အကျဉ်းစံ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂတ်စ် မိုဟာမဒီ

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, ဘီဘီစီသတင်း ပါရှန်းဘာသာဌာန
- ရေးသားခဲ့သည်။
- ဖတ်ရန်အချိန်: မိနစ် ၆
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်တုန်းက နော်ဝေနိုင်ငံ အော်စလိုမြို့တော်မှာ ကျင်းပခဲ့တဲ့ အခမ်းအနားမှာ အသက် ၁၇ နှစ်အရွယ် အမွှာနှစ်ယောက် (ကောင်လေးနှင့် မိန်းကလေး) ဟာ နိုဘယ်ငြိမ်းချမ်းရေးဆုတံဆိပ်ကို လက်ခံရယူကာ သူတို့နှစ်ဦးကြားက ကုလားထိုင်လွတ်ပေါ်မှာ တင်ထားလိုက်ပါတယ်။
မိန်းကလေးက သူတို့ မိခင်မရှိဘဲ ဆယ်ကျော်သက်အရွယ်ကို ဖြတ်သန်းရတဲ့ အခက်အခဲတွေ၊ အထူးသဖြင့် အီရန်အမျိုးသမီးတွေရဲ့လူ့အခွင့်အရေးကို ကာကွယ်တဲ့ သူတို့အမေရဲ့ ဂုဏ်ယူဖွယ်ရပ်ကို ဖော်ပြတဲ့ဆု လက်ခံမိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။
အီရန်ကနေ ဥရောပကို အသက် ရှစ်နှစ်အရွယ်တုန်းက ထွက်ခွာလာခဲ့ရပြီးနောက် သူတို့တကွဲတပြားစီ နေထိုင်ခဲ့ရပါတယ်။
အဲဒီတုန်းက သူတို့ မိခင်ဟာ အီရန် အကျဉ်းထောင်ထဲမှာ ရှိခဲ့ပြီး အခုလည်း အီရန်အကျဉ်းထောင်မှာ ရှိနေဆဲပါ။
အမွှာနှစ်ယောက် အသက် နှစ်နှစ်အရွယ်မှာတုန်းက အီရန်စစ်ဆေးရေးမှူးတစ်ဦးက နာဂတ်စ်မိုဟာမဒီကို "မင်းမှာ ကလေးငယ်တွေရှိတော့ မင်းကို ဖမ်းဆီးမှာ မဟုတ်ဘူးလို့ မထင်နဲ့။ မင်းနဲ့မင်းရဲ့ကလေးတွေကို အကျဉ်းခန်းတစ်ခုထဲ ငါခေါ်လာမယ်။ "မင်း တီဟီရန်ကို စွန့်ခွာရမယ်" လို့ သတိပေးခဲ့ဖူးပါတယ်။
ဒါပေမယ့် သူ အီရန်ကို မစွန့်ခွာခဲ့ပါဘူး။ လူ့အခွင့်အရေးလှုပ်ရှားမှုအတွက် မြှုပ်နှံထားတဲ့ ဘဝကို စွန့်ခွာဖို့ သူ ငြင်းဆန်ခဲ့ပါတယ်။ ဒီလိုနဲ့ပဲ နာဂတ်စ် မိုဟာမဒီ နိုဘယ်ငြိမ်းချမ်းရေးဆုရရှိတဲ့ ဒုတိယမြောက် အီရန်အမျိုးသမီး ဖြစ်လာခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Anadolu via Getty Images
နိုဘယ်ဖောင်ဒေးရှင်းအဆိုအရ အခုအချိန်အထိ မိုဟာမဒီဟာ ၁၄ ကြိမ်ကျော် ဖမ်းဆီးခြင်းခံခဲ့ရပြီး စုစုပေါင်း ထောင်ဒဏ် ၃၁ နှစ်နဲ့ ကြိမ်ဒဏ် ၁၅၄ ချက်အမိန့် ချမှတ်ခံထားရပါတယ်။
