFG ကုမ္ပဏီ ရဲ့ ရုံးတွင်းအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒီလုပ်ကွက်ကနေ ရရှိလာနိုင်တဲ့ သဘာဝဓာတ်ငွေ့ပမာဏ ဟာ တရုတ်-မြန်မာ ဓာတ်ငွေ့ပိုက်လိုင်း ကို နှစ် ၅၀ လောက်အထိ ထောက်ပံ့ပေးနိုင်သလို၊ ဂျပန်နိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ သုံးစွဲမှု ပမာဏ နဲ့ ညီမျှတဲ့ ပမာဏ ကို ၅ နှစ်နီးပါးထောက်ပံ့နိုင်မှာဖြစ်တယ်လို့ အဲဒီ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ အသုံးပြုနေတဲ့ နိုင်ငံခြားငွေရလမ်းကြောင်း ဖြတ်တောက်ရေးအတွက် နိုင်ငံတကာကို အသိပေးလုပ်ဆောင်နေတဲ့ Justice For Myanmar ကတော့ စစ်ကော်မရှင်ဟာ မြန်မာ့သဘာဝဓာတ်ငွေ့လုပ်ငန်းကနေ နှစ်စဉ် ဒေါ်လာ ၁ ဘီလျံကျော် ရရှိနေပြီး၊ ၂၀၂၃ ခုနှစ် ပထမလတွေကနေ ဇွန်လအထိ အမေရိကန်ဒေါ်လာ ၈၄၁.၇ သန်းရရှိခဲ့တယ်လို့ သူတို့နောက်ဆုံးသိထားရတဲ့အချက်အလက်တွေကို ကိုးကား ဖော်ပြပါတယ်။ နေပြည်တော်ကတော့ တနင်္သာရီတိုင်းထဲက ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ ကမ်းလွန်လုပ်ကွက်တွေကို အကောင်အထည်ဖော်ဖို့အတွက် ဒီနှစ်ထဲမှာ စစ်အင်အား အမြောက်အများနဲ့ စစ်ရေးဖိအားပေးနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်အတွင်းမှာ စစ်ခေါင်းဆောင်ကလည်း မြန်မာ့အကြီးဆုံး သဘာဝ ဓာတ်ငွေ့သိုက်ကြီးတွေ့ထားပြီး လာမယ့် နှစ်နှစ်အတွင်းမှာ ထုတ်လုပ်နိုင်မယ်လို့ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရဲ့ နှစ်ပတ်လည် အစည်းအဝေးမှာ ထုတ်ဖော် ပြောသွားပါတယ်။