ဆေးကုသဖို့ လိုအပ်တဲ့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေ ရှိနေပေမယ့်လည်း ပြီးခဲ့တဲ့ အနှစ် ၂၀ အတွင်း အကျဉ်းထောင်တွေကြား လွှဲပြောင်းခံရပြီး သူ့မိသားစုနဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့ အပြောအရဆိုရင် စစ်ဆေးမေးမြန်းမှုတွေ ဒါမှမဟုတ် တရားရုံးကြားနာပွဲတွေအတွင်း ဘာခါ ( မျက်လုံးသာ ဖော်ပြီး ဝတ်ထားတဲ့ ဝတ်ရုံ) မဝတ်ဖို့ ငြင်းဆန်တဲ့အတွက် ရိုက်နှက်တာ အပါအဝင် ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်တာမျိုးတွေ ခံခဲ့ရပါတယ်။
၂၀၂၆ ခုနှစ်၊ မေလ ၁၀ ရက်၊ တနင်္ဂနွေနေ့မှာ မိုဟာမဒီရဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွားလာတာကြောင့် စိုးရိမ်ရတဲ့အခြေအနေမှာ ရှိတဲ့အတွက် ထောင်ကနေ တီဟီရန်မြို့ ဆေးရုံကို သူ့ကို ပြောင်းရွှေ့ခဲ့ပါတယ်။
အီရန်အာဏာပိုင်တွေက "အာမခံငွေ တော်တော်များများနဲ့ ပြစ်ဒဏ်ဆိုင်းငံ့ခွင့်" ပေးအပ်ခဲ့ပြီး သူမဟာ "ယခု တီဟီရန် ပါ့စ်ဆေးရုံမှာ သူ့ ကိုယ်ပိုင်ဆေးအဖွဲ့ရဲ့ ကုသမှုခံယူနေပြီ" လို့ နာဂတ်စ် မိုဟာမက်ဒီ ဖောင်ဒေးရှင်းက ပြောပါတယ်။
နှလုံးဖောက်တဲ့သံသယနဲ့ လွန်ခဲ့တဲ့ ၁၀ ရက်တုန်းက သူ့ကို အီရန်နိုင်ငံမြောက်ပိုင်း ဇန်ဂျန်မြို့က ဆေးရုံအထူးကြပ်မတ်ကုသဆောင်မှာ ထားပြီး အဲဒီမြို့မှာ သူမ လက်ရှိပြစ်ဒဏ်ကျခံနေရကြောင်း သူ့ရဲ့ရှေ့နေ ချီရင်နေ အာဒါကနီက ပြောပါတယ်။
သူဟာ လွန်ခဲ့တဲ့လေးလအတွင်း ကိုယ်အလေးချိန် ၂၀ ကီလိုဂရမ် ကျဆင်းသွားပြီး အခုအခါ အသက်ရှူဖို့ အောက်ဆီဂျင်ပစ္စည်းကိရိယာ အကူအညီ လိုအပ်နေပါတယ်။
နော်ဝေမှာနေတဲ့ သူ့အစ်ကို ဟမ်ဒီရီဇာက ဘီဘီစီကို "အစိုးရဟာ နာဂတ်စ်နဲ့ တခြားတက်ကြွလှုပ်ရှားသူတွေလို ရှင်းပစ်ဖို့ ဆုံးဖြတ်ထားတယ်လို့ သံသယဖြစ်စရာကို မရှိကြောင်း" ပြောခဲ့ပါတယ်။
နိုင်ငံရေး လှုပ်ရှားမှု
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
မိုဟာမဒီဟာ နိုင်ငံရေးမိသားစုကနေ ဆင်းသက်လာသူဖြစ်ပါတယ်။
၁၉၇၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်မှာ သူ့ကို ဇန်ဂျန်မြို့မှာ မွေးဖွားခဲ့ပြီး အဲဒီအချိန်တုန်းက သူ့မိသားစုဝင် အများအပြား ကွပ်မျက်ခံခဲ့ရပါတယ်။
သူဟာ အီရန်နိုင်ငံ အလယ်ပိုင်းက မြောက်ပိုင်းမြို့တမြို့ဖြစ်တဲ့ ကာရာ့ဂ်ျနဲ့ အီရန်အနောက်ပိုင်း ကော်ဒစ္စတန်ပြည်နယ်တို့မှာ ကြီးပြင်းခဲ့တာပါ။
တက္ကသိုလ်မှာတုန်းက အသုံးချရူပဗေဒဘာသာရပ်ကို လေ့လာခဲ့ပြီး အားကောင်းတဲ့နိုင်ငံရေးလှုပ်ရှားတွေ စတင်ခဲ့ပါတယ်။
၁၉၉၇ ခုနှစ်မှာတော့ မိုဟာမက်ဒီဟာ သမ္မတဟောင်း မိုဟာမက် ခတာမီရဲ့ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးမှာ တက်ကြွစွာ ပါဝင်ခဲ့ပါတယ်။
၁၉၉၉ ခုနှစ် ပါလီမန်ရွေးကောက်ပွဲတွေမှာ သူ့ရဲ့ အစ္စလာမ္မစ်အခြေခံမူတွေကို လောကီရေးရာ အီရန်အမျိုးသားရေးဝါဒနဲ့ ရောစပ်ထားတဲ့ ဘာသာရေးဆိုင်ရာအမျိုးသားရေး မဲဆွယ်စည်းရုံးရေးမှာ ပါဝင်ခဲ့ပါတယ်။
အဲဒီနှစ်မှာပဲ သူဟာ ဘာသာရေးနဲ့ အမျိုးသားရေး၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ တာဂီ ရာဟ်မာနီနဲ့လက်ထပ်ခဲ့ပြီး သူဟာ ၁၉၈၀ ပြည့်လွန်နှစ်တွေမှာ ပထမဆုံးအကြိမ် အနည်းဆုံး ၁၄ နှစ်ကြာ အကျဉ်းကျခံ ခဲ့ရဖူးပါတယ်။
သူ့သားသမီး အမွှာတွေ ဖြစ်တဲ့ ကီယာနာနဲ့ အလီ ရာဟ်မာနီတို့ကို ၂၀၀၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်မှာ မွေးဖွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images
မိုဟာမက်ဒီရဲ့အမည်ဟာ ၂၀၁၀ ပြည့်နှစ်တွေမှာ ပိုပြီး လူသိများလာခဲ့ပါတယ်။
အဲဒီအချိန်တွေတုန်းက သူ ဒုဥက္ကဋ္ဌအဖြစ် လှုပ်ရှားခဲ့တဲ့လူ့အခွင့်အရေး ကာကွယ်ရေးဗဟိုဌာန (DHRC)ဟာ အီရန်အာဏာပိုင်တွေရဲ့စဉ်ဆက်မပြတ် နှိမ်နှင်းမှုခံခဲ့ရချိန်လည်း ဖြစ်ပါတယ်။
သူ့ကို နေအိမ်မှာ ဖမ်းဆီး၊ စစ်ဆေးမေးမြန်းမှုတွေ ဆက်တိုက်လုပ်ခံခဲ့ရပါတယ်။
သူဟာ တော်လှန်ရေးမတိုင်မီက တရားသူကြီးနဲ့ ရှေ့နေအဖြစ် အသက်မွေးခဲ့ပြီး ၂၀၀၃ ခုနှစ် အောက်တိုဘာလမှာ နိုဘယ်ငြိမ်းချမ်းရေးဆုရရှိတဲ့ ပထမဆုံး အီရန်အမျိုးသမီးရှိရင် အဘာဒီ ဟာ သူ့နဲ့ နီးနီးကပ်ကပ် လက်တွဲလုပ်ခဲ့သူဖြစ်ပါတယ်။ သူတို့ဟာ ၂၀၀၁ ခုနှစ်မှာ နိုင်ငံရေးအကျဉ်းသားတွေ၊ အမျိုးသမီးတွေနဲ့ လူနည်းစုတွေကို ကာကွယ်ဖို့ ရည်ရွယ်တဲ့ အီရန်အဖွဲ့အစည်းကို တည်ထောင်သူတွေထဲတွင် ပါဝင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, AFP
မိုဟာမဒီရဲ့ နိုင်ငံရေးရပ်တည်ချက်ဟာ တဖြည်းဖြည်းနဲ့ လူမှုအဆောက်အအုံဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ထောက်ခံရာကနေ အစ္စလာမ္မစ်သမ္မတနိုင်ငံကို ပွင့်ပွင့်လင်းလင်း ဝေဖန်တဲ့ အခြေအနေအထိ ပြောင်းလဲသွားခဲ့ပါတယ်။
၂၀၁၇ ခုနှစ် မေလ သမ္မတရွေးကောက်ပွဲကျင်းပချိန်မှာ သူဟာ တီဟီရန်မြို့က အဗင်းအကျဉ်းထောင်ထဲမှာ မဲပေးခဲ့ရပါတယ်။
၂၀၁၇ ခုနှစ်နှောင်းပိုင်းနဲ့ ၂၀၁၈ ခုနှစ်အစောပိုင်းတွေမှာ ဆန္ဒပြမှုတွေအတွင်း လုံခြုံရေးတပ်ဖွဲ့ရဲ့ တိုက်ရိုက်ပစ်ခတ်မှုကြောင့် ဆန္ဒပြသူတွေ သေဆုံးခဲ့ရတယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာ မိုဟာမဒီနဲ့ တခြားတက်ကြွလှုပ်ရှားသူ ၁၄ ဦးက "အီရန်ပြည်သူတွေဟာ လက်ရှိနိုင်ငံရဲ့ ဘာသာရေးအခြေပြုအုပ်ချုပ်မှုစနစ်ကို ဆက်လက်ထားရှိလိုတယ် ဆိုတာကို ဆုံးဖြတ်ဖို့" ဆန္ဒခံယူပွဲတစ်ခု ပြုလုပ်ပါလို့ တောင်းဆိုခဲ့ပါတယ်။
အီရန်ရဲ့ကိုယ်ကျင့်တရားဆိုင်ရာ ရဲတပ်ဖွဲ့ ချုပ်နှောင်မှုအတွင်း မာ့ဆာ အမီနီ ကွယ်လွန်ခြင်း ပထမနှစ်ပတ်လည်နေ့မှာ အမျိုးသမီး၊ လူမှုဘဝနဲ့ လွတ်လပ်ခြင်းအတွက် အကျဉ်းထောင်ထဲက ဆန္ဒပြမှုတွေ ကနေ တစ်နိုင်ငံလုံးဆီ ပြန့်သွားခဲ့ပြီး ၂၀၂၂ ခုနှစ် စက်တင်ဘာ ၁၆ ရက်နေ့မှာ "အီရန်က အမျိုးသမီးတွေအပေါ် ဘာသာရေးအခြေခံတဲ့ အာဏာရှင်အစိုးရရဲ့ ဖိနှိပ်မှုကို မှတ်တမ်းတင်တဲ့နေ့" လို့ မိုဟာမဒီက ခေါ်ဆိုခဲ့ပါတယ်။
ကြွေးကြော်သံ
နိုဘယ်ငြိမ်းချမ်းရေးဆု မရခင်က မိုဟာမဒီဟာ လူမှုကွန်ရက် Clubhouse ကလပ်ဟောက်စ်မှာ လူ့အခွင့်အရေး ကြေညာစာတမ်းရဲ့ အပိုဒ် ၃၀ စလုံးကို အကောင်အထည်ဖော်ဖို့ သူ့ဘဝကို မြှုပ်နှံထားပြီး နှစ်စဉ် ပိုမိုကတိကဝတ်တိုးပြုလာတယ်လို့ ပြောကြားခဲ့ပါတယ်။
ဆေးကုဖို့ အကြောင်းပြချက်နဲ့ ထောင်ကနေ ယာယီလွတ်မြောက်လာသူ ရှေ့နေ ခို့စ်ရိုး အလီကော်ဒီ ကို ဂုဏ်ပြုတဲ့အခမ်းအနားတစ်ခုမှာ မိုဟာမက်ဒီ ကားခေါင်မိုးပေါ်ရပ်ပြီး ကြွေးကြော်သံတွေ အော်ဟစ်နေတဲ့ ဓာတ်ပုံကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၂ ရက်မှာ ရိုက်ခံခဲ့ရပြီးနောက် ဒီပုံက လူတွေကြား ပျံ့သွားခဲ့ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေက သူ့ကို ဖမ်းဆီးခဲ့ပြီးနောက်မှာ အစ္စလာမ္မစ်သမ္မတနိုင်ငံရဲ့တရားရုံးတွေရဲ့ တရားဝင်မှုကို အသိအမှတ်ပြုဖို့ ၊ သူ့ကိုယ်သူ ခုခံကာကွယ်ဖို့ စတဲ့အရာတွေကို မိုဟာမဒီက ငြင်းဆန်ခဲ့တဲ့အတွက် ထောင်ဒဏ် ခုနစ်နှစ်ခွဲနဲ့ နှစ်နှစ်ကိုတော့ သီးခြားတစ်နေရာဆီပို့တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။
အများပြည်သူရှေ့မှောက်မှာ တရားစီရင်ပြီး သူနှစ်သက်ရာအဝတ်အစားများ ဝတ်ခွင့်ပြုမှသာ တရားရုံး တက်မယ်လို့ မိုဟာမဒီက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mohammadi family handout via Reuters
၂၀၂၅ ခုနှစ် ဇွန်လ ၁၂ ရက်စစ်ပွဲအပြီးမှာ အမေရိကန်၊ အစ္စရေး တို့ကို မိုဟာမဒီ၊ အဘာဒီနဲ့ တခြား အီရန် တက်ကြွလှုပ်ရှားသူ ၅ ယောက်တို့က အီရန်ကို "ယူရေနီယမ် ထုတ်လုပ်မှု ရပ်ဖို့" အတင်းအကျပ် ဖိအားပေးပြီး ချက်ချင်း၊ အဆုံးအဖြတ်ပေးနိုင်တဲ့ ခြေလှမ်းတွေ" လုပ်ဆောင်ဖို့ ကုလသမဂ္ဂကို တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် နှစ်ဖက်စလုံးကို စစ်ရေးတိုက်ခိုက်မှုတွေ ရပ်ဆိုင်းဖို့ ကိုလည်း သူက ပြောပါတယ်။
အဲဒီနောက် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ လမ်းပေါ်ဆန္ဒပြမှုတွေကို ထောက်ခံပြီး အစ္စလာမ္မစ် သမ္မတနိုင်ငံကနေ ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းရေး ဖော်ဆောင်ဖို့ ကိစ္စဟာ "ရပ်တန့်လို့မရတဲ့လိုအပ်ချက်" ဖြစ်တယ်လို့ သူနဲ့ တခြား ၁၆ ဦးက ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။
ဒါပေမယ့် အကျဉ်းထောင်အတွင်း ညှဉ်းပန်းနှိပ်စက်မှုနဲ့ အကြမ်းဖက်မှုတွေကို သူကိုယ်တိုင်ဖော်ပြခဲ့ပေမဲ့ မိုဟာမဒီရဲ့လူသိရှင်ကြားပုံရိပ်တွေက ဘဝကိုချစ်မြတ်နိုးသူတစ်ဦးအဖြစ် တည်ရှိနေခဲ့ပါတယ်။
အကျဉ်းထောင်တွေထဲကနေ ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေထဲမှာ ဖြစ်စေ၊ ဒါမှမဟုတ် ဂုဏ်ပြုအခမ်းအနားတွေမှာ အသတ်ခံရသူတွေအတွက် တရားမျှတမှုရှာဖွေနေတဲ့ တခြားအမျိုးသမီးတွေနဲ့ အတူ ကခုန်ခြင်း ဒါမဟုတ် သီချင်းဆိုတဲ့သူ့ကို မကြာခဏ တွေ့မြင်နေရပါတယ်။












